http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

30 Oct 2012

ဝါလကင်းလွတ် သီတင်းကျွတ်




 မြတ်စွာဘုရားရှင်ဟာ တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် မိမိကိုယ်စား ထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး ပညာအရာမှာ ဧတဒဂ်ရ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ   
ဟောကြား သင်ပြတော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ ပြည်ကို ပြန်လည်းဆင်းသက် ကြွမြန်းခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ နက်ဖြန်  ကျရောက်တော့မယ့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါတယ်။ 

 အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟောကြားမှ ပြီးပြည့်စုံ အောင် ဟောကြားနိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင်တည်း တနေရာ တည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား  ဟောကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ်   
လေးပါး ညီညွတ် မျှတအောင် တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို   
ဟောပြတော် မူခဲ့ပါတယ်။

 ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည်   
ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ သင်ကြားပေးတဲ့ အထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

 သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပလေ့ ရှိတဲ့ ပွဲများ ကတော့ 

ပ၀ါရဏာပွဲ။ ။ ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေ သည်။ သာသနာ့ ၀န်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့ တပည့်တော်သည်  သံဃာကို ဖိတ်ကြားပါ၏ တပည့်တော်၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်းကောင်း တပည့်တော်အား  ပြောဆိုသတိ   
သတိပေးကြပါ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်းပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒအလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက်ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ်ပါတယ်။ 

 မီးမြင့်မိုရ်ပွဲ။ ။ သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအလာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ပူဇော်ကြပါတယ်။ 

 ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကားတွင် ဗုဒ္ဓ မြတ်စွာ ဘုရားတာဝတိသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရတဲ့အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် ကတည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပါတယ်။ ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာ ကန်တော့ပွဲများ စသည်တို့ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြသည်မှာ ယနေ့တိုင် ဖြစ်ပါတယ်။ 

သီတင်းကျွတ်လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပလေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်ပေတယ်။ ဒါကြောင့် ကင်းဝန် မင်းကြီးက  “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲပါတယ်။ 

ခွန်မြလှိုင်


4 Sept 2012

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာ


ကမ္ဘာ့ကုလ သမဂ္ဂ ညီလာခံတွင် မိန့်ခွန်းခြွေနေသော သီတဂူဆရာတော် အရှင် ဥာဏိဿရ

" အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ ...အတွင်းကမ္ဘာ In idividual World တစ်ယောက်ဆီ တစ်ယောက်ဆီ နဲ့ ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အရင်လုပ် .....

( သီတဂူဆရာတော်ကြီး )


မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့ မြောက်ဘက် ကက်ရှ်မီးယားရဲ့ အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။

Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ ရဲ့ ဌာနချုပ်မြို့ လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့ လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့ လည်း လာနား
ထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။



ကမ္ဘာ ဆိုတာဘာလဲ .......

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရ ပါတယ်။


တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့ အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်း ကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။


ဘုန်းကြီးက သူတို့ ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ပဲ မင်းတို့ လုပ်ကြပါကွာ ” လို့ ဘုန်းကြီးကပြောလိုက်တယ်။


အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား ၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။


ကမ္ဘာစစ်၏ အစ .......

ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ့ ။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။


စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီး
တော့ စ တာ။ အဲဒါကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။


“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။


“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ် ပါတယ်။


ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ က ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။


အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန် ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။


ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။


ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God ၊ ဂျူးတို့ ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို့ ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။


အရေးကြီးဆုံး အလုပ်နှစ်ခု ......

ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့ က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။


ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။


စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာ မဟုတ်ဘူး။


အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြ ဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့ သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။


အာရှမှာ အကုန်လုံးပြည့်စုံတယ်......

သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။


ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။


ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ် ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။


ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့ နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်း သားတွေ အကြီးအကျယ် နစ်နာမယ်။


ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် .....

ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။


လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓ တရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့ တန်ဖိုးကို နားလည်ကြဖို့ ပဲ။


ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ် ပါတယ်” လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။ "



သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း
အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆



မှတ်ချက်။

ဇွန်ပွင့်စာပေ မှ ၂၀၁၁ အောက်တိုဘာလတွင် ပထမအကြိမ်ထုတ်ဝေသော “လူငယ်နှင့် ဓမ္မတန်ဖိုး” စာအုပ် မှ ကူးယူဖော်ပြပါသည်။
blog.irrawaddy.org/2012/09/blog-post_6808.html

2 Aug 2012

ဘာသာမဲ့ တစ်ယောက်ရဲ့ ငယ်ဘဝ

 

ကျုပ်ငယ်ငယ်က ခင်ဗျားတို့လိုပေါ့ဗျာ.... ဘာသာရှိတစ်ယောက်ပေါ့။ မိဘတွေက အဲလောက် မဟုတ်ပေမယ့် ပတ်ဝန်းကျင်က လူကြီးတွေရဲ့ သင်ကြားမှုအောက်မှာ သူများတန်းတူ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာ ခဲ့တာပေါ့။ ဒါတောင်မှဗျာ သူများ အတင်းခိုင်းတာနဲ့ ဗုဒ္ဓဘာသာတောင်မှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ရ ပါသေးတယ်။ ဟောဟိုက ရုပ်တုတော်တွေ၊ ပုံတော်တွေနဲ့ ဂေါတမ ဗုဒ္ဓကို အလုံးစုံ ယုံကြည် ဆည်းကပ်ရာ ဘုရား အဖြစ် သတ်မှတ်ခဲ့ရတယ်။

တပြိုင်တည်းမှာပေါ့လေ။ ကလေးတုန်းက အဖေ့ ဗိုက်ပေါ်မှောက်အိပ်ပြီး "ဖေကြီး ကမ္ဘာကြီးက နေကို ဘယ်လို လည်တာလဲဟင်" ရယ်လို့ မေးခဲ့ဖူးတာကိုး။ ကမ္ဘာကြီးက လုံးနေတဲ့အကြောင်း၊ နေကို ကမ္ဘာက ပတ်တဲ့ အကြောင်း၊ ကမ္ဘာကို လက ပတ်တဲ့အကြောင်း သိလာခဲ့တယ်။ ဒါက ကျနော့်စိတ်ထဲမှာ ကမ္ဘာလောကကြီး အလုပ်လုပ်ပုံအကြောင်းကို သိချင်စိတ် စတင်ဖြစ်လာရတဲ့ အကြောင်းခံပါပဲ။

နောက် ကျောင်းတက်တဲ့ အရွယ်ရောက်တော့ မြင်းမိုရ်တောင် အယူအဆနဲ့ ကြုံတွေ့ရတယ်။ အဲ့တုန်းက လွယ်လွယ်နဲ့ လက်ခံခဲ့တာပါ။ သိပ်လည်း မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာလုံးတာဟာ ဘယ်လို သက်သေပြလို့ရတယ်။ မြင်းမိုရ်တောင် အယူအဆက သက်သေပြလို့မရဘူး ဆိုတာကို သိလာတဲ့အချိန်မှာ ဘာလို့ မဟုတ်တာတွေ သင်နေရတာလဲ မေးခွန်းထုတ်မိလာတယ်။

တစ်ဦးတည်းသော သားလည်းဖြစ်တာကြောင့် အိမ်မှာ အရမ်း အလိုလိုက်ခံရတယ်။ ကျောင်းလို အများနဲ့ ဆက်ဆံရတဲ့ ပတ်ဝန်းကျင်မှာ ကျဉ်းကျပ်သလို ခံစားရတယ်။ State School ဆိုတော့ နေ့တိုင်း ဘုရားရှိခိုး ရတယ်။ နိုင်ငံတော် သီချင်းဆိုရတယ်။ မဆိုချင် မရှိခိုးချင်လို့ မရဘူး။ ဒီလိုနဲ့ လိမ္မာခြင်းဟာ အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုခြင်း ခံရတယ်ဆိုတာကို သိလာတဲ့အလျောက် လိမ္မာတဲ့ ကလေးတစ်ယောက် အဖြစ်ပဲ နေထိုင်ခဲ့တာပါ။

လိမ္မာပေမယ့် ကျောင်းမှာ စာတော်တော်ညံ့တာပါ။ လူ ၇ဝ ၈ဝ ရှိရင် အဆင့်က အမြဲတမ်း ၆ဝအောက်မှာပေါ့။ သချာင်္အထူးသဖြင့် ညံ့တာပေါ့။ ၁ဝတန်းဖြေတုန်းကတောင် စာမေးပွဲဖြေချိန် နာရီဝက်ပဲ ကျန်တဲ့အထိ ဂုဏ်ထူးမှတ် မကျော်နိုင်သေးဘူး။ ကျော်တော့လည်း ၃မှတ်ပဲ ကျော်ခဲ့တာပါ။ ဟောဗျာ ဘာတွေပြောနေမှန်း သိပါဘူး.. ထားပါတော့...

မိဘတွေက ကလေး သိပ္ပံ ဗဟုသုတ တိုးမယ့် စာအုပ်တွေ ဖြည့်ဆည်းပေးတော့ ကျနော့် သိချင်စိတ်တွေကို အတော်အတန် ဖြေသိမ့်ပေးနိုင်ခဲ့တယ်။ တစ်ခုရှိတာ ကျနော် ဘာသာရေး စာအုပ်ဆိုလို့ ဗုဒ္ဓဝင်လောက်က လွဲရင် ကျန်တာ မဖတ်ဖြစ်ခဲ့တာပဲ။ ဖတ်ဖို့ စိတ်လည်း မဝင်စားခဲ့ပါဘူး။

ဘာသာရေး ပြယုဂ်တွေနဲ့ ကျောင်းက တင်းကျပ်တဲ့ စည်းကမ်းချက်တွေ မျက်နှာ ဆူပုပ်ပုပ်နဲ့ ပညာရေးဝန်ထမ်း တွေကို မြင်လာပြီး ဖတ်ချင်စိတ် ပျောက်ပျောက်သွားတာကိုး။ သိပ်အလိုလိုက် မခံခဲ့ရရင်တော့ ဒီ pressure တွေကို သည်းခံနိုင်လာပြီး ဘာသာရေး စာပေတွေလည်း လက်ခံတတ်လာမှာပေါ့လေ။ တစ်ဦးတည်းသော သား မဟုတ်ခဲ့ရင်လည်း လူအများနဲ့ ပိုဆက်ဆံတတ်ပြီး လူမှုဆက်ဆံရေး ပိုတွင်ကျယ်စေမယ့် ဘာသာရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့မှာပေါ့လေ။

နောက် အတန်းကြီးလာတော့ မကြိုက်ရုံတင်မကတော့ဘူး။ ကျောင်းရဲ့ authoritarian ဆန်မှုကို ဆန့်ကျင် လာတယ်။ မုန်းလာတယ်။ ဆရာက ပြောရင် ကျောင်းသားက ပြန်ချေပခွင့်မရှိဘူး။

လူကြီးစကားပြောရင် ပြန်မပြောရဘူး ဆိုတဲ့ အယူအဆကို လက်မခံနိုင်ခဲ့ဘူး။ အိမ်မှာဆို ပြန်ချေပခွင့်ရတာကိုး။ ခုလည်း ဖေကြီးနဲ့ ကြုံတိုင်း ငြင်းခုန်တတ်တုန်းပဲလေ ၇တန်းရောက်တော့ ၃လမ်းကျော်က ကျူရှင်မှာ တက်ရတယ်ဗျ။ အဲ့တုန်းက စတယ် ပြောရမလားပဲ။ ကျနော် အင်္ဂလိပ်စာ အရင်ကထက် ပို တိုးတက် လာခဲ့တယ်။ ၈တန်းလောက်မှာ ကလေး အင်္ဂလိပ်စာလော်ကတော့ ဖတ်နိုင်နေပြီ။ ၁ဝတန်းလောက်မှာတော့ လူကြီးအတွက် ရည်ရွယ် ရေးထားတဲ့ အင်္ဂလိပ်စာမျိုးကို ဖတ်နိုင်လာခဲ့ပြီ။ အကျိုးထူးတာက internet access ရရင် ဘယ် knowledge မဆို ရယူဖို့ အရင်ကထက် လွယ်လာတာပဲ။

၉တန်းလောက်တုန်းကတည်းက protein synthesis တို့ DNA structure တို့ကို တီးမိခေါက်မိရှိခဲ့တယ်။ ၁ဝတန်းတုန်းကတော့ ကိုယ့်စာနဲ့ကိုယ် မနိုင်လို့ မလုပ်ဖြစ်ခဲ့ဘူးပေါ့လေ။

၁ဝတန်းပြီးတော့မှ ပြန်လေ့လာဖြစ်တာပေါ့။ 2nd MB ရောက်လာပြီဆိုတော့ Biochemistry ကျေးဇူးကြောင့် ဇီဝဖြစ်စဉ်တွေကို မော်လီကျူးအဆင့်အထိ အသေးစိတ် နားလည်စပြုလာခဲ့ပြီလေ။

အကုန်နားမလည်နိုင်ရင်တောင် ဒီအကြောင်းအရာရဲ့ အတိုင်းအထွာကို ခန့်မှန်းနိုင်လာခဲ့ပါပြီ။ ဒီတစ်လျှောက်မှာ ကျနော် သိလာခဲ့ရတာက ဘာသာရေးက ကျနော်သိချင်တာကို မပေးနိုင်ဘူး။ သိပ္ပံကသာ ကျနော့် မေးခွန်း တွေကို ဖြေပေးနိုင်တယ်။ ကျနော့်ကို ဆွဲဆောင်နိုင်တယ်။

ဘာသာရေးက မြင်းမိုရ်တောင် ရှိတယ်။ ၃၁ဘုံရှိတယ်။ ကံကံအကျိုးရှိတယ်။ နောက်ဘဝရှိတယ်။ ဘာမှ စောတက မတက်နဲ့။ အကုန်လက်ခံလိုက်ဆိုတာမျိုး။ အရမ်း စူးစမ်းချင်တဲ့ ကလေးတစ်ယောက်ကို မချိုးနှိမ်ပစ်ပဲ လွတ်လပ်စွာ လေ့လာခွင့်ပေးတဲ့ မိဘမျိုးအောက်မှာ ကြီးလာခဲ့လို့ အကုန်လည်း လက်မခံနိုင်ဘူး။ တစ်စိတ်တစ်ပိုင်းလည်း လက်မခံနိုင်ဘူး။

ဘာသာရေးကို လစ်လျူရှုမိတယ်။ တစ်သက်နဲ့တစ်ကိုယ် ကိုရင်လည်း မဝတ်ခဲ့ဘူး။ အဖေကလည်း သားသဘောကျပဲ။ ဝတ်လိုရင်တော့ အဖေတို့က ဝတ်ပေးမယ်ဆိုတော့ ကိုယ်ကလည်း မဝတ်ချင်တော့ မဝတ်ခဲ့ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုပေမယ့် ဘာသာရေးနဲ့ ကင်းရှင်းစွာပဲ နေထိုင်ခဲ့တယ်။ ကျနော် ဘာသာမဲ့မယ်ဆို ၁ဝတန်း အပြီးလောက်မှာ မဲ့ဖြစ်မှာပေါ့လေ။

ဒါပေမယ့် ကျောင်းက pressure တွေကို မခံမရပ်နိုင်လွန်းတဲ့ တွန်းအားက ကျနော့်ကို ၉တန်းတည်းက ဆုံးဖြတ်ချက် ချဖြစ်စေခဲ့တယ်။ ၉တန်း ကျောင်းစ တက်ပြီး တစ်ပတ်လောက်ကစလို့ ကဲ ကိုယ့်ကိုကိုယ် ဘာသာမဲ့လို့ ခံယူမယ်လို့ ဆုံးဖြတ်မိတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ဖို့ သရဏဂုံတင်ရတယ်ဆိုတော့ ကိုယ်လည်း ထွက်ရင် မှတ်မှတ်ရရ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်မိတယ်။ အလွယ်ဆုံး ထွက်လာတဲ့ အကြံက ရှင်းပါတယ်။

၅နှစ်သားတည်းက ကျောင်းရောက်ရင် ဘုရားရှိခိုးရမယ်ဆိုတဲ့ အမိန့်ကို စတင် ပုန်ကန်လိုက်ခြင်းပဲ။ မှတ်မိသလောက် ၂ဝဝ၈ခုနှစ် june လ ၁၄ရက်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ မနက်ဖက် ဘုရားရှိခိုးချိန် သူများ ရှိခိုးသလို မရှိခိုးတော့ဘူး။ ကလေးပါဗျာ အဲ့တုန်းက။ သူများ ရှိခိုးတုန်း ကိုယ် မရှိခိုးရတော့ စိတ်ထဲ ရွစိရွစိနဲ့ တော်တော်ပျော်တာဗျ။ လွတ်လပ်သွား သလိုခံစားရတယ်။ နှစ်ရှည်လများ ထောင်ကျခံနေရတာကနေ အပြင်ကို လွတ်လာသလိုပါပဲ။

၉တန်းနှစ် တစ်လျှောက်လုံး ဘာသာမဲ့တစ်ယောက်အဖြစ် လူ့အဖွဲ့အစည်းထဲ ရပ်တည်နိုင်ရေးကို မနည်း ရုန်းကန်ခဲ့ရတယ်။ အဲ့တုန်းကတော့ Anti-Religionist ဘာသာရေး ဆန့်ကျင်တိုက်ခိုက်သူ တစ်ယောက် ဖြစ်ခဲ့တာ အမှန်ပဲ။ တကယ်ကို ပွင့်လင်းစွာ တိုက်ခိုက်ခဲ့တာပါ။ ဘာသာရေးဆို မျိုးပြုတ်အောင် ဖြိုဖျက် ချင်ခဲ့တာ။

၉တန်းတုန်းက အဦးဆုံး အချစ်နဲ့ ကြုံဆုံရတော့လည်း ဂျစ်ကန်ကန် မိန်းကလေးမျိုးကိုပဲ သဘောကျမိတာဗျ။ လိမ္မာတဲ့ ယဉ်ကျေးမှု အလွန် ထိန်းသိမ်းချင်တဲ့ မိန်းကလေးမျိုး မကြိုက်ဘူး။ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဆိုတာကြီး ကြားရရင် ကျောင်းမှာ ကျနော့်ကို ဝိုင်းကျပ်ကြတဲ့ စိတ်ဖိစီးမှု နဲ့ စိတ်ဒဏ်ရာ တွေက ကျနော့်ကို အမြဲခြောက်လှန့်တယ်လေ။ ခုလည်း စော်တို့ ဘဲတို့ ခေါ်တာ မကြိုက်ပါဘူးဆိုတဲ့ မိန်းကလေးမျိုးကို သိပ်စကားမပြောချင်ဘူး။ စော်=ကောင်မလေး၊ ဘဲ=ကောင်လေး။ အဓိပ္ပာယ်ပေါက်ရင် ပြီးတာပဲ။ ဘာရစ်တာတုန်း ;P ။ ရစ်ရင် စကားမပြောဘူး ဒါပဲလေ။ ဟီး.... ကျနော့်အကျင့်က အဲလို.... :D

တစ်ရက်တော့ ကျောင်းမှာ ဆရာမက သားက ဘာ ဘာသာမို့လို့ ဘုရား မရှိခိုးတာလဲတဲ့။ "ကျနော်က ဘာသာမဲ့ပါဗျ။" ဆိုတော့ သူနားကြားလွဲတယ်ထင်လို့ နှစ်ခေါက် သုံးခေါက်ပြန်မေးတယ်။ နောက်တော့ ကျနော့်ကို အနားခေါ်မေးတယ်လေ။ ဘာသာမဲ့ဆိုတော့ အံ့သြနေတယ်။ လိမ္မာလိုက်တဲ့ ကလေးက ဘာသာမဲ့ဖြစ်ရလားဆိုတာ သူ အံ့သြနေတာ။

D ခန်းဆိုတော့ အားလုံးနဲ့ ယှဉ်ရင် ကျနော်က တော်တော် လိမ္မာသေးတာဗျ။ ငယ်ငယ်က အငုံ့စိတ်ဖြစ်ခဲ့တဲ့ အရှိန်ကလည်း ကျန်နေဆဲကိုး။ အခုထိလည်း အနည်းငယ်တော့ ကျန်ရစ်ဆဲပါ။ ဒီနေ့ BC seminar ဆိုရင် မေးခွန်းရှိပေမယ့် ထ မမေးရဲသေးဘူး။ လူအများကြီးရှေ့မှာ စကားပြောရမှာ ကြောက်နေသေး တယ် ကြောက်စရာ မလိုမှန်းလည်း သိပေမယ့် ကြောက်နေတုန်းပါပဲ။

ထားပါတော့...... ဆရာမက ကျနော့်ကို မွတ်ဆလင်တွေက သူတို့ ဘာသာကို အတင်းဝင်ခိုင်းတာလား ဆိုပြီး မေးရှာသေးတယ် :D မဟုတ်ပါဘူးလို့ အတန်တန်ပြောရတယ်။ သူက ထုံးစံအတိုင်းပေါ့ဗျာ.... typical Buddhist တစ်ယောက်ပါပဲ။ ဘာသာရေး အဆုံးအမတွေ ကျနော့်ကို လာပြောနေတယ်။ ကျနော်လည်း နားမဝင်ဘူး။ ခေါင်းထဲရှိတာကတော့ ဗုဒ္ဓက ဒိုင်နိုဆော ရှိတဲ့အကြောင်း မပြောသွားတာကို တော်တော် စိတ်ခုနေတာ (ကလေးကိုး :D)။ ဆရာမကို ပြန်ပက်လိုက်ချင်သေးတာ။ ဗုဒ္ဓက ဒိုင်နိုဆောအကြောင်း မပြောသွားဘူးလို့။ :D

သူက တစ်ပတ်အတွင်း စိတ်ကြိုက်ဘာသာတစ်ခုခု ပြန်ဝင်တဲ့။ အစၥလာမ္ဘာသာက လြဲရင္တဲ့။ တီချယ်ကလည်း တစ်မျိုးကြီးပါလား။ စိတ်ကြိုက်လည်း ပြောသေးတယ်။ ကန့်သတ်ချက်ကလည်း ပါသေးတယ်။ အင်းဗျာ.... စေတနာရှိသလောက် ၅ဝဝ အနည်းဆုံး ဆိုတာမျိုးနေမှာပေါ့ရယ်လို့ နားလည်ပေးရတာပေါ့။

ဆရာမက ကျောင်းသားစာရင်းမှာ ကျော်စွာလင်းရဲ့ ဘာသာ နေရာကို ဖျက်ပစ်မယ်လို့ correction pen နဲ့ ကျနော့်ကို လာခေါ်ပြတယ်ဗျ။ ကျနော်ကလည်း ခေါင်းမာမာပဲ။ ဟင့်အင်းပဲ။ သူကလည်း ဖျက်ပစ်တာပါပဲ။ ဘာသာ: ဗုဒ္ဓဘာသာ ဆိုတာကိုလေ။ နောက်တော့ ကျောင်းမှာ ကျနော့် သတင်းပြန့်သွားတယ်ဗျ။ ဘာသာမဲ့ ကွန်မြူနစ်ဆိုပဲ။ ဂိန်ကနဲပဲ။ ငါပြောတုန်းက ဘာသာမဲ့ပါပဲ။ ဘယ်နှယ့် ကွန်မြူနစ်က အဆစ်ပါလာတာလဲ။ တတ်နိုင်ဘူးလေ။ စကားဆိုတော့ စပြီးရင် ကားတာပဲမလား။ ကွန်မြူနစ်ဆိုပြီး အလေးပြုပြီး နောက်တဲ့ သူငယ်ချင်းတွေက ရှိသေးတယ်။

၁ဝတန်းအပြီးမှာတော့ ဘာသာမဲ့တစ်ယောက် အနေနဲ့ ဘဝမှာ ဘယ်လို ရပ်တည်မလဲ။ ကိုယ်ဟာ သိချင်စိတ်တစ်ခုတည်းနဲ့ ဘဝမှာ ရပ်တည်ဖို့ မရဘူး။ ပြီးတော့ ဘာသာရေး အဆုံးအမ ကင်းလွတ်တဲ့အခါ၊ ကံကံအကျိုးကို လက်မခံတဲ့အတွက် ငါးပါးသီလလည်း စောင့်ထိန်းမှာ မဟုတ်ဘူး။ ဘုရားရှိဝါဒီ မဟုတ်လို့ Ten Commandments လည်းလိုက်နာမှာ မဟုတ်ဘူး ဆိုတော့ ကိုယ့်အနေနဲ့ စာရိတ္တ တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်ဖို့လိုလာတယ်။

စောစောပိုင်းကတော့ တစ်ကိုယ်ကောင်း ဝါဒီဖြစ်ခဲ့တာပေါ့လေ။ ဒဿန နဲ့ ရင်းနှီးခွင့်ရလာတော့ လူ့ဘောင် ကိုလည်း မထိခိုက်စေမယ့် အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်အကျိုးလည်း မဆုံးရှုံးစေမယ့် အလယ်အလတ်ကျတဲ့ စာရိတ္တမျိုးကိုပဲ ရှာဖွေခဲ့တယ်။ ဆင်ခြင်ဥာဏ်နဲ့ ပညာကို အားကိုးမယ့် စာရိတ္တမျိုးပေါ့။ ဖြစ်လာမယ့် တုန့်ပြန်မှု တွေကိုတော့ ကိုယ်တိုင် တာဝန်ယူပေါ့။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က Richard Dawkins ရဲ့ Meme အယူအဆကို လေ့လာမိတဲ့အခါမှာ စနစ်တွေရဲ့ passive ဖြစ်တဲ့သဘောကို ပိုမြင်သာလာတယ်။ သက်ရှိဇီဝစနစ်တွေဟာ သဘာဝအလျောက် အလိုလို ဆင့်ကဲပေါ်ပေါက်နိုင်တယ် ဆိုတာဟာ ရည်ရွယ်ချက် ရှိတဲ့ စနစ်တွေဟာ အလိုလို ဖြစ်လာနိုင် တယ်ဆိုတာ ကို ပြနေတာပဲ။

ကျောင်းတွေမှာ နေ့တိုင်း ဘုရားရှိခိုးရတာ၊ နေ့တိုင်း နိုင်ငံတော် သီချင်း ဆိုရတာဟာ ဒီဒေသခံ လူတစ်စုရဲ့ ရပိုင်ခွင့် တည်မြဲရေးအတွက် စစ်တပ် တစ်ခုသဖွယ် အမျိုးဘာသာ သာသနာ ဆိုတဲ့ အစည်းသုံးစည်းနဲ့ မြဲမြံစွာ စည်းထားရတဲ့ စနစ်တစ်ခုကို မြင်လာတယ်။ ဘယ်သူက ဦးစီးပြီး ဒီ အကျဉ်းထောင်ကို ဖန်တီးခဲ့လဲ။ ဘယ်သူမှ မဖန်တီးခဲ့ပါ။ စနစ်ဟာ အလိုလိုဖြစ်လာတာပါပဲ။ ဘာသာ၊ သာသနာ တည်မြဲဖို့ နေ့တိုင် ဘုရားရှိခိုးခိုင်းတယ်။

အမျိုးတည်မြဲဖို့ နေ့တိုင်း နိုင်ငံတော်သီချင်း ဆိုရတယ်။ တဖြည်းဖြည်း ကျနော် ရှုမြင်လာတာက လူသားတွေဟာ အလိုလို ပေါ်ပေါက်လာတဲ့ စနစ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ စက်ရုပ်တွေအလား ငယ်စဉ်ကလေးဘဝ တည်းက လေ့ကျင့်သင်ကြားခံရတယ်။ ဦးနှောက် အရောင်ဆိုးခံလာရတယ်ဆိုတာပဲ။

ရလဒ်ကတော့ မိမိရဲ့ မွေးလာစဉ်မှာ ရှိနေတဲ့ သဘာဝ စိတ်အခြေအနေကို ပြန်မရနိုင်တာပဲ။ ကျနော်တို့ဟာ အစွန်းကို ချွတ်ဖို့ ကြိုးစားပေမယ့် သဘာဝ ဘာသာမဲ့ (Untheist) တော့ ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူး။ ဘာသာရေးကို ကြုံတွေ့ပြီး ပြန်ရုန်းထွက်လာတဲ့ Atheist တွေဖြစ်သွားလို့ပါ။ အတတ်နိုင်ဆုံး အစွဲကင်းတဲ့ သဘာဝ အခြေအနေတစ်ရပ်ကို ပြန်သွားဖို့ freethinking နဲ့ ဆင်ခြင်ဥာဏ်ကို အားကိုးရမယ်လို့ မြင်လာခဲ့ ပါတယ်။

ဘာသာရေး ငြင်းခုန်မှုများစွာ လုပ်ပြီးတဲ့ ခုအချိန်မျိုးမှာတော့ ဘာသာရှိခြင်းတွေ၊ ဘာသာမဲ့ခြင်းတွေက အရေးမကြီးလှတော့ပါဘူး။ ကမ္ဘာ့ အရပ်ဒေသကွဲတဲ့အလျောက် ပတ်ဝန်းကျင်အခြေအနေ ကွဲပြားပြီး ဒီ ကွဲပြားတဲ့ ပတ်ဝန်းကျင်အလျောက် ကွဲပြားတဲ့ ဓလေ့ထုံးစံ ယုံကြည်မှု အမျိုးမျိုး (သဘာဝက ပုံသွင်းတဲ့ ဓလေ့ယုံကြည်မှုမျိုး) ကိုတွေ့လာရတဲ့အခါ လူတစ်ယောက်ချင်းစီရဲ့ သူများကို မထိခိုက်စေမယ့် မိမိရဲ့ လုပ်ပိုင်ခွင့်ကို အတတ်နိုင်ဆုံး ကာကွယ်ခွင့်ကိုပဲ အာရုံစိုက်မိပါတယ်။

ဂေါတမတို့၊ ယေရှုတို့ဟာလည်း ကျနော့်အတွက် ဆော့ခရေးတီးတို့၊ နစ်ရှေးတို့လို ဒဿနပညာရှင်တွေလိုမျိုး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအဖြစ်ပဲ သဘောထားပါတယ်။ လောကဝိဒူ မြတ်စွာဘုရားတို့၊ ဘုရား သားတော် တို့ရယ်လို့တော့ ဘာသာဝင်တွေ မှတ်ယူသလို မမှတ်ယူဘူးပေါ့။ ကိုယ်ထင်တဲ့အတိုင်း ဗုဒ္ဓက ဟိုလိုပြောတယ် ဒီလိုပြောတယ် ဆိုပြီးတော့လည်း ထေရဝါဒ အစည်းအရုံးကို ခဲနဲ့ မထုချင်ပါဘူး။ ကိုယ် မှတ်ယူချင်သလို မှတ်ယူပါတယ်။ မိုးပြာနဲ့ တူတူ တရားသွား ဆွေးနွေးနေရရင် ဘယ်နှယ့် လုပ်မတုန်း။

ဗုဒ္ဓဟာ နောက်ဘဝတွေ၊ ကံကံအကျိုးနိယာမတွေ၊ မြင်းမိုရ်တောင်တွေထက် လောက ဒုက္ခကို အခြေခံသဘော အတိုင်း ခံယူရှုမြင်တတ်ဖို့ စိတ်ကျင့်စဉ် တစ်ခု ချမှတ်သူ တစ်ဦးအနေနဲ့ပဲ လက်ခံထားသလို၊ ယေရှုဟာလည်း ဂျူးဘာသာရဲ့ အစွန်းရောက်မှုတွေကို ပယ်ရှားတဲ့ ပြန်လည် ပြုပြင်ရေးသမား တစ်ဦးလို့ လက်ခံထားပါတယ်။

မိုဟာမက်ဟာလည်း Barbaric ဖြစ်လွန်းတဲ့ အာရပ်တွေကို ဂျူးဘာသာရဲ့ တစ်ဆူတည်းသော ဘုရားအယူ အဆကို အစ္စလာမ် ဘာသာ အနေနဲ့ ပြန်လည် သွတ်သွင်းပြီး အာရပ်လူမျိုး ခေါင်းဆောင် တစ်ယောက်အနေနဲ့ အာရပ်နိုင်ငံတစ်ခု ထူထောင်ပေးသူ နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ မြင်ပါတယ်။

ဘိုင်ဘယ်ဟာ Book of Salvation မဟုတ်ပေမယ့် Hebrew narrative က ရေးထားတဲ့ သမိုင်း မှတ်တမ်း တစ်ခုအနေနဲ့ တန်ဖိုးထားပါတယ်။ Egypt သင်္ချိုင်းဂူတွေက အရုပ်စာတွေကနေ သူတို့ လူမျိုးတွေရဲ့ ဒဏ္ဍာရီတွေကို ဖတ်ရှုနိုင်သလို၊ ဘိုင်ဘယ်ဟာလည်း ဟီးဘရူးလူမျိုးတွေရဲ့ ဖန်ဆင်းမှု ဒဏ္ဍာရီ ကို လေ့လာနိုင်တဲ့ စာတစ်အုပ်ပေါ့။ Mythology လေ့လာသူတွေအတွက် အဖိုးတန် စာ တစ်အုပ်ပါ။

ခုလက်ရှိ ကျနော့်အနေနဲ့ မနှစ်မြို့တာက သူများရဲ့ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းပဲ။ မိမိဘုရားရဲ့ နာမတော်နဲ့ လူသတ်ခြင်း၊ လုယက်ခြင်း၊ အကြမ်းဖက်ခြင်းပဲ။ မိမိဘာသာရဲ့ နာမတော်နဲ့ ဘာသာခြား၊ ဘာသာမဲ့၊ ဘာသာလွတ်နဲ့ မိမိဘာသာမှ ဂိုဏ်းခွဲထွက်သူများကို ထောင်ချခြင်း၊ အဓမ္မဝါဒီ အဖြစ် စွပ်စွဲခြင်း၊ တရားဟောခွင့် ပိတ်ပင်ခြင်း၊ စာရေးသား ဖြန့်ဝေခွင့် ပိတ်ပင်ခြင်း၊ မိမိ ဘာသာကို ပါးစပ်ဖြင့် ထိပါးသူကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဘာသာရေးနဲ့ ညိနေတဲ့ အမှန်တရားကို ထုတ်ဖော်တဲ့အတွက် ထုတ်ဖော်သူကို ဒုက္ခပေးခြင်း စတဲ့ အပြုအမူတွေကိုတော့ ဆန့်ကျင်ဆဲပါပဲ။

သေချာတာ တစ်ခုက ကျနော်ဟာ အဖေ့ဗိုက်ပေါ် မှောက်အိပ်တဲ့ ကလေးဘဝတည်းက စိတ်ဝင်စားခဲ့တဲ့ လောကကြီး ဘယ်လို အလုပ်လုပ်နေလဲဆိုတဲ့ မေးခွန်းမှာ အဖြေလေးတွေ ရှာရင်း ကျေနပ်မွေ့လျော်မိစဉ်မှာ မိမိဘဝရဲ့ ရည်ရွယ်ချက်နဲ့ စာရိတ္တတန်ဖိုးတွေ အတွက် ဒဿနကို အားကိုးမှာဖြစ်ပါတယ်။

ဘာသာတရားတွေနဲ့ကတော့ အားလုံး peace ပါ :) ။ ဒါပေမယ့် အထက်က ပြောခဲ့တဲ့ အကြောင်းအရာမျိုးနဲ့ လာညိရင်တော့ အရင်က အကျင့်အတိုင်း ကက်ကက်လန်အောင် ပြန်ပြောပစ်ဦးမှာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။ :D ခုလို အခြေအနေမျိုးရောက်လာအောင်တော့ Trial and Error နည်းနဲ့ စမ်းတဝါးဝါး လှမ်းလျှောက်လာခဲ့ရတာပါပဲ။

ဟောလို ၁၈နှစ်ကျော်ကျော်ရှိမယ့် ကျနော့် ဘဝအကျဉ်းချုပ် (နည်းနည်းတော့ ရှည်သွားတယ်နော် :D) ကို ဖတ်ပေးလို့ ကျေးဇူးပါဗျ။

(ကျော်စွာလင်း ၏ Facebook ကိုလည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်) 
blog.irrawaddy.org/2012/08/blog-post_1054.html

19 Jul 2012

ခွပ်ဒေါင်းနဲ့ ကဒေါင်း ဘာက ပိုကြည့်ကောင်းသလဲ



~


http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9898.jpg

(Photo: Steve Tickner/ The Irrawaddy)


ကဒေါင်းထက် ခွပ်ဒေါင်းကို ကြည့်ရတာ ပိုအဆင်ပြေတယ်လို့ သီတဂူ ဆရာတော် အရှင်ဉာဏိဿရက တနင်္လာနေ့မှာ မိန့်ကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ဝပ်ဆိုင်းမွန်း မြန်မာကျောင်း တရားပွဲမှာ အဲဒီလို မိန့်ကြားလိုက်တာ ဖြစ်ပါတယ်။

"ရန်ဖြစ်တယ်ဆိုရင် ဒေါင်းကသလိုပဲ ... ငါသာလျှင် မှန်တယ်ဟေ့၊ ငါတို့အကောင်းဆုံးပဲလို့ ပြောတဲ့ သူတွေက အဲဒါ ဒေါင်းကတာ" 
 
 blog.irrawaddy.org/2012/07/blog-post_4325.html

3 Apr 2012

ကံစီမံရာ ( သုဘအမေးနှင့် ဘုရားရှင်အဖြေ)

သုဘအမေး။ ။ အရှင်ဂေါတမ၊ လူတွေဟာ လူချင်းတူပါလျက် အသက် တို-ရှည်၊ ရောဂါ နည်း-များ၊ အဆင်း လှ-မလှ၊ အခြံအရံ များ-မများ၊ စည်းစိမ်ဥစ္စာ နည်း-များ၊ အမျိုး ယုတ်-မြတ်၊ ပညာ ရှိ-မဲ့ ကွဲပြားနေရတာ ဘာကြောင့်ပါလဲ?

ဘုရားရှင်ဖြေ။ ။ လုလင်၊ သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကြတယ်။ ကံရဲ့ အမွေခံတွေ ဖြစ်ကြတယ်။ ကံသာလျှင် ဆွေမျိုး။ ကံသာလျှင် မှီခိုရာ ရှိကြတယ်။ အယုတ်အမြတ် ချမ်းသာဆင်းရဲဖြစ်ဖို့ ကံသာလျှင် ဝေဖန်ပိုင်းခြားပေးနေတယ်။

သုဘအမေ။ ။လူတွေ ဘာကြောင့် အသက် တို-ရှည် ဖြစ်ကြရပါသလဲ?

ဘုရားရှင်ဖြေ။ ။ လုလင်၊ သူ့အသက်ကို သတ်လေ့ရှိသူ၊ ကြမ်းကြုတ်ရက်စက် သနားကြင်နာမှု ကင်းတဲ့လူဟာ သေရင် ငရဲကို ရောက်မယ်။ ငရဲမရောက်ဘဲ လူလာဖြစ်ရင် အသက်တိုရတတ်တယ်။ သူ့အသက်သက်ခြင်းမှ ရှောင်လေ့ရှိသူ၊ သနားကြင်နာတတ်သူ၊ သတ္တ၀ါတွေရဲ့ အကျိုးကို လိုလားသူဟာ သေရင် နတ်ပြည်ရောက်ရမယ်၊ လူ့ပြည်မှာ လူဖြစ်ရင်လဲ အသက်ရှည်ရတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာကြောင့် အနာရောဂါ နည်း-များ ဖြစ်ကြရပါသလဲ?

ဘုရားရှင်ဖြေ။ ။ တုတ်၊ လက်နက် စသည်ဖြင့် သတ္တ၀ါတွေကို ညှဉ်းဆဲနှိပ်စက်တတ်တဲ့ လူဟာ သေရင် အပါယ်ရောက်ရမယ်။ လူလာဖြစ်ရင် အနာရောဂါ များရတယ်။ အချို့လူများက ညှဉ်းဆဲနှိပ်စက်လေ့ မရှိဘူး။ သူတို့ သေသော် နတ်ပြည်မှာ ဖြစ်ရတယ်။ လူ့ပြည်မှာဖြစ်ရင်လဲ အနာရောဂါကင်းကြတယ်။

သုဘအမေး။ ။ လူတွေဘာကြောင့် ရုပ်ဆိုး-ရုပ်ချော ဖြစ်ကြရပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ အမျက်ဒေါသကြီးတယ် မနှစ်သက်ဖွယ်စကား၊ ကြမ်းတမ်းတဲ့ စကားကို ပြောဆိုကြတယ်။ ထိုသူတွေသေရင် ငရဲရောက်ရတယ်။ လူ့ပြည့်မှာ လူလာဖြစ်ရင်လဲ အရုပ်ဆိုး အကြီးတန်ကြတယ်။ အချို့ လူတွေကတော့ အမျက်မထွက်၊ မကြမ်းတမ်း၊ သည်းခံတတ်တယ်။ ထိုသူတို့ သေရင် နတ်ပြည် ရောက်ရတယ်၊ လူလာဖြစ်ရင်လဲ အဆင်းလှပ ရူချင်ဖွယ် ရုပ်ရည် ရှိကြတယ်။

သုဘအမေး။ ။ လူတွေ ဘာကြောင့် အခြံအရံနည်းကြ-များကြပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ သူတပါးတို့ လာဘ်ရမှု၊ အရိုအသေ၊ အမြတ်အနိုး၊ အပူဇော်ခံရမှုကို မနာလို ငြူစူကြ၏။ ထိုသူတို့သေလျှင် ငရဲပြည်ကိုရောက်၍ လူဖြစ်ပြန်သောအခါ အခြံအရံမရှိ ဖြစ်ရတတ်တယ်။ သူတစ်ပါး လာဘ်ရခြင်း၊ အရိုအသေ၊ အမြတ်အနိုး၊ အပူဇော် ရှိခိုးခံရမှုကို မနာလို ၀န်တိုမှုမဖြစ်၊ ထိုသူသေသောအခါ နတ်ပြည်မှာ ဖြစ်ရတယ်။ လူလာဖြစ်ပြန်တော့လဲ အခြံအရံ များကြရတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာ့ကြောင့် စည်းစိမ် နည်း-များ ကွဲပြားကြပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ သမဏဗြဟ္မဏခေါ် ရဟန်းပုဏ္ဏားတွေကို ပေးလှူပူဇော်မှု မပြုကြဘူး။ ပေးလှူလို့ အကျိုးမရှိဟု မှားယွင်းစွာ ယူဆကြတယ်။ ထိုလူတွေ သေတဲ့အခါ င၇ဲမှာ ဖြစ်ရတယ်။ လူလာဖြစ်ပြန်တော့ စည်းစိမ်ဥစ္စာ နည်းပါးကြတယ်။ အချို့ကတော့ သမဏဗြဟ္မဏ ရဟန်းပုဏ္ဏား တွေကို ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို ပေးလှူကြတယ်။ ထိုသူတွေဟာသေရင် နတ်ပြည်ရောက်ရတယ်။ လူလာဖြစ်ပြန်ရင် စည်းစိမ်ဥစ္စာ ပေါများကြတယ်။

သုဘအမေး။ ။ လူတွေဟာ ဘာကြောင့် အမျိုးယုတ်ကြ မြတ်ကြပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့လူတွေဟာ မာန်မာန ခက်ထန်ထောင်လွှားကြတယ်။ ရိုသေမြတ်နှိုး ရှိခိုးပူဇော်ထိုက်သူကို မရိုသေ မမြတ်နိုး၊ မရှိခိုး၊ မပူဇော်၊ ထိုသူတို့ သေရင် ငရဲပြည်မှာဖြစ်၍ လူဖြစ်ပြန်သောအခါ အမျိုးယုတ်မာ အောက်ကျ နောက်ကျ ဘ၀မှာ ဆင်းဆင်းရဲရဲ ဘ၀မှာ လာဖြစ်ရတယ်။ အချို့ လူများကတော့ မာန်မာန မထောင်၊ ရိုသေမြတ်နိုး ရှိခိုးပူဇော်ထိုက် သူကို ပူဇော်တယ် ။ထိုသူ သေရင် နတ်ပြည်ရောက်တယ်။ လူ့ပြည်လာဖြစ်ရင် အမျိုးမြတ်၍ ဂုဏ်သရေရှိ အထက်တန်းလွှာမှာ လာဖြစ်ရတယ်။

သုဘအမေး။ ။ လူတွေ ဘာကြောင့် ပညာမဲ့ ပညာရှိ ဖြစ်ကြရပါသလဲ?

ဘုရားရှင်ဖြေ။ ။ အချို့သူများသည် သာမဏဗြာဟ္မဏ ပညာတတ်မြောက်သူကို ချဉ်းကပ်၍ ဆွေးနွေးမေးမြန်း နာခံမှတ်သားလေ့ မရှိ၊ ထိုလူမျိုးသေရင် ငရဲဖြစ်ရတတ်၍ လူဖြစ်လာသောအခါ ပညာမဲ့ကြ၏။ ဥာဏ်ထိုင်းကြ၏။ အချို့သူများကား သမဏဗြဟ္မဏ ရဟန်းပုဏ္ဏားတို့ထံ ချဉ်းကပ်လျက် အကောင်းအဆိုး အကြောင်းအကျိုး တရားသဘောတို့ကို ဆွေးနွေးမေးမြန်းကြ၏။ ထိုသူတို့ သေသော် နတ်ပြည်မှာ ဖြစ်၍ လူဖြစ်လာပြန်သောအခါ ပညာရှိ၏။ ဥာဏ်ထက်မြက်၏။

မေး။ ။ အထက်ပါ မကောင်းမှု ကောင်းမှုတွေဟာ နောက်ဘ၀မှာ အကျိုးပေးပါသလား။ ဒီပစ္စုပ္ပန်ဘ၀မှာ အကျိုး မပေးဘူးလား?

ဖြေ။ ။ အထက်ပါ ကောင်းမှုတွေကို ပြုလုပ်သူတွေဟာ အခုဘ၀မှာ လက်ငင်းဒိဌ အကျိုးတွေကို ခံစားနိုင်ပါတယ်။ မကောင်းတဲ့ အပြစ်တွေကို ပြုလုပ်တဲ့ သူတွေဟာ ချက်ချင်းလက်ငင်း မကောင်းတဲ့ အကျိုးကို ခံစားကြရပါတယ်။ ဒါတွေကတော့ မျက်မြင်ဒိဌဖြစ်လို့ ဘုရားရှင်က သီးခြား မဟောတာဖြစ်ပါတယ်။ သုဘက မေးလို့ ဘုရားရှင် ဖြေထားတဲ့ မိမိပြုသမျှ ကံသာလျှင် အကြောင်းရင်း၊ ထိုကံ၏ အမွေခံသာ ဖြစ်ကြရမည်ကို နှလုံးသွင်းပြီး ကောင်းတဲ့အကျိုးတွေရအောင် ကောင်းတာတွေ လုပ်ဖို့ မကောင်းတဲ့အကျိုးတွေ မဖြစ်ရအောင် မကောင်းတာတွေ မလုပ်မိအောင် သတိပြုအပ်ပေသတည်။

ဘာသာရေးစာအုပ် တစ်အုပ်မှ ဖတ်ဖူးတာလေးကို ကိုးကားရေးသားထားပြီး သတိရလို့ ပြန်လည်မျှဝေပေးထားခြင်း ဖြစ်ပါတယ်ရှင်။ ဖတ်ရင်းနဲ့ မှတ်စုစာအုပ်မှာ ရေးမှတ်ထားတာ ကြာပြီဖြစ်တဲ့အတွက် မှတ်ဉာဏ်သိပ်မကောင်းပါသဖြင့် စာအုပ်နာမည်တော့ အတိအကျမသိတော့လို့ နားလည်ခွှင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 ရွှေမြန်မာဦးယဉ် မှကူးယူတင်ပြသည်
 

ကံနှင့် ကံ၏အကျိုး

ကံ၏ အနက်အဓိပ္ပာယ်
“ကံ” ဆိုသည်မှာ ပါဠိဘာသာ “ကမ္မ”မှ ဖြစ်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်မူဟု အဓိပ္ပာယ်ရသည်။

ထိုပြုလုပ်မူဟူသော ကံသည် -

(က) ကိုယ်ဖြင့် ပြုလုပ်မူ (ကာယကံ)၊

(ခ) နူတ်ဖြင့် ပြောဆိုမူ (၀စီကံ)၊

(ဂ) စိတ်ဖြင့် ကြံစည်မူ (မနောကံ) –ဟူ၍ (၃) မျိုးရှိသည်။

ကံဖြစ်ပေါ်လာရန် စေတနာသည် အရင်းခံဖြစ်သည်။ စေတနာဟူသော စကားလုံးသည် ဗုဒ္ဓဘာသာ၏ မူပိုင်စကားလုံး ဖြစ်သည်။ စေတနာဟူသော စကားလုံး၏ တိကျသော အဓိပ္ပာယ်ကို အခြားမည်သည့် ဘာသာကမျှ ပြန်ဆိုဖော်ပြနိုင်စွမ်းမရှိ။ စေတနာသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မူ နူတ်မူ စိတ်မူတို့ကို ပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရားဖြစ်သည်။ မည်သည့် ပြုလုပ်မူကိစ္စမဆို စေတနာမပါလျှင် မထမြောက် မအောင်မြင်နိုင်။ စေတနာပါရှိမှသာ ထမြောက် အောင်မြင်နိုင်သည်။

စေတနာသည် စိတ်ကို လူံ့ဆော် စေ့ဆော် နိုးဆော်ပေးတတ်၏။ စေတနာ နိုးဆော်မူအင်အားအလိုက် ပြုလုပ်မူ ကံတရားတို့ ဖြစ်ပေါ်လာရ၏။

စေတနာအားကောင်းလေလေ ကံတရားတို့ အားကောင်းထက်သန်လေလေ ဖြစ်သည်။ စေတနာသည် လွန်စွာ နူးညံ့သိမ်မွေ့သော တရားဖြစ်သဖြင့် သဘောပေါက်ရန် မလွယ်ပေ။ သို့သော် စိတ်ကို တွန်းအားပေးသူမှာ ထိုနူးညံ့သိမ်မွေ့သော စေတနာပင် ဖြစ်သည်။ စေတနာက နိုးဆော်တိုက်တွန်း၍ ကိုယ်နူတ်စိတ်တို့က ပြုလုပ်ပြောဆိုကြံစည်ကြသဖြင့် စေတနာရှေ့သွားရှိသော ကိုယ်မူ နူတ်မူ ကြံစည်မူ ကံဟူသမျှသည် စေတနာသဘောရှိသောကြောင့်လည်းကောင်း၊ စေတနာနိုးဆော် တိုက်တွန်း၍ ကိုယ်နူတ်တို့ဖြင့် လူပ်ရှားမူ အမူအရာ စိတ်ဖြင့် ကြံစည်မူ အမူအရာကို ပြုလုပ် ပြီးစီးစေတတ်သောကြောင့် လည်းကောင်း စေတနာကို “ကံ” ဟု ခေါ်ဆိုရသည်။

ကံဟူသော အမည်သည် ကိုယ်မူ နူတ်မူ စိတ်မူတို့၏ အမည်ရင်းသာ ဖြစ်၏။ သို့သော်လည်း ကိုယ်မူ နူတ်မူ စိတ်မူများသည် စေတနာကြောင့်သာ ထမြောက် အောင်မြင်ရသောကြောင့် အကြောင်းရင်းခံ စေတနာကိုပင် ကံဟုဆိုရသည်။

ထို့ကြောင့် ကံတရားတို့ ဖြစ်ပေါ်လာရေးအတွက် စေတနာသည် အကြောင်းခံဖြစ်သည်။ “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ - ချစ်သားတို့ စေတနာကို ကံဟု ငါဘုရားဟောတော်မူသည်” ဟု မြတ်စွာဘုရား မိန့်တော်မူထားသည်။ ကံတရားတို့၏ အပြင်းအပျော့ အားကောင်း မကောင်းသည် လူံ့ဆော်ပေးတတ်သော စေတနာအင်အားပေါ် မူတည်သည်။ ထိုစေတနာသည် ပုဗ္ဗ စေတနာ၊ မုဉ္စ စေတနာ၊ အပရ စေတနာဟူ၍ သုံးမျိုးရှိသည်။ ကံတရားတစ်ခု ဖြစ်ပေါ်လာစေရန် လူံ့ဆော်မူစေတနာ တွန်းအားသည် သုံးမျိုးရှိသည်။ စေတနာသည် ကံတစ်ခုမဖြစ်မီ ကြိုတင်၍ တွန်းအားပေးသည်။ ကံကို ပြုဆဲခဏ၌လည်း တွန်းအားပေးနေသည်။ ထိုကံကို ပြုပြီးချိန်၌လည်း သုံးမျိုးရှိလာသည်။

စေတနာသုံးချက် ညီညွတ်စွာ ပြုလုပ်မှသာ အလုပ်တစ်ခု ကံတစ်ခု၏ အကျိုးပေးမူမှာ ပြည့်စုံအားကောင်းသည်။ စေတနာတစ်ချက်ချက် ပျက်ကွက်အားလျော့နေလျှင် ချို့တဲ့နေလျှင် ကံတရားတို့ ဖြစ်ပေါ်မူ အားလျော့ကာ အကျိုးပေးမူ ချွတ်ယွင်းတတ်လေသည်။

ဤလောက၌ ကံ ဉာဏ် ၀ီရိယ ဟူ၍ သုံးမျိုးရှိသည်။ ဉာဏ်ဝီရိယတို့မှာ ပေါ်လွင်ကြသဖြင့် အငြင်းမပွားကြသော်လည်း ကံနှင့်စပ်၍ ယုံသူ မယုံသူ ရှိလာသည်။ ကံ မယုံသူတို့သည် မိမိတို့ မယုံပါဆိုသည့် ကံကိုပင် နေ့စဉ်ပြုလုပ်နေကြသောကြောင့် မိမိကိုယ်ကို မိမိပင် ဆန့်ကျင်နေကြပြန်သည်။

လောကလူသားတို့ကို ကြည့်လျှင် လူတိုင်းသည် အချိန်တိုင်း အလုပ်လုပ်နေကြသည်။ အလုပ်လုပ်သဖြင့် လုပ်အားတန်ဖိုးကို ရရှိကြသည်။ ထိုအလုပ်သည် ကောင်းသောအလုပ်၊ မကောင်းသောအလုပ်ဟူ၍ နှစ်မျိုးရှိသည်။ မကောင်းသောအလုပ်ကို ပြုလုပ်ကြသဖြင့် လောကဥပဒေများအရ ငွေဒဏ် ကြိုးဒဏ် ကြိမ်ဒဏ် သေဒဏ်များခံကြရသည်။

ကောင်းသောအလုပ်များကို ပြုလုပ်ကြသဖြင့် ငွေကြေး၊ ဥစ္စာ၊ ဆုလာဘ် ပဏ္ဏာ၊ ရာထူးအာဏာတို့ တိုးပွားရရှိကြသည်။ ဤသို့လျှင် ကံဟုခေါ်သော အလုပ်များကို နေ့စဉ်နေ့တိုင်း အချိန်ရှိတိုင်း လူတိုင်း ပြုလုပ်နေကြသဖြင့် ကံ အကျိုးတရားများကို ရရှိခြင်း ဖြစ်သည်။

သို့ဖြစ်၍ ကံသည် ဧကန်ပင်ရှိသော သဘောသဘာဝဖြစ်သည်။ ကံရှိနေ၍ ကံ၏ကောင်းကျိုး၊ ဆိုးပြစ်တို့ကို ခံစားနေကြရသည်။ ကံကို ငြင်းဆန်ကန့်ကွက်ရန် အကြောင်းမရှိပေ။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာ တရားတော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ရွှေမြန်မာဦးယဉ်မှ ကူးယူတင်ပြသည်

26 Mar 2012

****သင် လူဖြစ်ပါပြီလော****

ဤခေါင်းစဉ်ကို မြင်လိုက်ရသူများက ”ဒီကိုယ်တော်နှယ်၊ ကြံကြံဖန်ဖန် ဒီမေးခွန်းကို အဓိပ္ပာယ်မဲ့မေးနေတယ်။ လူသားမိဘတွေက ပေါက်ဖွားလာတာ လူမဖြစ်လို့ ဘာဖြစ် ရမလဲ”ဟု တွေးတောကောင်း တွေးတော နိုင်ပါ၏။ ရဟန်းခံခါနီးတွင် ရဟန်းလောင်းအား မေးမြန်းရမည့် မေးခွန်း ၁၅ချက်တို့တွင် ‘မနုေဿာသိ-သင်လူသားစင်စစ် ဟုတ်ပါ၏ လော’ဟု မေးခွန်းတစ်ချက်ပါရှိ၏။ လူသားက ပေါက်ဖွား လူသားရှင်သာမဏေတစ်ပါးကို ‘သင် လူသား စင်စစ်ဟုတ်ပါ၏လော’ ဟူသော မေးခွန်းမှာ အဓိပ္ပာယ် ကင်းမဲ့နေသယောင်။ သို့သော်-ထိုမေးခွန်းကို မေးရသည်မှာ အဓိပ္ပာယ်ရှိ၏။ ဘုရားရှင်လက်ထက်က နဂါး ကြီးတစ်ကောင် နဂါးဘဝကို ရွံ့မုန်း၍ နဂါး ဘဝမှ လွတ်ရာ လွတ်ကြောင်း ကြံဆရင်း လူယောင်ဖန်ဆင်းကာ ရဟန်းခံခဲ့ဖူး၏။ ထို့ ကြောင့် ဘုရားရှင်က ရဟန်းခံခါနီးတွင် ရဟန်းလောင်းအား ထိုမေးခွန်းကို   မေးခိုင်း တော်မူခြင်း   ဖြစ်လေသတည်း။ ဤသို့လျှင် ‘မနုေဿာသိ သင်လူသား စင်စစ်ဟုတ်ပါ၏ လော’ဟူသော မေးခွန်းသည် အဓိပ္ပာယ်ရှိ သော မေးခွန်းသာဖြစ်၏။ ဤ၌လည်း ‘သင် လူဖြစ်ပါပြီလော’ ဟူသော မေးခွန်းကို လေးလေးနက်နက် မတွေးတတ်သူတို့က အပိုမေးခွန်း(ဌပနီယ ပုစ္ဆာ)ဟုထင်ကောင်း ထင်နိုင်ပေ၏။ လူသား မိဘက ပေါက်ဖွား၍ ပခုံးနှစ်ဖက်ကြား ဦး ခေါင်းပေါက်ကာမျှ၊မိုးကို ဦးခေါင်းပေးပြီး ခန္ဓာ ကိုယ်ထောင်၍ သွားကာမျှ၊ လက၊်ခြေ ၊ကိုယ် အင်္ဂါ ပြည့်စုံကာမျှဖြင့် ပြည့်ဝသော မနုဿ ခေါ်-လူသား စင်စစ် မဖြစ်နိုင်ချေ။ လူသားမိဘက ပေါက်ဖွားသည် မှန်သော်လည်း ‘ငါချမ်းသာဖို့၊ငါ့မိသားစု ချမ်း သာဖို့’စသည်ဖြင့် နေရာတကာဝယ် ငါကို ရှေ့တန်းတင်၍   ပြုလုပ်၊   ပြောဆို၊ကြံစည်နေ လျှင် အနှီပုဂ္ဂိုလ်သည် မိုးကို ကျောပေး၍ ခြေထောက်လေးချောင်းထောက်ကာ ကန့် လန့်သွားတတ်သော တိရစ္ဆာန်နှင့် ဘာထူး တော့အံ့နည်း။
တိရစ္ဆာန်ဟုခေါ်သော ကန့်လန့်သွား သတ္တဝါတို့သည် နေရာတကာ ငါကို ရှေ့တန်း တင်တတ်ကြ၏။ ထိုသဘောကို ထင်ရှားစေ ရန် ခွေးတစ်အုပ်ကို ခေါ်၍ စားခွက်တွင် စား သောက်ဖွယ်များပုံကာ ကျွေးကြည့်ပါလေ။ တရုန်းရုန်း တဝုန်းဝုန်းဖြင့် ‘ငါ ဝဖို့သာ အရေး ကြီးသည်’ဟု  အငမ်းမရ အလုအယက်စား သောက်နေကြသည်မှာ ငါကို   ရှေ့တန်းတင် သည့်သဘော အထင်အရှား တွေ့ရပါလိမ့်မည်။ ထို့ကြောင့် ငါကို ရှေ့တန်းတင်ကြသူ တို့သည် လူသားမိဘက ပေါက်ဖွားသည် မှန် သော်လည်း တိရစ္ဆာန်နှင့် မထူးကြချေ။
အတ္ထာနတ္ထံ မနတိ ဇာနာတီတိ မနုေဿာ။
ကာရဏာကာရဏံ မနတိ ဇာနာတီတိ မနုေဿာ။
ကုသလာ ကုသလံ မနတိ ဇာနာတီတိ မနုေဿာ။
မနော ဥဿန္နံ ဧတေသန္တိ မနုဿာ။
အကျိုးရှိ အကျိုးမဲ့၊ အကြောင်းဟုတ်၊ မဟုတ်၊ ကုသိုလ် အကုသိုလ်ကို ခွဲခြား၍ သိတတ်ပါမှ ‘မနုဿလူ’ဟု ခေါ်ရ၏။ ထိုသို့ မသိလျှင် မနုဿ-လူမဟုတ်ပေ။ ထက်မြက်   သော စိတ်ဓာတ်ရှိပါမှ မနုဿ-လူဟုခေါ် ရ၏။ ထက်မြက်သော စိတ်ဓာတ်မရှိလျှင် မနုဿ-လူဟု မခေါ်နိုင်ပေ။ အကျိုးရှိ အကျိုးမဲ့၊အကြောင်းဟုတ် မဟုတ်၊ ကုသိုလ် အကုသိုလ်ခွဲခြားသိ၍ စိတ် ဓာတ်ထက်မြက်သော မနုဿ-လူသားတို့ သည် ကိုယ်ရေးကိုယ်တာကိုသာ မကြည့်ကြ၊ အများချမ်းသာရေးကိုလည်း ကြည့်ကြလေ သည်။ အဆင့်အတန်းမြင့်သူ မနုဿဖြစ်လေလေ အများကောင်းကျိုး ဆောင်ရွက်လေ လေဖြစ်သည်။ ဘာသာသာသနာ အကျိုး သယ်ပိုးလေလေဖြစ်သည်။  နှစ်တစ်ရာ အတွင်း   ပျောက်ကွယ်သွားရ မည့် လူ့ဘဝတွင် ကောင်းကျိုးမရှိသည့်နေရာ ၌ ပြိုင်ဆိုင်မနေသင့်ကြပေ။ ပိုင်ဆိုင်သည့် ဘဝ၊ရရှိသည့်ဥစ္စာ၊တတ်ကျွမ်းသည့် အတတ်ပညာ တို့ကို မိမိနှင့်သူတစ်ပါး ကောင်းကျိုးများ ရာ၌သာ အသုံးချသင့်ကြပေသည်။ သန်း ခေါင်စာရင်းမှ မိမိပျောက်ကွယ်သွားခဲ့လျှင် ကမ္ဘာလောကပေါ်ဝယ် မိမိ၏  ခြေရာ လက်ရာများ ကျန်ရစ်ခဲ့စေသင့်သည်။
ကိုယ်ကျိုးနှင့် ထင်ပေါ်ကျော်ကြားမှုကို မငဲ့၊ အများအကျိုးကိုပါ ဆောင်ရွက်ခြင်းသည် အကျိုးရှိ၊ အကျိုးမဲ့ကို ခွဲခြားသိနိုင်သော၊ အကြောင်းဟုတ်-မဟုတ် ခွဲခြား သိနိုင်   သော၊ ကုသိုလ်-အကုသိုလ် ခွဲခြားသိနိုင်သော၊ စိတ်ဓာတ်ထက်မြက်သော မနုဿ-လူသားတို့၏ လုပ်ငန်းဖြစ်သည်။ ထို့ကြောင့်လည်း မိမိ အပါအဝင် အားလုံးသော ပုဂ္ဂိုလ်တို့သည် မိမိ ကိုယ် မိမိပြန်လည် မေးမြန်းသင့်ကြပါသည်။ ‘သင် လူဖြစ်ပါပြီလော’ဟူ၍…။
အသျှင်အဘိဇာတာဘိဝံသ                                              http://popularmyanmar.com

*****စိတ်တည်ကြည်ငြိမ်းအေးသောသူ*****

  စိတ်ကြည်လင်ငြိမ်းချမ်းမှုဟူသည် အသိဥာဏ်ပညာမှ ထွက်ပေါ်လာ သည့် ကျောက်မျက်ရတနာတစ်ပါး ဖြစ်သည် ။ ။ ငြိမ်းချမ်းခြင်း သည် မိမိကိုယ့်ကို စောင့်ကြည့် ထိန်းချုပ်သော အလုပ်ကို နှစ်ရှည်လများ လုပ်ကိုင်ခဲ့ခြင်း၏ အကျိုးရလဒ်လည်း ဖြစ်ပေ သည်။  စိတ်ကြည်လင် ငြိမ်းချမ်းခြင်းသည် အတွေ့အကြုံ ရင့်ကျက်မှု ကို ပြသည်။
               မိမိကိုယ်ကို အတွေးအကြံမှ ဖြစ်ပေါ်လာသော သူဟူ၍ သိမြင်နားလည်လာသည်နှင့်အမျှ လူသည် တည်ငြိမ်အေးချမ်းမှု ရှိလာ  သည်။ ထိုသို့ သိသောသူသည် အခြားသူများအားလည်း သူတို့အတွေးအကြံအသီးသီး၏ ရလဒ်များ အဖြစ်နားလည်သဘောပေါက်ကာ မှန်ကန်စွာ သုံသပ်ရှုမြင်နိုင်လာသည်။ ထိုအခါ သူသည် စိတ်ဂနာမငြိမ်ခြင်း၊ ယောက်ယက်ခတ်ခြင်း၊ ဒေါသအမျက်ထွက်လွယ် လှုပ်ရှား ထကြွလွယ်ခြင်းများ လျော့ပါး ပျောက်ကွယ်သွားလိမ့်မည်။ စိုးရိမ်ကြောင့်ကြနှင့် သောက ဗျာပါဒများလည်း ကင်းပကာ က္ကနြေ္ဒသမ္ဖတိရှိသူ၊ မယိမ်းမယိုင် ကြံ့ခိုင်သူ၊ တည်ငြိမ်အေးချမ်းသူ ဖြစ်လာပေမည်။
                စိတ်တည်ငြိမ်အေးချမ်းကာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသူသည် သူတစ်ပါးတို့နှင့် အသင့်တင့် အလျောက်ပတ်ဆုံး ဆက်ဆံမှု ပြုတတ်၏။ သူနှင့်ဆက်ဆံရသူများ သည် သူ၏က္ကနြေ္ဒရှိမှု၊ ဖြောင့်မတ်တည်ကြည်မှုတို့ကို အသိအမှတ်မပြုဘဲ မနေနိုင်။ သူ့စိတ်ဓါတ် ကို လေးစားကြည်ညိုကာ သူ့အား အတုယူ နည်းမီလောက်သူ၊ အားကိုးယုံကြည်လောက်သူဟူ၍ ခံယူလာကြမည် ဖြစ်သည်။
              လူသည် စိတ်ကြည်လင် ငြိမ်းချမ်းမှု ရှိလေ သူ၏ အောင်မြင်မှု၊ သူ၏ သြဇာရှိန်ဝါ နှင့် သူ၏ သတ္တိစွမ်းအားတို့ ပို၍ ကြီးမား လာလေ ဖြစ်သည်။လူအများတို့အနေဖြင့် တည်ကြည်ငြိမ်းအေးသော သွင်ပြင်မူရာ ရှိသူတို့နှင့်သာ ပို၍ ဆက်ဆံချင်တတ် ကြသော ကြောင့် ပင်တည်း။
            တည်ကြည်ငြိမ်းအေးသောသူသည် အစဉ်နှစ်သက်ခြင်း၊ ကြည်ညိုလေးစားခြင်း ခံရမြဲဖြစ်သည်။ သူသည် ပူပြင်းခြောက်သွေ့ သော အရပ်၌ ရှိနေသည့် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးတစ်ပင်နှင့်တူသည်။ မုန်တိုင်း တိုက်ခတ်ချိန်၌ ခိုလှုံရာ ကျောက်တောင် အကွယ်အကာတစ်ခုနှင့်လည်း တူသည်။
            ငြိမ်းအေးသော နှလုံးသား၊ ချိုသာသော စိတ်ထားနှင့် တည်ငြိမ်မျှတသော် ဘ၀တစ်ခု ပိုင်ဆိုင်ထားသူအား အဘယ်သူ မနှစ်သက်ဘဲ ရှိအံ့နည်း။ မိုးရွာသည်ဖြစ်စေ၊ နေသာသည်ဖြစ်စေ၊ အခြား မည်သည့် အပြောင်းအလဲပင်ပေါ်ပေါက်ပါစေ ကြည်လင်ငြိမ်းချမ်းသော စိတ်နှလုံး ပိုင်ရှင်ကား အစဉ်ရွှင်ပျမည်၊ တည်ငြိမ်မည်၊ ကျက်သရေ ရှိနေမည်သာဖြစ်သည်။
             ပြင်ပပတ်ဝန်းကျင်ရှိ ကျွန်ုပ်တို့ တွေ့ထိသိမြင်နေသူထဲတွင် ရုတ်တရတ်ဒေါသ ၀ှန်ကဲ ပေါက်ကွဲခြင်း ကြောင့် သာယာလှပသော အနေအထားတစ်ခုကို လျှပ်တစ်ပြက် ဖျက်ဆီးမိခဲ့သူတွေ၊ စကားလွန် နှုတ်ကျွံ့မှုကြောင့် မလိုလားအပ်သော ပဋိပက္ခတွေ အငြိုးအာဃာတ များ ပွားများခဲ့ရဖူးသူတွေ အဘယ်မျှရှိခဲ့ပါသနည်း၊ မိမိကိုယ်ကို မထိန်းချုပ်လိုက်နိုင်သည့် အတွက်ကြောင့် ဘ၀တစ်ခု လုံးပျက်သုဉ်းခဲ့ရသူ၊ သာယာချမ်းမြေ့ခြင်းနှင့်ကင်းဝေးခဲ့ရသူတွေ မည်မျှရှိပါမည်နည်း။
             မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းသည် ခွန်အားရှိခြင်းဖြစ်သည်။ မှန်ကန်သော အတွေးသည် ဦးစီးကြီးမှူးနိုင်စွမ်းရှိစေ၍ တည်ကြည်ငြိမ်းအေးခြင်းကား တန်းခိုးရှိန်ဝါ ကြီးမားစေပေသည်။ လောက၌ တန်းခိုးစွမ်းအား ကြီးမားသူ ဖြစ်ရန်အတွက် သင့်နှလုံးသား အား တည်ငြိမ်ပါ၊ အေးဆေးပါ၊ ငြိမ်းချမ်းမှုရှိပါ ဟူ၍သာ အမြဲတိုက်တွန်းစကား ဆိုပါလေ…။
          ကျွန်ုပ်တို့၌ ခိုင်ခံ့တည်ငြိမ်သော စိတ်မရှိသည့်အခါ ပစ္စုပ္ဖန်အလုပ်၊ ပစ္စုပ္ဖန်ဖြစ်ရပ်တို့၌ စူးစိုက်နိုင်ခြင်း မရှိဘဲ အတိတ်၊အနာဂါတ်သို့ စိတ်သည် ပျံ့လွင့် သွားတတ်၍ ငြီးငွေ့ခြင်းများ ၊ ပျင်းမုန်းခြင်းများ၊ အလိုမကျခြင်းများ ဖြစ်ပေါ်လာတတ်လေသည်။ ထို့ပြင် စိတ်၏ ခိုင်ခံ့မှု မရှိသည့်အခါ နောင်တတရားတိုကို ပယ်ဖျောက်ရန် လည်းကောင်း၊ ပြုမှားမိခဲ့ခြင်းများကို မေ့ပျောက်နိုင်ရန်လည်းကောင်း၊ ရှက်ရွံ့ဖွယ် ကြုံခဲ့ခြင်းများကို ထုတ်ပယ်ပစ်ရန် လည်ကောင်း မတတ်နိုင်ဘဲ စိတ်၏ မငြိမ်းအေးခြင်းတို့သာ ထပ်တလဲလဲ ဖြစ်ပေါ်လာလေသည်။
            စူးစိုက်ရာတစ်ခုခု၌ စိတ်ကို စူးစိုက်လေ့ကျင့်ခြင်းဖြင့် ရလာသော ခိုင်ခံ့သည် စိတ်ကို ကျွန်ုပ်တို့ အလုပ်၊ ဖြစ်ရပ်၊ စွမ်းဆောင်မှုတို့၌ အသုံးချပါက လေလွင့်တတ်သည့် စိတ်တို့ လျှော့ပါးသွားနိုင်သည်။ထိုအခါ ကြည်သာမှုဖြင့် ပြေပြေလွင်လွင် လုပ်ကိုင်ဆောင်ရွက်လာနိုင် သည် ကိုလည်း ကြုံရပေလိမ့်မည်။
             လူမှု ပြသာနာများ၊ အဆင်မပြေမှုများ ပေါများလှသည့် ဘ၀၌ ကြည်သာချမ်းမြေ့မှု၊ ငြိမ်းအေးပြေလွင်မှု  ရချိန်သည် ကျွန်ုပ်တို့၌ နည်းပါးလှ၏။ လူမှုပြသာနာများကို မေ့နိုင်ရန် ကာမဂုဏ်အာရုံတို့၌ ပျော်စရာများကို ရှာကြရ၏။ သို့ရာတွင် ထိုပျော်စရာတို့ ဆုံးသည့်အခါ မကျေမချမ်းမှု ပူပင်သောကတို့ အတွင်းသို့ပင် ပြန်၍ ရောက်သွားကြပြန်သည်။ စိတ်စူးစိုက်ခိုင်ခံ့တည်ငြိမ်မှု ကျင့်စဉ်ကို လေ့ကျင့်ထားသော ပုဂ္ဂိုလ်မှာမူ စူးစိုက်စ၇ာ တစ်ခုခု၌ စိတ်ကို စူးစိုက်နေခြင်းဖြင့် စိတ်၏ ငြိမ်းအေး ပြေလွင်မှုကို အများဆုံး ရယူလျက်ရှိ၏။ ထိုသို့ အလေ့ အကျင့် များလာသော ပုဂ္ဂိုလ်၌ ပြုဆဲ၊ လုပ်ဆဲ အလုပ်ကိစ္စတို့ကြားမှ လွတ်နေသော အချိန်ကလေးတို့၌ပင် မိမိစူးစိုက်လေ့ကျင်ထားသော  အာရုံနမိတ်ကို ဖော်ယူ၍ စူးစိုက်နေရန် တတ်နိုင်ကြသည်။ ထိုအခါ စိတ်သည် လေလွင့်မှု၊ စိုးရိမ်သောကဖြစ်မှု၊ မကျေချမ်းမှုတို့မှ လွတ်ကာ ငြိမ်းအေး ပြေလွင်ခြင်းကိုရလျက် လုပ်ဆဲ အလုပ်၌လည်း ကြည်သာစွာ  လုပ်ကိုင်လာနိုင်လေသည်။
..........................


24 Mar 2012

****အရှင် ဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ ) ဓမ္မ အမေးအဖြေများ****

မေး။    ။ ဘာသာတရားတစ်ခုကို ကိုးကွယ်ရာမှာ ယုံကြည်မှုအပြင် ဘယ်လိုအရာတွေလိုအပ်ပါသလဲဘုရား။

ဖြေ။    ။ ဝေဖန်ဆန်းစစ်မှုပညာ လိုအပ်တယ်။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာအားလုံးရဲ့ သိသိ သာသာ ကွဲပြားခြားနားတဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါဘာလဲဆိုတော့တခြားဘာသာတွေက ယုံကြည်မှု(သဒ္ဓါ)တစ်ခုနဲ့ပဲတည်ဆောက်ထားတယ်၊ ဗုဒ္ဓဘာသာကတော့
ယုံကြည်မှု(သဒ္ဓါ)၊ ဝေဖန်ဆန်းစစ်မှု(ပညာ)နှစ်ခုလုံးနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့အချက်ပါပဲ။

အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကလျာဏမိတ္တသုတ်မှာ ကိုးကွယ်ဆည်းကပ်ရမယ့် ဆရာကောင်းရဲ့အင်္ဂါ(၇)ချက် ဟောထားပါတယ်။ အဲဒါတွေကတော့ -

   ၁။ ရိုသေထိုက်သောဂုဏ်
   ၂။ ချစ်ခင်ထိုက်သောဂုဏ်
   ၃။ ချီးမွမ်း ထိုက်သောဂုဏ်
   ၄။ တပည့်လွဲမှားနေလျှင် ဆုံးမရဲသည့်ဂုဏ်
   ၅။ တပည့်ကမေးလာလျှင် ကျေနပ်အောင် ဖြေဆိုနိုင်သည့်ဂုဏ်
   ၆။ နက်နဲသည့်တ၇ားကို ဟောကြားနိုင်သောဂုဏ်
   ၇။ အကျိုးများရာကို ညွှန်ပြနိုင်သည့်ဂုဏ် တို့ပါပဲ။

ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်တဲ့ဂုဏ်ဆိုတာ
ဒါန= ပေးကမ်းစွန့်ကြဲခြင်း၊ လောဘနည်းခြင်း၊
ပေယျဝဇ္ဖ = ချစ်ခင်ဖွယ်ရာ စကားကိုပြောခြင်း၊ ဒေါသနည်းခြင်း
အတ္တစရိယ= တပည့်တို့၏ ကောင်းကျိုးကို ကျင့်ခြင်း (ပရဟိတ စိတ်ဓါတ်ရှိခြင်း)၊
သမာနတ္တတာ = တပည့်နှင့် တန်းတူရည်တူ ဆက်ဆံခြင်း (မာနကင်းခြင်း) တို့ပါပဲ။
တရားစစ်တရားမှန်ရဲ့ ဂုဏ်အင်္ဂါတွေကိုလည်း အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကေသမတ္တိသုတ်
မှာ ဟောထားတာက -

၁။ အပြစ်ကင်းခြင်း(သတ်ဖြတ်မှု၊ ညှင်းဆဲမှုမပါခြင်း)၊
၂။ ကောင်းကျိုးကို လက်တွေ့ပေးစွမ်းနိုင်ခြင်း၊
၃။ ပညာရှိသူတော်ကောင်းများက မကဲ့ရဲ့ခြင်း။
၎။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာဆိုးများကို ပယ်သတ်ပေးနိုင်ခြင်း စသည့်တို့ပါပဲ။ အကျယ် သိချင်ရင်တော့ ဆရာတော်ရေးတဲ့ဆရာကောင်းကိုရှာဖွေခြင်း စာအုပ်နဲ့ အရှုံးမရှိသော ဒဿန စာအုပ်တို့မှာ ဖတ်ရှု့ နိုင်ပါတယ်

....................................
မေး။   ။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူငယ်တစ်ယောက်ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲဘုရား။

ဖြေ။   ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဥာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာအရှေ့နဲ့အနောက်၊ သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊ မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။
တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်းဆင်းထားတာလို့ဟောတယ်။ ဂေါတမဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို ဖန်းဆင်းတာဟာမင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။ သူတို့ဘုရားရှင်တွေဟာမေတ္တာရှင်၊ကရုဏာရှင်လည်း မှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-
၁။ အသက်ရှည်တဲ့သူတွေ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်း သင့်ဘူး
၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး
၎။ အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
၇။ ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ဥာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။

ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတာမဟုတ်ကြောင်း ထင်ရှားပါတယ်။ လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရားရှင်က ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ စူဠာကမ္မ၀ိဘင်္ဂသုတ်မှာ အခုလို ဟောထားတယ်။

(၁) သူ့အသက်သတ်သူမှာ အသက်တိုပြီး၊ မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်ရှိပါသည်။
(၂) သူတစ်ပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊ သနားစောင့်ရှောက်သူများအနာရောဂါ ကင်းပါသည်။
(၃) ဒေါသကြီးသူများ အရုပ်ဆိုးပြီး ၊မေတ္တာထားသူများ ရုပ်လှပါသည်။
(၄) ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို ၀မ်းမြောက်သူများ အခြွေရံ များပါသည်။
(၅) မပေးလှူသူများ ဆင်းရဲပြီး ၊ ပေးလှူသူများချမ်းသာပါသည်။
(၆) အသက်သိက္ခာဂုဏ်ဝါကြီးသူတွေကို မရိုသေသူများ အမျိုးယုတ်ပြီး၊ ရိုသေသူများ အမျိုးမြတ်ပါသည်။
(၇) မသိတာကို မေးမြန်းသူများ ညဏ်ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ ညဏ်ထိုင်းပါသည်။

ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ လူငယ်တွေ ပြတ်သားစွာ ယုံကြည်ထားရမှာက အိမ်ထောင်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာ အကုသုလ်ကံကြောင့်ဆိုတဲ့အချက်ကိုပါပဲ။ အက်ယ္ခဲ့်ျပီး ထပ္ဆင့္သိသင့္တာက -
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ(ဟိန္ဒူဝါဒ)။
အလုပ်ကြိုးစားခြင်း၊ ကုသုလ်ရှိခြင်း ကြောင့် ချမ်းသာတယ်လို့ ယူဆရင်
ဗုဒ္ဓ၀ါဒ။

ဖွတ်တက်လို့ ၊ ဠင်းတနားလို့ ဆင်းရဲတယ်၊ ခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။အလုပ်မလုပ်လို့၊ နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်လို့၊
အကုသုလ်ရှိလို့ဆင်းရဲတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာနှင်းဆီပွင့်စိုက်ထားလို့ ၊ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကပ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့ ယူဆရင်ဗြဟ္မဏ၀ါဒ။ ၀ိရီယ၊ ဥာဏ်ယှဉ်၊ စေတနာ၊ မေတ္တာထားပြီး ရောင်းလို့ဈေးရောင်းကောင်းတယ် ယူဆမှ ဗုဒ္ဓ၀ါဒ။
ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်က ကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။

စနေ၊ တနင်္ဂနွေအစရှိသော ဂြိုဟ်တွေဟာ ကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်ယူဆမှ ဗုဒ္ဓါဒ။ ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု မသင့်မှုကြောင့်ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်ကကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။
စုံဂဏန်း၊ မဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က
ကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင် ရွာပြင်မှာ
ဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုင်တယ်၊ ရွာခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ထိုအကြောင်းများကြောင့် မြို့၊
ရွာကိုမခိုင် အကုသိုလ်ကြောင့်သာ မြို့၊ ရွာကို ခိုက်တယ်လို့ ယူဆမှဗုဒ္ဓ၀ါဒ။

အလောင်းကိုင်တာချင်းတူပါလျက် သဘရာဇာကို အဝေးမှရှောင်ပြီး၊ဆရာဝန်ဖြစ်မည့်သူကို သားမက်ဖမ်းခြင်းသည် ဗြဟ္မဏ၀ါဒ။ အယူအဆွဲ မရှိဘဲနှစ်ဦးလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓ၀ါဒ။

ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်၊ ဆင်းစီးမြင်းရံဘုရားကို
ကိုးကွယ်လျှင် စီးပွားတတ်သည်၊ ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်ဆင်) ဘုရားကို
ကိုးကွယ်လျှင် ရာထူးတတ်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏ၀ါဒ။

ဒက္ခိဏသာခါရုပ်ပွားကိုထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်သည်။ ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော အ၀တ်အစားများဖြင့်ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲရဟန်းနှင့်တူသော ထိုရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓ၀ါဒ။

လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှာထွက်သည်ဟုယူဆလျှင် ဗြဟ္မဏ၀ါဒ။ စုတိနောက်ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားဘဲ နောက်ဘ၀သစ်၌ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။
မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏ၀ါဒ။ အလှူခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓ၀ါဒ။
ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ အဆင်သည့်အချိန်တွင်ပြောင်းကောင်းသည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။

လက္ခဏာတွင် အာယုလမ်းကြောင်းရှည်သောကြောင့် အသက်ရှသည်သည်၊အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ သူ့အသက်ကို မသက်ခြင်း၊ သူတစ်ပါးအသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်ကြောင့် အသက်ရှည်သည်၊သူတစ်ပါးအသက်ကိုသတ်ဖြတ်ခဲ့သောအကုသိုလ်ကြောင့် အသက်တိုသည် ဟု ယူဆလျှင်
ဗုဒ္ဓ၀ါဒ။ အာယုလမ်းကြောင်းသည် သင်္ကေတနိမတ်သာ ဖြစ်သည်။

ဤကား လူငယ်တစ်ယောက် ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့အတွက် အခြေခံလိုအပ်သော အချက်တည်း။

--------------------------



မေး။   ။ဗုဒ္ဓဘာသာဝင် လူငယ်တွေအတွက် ကံလမ်းနှင့် ဥာဏ်လမ်းကိုကွဲကွဲပြားပြား နားလည်အောင် မိန့်တော်မူပါဘရား။


ဖြေ။   ။ ဒါန-သီလ-သမထဟူသော ကံလမ်းသည် လူ၊ နတ်၊ ဗြဟ္မာဟူသော သုဂတိဘ၀သို့ပေးပို့နိုင်စွမ်း။ မဂ္ဂင်ရှစ်ပါး ဟူသော ၀ိပဿနာဥာဏ်လမ်းသည် နိဗ္ဗာန်အထိပို့ပေးနိုင်သည်။ သို့သော် ဒါန-သီလ-သမထ ကုသိုလ်ပြုရာ၌ပင် ဥာဏ်ယှဉ်နိုင်လျှင် လောကီချမ်းသာကိုသာမက လောကုတ္တရာချမ်းသာအထိ ရနိုင်သည်။

         ဗုဒ္ဓလက်ထက်က ပုဏ္ဏားကြီးတစ်ဦးသည် ဆင်းရဲနွမ်းပါးသည့်ကြားထဲကနို့ထမင်း တစ်ပန်းကန်နှင့် အ၀တ်စ တစ်စကို မည်သည့်မျှော်လင့်ချက်မှမထားဘဲအရှင်သာရိပုတ္တာ အား လှူဒါန်းခဲ့သည်။ ဤကုသိုလ်သည် ကိလေသာကုန်ရာနိဗ္ဗာန်ကို ရဖို့ အထောက်အပံ့ဖြစ်ပါစေ ဟုသာ ဆုတောင်းခဲ့သည်။ဤကုသိုလ်ကြောင့် နောက်ဘ၀တွင် သူဌေးသားဖြစ်ပြီး (၇)နှစ်သား အရွယ်နှင့်
ရဟန္တာ ဖြစ်ခဲ့သည်။

(မှတ်ချက်)။     ။ ဤဇာတ်လမ်းအကျယ်ကို စာရေးသူရေးသော
ပါရမီထိုက်သောဒါနနှင့် ပါရမီမထိုက်သောဒါန စာအုပ်တွင် ဖတ်ရှု့နိုင်ပါသည်။

--------------------------



မေး။   ။ ရှင်အဟံနှင့် အနော်ရထာတို့လက်ထက်က စတင်ပြန့်ပွားခဲ့တဲ့ ဗုဒ္ဓသာသနာဟာ အခုချိန်အခါမှာ ဘယ်အခြေ အနေထိ ဆိုက်ရောက်နေပါပြီလဲ ဘုရား။

ဖြေ။   ။ အရေအတွက်များပြားလာသော်လည်း အရည်အချင်းနည်းပါးနေပါသေးသည်။ ဗုဒ္ဓ၏တပည့်သာဝက အမည်ခံ ထားသော်လည်း ဗုဒ္ဓနှင့်ဆန့်ကျင်ဘက် အရှင်ဒေ၀ဒတ်၏ ကျင့်ထုံးများကို ကျင့်သုံးသူ ရဟန်းရှင်လူက များနေသည်။ ဘာသာရေးဝန်ထမ်း၊
ပညာရေးဝန်းထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ကာကွယ်ရေးဝန်ထမ်းစသော အများစုသည် မိမိကို တကယ်လိုအပ်သည့် နေရာများသို့ မသွားလိုကြပဲ ငွေများများရမည့်နေရာသို့ ရောက်အောင် အထက်သို့ လာဘ်ထိုးခြင်းမျိုးဖြင့်လုပ်ဆောင်နေခြင်းပင်။ အရှင်ဒေ၀ဒတ်၏အသာစံလမ်းစဉ်သို့ လိုက်နေကြခြင်းပင်ဖြစ်သည်။

         အတွေးအခေါ်နည်းသူက မြန်မာပြည်တွင်သာသနာကြီးစည်းကားတိုးတတ်နေသည်၊ သင်္ကန်းရောင်များ ၀ါးဝင်းနေသည်ဟု ပြောသည်။အတွေးအခေါ်ရှိသူက သာသနာကြီး အသက်ဆုံးကာနီးလို့ ၀မ်းဖောဝမ်းရောင်လိုက်နေတာဟုပြောသည်။ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်၍ ကြည့်စေချင်သည်။အရှင်ဒေ၀ဒတ်နှင့် ဗုဒ္ဓ၏ လမ်းစဉ်ကို ယှဉ်ပြလိုက်ပါသည်။

         အသာစံခြင်းလမ်းစဉ်ကို အရှင်ဒေ၀ဒတ် တည်ထောင်ခဲ့သည်။အသာစံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒ္ဒယ သစ္စာခေါ် တဏှာကို
သိမ်းပိုက်ထားခြင်းဖြင့်သည်။ အသာစံခြင်း၏ နောက်ဆုံးပန်းတိုင်သည် အပါယ်လေးပါးဖြစ်သည်။ အသာစံခြင်းဝါဒကို တည်ထောင်ခဲ့သည့်
အရှင်ဒေ၀ဒတ်ကိုယ်တိုင် ယခုအခါ အ၀ီစိငရဲသို့ ကျရောက်နေပြီ ဖြစ်သည်။

အနာခံခြင်းလမ်းစဉ်ကို ဗုဒ္ဓတည်ထောင်ခဲ့သည်။ အနာခံခြင်းဟူသည် သမုဒ္ဒယသစ္စာခေါ်တဏှာကို လက်တွေ့ အလုပ်ဖြင့် ပယ်သတ်ခြင်းဖြစ်သည်။ အနာခံခြင်း၏နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်။ အနာခံဝါဒကို တည်ထောင်ခဲ့သည့်
ဗုဒ္ဓကိုယ်တိုင် နိဗ္ဗာန်သို့ ရောက်နေပြီဖြစ်သည်။

--------------------------

မေး။   ။ ရှုပ်ထွေးပွေလီတဲ့ လူ့လောကမှာ တပည့်တော်တို့ ပုထုဇဉ်လူသားတွေဟာလောကရဲ့ စည်းစိမ်ချမ်းသာကို ရှာဖွေရင်း ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့နေရာမှာပစ္စုပ္ပန်ဘ၀လမ်းညွှန်နှင့် တမလွန်ဘ၀လမ်းညွှန် ရောထွေးသတ်မှတ် ကြတဲ့အပေါ်မှာ
ဆရာတော် သြ၀ါဒပေးပါဦး ဘုရား။


ဖြေ။   ။ ကိလေသာအပြည့်ရှိတဲ့ ပုထုဇဉ်တွေ တည်ထွင်သောဝါဒလမ်းစဉ်မှန်သမျှဘက်လိုက်မှုဆိုတာ ရှိတတ်ပါတယ်။ ကိလေသာအားလုံး ကုန်ခမ်းပြီးဖြစ်တဲ့ဘုရားရှင်ရဲ့ လမ်းစဉ်ကတော့ ဘက်လိုက်မှုတို့ အပိုအလိုတို့ဆိုတာ မရှိပါဘူး။

         အင်္ဂုတ္တိုရ်ပါဋ္ဌိတော် မှာ ဒကာတစ်ယောက်က အခုလို မေးမြန်းဖူးပါသည်။တပည့်တော်တို့ဟာ ပုထုဇဉ်တွေဖြစ်တဲ့အတွက် အခုဘ၀မှာလည်း ကောင်းကောင်းဝတ်၊ကောင်းကောင်းစားပြီး သားမယားနှင့် ချမ်းသာစွာ နေလိုပါတယ်။တမလွန်ဘ၀ကျရင်လည်း နတ်ပြည်မှာ ချမ်းသာစွာ နတ်စည်းစိမ်ကို ခံစားချင်ပါတယ်။ ဒီလိုပစ္စုပ္ပန်၊ တမလွန်ချမ်းသာ နှစ်မျိုးလုံး ရစေမည့်နည်းလမ်းကို
ညွှန်ပြပါတဲ့။ ဘုရားရှင်က ယခုလို ညွှန်ပြပေးတယ်။

         စီးပွားရေးကို သမ္ပဒါလေးပါးနဲ့အညီ ပြည့်စုံအောင် ကြိုးစားအားထုတ်ပြီး

         ၁။ ဘုရားရတနာကို တကယ်ကြည်ညိုမယ်။
         ၂။ တရားရတနာကို တကယ်ကြည်ညိုမယ်။
         ၃။ သံယာရတနာကို တကယ်ကြည်ညိုမယ်။
         ၄။ ငါးပါးသီလကို တကယ် လုံခြုံအောင်စောင့်မယ် ဆို၇င် ပစ္စက္ခ၊
သံသရာနှစ်ဖြာလုံး ချမ်းသာစေနိုင်ပါတယ်တဲ့။ သမ္ပဒါလေးပါး အကျယ်ကိုတော့စာရေးသူရေးသားတဲ့ မေတ္တာဖြင့် စီးပွားရှာခြင်း စာအုပ်မှာ ဖတ်နိုင်ပါတယ်။

--------------------



မေး။    ။ အရှင်ဘုရား ရေးသားထားတဲ့ စာအုပ်တစ်အုပ်မှာ သာသနာပြုခြင်းနှင့်ပတ်သက်ပြီး ဘုရားတည်ခြင်းနှစ်မျိုးကိုဖော်ပြထားပါသည်။ တပည့်တော်သိချင်တာက မြေပြင်မှာ စေတီပုထိုးတည်ရခြင်းရဲံ အဓိပ္ပါယ်နှင့်ရှေးမြန်မာလူမျိုးတွေဟာ ပုဂံလိုနေရာမျိုးမှာ ဘာကြောင့်
စေတီပုထိုးအများအပြား တည်ရသလဲဆိုတာကို သိချင်ပါတယ်ဘုရား။


ဖြေ။    ။ ရှေးမြန်မာတွေဟာ အလွန်လောဘ နည်းကြပါတယ်။ စားဝတ်နေရေးကိုပိုရင်ကျန်တာ အားလုံး လှူပစ်ကြပါတယ်။ ဒါပေမဲ့ လှူတယ်ဆိုရင် ဘုရားတည်တာနဲ့ကျောင်းဆောက် တာလောက်ကိုပဲ  သိကြပါတယ်။ ဘုရားတည်တဲ့နေရာမှာလည်း
မြေပြင်မှာ တည်တဲ့ ဘုရားလောက်ကိုပဲ သိကြပါတယ်။

         မြန်မာနိုင်ငံတွင်းက ဘာသာခြားတိုင်းရင်းသားတွေရဲ့ ရင်ထဲမှာဘုရားတည်ဖို့အထိ အမြင်မကျယ်ကြဘူး။ ဒါကြောင့်လည်း အင်္ဂလိပ်တွေဝင်လာတဲ့အခါနှလုံးသားမှာ ဗုဒ္ဓဘာသာဘုရားတည်ပြီးသား မရှိရှာသေးတဲ့ ကချင်၊ ကယား၊
ချင်းစသော တိုင်း ရင်းသားတွေဟာ ခရစ်ယာဉ်ဘာသာဝင်တွေ ဖြစ်ကုန်ကြတာပါ။


နှလုံးသားဝယ် ဘုရားတည်

ရေမြေတောတောင်၊ လျှိုမြောင်အကြား

ပြုတည်ထားသည့်၊ ရုပ်ပွားတစ်လီ

စေတီပုထိုး၊ အမျိုးအမျိုးကား

ဘေးဆိုးအန္တရယ်၊ အသွယ်သွယ်ကြောင့်

ပျောက်ကွယ်ခဏ ၊ ပျက်စီးရ၏။

နှလုံးသားတွင်၊ ဌာပနာသွင်း၍

မယွင်းတည်ထား၊ မြတ်ဘုရားကား

မြတ်တရားကာ ၊ မြတ်သံဃာကား

ဘေးဆိုးအန္တရယ်၊ အသွယ်သွယ်ကြောင့်

ပျောက်ကွယ်မရှိ၊ တည်တံ့ဘိ၏


(တိပိဋကဓရ ယောဆရာတော်)



အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်

အိုးတွင်ခပ်နှိပ်၊ တံဆိပ်မှတ်က

မပြတ်မစဲ၊ အိုးပင်ကွဲလည်း

အမြဲတစေ၊ တည်ရှိနေသို့

ထွေထွေသွေးသား၊ ကလေးများ၌

ဘုရားတံဆိပ်၊ ဘာသာစိတ်ကို

ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကြအောင်

ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်

ကိုယ်စီခပ်နှိပ်စေသတည်း

(အမရပူရမြို့၊ မဟာဂန္ဓရုံဆရာတော်)

 -----------------------------------------

မေး။    ။ ၀ိပဿနာကို စတင်ကျင့်ကြံတော့မယ့် သူတစ်ယောက် ဘယ်လိုအရာတွေလိုအပ်ပါသလဲဘုရား။

ဖြေ။    ။ ဗောဓိမင်းသားနှင့် ဘုရားရှင်တို့၏ အမေးအဖြေတို့ကိုလေ့လာလိုက်လျှင် ယခုမေးခွန်း၏ အဖြေကို ဖြေထားပြီးသား ဖြစ်သွားပါလိမ့်မည်။

မင်းသား။        ။ ဘုရားရှင်နှင့် တွေ့သူတိုင်း မဂ်ဖိုဟ်ကို ရကြပါသလားဘုရား။

ဗုဒ္ဓ      ။        ။ ဤမေးခွန်းနှင့်ပတ်သက်၍ သင့်ကိုပင်ငါဘုရားပြန်၍မေးမည်။ သင်သည် ဆင်စီးချွန်းကိုင် အတတ်ပညာကို တတ်၏လော။

မင်းသား။        ။ တတ်ပါသည်ဘုရား။

ဗုဒ္ဓ      ။        ။ လူတစ်ယောက်သည် သင့်ထံသို့ ဆင်စီးချွန်းကိုင်အတတ်ပညာသင်ရန်လာ၏ ထိုသူသည် ဆရာဖြစ်သော သင့်အပေါ်တွင် ယုံကြည်မှုမရှိ။အနာရောဂါဒဏ်ကိုလည်းခံစားနေရ၏။ ရိုးသားမှုမရှိ၊ ကောက်ကျစ်စဉ်းလဲ၏။ပျင်းရိ၏၊ ကြိုးစားအားထုတ်မှုမရှိ။ တွေးခေါ်မြော်မြင်သော အသိဥာဏ်လည်းမရှိ။ယင်းအင်္ဂါနှင့်ပြည့်စုံသောသူသည် ဆင်စီးချွန်းကိုင် အတတ်ပညာကို သင်၍
တတ်မြောက်မည်လော။

မင်းသား။       ။ ဤအင်္ဂါငါးချက်နှင့် ပြည့်စုံသူကို မဆိုထားနှင့်ဤအင်္ဂါငါးချက်ထဲမှ တစ်ချက်နှင့် ပြည့်စုံလျှင်ပင် ဆင်စီး ချွန်းကိုင်
အတတ်ပညာကိုသင်၍ မတတ်မြောက်နိုင်တော့ပါ။

ဗုဒ္ဓ    ။    ။ မင်းသားအခြားသူ တစ်ယောက်သည်ကား ဆရာဖြစ်သော သင့်အပေါ်တွင်ယုံကြည်မှုရှိ၏။ အနာရောဂါကင်းပြီး ကျန်းမာရေးကောင်း၏။ကောက်ကျစ်စဉ်းလဲမှုမရှိ။ ရိုးဖြောက်၏။ မပျင်းရိ၊ကြိုးစားအားထုတ်မှုရှိ၏။တွေးခေါ်မြော်မြင်သော ဥာဏ်ပညာလည်းရှိ၏ ထိုအင်္ဂါငါးချက်နှင့်ပြည့်စုံသောသူသည် သင့်ထံ၌ဆင်စီးချွန်းကိုင်အတတ်ပညာကို သင်ယူမည်ဆိုလျှင် တတ်ပါမည်လော။

မင်းသား။        ။ မြတ်စွာဘုရား ဤအင်္ဂါငါးချက်လုံးနှင့် ပြည့်စုံသူကိုမဆိုထားနှင့်၊ ဤအင်္ဂါငါးချက်ထဲမှ တစ်ချက်ချက်နှင့် ပြည့်စုံလျှင်ပင်
ဆင်စီးချွန်းကိုင် အတတ်ပညာကို တတ်နိုင်ပါသည်။

ဗုဒ္ဓ     ။       ။ မင်းသား ထို့အတူပင် အကြင်သူတစ်ယောက်သည် ငါဘုရားအပေါ်ယုံကြည်မှုမရှိ၊ အနာရောဂါဒဏ် ကိုလည်း ခံစားနေရ၏။ မရိုးသားကောက်ကျစ်စဉ်းလဲ၏။ ပျင်းရိ၏။ ကြိုးစားအားထုတ်မှုမရှိ။ တွေးခေါ်မြော်မြင်သောအသိပညာလည်းမရှိ။ ထိုအင်္ဂါငါးချက်နှင့် ပြည့်စုံသူသည် ငါဘုရားနှင့်တွေ့သော်လည်း မဂ်ဖိုလ်ကို မရနိုင်။အခြားသူ တစ်ယောက်သည်ကား-

         ငါဘုရားအပေါ် ယုံကြည်မှုရှိ၏။ အနာရောဂါကင်းပြီး ကျန်းမာ၏ ။ရိုးသား၏၊ ကောက်ကျစ်စဉ်းလဲမှုမရှိ။ မပျင်းရိ၊ ကြိုးစားအားထုတ်မှုရှိ၏။တွေးခေါ်မြော်မြင်နိုင်သော ပညာလည်းရှိ၏။ထိုအင်္ဂါငါးချက်နှင့်ပြည့်စုံသူကား
ငါဘုရားနှင့်တွေ့လျှင် မဂ်ဖိုလ်ကို ရနိုင်ပေသည်။
http://newworldnanda.ning.com



ရဟန်းတော်နှင့် နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှစ၍ ရဟန်းပျိုများ၏ နိုင်ငံရေးတက်ကြွစွာဆောင်ရွက်မှုများ အင်တာနက်၊ ဂြိုဟ်တုစလောင်း စသည့်သတင်းများ၌ ကျယ်ပြန့်စွာ တွေ့ရှိရပေသည်။

ဒီမိုကရေစီကို ချစ်မြတ်နိုးခြင်း၊ လူ့အခွင့်အရေးကို လိုလားတောင့်တခြင်း၊ တရားဥပဒေစိုးမိုးရေးကို လိုလားတောင့်တခြင်း စသောအခြေခံအကြောင်းတရားများကြောင့် တစ်ပွင့်တည်းသောကြယ်၊ တစ်ခုတည်းသော အိမ်မက်ဖြစ်သည့် “အောင်ဆန်းသွေးဇာနည်” ကို အင်တိုက်အား တိုက် ထောက်ခံကြိုဆိုကြခြင်း ဖြစ်ပေသည်။

သို့သော် လူငယ် (ရဟန်းပျို) များဖြစ်သည့်အလျောက် စိတ်ခံစားမှုကိုဦးစားပေးကာ ပါးမှာစတေကာကပ်ခြင်း၊ နဖူးစည်းခြင်း၊ အလံကိုင် လွှင့်ခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဓာတ်ပုံများမြှောက်တင်ခြင်းများပြုလုပ်၍ လွန်လွန်ကဲကဲ အားပေးလာကြသည်ကိုလည်း တွေ့ရပေသည်။

မီဒီယာများကလည်း လွန်ကဲသောအားပေးမှုများကိုသာ ဦးစားပေးဖော်ပြကြသဖြင့် ကျန်ရဟန်းသံဃာများ ဂုဏ်သိက္ခာထိခိုက်ရလောက် အောင် ဣနြေ္ဒပျက်၊ အရှက်မဲ့စွာအားပေးမှုများကို တကမ္ဘာလုံးက သတိထားမိကြပေသည်။

“လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည်” ဟု ဆိုကြပါသည်။ ဘုရားလောင်းလည်း နိုင်ငံရေုးလုပ်ပါသည်။ ဓမ္မနှင့်အဓမ္မ၊ အနိုင်ကျင့်သူနှင့် အနိုင်ကျင့် ခံရသူ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံရသူ ဘက်နှစ်ဖက်တို့တွင် ဓမ္မဘက်၊ အနိုင်ကျင့်ခံရသူများဘက်၊ အဖိနှိပ်ခံရသူများဘက်မှ ရပ် တည်ကာ ဦးဆောင်ဦးရွက်ပြု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တော်လှန်ရင်ဆိုင်ခြင်းများပြုလုပ်ခဲ့သည့် ဇာတ်နိပါတ်တော်များ များစွာရှိပါ သည်။

ဘုရားလည်း နိုင်ငံရေးလုပ်ပါသည်။ ၀ိဋဋူဘ၀တ္ထုကို ကြည့်ပါ။ နှစ်ပြည်ထောင်မင်းတို့ မြစ်ရေကြောင့် စစ်ခင်းမည့်အရေးကိုကြည့်ပါ။ ရာ ဇောဝါဒဇာတ်ကို ကြည့်ပါ။ မင်းကျင့်တရားဆယ်ပါး ဟောကြားတော်မူခဲ့သည်ကို ကြည့်ပါ။ စရိယသုံးပါးတွင် ဉာတတ္ထစရိယသည် အမျိုး သားနိုင်ငံရေးဖြစ်ပြီး၊ လောကတ္ထစရိယသည် အမျိုးသားနိုင်ငံရေးထက်ကျယ်ပြန့်သည့် ပြည်သူ့နိုင်ငံရေးဖြစ်ပါသည်။

နိုင်ငံရေးလုပ်ရုံနဲ့ အာပတ်မသင့်ပါ။ ဂြိုဟ်တုစလောင်းထောင်ခြင်း၊ လိုင်စင်မဲ့ကားစီးခြင်း၊ အတိုးအပွားယူ၍ ငွေချေးခြင်း၊ အနေသနဖြင့် လာဘ်ရအောင်လုပ်ခြင်းတို့လို ဘုရားတားမြစ်ထားသည့်လုပ်ငန်းမဟုတ်ပါ။ ထို့ကြောင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့လို ရဟန်းသိက္ခာ ရဟန်းကျင့်ဝတ်နှင့်အညီ နိုင်ငံရေးလုပ်ကိုင်က ဘုရားအလိုတော်ကျမည်ဖြစ်ပါသည်။

ရဟန်းပျိုသံဃာများအနေဖြင့် ဓမ္မဘက်မှရပ်တည်သည်ကိုလည်းကောင်း၊ အဖိနှိပ်ခံပြည်သူ့ဘက်မှ ရပ်တည်သည်ကိုလည်းကောင်း၊ ဒီမိုက ရေစီသဘောထားအရ ကိုယ့်ဆန္ဒနှင့်ညီသော ပါတီခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင် မည်သည့်ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ ထောက်ခံကြိုဆိုအားပေးသည်ကိုလည်းကောင်း လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပါသည်။ သို့သော် လွတ်လပ်စွာနှင့် စည်းကမ်းပျက်စွာ၊ တက်ကြွစွာနှင့် သရုပ်ပျက်စွာ ခွဲခြားတတ်ရပါမည်။

ဝီရသူလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသော စာသင်သံဃာများ ငွေကြေးအခက်အခဲကြောင့် တက်ရောက်ခွင့်မရမည်ကို မလိုလား၍ ဒိုင်နာကား (၁၄) စီးငှား၍ ကြိုပို့စီစဉ်ပေးခဲ့ပါသည်။ ငွေလေးသိန်းခန့် ကုန်ကျပါသည်။ စည်းကမ်းမပျက်အောင်၊ ဆူပူမှုမဖြစ်အောင် မစိုးရိမ်နာယကများ၊ နာယကလောင်းလျာများက ကြပ်မတ်ဆောင်ရွက်ခဲ့သော ကြောင့် မစိုးရိမ်သံဃာ နာမည်မပျက်ခဲ့ပါ၊ အရှက်မရခဲ့ပါ။

ရဟန်းတော်များ နိုင်ငံရေးမလုပ်ကောင်းဟု အခိုင်အမာယူဆထားသော မျက်လုံးတစ်ဖက်ကန်းနေသည့် ဒေ၀ဒတ်ဂိုဏ်းသားများလည်း မြောက်များစွာရှိနေသဖြင့် ၎င်းတို့ထောက်ကွက်မရလေအောင် ကိုယ်ကျင့်သိက္ခာပြည့်ဝသောနိုင်ငံရေးကို ကိုယ်ကျင့်သိက္ခာပြည့်ဝစွာ ဆောင်ရွက်သင့်ပါသည်။ ရွှေဝါရောင်သံဃာတော်များ ရှေ့သွားရှိပါသည်။

အဓမ္မကို ဓမ္မဖြင့်၊ ဒေါသကို မေတ္တာဖြင့်၊ လက်နက်ကို ကလောင်ဖြင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ တော်လှန်ရေးဆင်နွှဲကာ အသက်ကိုစတေးသွားခဲ့သော ဘ၀ကိုစတေးသွားခဲ့သော၊ အမျိုးဘာသာသာသနာအတွက် သွေးစက်ချ၍ ပေးဆပ်သွားခဲ့သော အရှင် ကောင်း အရှင်မြတ်တို့ကို ငဲ့ညှာသင့်ပါသည်။

ရဟန်းတော်များအားလုံး ပြည်သူ့အတွက်၊ အမှန်တရားအတွက် အရှက်နှင့်သိက္ခာကို မစွန့်လွှတ်မူ၍ အသက်စွန့်ကာ ပေးဆပ်နိုင်ပါစေ။

ယုံကြည်ချက်နှင့် အသက်ရှင်ပါ။
ခံယူချက်နှင့် ရပ်တည်ပါ။
အသက်သွေးနှင့် ပေးဆပ်ပါ။
သရုပ်ပျက်နိုင်ငံရေးကို အားမပေးပါ။

ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ

ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
- မန္တလေး
e-mail.wirathu2012@gmail.com

ဖုန်း ၀၉-၂၀၀၄၀၁၃
                                          http://moemaka.blogspot.com/2012/03/letter-to-moemaka_23.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+blogspot%2FLZqAU+%28%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%81+%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC+-++MoeMaKa+News+%26amp%3B+Media%29

****ထာဝရ ကုသိုလ်(၆)မျိုးနှင့် မပေးလှူကောင်းသော အလှူ(၁၀)မျိုး****

ထာဝရကုသိုလ် (၆)မျိုး
(၁) အာရာမရောပ ဒါန = ပန်းဥယျာဉ် သစ်သီးဥယျာဉ်များကို စိုက်ပျိုး၍ လှူဒါန်းခြင်း၊
(၂) ၀နရောပါ ဒါန = အရိပ်ရပင် စားသုံးပင်စသော သစ်ပင်ကြီးငယ်တို့ကို စိုက်ပျိုး၍ လှူဒါန်းခြင်း၊
(၃) သေတုကာရက ဒါန = တံတားခင်း လမ်းဖောက်၍ လှူဒါန်းခြင်း၊
(၄) ပပါ ဒါန = ရေချမ်းစင်တည်၍ လှူဒါန်းခြင်း၊
(၅) ဥဒပါန ဒါန = ရေတွင်းရေကန် ရေမြောင်းများတူး၍ လှူဒါန်းခြင်း၊
(၆) ဥပဿယ ဒါန = ဇရပ် တန်ဆောင် ဂူ ကျောင်း ပြာသာဒ် နားနေရိပ်သာ ဆေးရုံ ဆေးခန်းစသော အဆောက်အုံများ ဆောက်လုပ် လှူဒါန်းခြင်း။
ဤခြောက်ပါးသော ထာဝရကုသိုလ်တို့အနက် အလှူတစ်မျိုးမျိုးကို လှူဒါန်းသော အလှူရှင်သည် နေ့ရောညဉ့်ပါ အခါခပ်သိမ်း အမြဲထာဝရ ကုသိုလ်တရားတိုးပွားနေ၍ ကွယ်လွန်သည့်နောက် နတ်ပြည်သို့ လားရောက်ရသည်။


မပေးလှူကောင်းသည့် အလှူ(၁၀)မျိုး
(၁) မဇ္ဇဒါန = သေရည်အရက်ကို ပေးလှူခြင်း၊
(၂) သမဇ္ဇဒါန = ဇာတ်ပွဲသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်း၊
(၃) ဣတ္ထိဒါန = မေထုန်အလို့ငှာ မိန်းမကို ပေးလှူခြင်း၊
(၄) ဥသဘဒါန = နွားမအပေါင်းတို့၏ အလယ်၌ နွားလား ဥသဘကို လွှတ်ပေးခြင်း၊
(၅) စိတ္တကမ္မဒါန = ကိလေသာထကြီစေတတ်သော ရုပ်ပုံ ပန်ချီကားများကို ပေးလှူခြင်း၊
(၆) သတ္ထဒါန = လက်နက်ကို ပေးလှူခြင်း၊
(၇) ၀ိသဒါန = အဆိပ်ကို ပေးလှူခြင်း၊
(၈) သင်္ခလိကဒါန = သံခြေချင်းကို ပေးလှူခြင်း၊
(၉) ကုက္ကုဋသူကရဒါန = ကြက်၊ ၀က်တို့ကို ပေးလှူခြင်း၊

(၁၀) တုလာကူဋ မာနကူဋဒါန = ချိန်စဉ်းလဲ၊ တောင်းစဉ်းလဲ (နှစ်ဘက်မညီမျှသော ချိန်ခွင်၊ တင်းမပြည့်သောတောင်း) တို့ကို ပေးလှူခြင်း၊
ဤ (၁၁)ပါးတို့သည် လောက၌ အလှူစာရင်းမ၀င်သော်လည်း အချိုသောသူတို့သည် ပေးလှူမိတတ်ကြ၏။ ပေးလှူမိလျှင် အပါယ်ဒုဂ္ဂတိဘ၀များသို့ ကျရောက်စေနိုင်သည်။ ထို့ကြောင့် ဤအလှူ (၁၀)မျိုးတို့ကို မပေးလှူမိကြရန် အထူးသတိထားသင့်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။                                                                                                                

ရွှေမြန်မာဥယျာဉ်



23 Mar 2012

****ဒါနထက် သီလကမြတ်တယ်****

လှူဒါန်းခြင်းက မွန်မြတ်လှပါတယ်။ အလှူခံ ပုဂ္ဂိုလ်အတွက် အကျိုးရှိသလို၊ လှူသူမှာလည်း အကျိုးထပ်တူထပ်မျှ ရစမြဲပါ။ လူအချို့ဟာ ရှေးက လှူခဲ့လို့ ယခုဘ၀ ချမ်းသာပြီး လှူလို့ရှိ၊ ရှိလို့လှူနေကြပြန်တော့ ဒါနတရား ဆက်နေပါတယ်။ ဒါနမျိုးစေ့တွေ ပျိုးပြီးရင် ပျိုးနေတော့တယ်။ အချို့ကတော့ မလှူနိုင်လို့ မရှိ၊ မရှိပြန်တော့ မလှူ။ သည်လိုနဲ့ ဒါနပန်းတွေ ညှိုးနေရတယ်။

ဒါနဟာ အခုရော နောင်ရော အကျိုးပေးတော့ ဒါနမျိုးစေ့တွေ ကြဲနိုင်သမျှ ကြဲထားနိုင်ရင် အကောင်းဆုံးပါ။
တစ်ဘ၀ဆိုတာ ခဏလေးပါ။ ဘယ်မှာကြာလို့လဲ။ သံသရာကြီးနဲ့ နိုင်းစာလိုက်ရင် တစ်ဘ၀ဟာ ရေပွတ်ပမာပဲ။ အဲသည်တော့ တစ်ဘ၀ကိုသာ မစဉ်းစားကြဘဲ၊ တစ်ဘ၀ကဏ္ဍ လောက်သာ တွေးတောလုပ်ကိုင်မူ မဟုတ်ဘဲ သံသရာကိုမျှော်ပြီး လုပ်နိုင်ကြရင် ပိုကောင်းမယ်။
အဲသည်လိုဆိုပေမယ့် အမှန်တကယ်မှာ သိပ်တော့မလွယ်ဘူး။ တစ်ဘ၀ကလည်း စားဝတ်နေရေးတွေနဲ့ လုံးလည်လိုက်နေတာ မဟုတ်လား။ ဒါပေမယ့် တတ်နိုင်သမျှတော့ အဲသည်အတွေးကို ခေါင်းထဲ၊ အသိစိတ်ထဲမှာ ထည့်ထားရမယ်။
တစ်ခါတစ်လေမှာ စဉ်းစားမိတယ်။ သံသရာကြီးကိစ္စကို ထားဦး၊ တစ်ဘ၀က တစ်လကိုတောင်၊ တစ်နှစ်ကိုတောင် လိုအင်ဆန္ဒတွေ လိုအပ်မူတွေနဲ့ ချာလည်လည်နေလို့ စိတ်ညစ်မိတယ်။ အဲသည်မှာ တွေးစရာပါပဲ။ တစ်နှစ်၊ တစ်လ စားဝတ်နေရေး ဒုက္ခတွေ မရုန်းနိုင်လို့ သံသရာကို မေ့ထားလိုက်မလား။ မေ့ထားရင် ပိုပြီးတော့ ဆိုးပေတော့မယ်။

အဲသည် သုံးမျိုးသုံးစားကတော့ -
- ဟိနသီလ
- မဇ္ဈိမသီလ
- ပဏိတသီလတို့ပါပဲ။
သူများတွေ အပြစ်ပြောတာ မခံချင်ဘူး။ ဝေဖန်ရူတ်ချမူကို မလိုလားဘဲ၊ ချီးမွမ်းထောမနာ သြဘာပေးမယ့် ကျော်စောထင်ရှား အောင်မြင်မူတွေကိုလိုချင်လို့ စောင့်ထိန်းနိုင် နေထိုင်နိုင်ပြီး ဆောက်တည်တဲ့ သီလကို “ဟိနသီလ” လို့ ခေါ်တယ်။
ဒုတိယသီလဖြစ်တဲ့ “မဇ္ဈိမသီလ”ကတော့ ကိုယ်လုပ်ကိုင် ဖန်တီးလိုက်တဲ့ ကုသိုလ်ကောင်းမူရဲ့ အကျိုးကို ကိုယ်ခံစားချင်လို့ လုပ်တာ၊ စောင့်ထိန်းတာ၊ ဆောက်တည်တာကပဲ။ (ကိုယ်ပြုမူတဲ့ ကောင်းမူအရ ကိုယ်ပြန်လည် ခံစားချင်တဲ့ သဘောပါ)။
အံ့သြစရာကောင်းတာက ဒါနထက် သီလမြတ်တဲ့ကိစ္စပါပဲ။ တွေးကြည့်လိုက်ပါ။ ဒါနက ပိုက်ဆံမကုန်ဘူးလား။ ကုန်တယ်။ ပစ္စည်းဥစ္စာ မကုန်ဘူးလား။ ကုန်ပါတယ်။ အလှူအတန်း များတာနဲ့အမျှ မပင်ပန်းဘူးလား။ ပင်ပန်းပါတယ်။
သီလ ကျတော့ရော။ သီလ ပိုက်ဆံကုန်လား။ မကုန်ဘူး။ ပစ္စည်းဥစ္စာ လျော့လား။ မလျော့ပါဘူး။ ဒါပေမယ့် အကျိုးရတာကြတော့ ဘယ်ဟာက ကြီးသလဲဆို ဒါနထက် သီလက ကြီးနေတယ်။ ဒါနထက် သီလက မြတ်ပါတယ်။
ဒါနထက် သီလမြတ်တယ်ဆိုတော့ သီလဟာ ဒါနထက် တန်ခိုးသတ္တိရှိတယ်။ အကျိုးပေး ပိုများတယ်။
သီလရဲ့အကျိုးပေးဟာ ရက်ရှည်လများ စောင့်ထိန်းတဲ့ သီလကို မဆိုပါနဲ့ဦး၊ တစ်ခဏဆောက်တည်တဲ့ သီလတောင်မှ အကျိုးကျေးဇူးအလွန်ကြီးမားစွာရတယ်။ အဲဒါကို သီလဆောက်တည်ကြည့်တဲ့အခါ ပိုသဘောပေါက် လက်တွေ့ခံစားရလိမ့်မယ်။
ဒါနပြုရင် ပထမဆုံး ဆရာတော်အသီးသီး သီလကို အရင်ခံခိုင်းတယ် မဟုတ်လား။ သီလကို ဆောက်တည်စေတာ မြင်တွေ့ကြရတယ်။
သီလကို တစ်နေ့၊ တစ်နာရီ၊ တစ်ခဏဆိုပြီး အထင်မသေးအပ်ဘူး။ ပေါ့ပေါ့တန်တန် မလုပ်အပ်ဘူး။ လေးလေးစားစားကို ဆောက်တည်ရမယ်။
တစ်နေ့၊ တစ်နာရီ၊ တစ်ခဏလေးတွေ ဆောက်တည်ပါများလာရင် သီလ ခိုင်လုံလာလိမ့်မယ်လေ။ ကြာတော့ များလာမယ်။
ဘာမဆို ဒါနပြုရုံ၊ ဆုတောင်းရုံနဲ့ ရမယ်ဆိုရင်တော့ လောကမှာ အရိယာတွေချည်းပဲ ဖြစ်နေကြမှာပါ။ အကျင့်သီလ မကောင်းဘဲ၊ အကျင့်သီလ မကျင့်ဘဲ ဒါနကောင်းမူပြု ဆုတောင်းရုံနဲ့ အရိယာသူတော်ကောင်း မဖြစ်နိုင်ဘူး။ ဒါနတွေ။ ဆုတောင်းတွေထက် အကျင့်ကာ အဓိက ဖြစ်တယ်။
စံကင်းဆရာတော်ဘုရားကြီးက “ဒါနမူ၊ သီလမူ၊ ဘာဝနာမူတွေဟာ သည်းခံနိုင်လို့ ဖြစ်ကြတာပဲ။ ခြုံပြီးပြောရရင် ဂင်္ဂါ ၀ါလု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်တွေဟာ သည်းခံနိုင် လွန်းလို့ ဖြစ်တာပဲ။ အ၀ီစီငရဲ အပါယ်လေးဘုံ ကျနေသူများဟာ သည်းခံခြင်း မရှိကြလို့ပဲ” လို့ ဆိုမိန့်ခဲ့ပါတယ်။
လယ်တီဆရာတော် ဘုရားကြီးက “ဒါယကာ၊ ဒါယိကာမတို့ သီလကို အထူးသုတ်သင်ကြ၊ သတ္တ၀ါအားလုံးကို မေတ္တာ ဘာဝနာ ပွားကြလို့ ” မကြာခဏ သြ၀ါဒ ပေးတတ်ကြောင်း ဓမ္မစာရေး ဆရာတစ်ဦးရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ တွေ့ဖူး ဖတ်ဖူးခဲ့တယ်။
အဲသည်လို “သီလကို သုတ်သင်ကြလို့” မကြာခဏ သတိပေး သြ၀ါဒစကား ပြောကြားတာကြောင့် သီလရဲ့ အခန်းကဏ္ဍာ အတော်ပဲ ကြီးမားကြောင်း သိသာပါတယ်။
သီလဟာ လောကုတ္တရာ ရတနာပါ။ အရိယာ သူတော်ကောင်းတို့အတွက် ပြည့်စုံရန် လောကုတ္တရာ ရတနာတွေက သဒ္ဓါ, သီလ, ဟီရိ, သြတ္တပ္ပ, သုတ, စာဂနဲ့ ပညာတွေပါပဲ။
ဆရာတော်အရှင်သြဒါတသီရိဘိဝံသက “အမျိုးကောင်းဖြစ်၍ ပစ္စည်းပေါ၊ ပညာတတ်ပါသော်လည်း ကိုယ်ကျင့်သီလ မကောင်းသူကို မည်သူမျှ “လူတော်လူကောင်း” အဖြစ် မသတ်မှတ်နိုင်ပါ။ ပစ္စည်းဥစ္စာ မပေါများပါသော်လည်း ကိုယ်ကျင့်သီလကောင်းသူများဟာ လူတော်လူကောင်းဖြစ်ရန် သီလပါရမီဖြည့်ကျင့်ရမည်” လို့ မိန့်ဆိုပါတယ်။
မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသက “သာသနာဆိုတာ ဘုရားအဆုံးအမကို ခေါ်တယ်။ ဘုရားအဆုံးအမဆိုတာ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါးပဲ ရှိတယ်။ ကိုယ်သိမ်မွေ့ပါ၊ နူတ်ချိုသာပါ၊ စိတ်ဖြောင့်မတ်ပါ။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ်ဆိုတာ အလကား။ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုရမယ်” တဲ့။
ဆရာတော်ကြီးတွေ တော်တော်များများ သီလနဲ့ ပတ်သက်ရင် အထူးဂရုစိုက်ဖို့ မိန့်ဆိုသြ၀ါဒ ပေးကြတယ်။
သီလဟာ လူရဲ့အသက်ပဲ။ အသက်ဟာ သီလပဲ။
မရှိတာထက် မသိတာဟာ ဘ၀မှာ ပိုခက်နေတယ်။ မသိတာတွေထက် အကျင့်သီလ မကောင်းတာက ပိုခက်ပြန်ရော။
ပြီးတော့ မကျင့်တာထက် မယုံကြည်တာတွေက အခက်ဆုံးပဲ။ အချို့က ဘာသာရေးကို သိပ်အလေးမထားကြဘူး။
အမှတ်တမဲ့နေသူတွေရဲ့ စိတ်ဟာ အကုသိုလ်ဘက် သွားနေတဲ့အတွက် အကုသိုလ်ကံ အကျိုးပေးကလည်း ထိုသူ့ဆီ အမြဲလိုက်နေတာ မဟုတ်လား။ အကုသိုလ်ကံ အကျိုးပေးဆိုတာ အလွန်ကြောက်ဖို့ ကောင်းလှပါတယ်။
ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ တရားသဘောအရ တည်မြဲနေတာ မဟုတ်ပါဘူး။ အဲသည်မှာ ဆင်းရဲလို့ ဆင်းရဲလို့ ဒါန၊ သီလ၊ ဘာဝနာတရားကို မပွားနိုင်ရင် လူ့ဘ၀ ရ, တာဟာ ရကျိုးနပ်မျာ မဟုတ်ပါဘူး။ ချမ်းသာတာကို ခံစားရလို့ လောကီအာရုံအမျိုးမျိုးကို လိုက်စားပြီးမိုးမမြင်၊ လေမမြင် အောက်ခြေလွတ်နေပြန်ရင် ဒါန၊ သီလ၊ ဘာဝနာတွေ ပွားရကောင်းမှန်းမသိအောင် ဖြစ်နေပြန်တော့လည်း လူ့ဘ၀ရကျိုး၊ လူဖြစ်ရကျိုး မနပ်ပြန်ဘူးပေါ့။
ဒါနထက် သီလက မြတ်တာကြောင့် လောကမှာ မလှူနိုင်လို့ အားမငယ်ပါနဲ့။ မလှူနိုင်သေးရင် လှူနိုင်အောင် ကြိုးစားရမယ်။ မလှူနိုင်လျှင် အကျင့်သီလကို ပိုဂရိုစိုက် ကြရမယ်လေ။ အဲ့ဒါကြောင့် မလှူချင်ရင်နေပါ၊ မချမ်းသာလည်းနေပါ။ အကျင့်သီတော့ မပျက်ပါစေနဲ့၊ အကျင့်သီလတော့ ချမ်းသာပါကြပါစေ။                http://goldenmyanmarparadise.ning.com

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif