http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label ထိုင်းသတင်း. Show all posts
Showing posts with label ထိုင်းသတင်း. Show all posts

11 Jul 2013

ဗုဒ္ဓဂယာလုံခြုံရေးတိုးမြှင့်ရန်ဘန်ကောက်တွင်သံဃာတော်များဆန္ဒပြ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ ယနေ့ နေ့လယ်ပိုင်းက အပြည်ပြည် ဆိုင်ရာ ရဟန်းတော်များ ဆန္ဒပြနေစဉ် (ဓာတ်ပုံ – MCU)



သမိုင်းဝင်ကမ္ဘာ့ အမွေအနှစ် ဗုဒ္ဓဂယာ၌ လုံခြုံရေးတိုးမြှင့်ချထားပေးရန် မြန်မာရဟန်းတော်များနှင့် ထိုင်းရဟန်းတော်များ အပါအ၀င် နိုင်ငံစုံမှ သံဃာတော် အပါး ၂၀၀ ခန့် ယနေ့နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးနှင့် အိန္ဒိယ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုကြသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်က ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ၌ ဗုံး ၉ လုံးခန့် ဆက်တိုက် ပေါက်ကွဲခဲ့သည့် အတွက် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း ဗုဒ္ဓ တက္ကသိုလ်နှင့် မဟာမကွတ် ဗုဒ္ဓတက္ကသိုလ်တို့တွင် တက်ရောက် ပညာသင်ကြားနေသည့် မြန်မာ ၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ် နှင့် ဂျပန် နိုင်ငံများမှ အပြည်ပြည် ဆိုင်ရာ ရဟန်းတော်များက ဆန္ဒပြ တောင်းဆိုခြင်းဖြစ်သည်။
“ဘုရားရှင်က မဟာဗောဓိပင် ခြေရင်းမှာ သဗ္ဗေညုတ ရွှေဉာဏ်တော်ကိုရပြီး ငြိမ်းချမ်းရေးတရားကို ဟောခဲ့တယ်၊ ဒီလိုအထိမ်း အမှတ်နေရာကို အကြမ်းဖက်တာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး စော်ကားတာဖြစ်တဲ့အတွက် နောက်မဖြစ်ရအောင် လုံခြုံရေးတိုးမြှင့်ဖို့ တောင်းဆိုတာ”ဟု မြန်မာရဟန်းတော် တပါး ဖြစ်သော ရှင်ကုဝေရက ဧရာဝတီသို့ မိန့်သည်။
သံဃာတော်များ၏ တောင်းဆိုချက်ကို ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးက လက်ခံရယူသွားပြီး အရေးယူတင်ပြသွားမည်ဟု ပြော ဆို ကြောင်းလည်း သိရသည်။
ဗုဒ္ဓဂယာ ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ သံဃာတော်များအနေဖြင့် မည်သူမည်ဝါ၊ မည်သည့် အဖွဲ့အစည်းဟု စွပ်စွဲ ပြောဆိုမှု ပြုလုပ်မည် မဟုတ်သော်လည်း တရားခံရှာဖွေရေးမှာ အိန္ဒိယ အစိုးရတာဝန်ဟု ယူဆကြောင်း သံဃာတော် ရှင်ကုဝေရ က ဆက်လက် မိန့်ကြားသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှုသည် ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ဝင်း ရှိ မဟာဗောဓိညောင်ပင် အောက်၊ ရတနာ ဃရ သတ္တာဟ ၊ အနိမိတ္တသတ္တာဟ၊ ဂျပန်ဘုရားကြီး ကမာကူရ ဆင်းတုတော် အနီး၊ တိဗက်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တို့တွင် ပေါက်ကွဲခဲ့ပြီး ကမာကူရ ဆင်းတုတော် အနီးတွင် မပေါက်ကွဲသေးသည့် အခြားဗုံး ၁ လုံးကို တွေ့ရှိကြောင်း သိရသည်။
မဟာဗောဓိ စေတီတော်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) က ကမ္ဘာ့ ယဉ်ကျေးမှု သမိုင်းဝင် အဖြစ် အသိအမှတ်ထားသည့် နယ်မြေတခု ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် မြန်မာရဟန်းတော် တပါး အပါအ၀င် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဗုံးခွဲသည်ဟု မသင်္ကာရသူ အမျိုးသား တဦးကိုလည်း အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။
ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုကြောင့် မြန်မာအာဏာပိုင်များက ရွှေတိဂုံစေတီနှင့် မဟာမြတ်မုနိ ဘုရားဝန်းအတွင်း လုံခြုံရေးတိုးမြှင့်ထားကြောင်း ယနေ့ထုတ် မြန်မာ သတင်းစာများတွင် ဖော်ပြထားသည်။ 
http://burma.irrawaddy.org/archives/44138

15 May 2013

သီချင်းသံကျယ်ကျယ် ရန်ပွဲငယ်ငယ်

 




 
ထိုင်းနိုင်ငံ နခွန်ရချစီမာခရိုင် ပါချောင်မြို့တွင် မြန်မာနှင့် ဒေသခံအလုပ်သမားများ တနင်္ဂနွေနေ့က ခိုက်ရန်ဖြစ်ပွားသဖြင့် မြန်မာတဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။



စီနိုးထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မြန်မာအလုပ်သမားများ အရက် သောက်စား၊ သီချင်းဖွင့် ပျော်ပါးနေစဉ် စကားပြန် ရှမ်းတိုင်းရင်းသားတဦးနှင့် အချင်းများရာမှ ရန်ပွဲ အစပြုခဲ့သည်ဟု သိရကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးမှ အလုပ်သမားအရေး ဆောင်ရွက်နေသည့် ဦးကျော်ကျော်လွင်က ဧရာဝတီသို့ ပြောသည်။

"ရှမ်းတိုင်းရင်းသားက နည်းနည်း အာဏာရှိတာကိုး၊ သူက စကားပြန်ဆိုတော့။ သူက လျှပ်စစ်မီးလိုင်းကို ဖျက်လိုက်မယ် ဆိုပြီးတော့ ပြောတာ။
 အဲဒီကနေ စကားများကြတာ။
စကားလည်းများရော အဲဒီ ရှမ်းတိုင်းရင်းသားက တယောက်တည်းဖြစ်နေတော့ ထိုင်းအလုပ်သမားတွေကို သွားခေါ်လာပြီးတော့ ရိုက်ကြတာ”
ဟု ဦးကျော်ကျော်လွင်က ဧရာဝတီသို့ ပြောသည်။

ရိုက်ပွဲအပြီး ကိုသိန်းထိုက်အောင် ဆိုသူ၏ ဦးခေါင်းနှင့် နောက်ကျောတို့တွင် ဒဏ်ရာ အနည်းငယ် ရရှိသွားသဖြင့် ဆေးကုသမှုခံယူရန် တပတ်ကြာ အနားယူခိုင်းထားကြောင်း၊ ရိုက်နှက်မှု  ကျူးလွန်ထားသူတို့ကို  ထိုင်း ဥပဒေအတိုင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဦးကျော်ကျော်လွင်က ဆက်ပြောသည်။


လုပ်ငန်းခွင် အခြေအနေ နှင့် အလုပ်သမားတို့အကြောင်းကိုလည်း သူက ရှင်းပြသည်။

"ကိုယ်လူတွေကလည်း ဆိုးတယ်၊ သီချင်း အကျယ်ကြီး ဖွင့်တာတို့၊ ဖုန်း အကျယ်ကြီးပြောတာတို့ လုပ်တယ်၊
ဟိုဘက်ကလည်း သိတဲ့အတိုင်းပဲ ကျနော်တို့ မြန်မာဆိုရင် အမြင်က သိပ်ကြည်တာမှ မဟုတ်တာ။
အဲဒီလို လုပ်ငန်းတွေမှာ အများစု မြန်မာတွေက လခ ပိုရတယ်၊ ကြိုးစားတာကိုး။ ကြိုးစားတော့ ပိုက်ဆံ ပိုရတယ်၊ အဲဒါကို သူတို့ မကျေနပ်ဘူး၊ အဓိက အဲဒါလို့ ထင်တယ်” ဟု ၎င်းက ရှင်း ပြသည်။

ထိုကုမ္ပဏီတွင်  တရားဝင် လုပ်ကိုင်နေသူ မြန်မာပြည်သား အရေအတွက် ၃ဝဝ နီးပါးခန့်  ရှိကြောင်း သိရသည်။

2 May 2013

မြန်မာပြည်သား ၂ သိန်း ရှိတဲ့ မဲဆောက်ရဲ့ မေဒေး


တနေ့တာ အနည်းဆုံး လုပ်အားခကို ၁ဝ ဒေါ်လာ/ ဘတ် ၃ဝဝ သတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံမှာ မြန်မာပြည်သားတွေ လုပ်အားခ အပြည့် ရကြပါသလား။
ဒီကနေ့ မေဒေးနေ့/အလုပ်သမားနေ့ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရောက် မြန်မာအလုပ်သမားတွေ ဘယ်လို ပါဝင်ကြပါသလဲ။
ဒီအကြောင်း တွေကို ဧရာဝတီသတင်းထောက် ပြည်တော်မြင့်က အခုလို သတင်း နဲ့ ဓာတ်ပုံတွေ ပေးပို့ထားပါတယ် ....

ထိုင်းအလုပ်ရှင်တွေနဲ့ ထိုင်းအလုပ်သမားဌာနတွေစုပေါင်းပြီး ဒီနေ့မှာကျရောက်တဲ့(မေးဒေး) နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို  မဲဆောက်မှာကျင်းပပေးတာ တွေ့ရပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခန့်ရှိတဲ့ မဲဆောက်ဒေသက (မေဒေး)အခမ်းအနားကို တက်ရောက်တဲ့  မြန်မာအလုပ်သမားအရေအတွက်က ၁,ဝဝဝ လောက်ပဲ ရှိပါတယ်။ဒီနေ့အခမ်းအနားမှာ ထိုင်းအလုပ်ရှင်တွေ၊ အလုပ်သမားဌာနတာဝန်ရှိသူတွေနဲ့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံတွေ၊ အလုပ်သားအခွင့်အရေးအကြောင်းတွေ ဟောပြောခဲ့ကြပါတယ်။

ဒါပေမဲ့ဒီနေ့ပွဲကို တက်ရောက်လာတဲ့ မြန်မာပြည်သားတွေကတော့ ထိုင်းနိုင်ငံရဲ့အလုပ်သမားအခွင့်အရေးတွေဟာ မဲဆောက်ကစက်ရုံအလုပ်ရုံများ နဲ့ အခြားလုပ်ငန်းခွင်အသီးသီးမှာ ရောက်နေကြတဲ့မြန်မာအလုပ်သမား ၂ သိန်းနဲ့ အကျုံးဝင်ပါ့မလားလို့ သံသယ ရှိနေကြပါတယ်။

အထည်ချုပ်အလုပ်သမနန်းအေးအေးက ”မဲဆောက်အပါအ၀င်တာ့ခ်ခရိုင်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်သတ်မှတ်ပေးထားတာက
တနေ့တာလုပ်အားခက ဘတ် ၃၀၀ ဖြစ်တယ်၊ မဲဆောက်ဒေသမှာအလုပ်ရုံ အကြီးအသေး ၂၅၀ လောက်ရှိတယ်၊
အဲဒီအထဲကဘတ် ၃၀၀ ပေးတဲ့စက်ရုံက ၃ ရုံပဲ ရှိတယ်။ ကျန်တဲ့အလုပ်ရုံ စက်ရုံတွေပေးတာက ဘတ် ၆၀ နဲ့ဘတ် ၁၀၀ ၀န်းကျင်ပဲ” လို့ ဆိုပါတယ်။တရားဝင်သတ်မှတ်ပေးထားတဲ့ အချိန်ပိုကြေးကိုလည်း မရကြတဲ့အပြင် အခြားအလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ခံစားခွင့်တွေကိုလည်းမရရှိကြဘူး၊
တချို့အထည်ချုပ်စက်ရုံတွေဆိုရင် လုပ်အားခအပြည့်အ၀မပေးပေမဲ့ ငွေရှင်းပေးတဲ့အချိန်ကျရင် လုပ်အားခအပြည့်အ၀ရရှိပါတယ်ဆိုပြီး လက်မှတ်ထိုးပေးရတာတွေရှိတယ်လို့ နန်း အေးအေးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်ရေးတွေဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့တင်ပြ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေဘက်က
ဥပက္ခာပြုထားကြတယ်၊   ဥပဒေပြင်ကနည်းတွေကိုသုံးပြီး အလုပ်သမားတွေကို ပြဿနာရှာတဲ့ဖြစ်ရပ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

တနှစ်တခါကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ရောက်တိုင်း မဲဆောက်ကလုပ်ငန်းရှင်တွေက ပျော်ပွဲရွှင်ပွဲတွေကျင်းပ ပေးပြီး
အလုပ်သမားဆိုင်ရာဟောပြောပွဲတွေပြုလုပ်ပေးတာကို မြန်မာအလုပ်သမားအများစုကတော့ သဘောမတွေ့ကြပါဘူး။
 

ဒါကြောင့် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ မြန်မာအဖွဲ့တွေနဲ့ပူးတွဲပြီး (မေဒေး)နေ့ရဲ့ အနှစ်သာရတွေကိုဖေါ်ဆောင်ပေးတဲ့  အလုပ်သမားနေ့ဆိုင်ရာဟောပြောပွဲတွေကို နေရာခွဲပြီး မဲဆောက်မြို့မှာ ကျင်းပခဲ့ ကြပါတယ်။

မြ၀တီခရိုင်ဘက်က အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အချို့လည်း မဲဆောက်က အခမ်းအနားကို တက်ရောက်ဟောပြောဆွေးနွေးခဲ့ကြပါတယ်။
သူတို့ဆီမှာ ဒီလို အခမ်းအနားမျိုး ကျင်းပခြင်း မရှိဘူးလို့ စာနယ်ဇင်းသမားတွေကို ပြောပြပါတယ် 
http://blog.irrawaddy.org/2013/05/blog-post_257.html#more

27 Mar 2013

ပွဲစားခ နဲ့ ရဲကြေး ပေးနေရတဲ့ထိုင်းရောက်မြန်မာများ




မကြာသေးခင်က မဲဆောက်မြို့မှ  မြဝတီမြို့ဘက်သို့ ကူးရန် ထိုင်းမြန်မာနယ်စပ်ဂိတ်တံခါး ဖွင့်ချိန် နံနက်  ၆ နာရီ အရောက်သွားခဲ့သည်။  

 
(ဓာတ်ပုံ - ကေဇီလင်း)  

 ဂိတ်ဖွင့်ချိန်ဖြစ်သောကြောင့် တဘက်ကမ်းကို အစောဆုံး ရောက်နိုင်သည်ဟု ယူဆခဲ့သော်လည်း ဂိတ်တွင်   ပြည်တော်ပြန်မည့် မြန်မာအလုပ်သမားတို့က ရာနှင့်ချီ ရောက်နေသဖြင့် အံ့သြမိ၏။

  ပျားပန်းခတ်သလို စည်ကားသည့် နယ်စပ်ဂိတ်ရှေ့ လူအများတန်းစီရာမှာ ဝင်စီလိုက်သည် ဆိုလျှင်ပဲ  ဝန်ဆောင်မှုပေးဖို့ တတွတ်တွတ်ဖိတ်ခေါ်နေသည့် ပွဲစားများက အနားရောက်လာသည်။

ပွဲစားတို့ထုံးစံအတိုင်း အပြောချို၏။ ထိုသူတို့သည် လူတယောက် စောင့်ဆိုင်းရချိန်ကို ချုံ့ပစ်နိုင်စွမ်းရှိသူများ ဖြစ်၏။
မိမိရှေ့ မနက် ၃ နာရီ၊ ၄ နာရီကတည်းက ဂိတ်ပေါက်ရှေ့လာရောက်တန်းစီနေသော သူများထက် ဆောလျင်စွာ နယ်စပ်ဖြတ်လိုသူများအတွက် ကြားပွဲစားများကား အုံဖွ မန်းပေးတတ်သူများ ဖြစ်နေပြန်၏။  


 
 နယ်စပ်မှ တဆင့် ယာယီနိုင်ငံကူးလက်မှတ် (ခေါ်) အလုပ်သမားပတ်စ်ပို့ ကိုင်ဆောင်သူ မြန်မာပြည်သားတို့ အိမ်အပြန်မှာ လွယ်လင့်တကူတော့ မဟုတ်ပါလေ။
Re-entry visa ခေါ် ထိုင်းသို့ တရားဝင် ပြန်ဝင်ခွင့် ဗီဇာ  တောင်းခံပြီး အိမ်ပြန်နိုင်သည်။
နောက် ထိုင်းသို့ပြန်လာပါကလည်း မိမိရှိပြီးသား ဗီဇာသက်တမ်းအတိုင်း နေလို့ရသည်၊ ခဏခဏ ဗီဇာလျှောက်စရာ မလို။ ရဲဖမ်းလို့ မရ။
ထို ပြန်လည်ဝင်ရောက်ခွင့် ဗီဇာအတွက် ထိုင်းလဝကကိုပေးရသည့် ငွေကြေးက တခေါက်ကို ဘတ် တထောင်။ (တချို့လည်း တရားဝင်တုံးထုကာ တံတားမှ ပြန်ကြသည်။ တချို့ကတော့ ရှုပ်သည်ဆိုတာ လှေဖြင့် အလွယ်ကူးပြန်ကြသည်။)

နယ်စပ် ပွဲစား

ဘန်ကောက်ပြန် မြန်မာများကတော့ တထောင်ပေးပြီး တံတားက ဖြတ်ကြသည်။ သို့သော် ထို တထောင်တန် ဗီဇာအတွက် စာရွက်စာတမ်းကိစ္စက တနေ့တာကုန်ချင်လည်း ကုန်သွားနိုင်သည်။
ထိုအတွက် ပွဲစားကို အပ်ကြရသည်။ ပွဲစားခ သုံးလေးရာ ပိုပေးလိုက်ကြသည်။ သွားလိုရာ အမြန်ရောက်ဖို့ အရေးကြီးသည်ဟု စိတ်ထဲ ထားကြသည်။
တခါမှ မသွားဖူး မလာဖူးသူများ၊ ရုံးကန္နားကြောက်သူ စကားနားမလည်သူ၊ လိုရာအမြန်ရောက်လိုသူ စသဖြင့် လူအထွေထွေမှာ ပွဲစားကို အသုံးပြုကြသည်။

မငှားခင်က ပွဲစားအပြောချိုသလောက် အလုပ်တခု အပ်လိုက်လျှင် ထိုပွဲစားမှာ အချိုးပြောင်းတတ်သည်။ 
ဂိတ်မှာ တုံးထုဖို့ ခဏချင်း ရမည်ဟု ဆိုလျှင် ယုံကြည်ဖို့ ခက်ပါသည်။ 
ယုံပြီး ပိုက်ဆံပေးခိုင်းလိုက်လျှင် အနည်းနှင့်အများတော့ စောင့်ရမည်ကို ကြိုတင်သတိချပ်သင့်သည်။ အလိမ်ခံရဖို့ များ၏။

နယ်စပ် ရဲကြေး

ယခင်က ထိုင်းရောက်မြန်မာပြည်သားများမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိကြခြင်းကြောင့် မကြာခဏ ထိုင်းရဲဖမ်းဆီးခြင်း ခံကြရသည်။
အမိနိုင်ငံသို့ အချုပ်ကားဖြင့် ပြန်လည်ပို့ဆောင်ခြင်း ခံကြရသည်။

ယခု   နိုင်ငံသားစိစစ်ပြီးနောက်တွင် ၆ နှစ်သက်တမ်းရှိသည့် အလုပ်သမား ပတ်စပို့များ ထုတ်ပေးလိုက်သောအခါ  ရွှေ့ပြောင်းလုပ်သား မြန်မာပြည်သားအများစုမှာ ယာယီပတ်စပို့ ကိုယ်စီနှင့် ဖြစ်လာကြသည်။ 

ထိုပတ်စပို့ကလည်း ကြေးကြီး၏။ တော်ရုံ မလုပ်နိုင်။
သတ်မှတ်ငွေကြေးထက် နှစ်ဆ သုံးဆ ပိုပေးပြီး ပွဲစားများမှတဆင့် လုပ်ဆောင်မှသာ လွယ်ကူ၏။ 
သို့သော် အလုပ်သမားပတ်စပို့ လုပ်ပြီးပါကလည်း အလုပ်လုပ်ခွင့်ကတ်(ထိုင်းအခေါ် - ဘတ်) မရှိပါက ရဲဖမ်းပိုင်ခွင့်ရှိသည်။
 အများအပြားက ဒါကို သိပ်နားမလည်ကြ။ 
ယာယီပတ်စပို့သာ လုပ်ပီး အလုပ်လုပ်ခွင့် မလျှောက်ဘဲ နေကြ၏။ တကယ်တမ်း ပြန်သောအခါ ရဲက စစ်လျှင် ဒဏ်ကြေးဆောင်ရ၏။




ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မနက် ၅ နာရီကျော် နယ်စပ်ဂိတ်ကို လာစဉ် မဲဆောက်လေယာဉ်ကွင်းရှေ့တွင် ထိုင်းရဲများက လိုင်းကားများကို စစ်ဆေးနေသည်။ 
ထိုင်းရဲများ အလုပ်လုပ်လှချည်လားဟု စိတ်က  မှတ်ချက်ပြုခဲ့လိုက်သေးသည်။
သူတို့ စစ်ဆေးသည့်  ထိုလိုင်းကားများပေါ်တွင်  အိမ်ပြန်မည့် မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာကြသည်။ 

မကြာခင် တန်းစီနေရာရောက်တော့ ကိုယ့်ရှေ့က ရောက်နှင့်နေသူတွေနဲ့ စကားစပ်မိသည်။ တချို့က မနက် ၄ နာရီကတည်းက အိမ်ကထွက်လာပီး ဂိတ်ရှေ့ လာတန်းစီနေကြသူများဖြစ်သည်။

အနီးအနားက လူငယ်အုပ်စုတစုကတော့ ခုနက မြင်ခဲ့သည့် ထိုင်းရဲများ စစ်ဆေးမှုကို ခံယူပြီးသူများ ဖြစ်လို့နေသည်။ 
ယာယီပတ်စပို့သာရှိပြီး ဘတ်မရှိပါက (အလုပ်လုပ်ခွင့်ကတ် မရှိပါက) ထိုင်းဘတ်ငွေ တထောင် ပေးဆောင်ခဲ့ရကြောင်း၊ 
သူတို့ ကားပေါ်တွင် လူ ၃ – ၄ ယောက်လောက် ထိုသို့ ပေးခဲ့ရကြောင်း အချင်းချင်း စကား ဖလှယ်နေကြခြင်း ဖြစ်သည်။

အလုပ်လုပ်လွန်းသော ထိုရဲများ ဒဏ်ကြေးငွေ အတော်ရမည့်ပုံဖြစ်သည်။ 
အထောက်အထား မပြည့်စုံသော၊ စာရွက်စာတမ်းကိစ္စ နားမလည်သော မြန်မာပြည်သားအများအပြားက ဒဏ်ရိုက်ခံရမည်ကို ကြိုမသိ၊ ဒဏ်ငွေပေးသည့်အခါ ဖြတ်ပိုင်းတောင်းရကောင်းမှန်းလည်း သိချင်မှ သိကြမည်။

မိအေး အကြိမ်ကြိမ်နာ

ရွှေ့ပြောင်းမြန်မာလုပ်သား ထောင်နှင့်ချီ နေ့စဉ် ဝင်ထွက်နေသော၊ နေရောင်မလာခင်ပင် နယ်စပ်မှာ လေးငါးရာကျော် ရောက်နှင့်နေသော နယ်စပ်ဂိတ်မှာ လူလှိုင်းလုံးကြီးနှင့် တူနေသည်။
အထောက်အထားရှိ၊ အထောက်အထားမဲ့ အလုပ်သမားများထံမှ ဝန်ဆောင်မှုကြေးငွေဖြင့် ရှာဖွေနေသော ပွဲစားကြီး၊ ပွဲစားလတ်၊ ပွဲစားသေးများ၊ လုပ်ငန်းရှင်များက  လူလှိုင်းလုံးကြီးစီးပြီး ဝင်ငွေကောင်း၊ ဂွင်မိထားကြ၏၊

ထိုလူလှိုင်းမှာ မိအေး ၂ ခါထက်မနည်း ခံရသူများမှာ ရွှေ့ပြောင်းလုပ်သားဟု ခေါ်ဆိုသော တနေရာမှ တနေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်သည့် မြန်မာပြည်သားများပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုလူလှိုင်းကြီးက ကာလအတန်ကြာ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။

ကေဇီလင်း ~   
http://blog.irrawaddy.org/2013/03/blog-post_4491.html#more

10 Mar 2013

ထိုင်းရောက် ရွှေ့ပြောင်း မြန်မာတွေအတွက်အားကိုးရာ




ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးဝန်းကျင်က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ အတွက် အားကိုးရာတွေထဲမှာ ဘန်ကောက် အောင်သပြေကျောင်းဆရာတော် ဦးဇောတိကလည်း ပါဝင်ပါတယ်။ 



အောင်သပြေကျောင်းဆရာတော် ဦးဇောတိက၊ ဓာတ်ပုံ- အိမ့်သံစဉ် ( ဧရာဝတီ) ~
ဦးဇောတိက ဟာ မကြာသေးမီက ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးမှာ ထိုင်းစုံတွဲရဲ့ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ် ထိခိုက်ပျက်ဆီး ဒဏ်ရာတွေ ရခဲ့တဲ့ ကရင်မိန်းကလေးငယ်အတွက် ဘတ်ငွေ ၁ သောင်း မတ်လ ၃ ရက် နေ့က လှူဒါန်းခဲ့ပါသေးတယ်။ 

 ကရင်မိန်းကလေးငယ်အတွက် ဘတ် ၁ သောင်း လှူဒါန်းစဉ်

ပြောရရင် ဦးဇောတိကဟာ ထိုင်းနိုင်ငံကို ရောက်ခါစ က ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရလို့ ကိုယ်ချင်းစာပြီး အခက် အခဲတွေ ကြုံတွေ့ နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အစဉ်တစိုက် ကူညီပေးလာခဲ့တာ ယနေ့တိုင်ပါဘဲ။ 

မဟာချိုင်မှာ မြန်မာအလုပ်သမားတွေ အဖမ်းခံရတိုင်း သွား သွားပြီး ကယ်ထုတ်ရလို့ မဟာချိုင် ထိုင်းရဲတွေ က လည်း ဦးဇောတိကကို ကောင်းကောင်း သိကျွမ်းနေပါပြီ။ 

ကူညီကယ်ဆယ်မှုတွေကြောင့်  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားမှလူသိများတဲ့ ဦးဇောတိက ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မထင်မှတ်ဘဲ ဧရာဝတီနဲ့ ဆုံတွေခိုက်မှာ ဦးဇောတိကရဲ့ အကြောင်း တစေ့ တစောင်း သိခွင့် ရခဲ့ပါတယ်။ 



ချင်းမိုင်မြို့က ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပျံလွန်တော်မူသွားတဲ့ အဂ္ဂမဟာ သဒ္ဒမ္မ 
ဇောတိကဓဇ ဘန္ဒန္တ ဥူးအာသဘရဲ့ ဈာပနပွဲကို လာရောက်ကာ ဘတ်ငွေ ၁ သောင်း လှူဒါန်းဖို့ရယ်၊ 
ကျောက်ကပ် ကျန်းမာရေး မကောင်း ဖြစ်နေလို့ ဆေးကုသခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇ၀နကို ဂါရ၀ ပြုဖို့လာတဲ့အကြောင်း ဦးဇောတိက က ဧရာဝတီကို မိန့်ကြားပါတယ်။ 


သက်တော် ၄၂ နှစ်ရှိပြီး ၀ါတော် ၂၂ ၀ါ ရှိပြီဖြစ်တဲ့ ဦးဇောတိဟာ ထိုင်းနိုင်ငံကို ၂၀၀၅ ခုနှစ်ကတည်း က ရောက်ရှိနေထိုင် လာခဲ့တာပါ။ 

ဦးဇောတိကဟာ ၁၉၉၆ လောက်ကတည်းက သွားချီလာချီ အနေနဲ့ ထိုင်းနိုင်ငံကို ရောက်လာခဲ့ ပြီး ၂၀၀၅ ခုနှစ်မှာတော့ ချုံဘူရီမှာ နေထိုင်ခဲ့ပြီး နောက်ပိုင်း ဘန်ကောက်ကို ပြောင်းရွှေ့နေထိုင်လာသူပါ။ 

“အခက်အခဲတွေ ဖြစ်နေလို့ ဘုန်းဘုန်းဆီ ဖုန်းဆက် အကူအညီတောင်းလာသူတွေကို ကူညီရေး၊ ကယ်ဆယ်ရေးတွေ တတ်နိုင်သလောက် လုပ်ပေးနေတာပါ” လို့ ဦးဇောတိက က ဧရာဝတီကို မိန့်ကြားပါတယ်။ 

ကူညီမှုတွေ လုပ်ဆောင်တဲ့အထဲက အမှတ်တရ အဖြစ်ဆုံး ကိစ္စ တခုဖြစ်တာကတော့ ပြီးခဲ့တဲ့ ၃၊ ၄ လောက်က ထိုင်းနိုင်ငံ မဟာချိုင်မှာ ရောင်းစားခံရတဲ့ မြန်မာအလုပ်သမားတွေက မြန်မာပြည်က သူတို့ ဆွေးမျိုးတွေကို ကြိုးစားဆက်သွယ် အသိ ပေးတော့ သူတို့ကိုယ် ခေါ်သွားတဲ့ ကယ်ရီ ကို မြန်မာပြည်မှာဖမ်းလိုက်လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲပါလို့ ဦးဇောတိက က မိန့်ပါတယ်။ 

“အဲဒီတော့ ဘန်ကောက်က စက်ရုံကလည်း သူတို့ကိုပါ လာဖမ်းမှာ ကြောက်ပြီး စက်ရုံထဲက လူတွေကို တခါတည်း မောင်း ထုတ်လိုက်တယ်။ ဒီတော့ မသွားတတ် မလာတတ်နဲ့ လမ်းဘေးမှာ ရောက်နေတဲ့ သူတွေကို ဘုန်းဘုန်းတို့ သွားကယ်ခဲ့ရ တာ ဆိုလို့ရှိရင် လူတိုင်း သိတဲ့ အမှုပေါ့” လို့ သူက ဆက်ပြောပါ တယ်။ 

အဲဒီတုန်းက ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအဖွဲ့နဲ့ အတူ သွားရောက်ကယ်ထုတ်ခဲ့ရတာ လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကူညီဆောင်ရွက်မှုတွေ လုပ်နေတာနဲ့ပတ်သက်ပြီး ထိုင်းရှိ မြန်မာသံရုံးနဲ့လည်း နောက်ပိုင်းမှာ ပူးပေါင်း လုပ် ဆောင်လာတာ ရှိတယ်လို့ သူက မိန့်ပါတယ်။ 

“အရင်ကတော့ မြန်မာသံရုံးနဲ့ ပူးပေါင်း လုပ်ဆောင်တာ မရှိဘူးပေါ့။ အခုနောက်ပိုင်း ဘုန်းဘုန်းတို့ ကူညီ လုပ်ဆောင်နေတာ ကို သူတို့ကလည်း အသိအမှတ်ပြုလာပြီးနောက်ပိုင်း ပူးပေါင်းလုပ်ဆောင်ဖြစ်လာ တာပါ”လို့ ဦးဇောတိက က မိန့်ပါတယ်။ 

အခုနောက်ပိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်တဲ့အခါ တရားဝင် လက်မှတ် အထောက်အထားတွေ မရှိတဲ့ မြန်မာတွေ လည်းပါတော့ ကားနဲ့ သွားကယ်ထုတ်ရတဲ့အခါ ကားကို ထိုင်းအာဏာပိုင်တွေဘက်က အနှောက်အယှက်မလုပ်ဘဲ ဖမ်းဆီး ခံရမှုတွေမဖြစ်အောင် မြန်မာသံရုံးရဲ့ အကူအညီကို ရယူရတယ်လို့ ဆိုပါတယ်။ 

အခုလို လှူဒါန်းမှုတွေ လုပ်နိုင်တာကတော့ အဓိက အဲဒီ ဒေသတ၀ိုက်မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေရဲ့ လှူဒါန်းမှုတွေထဲ က ၃ ပုံ ၂ ပုံကို လှူဒါန်းပေးနေတာဖြစ်တယ်လို့ ဦးဇောတိက က ဆိုပါတယ်။ 

 “ဦးဇင်းကို လှူလာတဲ့ အထဲက ၃ ပုံ ၂ ပုံကို ပြန်လှူတယ်။ ဦးဇင်းက ဘယ် NGO မှ လည်း အဆက် အသွယ်မရှိပါဘူး”
- See more at: http://blog.irrawaddy.org/2013/03/blog-post_6230.html#more

28 Feb 2013

မြန်မာအလုပ်သမား၁၆၇ဦးကိုထိုင်းရဲကဖမ်းဆီး




ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့နယ်ကနေ တခြား မြို့နယ်တွေမှာ အလုပ်သွားလုပ်ဖို့ ရောက်နေ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ အမျိုးသား လူဦးရေ စုစုပေါင်း ၁၆၇ ယောက်ကို နယ်မြေခံ ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်း သတင်းအရ သိရှိရပါတယ်။ 


 ဓာတ်ပုံ- mcot.net

မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ် ကနေ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဒီလ ၂၄ ရက် 
နေ့က ရောက်ရှိ နေတာပါ။ လူပွဲစားနဲ့ လာမလာကိုတော့ ထိုင်းသတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။ 

ဒါပေမယ့် မြန်မာနိုင်ငံသားတွေကို နေတဲ့ နေရာကို ထိုင်း ဒေသခံတွေက နယ်မြေခံ ရဲတွေဆီ တိုင်ကြားခဲ့လို့ အခုလို့ အဖမ်းခံရတာ ဖြစ်တယ်လို့ TNA သတင်း အင်တာနက် စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။ 

ထိုင်းရဲက အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် စာရွက်စာတမ်း ရှိမရှိ စစ်ဆေးပြီး တရားမ၀င် လာတဲ့ သူတွေ ရှိပါက ထိုင်း ဥပဒေအရ ဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်သွား မှာ ဖြစ်တယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။ 

သန်းထိုက်ဦး ~
- See more at: http://blog.irrawaddy.org/2013/02/blog-post_947.html#more

23 Feb 2013

ရေနွေးပူအလောင်းခံရသူနဲ့ အင်တာဗျူး



ကလေးကို နှိပ်စက်ခဲ့တယ် ဆိုတဲ့ အလုပ်ရှင် ၂ ဦး

ကရင်မိန်းကလေး တယောက် ထိုင်းနိုင်ငံ မြောက်ပိုင်း ကန်ဖယ်ဖက်မြို့နယ်မှာ  သူ့အလုပ်ရှင် ထိုင်းလင်မယားရဲ့ လူမဆန်တဲ့ နည်းတွေနဲ့ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။
ထိုင်းအလုပ်ရှင်တွေဆီမှာ အသက် ၇ နှစ်အရွယ်ကနေ အလုပ်လုပ်ပေးခဲ့တာ အခု အသက် ၁၂ နှစ်အထိပါပဲ တဲ့။ 

ကတ်ကျေးနဲ့ကိုက်၊ ရေနွေးပူနဲ့လောင်းခံရတဲ့ ဒီကလေးကို ကန်ဖယ်ဖက်မြို့နယ်မှာရှိတဲ့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး ဂေဟာမှာ ထိုင်းအာဏာပိုင်တွေ စောင့်ရှောက်ထားပါတယ်။ 
သူရဲ့ ဒဏ်ရာတွေကိုတော့ ထိုင်းအစိုးရက အကုန်ကျခံ ကုသပေးမှာပါ တဲ့။

သူ့ကို နှိပ်စက်တယ် ဆိုတဲ့ အလုပ်ရှင်လင်မယားကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ပြီး ဖမ်းခဲ့ပါသေးတယ်၊ 
ကလေးငယ်ကို ညှဉ်းပန်း နှိပ်စက်မှုတွေ အပါအ၀င် အမှု ၇ မှုနဲ့ တရားစွဲထားပါတယ်။ 
သူတို့က နှိပ်စက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ပါတယ်။
နောက်ပိုင်းမှာ သူတို့ကို ဘတ်ငွေ ၇ သိန်း အာမခံနဲ့ ထိုင်း အာဏာပိုင်တွေက လွှတ်ပေးခဲ့ပါတယ်။
 ယခုလ ၁၈ ရက်နေ့မှာ ရုံးချိန်းကို သူတို့၂ယောက် ရောက်မလာတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းမိန့်ထုတ်ခဲ့တာပါ။ သူတို့ကို  ဘတ်ငွေ တသိန်း ဆုကြေးငွေ ထုတ် ထားပါသေးတယ်။ 
သတင်းတပုဒ်မှာတော့ သူတို့ ၂ ယောက် ကမ္ဘောဒီးယားနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ သိရကြောင်း သူတို့မြို့က ရဲဗိုလ်မှူး Akkarasorn Srisupat ဆိုသူက ပြောကြောင်း ရေးသားထားပါတယ်။

ဒီကလေး ဘယ်လို ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသလဲဆိုတာတွေကို  ထိုင်း ရုပ်သံ အမှတ်  ၃  လိုင်းက အင်တာဗျုး လုပ်ပြီးတော့ ထုတ်လွှင့်ပြသသွားခဲ့ပါတယ်။

ပထမဆုံး ကရင်မိန်းကလေးရဲ့ ပြောဆိုချက်နဲ့ အစပြုပါတယ် - 


“ခွေးလှောင်အိမ်ထဲမှာ ထည့်ပြီးတော့ ရေနွေးပူနဲ့ လောင်းပါတယ်”

ဘယ်နှစ်ကြိမ် လောင်းလဲ။
“တခါပါပဲ”

တကိုယ်လုံး လောင်းတယ်ဆိုတော့ အနာတွေကို သမီး ဘယ်လိုလုပ်လဲ။

“သူတို့ လှောင်အိမ်ထဲမှာပဲ တညလုံး သမီးကို မိုးလင်းတဲ့ အထိထားတယ်”

မိုးလင်းတဲ့ အထိထားပြီးတော့ ဘယ်လိုဆက်လုပ်လဲ။

“လှောင်အိမ်ထဲကနေ ထုတ်ပေးပြီးတော့ ဘာမှ မလုပ်ပေးဘူး”

နောက်တော့ ဘယ်လို ဆေးကုသတာလဲ။

“ဆားရည်တွေကို သုံးပြီးတော့ ကုတယ်”

 

ရေနွေးပူနဲ့ လောင်းတဲ့အပြင် သမီးကို ဘာလုပ်တာ တွေ ရှိသေးလဲ။

“ရိုက်သေးတယ်” 

ဘာနဲ့ ရိုက်လဲ။

“တံမျက်စည်းနဲ့ ရိုက်တယ်”

နေ့တိုင်း ရိုက်တာလား။

“နေ့တိုင်း မရိုက်ဘူး တခါတလေ ရိုက်တယ်”

ခေါင်းမှာ ရှိတဲ့ ဒဏ်ရာကရော ဘယ်လိုလုပ်လဲ။

“အုတ်နံရံနဲ့ ဆောင့်တာ”

နောက်ပြီးတော့ တခြား ဖိနပ်နဲ့ ဘာနဲ့ ရိုက်တာ ရှိလား။

“ရှိတယ် မျက်နှာကို ဖိနပ်နဲ့ ရိုက်တယ်”

ဘာကြောင့် နားရွက် ပြတ်နေတာလဲ။

“ကတ်ကြေးနဲ့ ညှပ် ထားတာ”

အခုလို သမီးကို ကူညီတဲ့လူတွေ ရှိနေပြီးဆိုတော့ ဘယ်လိုခံစားရလဲ။

“၀မ်းသာပါတယ်”

အင်တာဗျူးရုပ်သံ 

ဒီအမှုနဲ့ ပတ်သက်ပြီး  မြန်မာအစိုးရအလုပ်သမားဌာန ညွန်မှူးတယောက်ဖြစ်တဲ့ ဦးနိုင်ထွန်းကတော့ 
“မြန်မာတွေနဲ့ ဖြစ်တဲ့ ကိစ္စမှန်သမျှမှာ ထိုင်းတွေက သွေးအေးအောင် လုပ်ပြီးတော့ မေ့မေ့ ပျောက်ပျောက် ဖြစ်အောင် လုပ်တာမျိုး တွေရှိတယ်”
လို့ ဧရာဝတီသတင်းဌာနကို မကြာသေးခင် ရက်ပိုင်းက ပြောပါတယ်။

ကရင် အမျိုးသမီးငယ်ရဲ့ အမှုနဲ့ ပတ်သက်ပြီးတော့လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ် လို့ ပြောပါတယ်။

 “ မြန်မာတွေ ပြဿနာ တက်လို့ ရှေ့နေတွေ ငှားပေးတယ်၊ မြန်မာတွေဘက်က လိုက်ပေးတယ်၊ နောက်ဆုံး ကျလို့ ရှိရင် မြန်မာတွေပဲ အမှု ရှုံးတယ်။
 ရှုံးတယ် ဆိုတာက တရားသူကြီးက ထိုင်းလူမျိုး အလုပ်ရှင် ကလည်း ထိုင်းလူမျိုး၊ အလုပ်ရှင်က ပြစ်မှုကျူးလွန်ထားတယ်၊
 မြန်မာဖက်က ရပ်တည်ပေးပေမယ့်လဲ နောက်ဆုံး သူ့နိုင်ငံထဲမှာ သူ့ လူမျိုးကိုပဲ ကာကွယ်ပေးသွားတာ ရှိတယ်”


ဘန်ကောက်မြို့မြန်မာသံရုံး အရာရှိကြီးတယောက်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးနိုင်ထွန်းက ရှင်းပြပါတယ်။

ထိုင်းမီဒီယာများမှာလည်း ဒီဖြစ်ရပ်ကို အဆက်မပြတ် ဖော်ပြခဲ့ကြပါတယ်။

ကလေးရဲ့ ဘယ်ဘက်လက် လှုပ်ရှားလို့ မရဘူးလို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။

 သန်းထိုက်ဦး ~
http://blog.irrawaddy.org/2013/02/blog-post_2293.html

22 Feb 2013

ထိုင်းဘုရင်၏အုတ်ဂူကိုထိုင်းလူမျိုးတွေလာရောက်ဂါရ၀ပြု



ဓာတ်ပုံများ - တေဇလှိုင် (ဧရာဝတီ) ~

အမရပူရမြို့ လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူးဝါး (ခ) မင်းသားကြီး ဥတွန်ပုံ၏ အုတ်ဂူ ဟုတ်၊ မဟုတ် စစ်ဆေးမယ့် ထိုင်းနိုင်ငံသားများ အဖွဲ့ဟာ မနေ့က သံဃာတော်များကို လင်းဇင်းကုန်း သုသာန်သို့ ပင့်ဖိတ်ပြီး သင်္ဃန်းများ နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ ကြပြီး တူးဖော်ရေး လုပ်ငန်းများ စတင်ခဲ့ ကြပါတယ်။ 


သံဃာတော်များကလည်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြပါတယ်။ ထိုင်း လူမျိုးတချို့ က 
တော့ ပရိတ်ရေများကို ထိုင်းဘုရင်အုတ်ဂူနေရာမှာ သွန်းလောင်းပြီး ဘုရင်မင်းမြတ်အတွက် ဆုတောင်းခဲ့ ကြပါတယ်။ 

http://blog.irrawaddy.org/2013/02/blog-post_2322.html


14 Feb 2013

ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီး ထုတ်ပေးမယ်





ရနောင်းမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓာတ်ပုံ- သန်းထိုက်ဦး/ဧရာဝတီ)

ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း မရှိသေးသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ခန့်မှန်းချေ ၁၀ သိန်းခန့်အတွက် သတင်းကောင်းတခု ရှိနေသည်။


   နှစ်နိုင်ငံအစိုးရ သဘောတူညီချက်ဖြင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည့်အစီအစဉ် လာမည့် သောကြာနေ့တွင် ပြန်လည် စတင်မည်ဟူသော သတင်း ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း နေ့ချင်းပြီး ထုတ်ပေးသွားမည် ဆိုသောကြောင့် အလုပ်သမားတို့ ပိုမို အဆင်ပြေကြမည် ဖြစ်သည်။  

ယာယီနိုင်ငံကူးလက်မှတ်ရှိပါက တရားဝင်အလုပ်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင်းသို့ အဓိက ၀င်ရောက်ရာ နယ်စပ်ဂိတ်တခုဖြစ်သည့် မြ၀တီ မဲဆောက် ချစ်ကြည်ရေးတံတားအနီးတွင် နေ့ချင်းပြီး ၀န်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နှစ်ဘက် အရာရှိများ လုပ်ငန်းခွင်သို့ရောက်ရှိနေပြီ ဖြစ်ကြောင်း ထိုင်းဝန်ထမ်းတဦးကပြောသည်။

၎င်းက ”ဒီလ ၁၅ ရက်နေ့ကနေ စမယ်။ ထိုင်းဝန်ထမ်းတွေ မြန်မာဝန်ထမ်းတွေ ပူးတွဲပြီး ထိုင်းဘက်မှာပဲ ၀န်ဆောင်မှုပေးသွားမှာဖြစ်တယ်။ အဓိက ထိုင်းမှာ ရောက်နေပြီး ယာယီနိုင်ငံကူးလက်မှတ်မလုပ်ရသေးတဲ့ ကျန်ရှိမြန်မာအလုပ်သမားတွေအတွက် ထိုင်းအစိုးရက သက်ညာခွင့်အနေနဲ့ပေးတဲ့ ရက်ပေါင်း ၁၂၀ အစီအစဉ်ဖြစ်တယ်” ဟု ပြောသည်။
ထိုင်းအစိုးရသည် သတ်မှတ်ကာလအတွင်း နိုင်ငံသားစီစစ်မှု၊ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားမှုများ ဆောင်ရွက်ရန်ကျန် ရှိနေသည့် မြန်မာအလုပ်သမား ၁၀ သိန်းခန့်ကို 
ဖမ်းဆီး၍ နေရပ်ပြန်ပို့မည်ဟု ကြေညာပြီးနောက် မြန်မာအစိုးရ၏မေတ္တာ ရပ်ခံချက်ကြောင့် သက်ညာမှုပေးသည့် ၃ လတာ အစီအစဉ်ဖြစ်သည်။

လျှောက်လွှာ ဘယ်လို တင်မလဲ?
ထိုင်းအလုပ်ရှင်နှင့်မြန်မာအလုပ်သမားများသည် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူး လက်မှတ် ရရှိရေးအတွက် သက်ဆိုင်ရာရုံးများသို့ သွားရောက်ရမည်ဖြစ်သည်။

၎င်းအစီအစဉ်ကို ထိုင်းနိုင်ငံအတွင်း မဲဆောက်၊ ချင်းမိုင်၊ ရနောင်း၊ ခွန်းကယ်၊ အပါအ၀င်နေရာ ၁၁ နေရာတွင် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံတာဝန်ရှိသူများ တပြိုင်တည်း  စတင်ပြုလုပ်ပေးမည်ဖြစ်သည်။  တဦးလျှင်ထိုင်းဘတ်ငွေ ၄,၈၀၀ ကုန်ကျမည်ဟု ဆိုသည်။

ယခုအစီအစဉ်သည် နှစ်နိုင်ငံအကြားပထမဆုံးအကြိမ်ထိုင်းနိုင်ငံအတွင်း ပူးတွဲဆောင်ရွက်ခြင်းဖြစ်သည်။ ယခင်က နိုင်ငံသားစိစစ်မှုခံယူမည့် ထိုင်းရောက်မြန်မာ အလုပ်သမားများသည့် မြန်မာနိုင်ငံအတွင်း သွားရောက်ကြရသည်။ ယခု ထိုအခက်အခဲ သက်သာစေသည့်အတွက် အားလုံးကိုအကျိုးရှိစေမည့် အစီအစဉ်ဖြစ်သည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။

ထိုင်းရောက် မြန်မာတို့ တရားဝင်မှု အခြေအနေ
ယာယီနိုင်ငံကူးလက်မှတ် ရရှိပြီးသူ -  ၁၃ သိန်းခန့်
ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် လျှောက်ထားသူ - ၇ သိန်းကျော်
အထောက်မထားမရှိဘဲနေထိုင်နေသူ - ၁၀ သိန်းကျော်
(အချက်အလက် ရင်းမြစ် - မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ)
သက်ညာခွင့်ရက်ပေါင်း ၁၂၀ ကျော်ပါက ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းမရှိဘဲ ဆက်လက်နေထိုင်သည့် မြန်မာအလုပ်သမားများကို ရှာဖွေ ဖမ်းဆီးဖွယ် ရှိသည်ဟု မဲဆောက်အခြေစိုက်  ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က ဧရာဝတီသတင်းဌာနကို ပြောသည်။

နေ့ချင်းပြီးဝန်ဆောင်မှုများကို မဲဆောက်၊ ချင်းမိုင်၊ ခွန်းကယ်၊ ရနောင်း၊ မယ်ဆိုင်၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ နခေါပထုံ၊ စ မွတ်စာခေါ၊ ကန်ချနဘူရီ၊ ချင်းရိုင်း စသည့်ဒေသများတွင် ပြုလုပ်ပေးသွားမည်ဟုသိရသည်။

ယခင်က ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ပြုသည့် နောက်ဆုံးနေ့ ရက်မှာ ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ ၁၄ ရက်နေ့ဖြစ်သည်။

ဤလက်မှတ်ပိုင်ရှင်သည် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ် လုပ်ကိုင်နိုင်သည်၊ ခရီးသွားလာနိုင်သည်။ မြန်မာနိုင်ငံသို့ ပြန်လိုလျှင်လည်း နယ်စပ်ဖြတ် ပြန်နိုင်သကဲ့သို့ လေကြောင်းခရီးဖြင့်လည်း ပြန်နိုင်သည်။

လေယာဉ်စီးခွင့်ပြုထားသော်လည်း အများစုမှာ ဈေးသက်သာသော ကားလမ်းခရီးကိုသာ ရွေးချယ်ကြသည်။

ဤလက်မှတ်ကို ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံတွင်သာ အသုံးပြုနိုင်သည်။ 
http://blog.irrawaddy.org/2013/02/blog-post_8529.html

23 Jan 2013

ထိုင်းသတင်းထောက်လည်း မြန်မာသီချင်းဆိုနိုင်




ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် The Nation မာလတီ မီဒီယာကြီးက ထိုင်းလူမျိုး သတင်းထောက် Natty Tangmeesang က မြန်မာ သီချင်းသီဆိုနေတာပါ။ ခံစားနားဆင်ကြည့်ပါ။ 


ထိုင်းလူမျိုးတွေဟာ မြန်မာစာ၊ မြန်မာစကားကို လေ့လာမှုတွေက အတော်ကျယ်ပြန့်လာနေပါတယ်။  


 
http://blog.irrawaddy.org/2013/01/blog-post_4456.html

ထိုင်းရောက်မြန်မာအလုပ်သမားများနဲ့သားသမီးတွေပါပါ့စ်ပို့ရမယ်





 ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေအထောက်အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post)


ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ 



မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။ 



ဒီလို မှတ်ပုံတင်ကြရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့အတူ ၁၅ နှစ်အောက် သား သမီးတွေကို သက်သေခံ လက်မှတ် ထုတ်ပေးတာ၊ ထိုင်းအာဏာပိုင်တွေ က နေထိုင်ခွင့် ဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးတာတွေကိုလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၀ ခုမှ ယခု ဇန်န၀ါရီလ ၁၅ ရက် နေ့ကနေ လာမည့် မေလ ၁၅ ရက်နေ့ အတွင်း 
အောက်ပါ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းတွေမှာ လုပ်ဆောင် ပေးသွားမှာပါ။ 



စမွတ် စခုံ၊ စမွတ် ပရာခန်၊ ချင်းမိုင်၊ ဆုရာထာနီ၊ ပထုန်ထာနီ၊ ကာချနဘူရီ၊ ရနောင်း၊ ခွန်ခဲန်၊ ဆောင်ခလ၊ နခုန်ရာစီမာ ဆိုတဲ့ စခန်းတွေမှာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ 



 မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး အခုလို မှီခို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်းတွေမှာဘဲ ထုတ်ယူလုပ်ကိုင်လို့ရပြီးဆိုတာကို ဇန်န၀ါရီလ ၁၅ ရက်နေ့ ကထုတ်ပြန်ခဲ့တာပါ။ 



၂ နိုင်ငံ ဆွေးနွေးမှုတွေနဲ့ လုံခြုံမှုရှိစေရေး၊ စာရိတ်သက်သာစေရေးတို့အတွက် ထိုင်းနိုင်ငံတွင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာန ၁၀ နေရာမှာ တရားမ၀င်ရောက်နေတဲ့ မြန်မာတွေလည်း အခုလို ယာယီနိုင်ငံကူးလက်မှတ်များ လုပ်နိုင်ပြီ လို့ဆိုပါ တယ်။ 



လိုအပ်တဲ့အချက်အလက်တွေကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွေမှာ ၁ လအတွင်း စာရင်းပေးသွင်းရပါမယ်။ 



ပုံစံ ၃၈ ဆိုတာတော့ မထွက်ပါဘူးတဲ့။ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစာရိတ်ကတော့ ထိုင်း ဘတ်ငွေ ၅၅၀ ဖြစ်ပြီး ထိုင်းနို်င်ငံတွင်း နေထိုင် ခွင့် ၂ နှစ်တာဗီဇာအတွက် ၅၅၀ ဘတ်၊ သွေးစစ်ခ အနေနဲ့ ဘတ်ငွေ ၆၀၀ သို့မဟုတ် ဘတ် ၁၉၀၀ ကုန်ကျမည့် သွေး စစ်ဆေးမှု မှတ်တမ်း တခုခု ကို လုပ်ဆောင်ရပါမယ်။ 



ဒီအပြင် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) အတွက် ကုန်ကျငွေက တနှစ်စာဆိုရင် ဘတ် ၁၉၀၀ ဖြစ် ပြီး၂ နှစ်စာ ဆိုရင် ဘတ်ငွေ ၃၉၀၀ ဖြစ်ပါကြောင်းနဲ့ အထွေထွေ အကျိုးဆောင်ခအနေနဲ့ မျှတတဲ့ စာရိတ်ကုန်ကျခံရမှာဖြစ်တယ် လို့ သိရပါတယ်။ ဒါဟာ ယခု လုပ်ဆောင်ပေးနေတဲ့ စနစ်သစ်ဖြစ်တယ်လို့ သိရပါတယ်။ 



ဒါပေမယ့် အရင်ကလိုဘဲ မြန်မာပြည်သားမှန်ကန်ကြောင်းစစ်ဆေးခံရမည် လည်းဖြစ်ပါ တယ်။ နေပြည်
တော်ကို ပို့ပြီး အချက်အလက် တင်ပြစစ်ဆေးခြင်းမဟုတ်တော့ဘဲ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံဗီဇာ ထုတ်ပေးရေး ဌာနတွေက အချိန် ၁ လအတွင်း အပြီး အမြန် စစ်ဆေး ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 



ထိုင်းနိုင်ငံဘက်ကတော့ အလုပ်သမား အသုံးပြုခွင့်လို့ခေါ်တဲ့ ( ကော်တ) ပုံစံကိုတော့ ထိုင်း အလုပ်ရှင် ကိုယ်တိုင်က သွားရောက်စာရင်းသွင်းရမှာဖြစ်ပါတယ်။ 



အကယ်၍ သူဌေး မရှိခဲ့ဘူးဆိုရင်တော့ သူဌေး အစားထိုး လက်ခံ လျှောက်ထားနိုင်ပြီး ဘတ် ၈၀၀ ကုန်ကျ စရိတ်ထက် မကျော်တဲ့ ထိုင်းအလုပ်ရှင် သူဌေးအကျိုးဆောင်ခကိုတော့ အလုပ်သမားတွေဘက်က ကုန်ကျခံရမှာဖြစ်ပါတယ်။ 



အလုပ် လုပ်ခွင့် ပါမစ် (Work Permit ) ကိုလည်း ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနမှာဘဲ အပြီးသတ် အတည်ပြုပေးမှာဖြစ်ပြီး လုပ်ငန်းရှင် ပြောင်းရွှေ့ခွင့်လည်း ရှိတယ်လို့ သိရပါတယ်။ 



အခု ယာယီ နိုင်ငံကူးလက်မှတ်နဲ့ မှီခို ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ထိုင်း-မြန်မာ ၂ နိုင်ငံ နောက်ဆုံး ထပ်မံ သဘောတူညီချက်တွေအရ ရက်ပေါင်း ၉၀ အတွင်း အပြီး လုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။  



http://blog.irrawaddy.org/2013/01/blog-post_307.html

18 Jan 2013

ထိုင်းရဲတွေ မြန်မာစာနဲ့ ကရင်စာ သင်နေကြပြီ



 
ယမန်နေ့က မဲဆောက်တွင်ပြုလုပ်သည့် မြန်မာစာ သင်တန်းဖွင့်ပွဲ။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ

ပြည်တော်မြင့် ~

ထိုင်း-မြန်မာ ၂ နိုင်ငံပြည်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဘို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းရဲ ၂၀၀ ကျော် ယမန်နေ့ ဇန်န၀ါရီလ ၁၇ ရက်နေ့ကစပြီး မြန်မာစာနဲ့ ကရင်စာကို စတင်သင်ကြားဘို့ အတွက် မဲဆောက် ရဲစခန်းမှာ ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ 



ယမန်နေ့ကစပြီး ရက်သတ္တ တပတ်ကို ၂ ရက်နှုံးနဲ့ စက်တင်ဘာလ အထိ သင်ကြားကြမှာဖြစ်ပြီး သင်တန်း ဆရာတွေက မဲဆာက်မှာရှိတဲ့ CDC မြန်မာ ရွှေ့ပြောင်း အထက်တန်းကျောင်းက မြန်မာဆရာတွေပါ။ 

မြန်မာစာ၊ ကရင်စာ သင်ယူကြမယ့် ထိုင်းရဲများ

ဒီအစီအစဉ်ကို ကမကထပြုတာက အာစီယံ စီးပွားရေးကော်မတီ AEC ဖြစ်ပြီး မြန်မာနိုင်ငံ မြ၀တီက ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း ထိုင်း စာသင်ကြားပေးမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။ 

အိမ်နီးခြင်းနိုင်ငံက ဘာသာစကားကိုပြောဆိုနိုင်ခြင်းအားဖြင့် ၂ နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်စေ မှာ
ဖြစ်တယ်လို့ တာ့ခ်ခရိုင်က ရဲချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စုံဖောအခလဒေချိုချိုင်းက ဒေသခံ သတင်းထောက် 
တွေ ကိုပြောဆိုပါတယ်။ 

သင်တန်းမှာ ထိုင်းရဲ ၂၀၀ ကျော်နဲ့အတူ ထိုင်းစေတနာ့ဝန်ထမ်း ၁၀၀ ခန့်လည်း တက်ရောက်သင်ကြားကြ မှာဖြစ်ပြီး အင်္ဂလိပ်ဘာသာကိုတော့ နိုင်ငံခြားကဆရာတွေလာရောက်သင်ကြားပေးဘို့ရှိပြီး အဓိက မြန်မာနဲ့ ကရင်ဘာသာကိုသင်ကြားကြမှာဖြစ်ပါတယ်။ 


မဲဆောက်က တရားမ၀င်အလုပ်သမား အများစုကတော့ ထိုင်းရဲတွေ မြန်မာစကား တတ်မြောက်ခြင်း အားဖြင့် သူတို့နဲ့ဆက်ဆံရာမှာ ပိုမိုအဆင်ပြေနိုင်မယ်လို့ သုံးသပ်ပြောဆိုကြသည်။ 


မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းရှိပြီး မဲဆောက်ဒေသ မှာတော့ ၂ သိန်းခန့်ရှိပြီး အလုပ်ရုံ စက်ရုံတိုင်းမှာ မြန်မာစာနဲ့စကားကိုဘဲ အသုံးပြုနေကြပါတယ်။  
http://blog.irrawaddy.org/2013/01/blog-post_8363.html

4 Jan 2013

အခက်ကြုံနေတဲ့ထိုင်းရောက် မြန်မာများကိုကူညီမှု




ထိုင်းနိုင်ငံ စုဖန်ဘူရီခရိုင်ရှိ နာနတ်သီးစက်ရုံ၌ အခက်ခဲနှင့် ကြုံတွေ့နေရသော မြန်မာရွှေ့ပြောင်း အလုပ်သမား၂၅၀ ကို ဇန်န၀ါရီလ ၃ ရက်နေ့က ကူညီကယ်ဆယ်ရေး ဆရာတော် ဦးဇောတိက က ကူညီမှုတစ်ခု ပြုလုပ်ခဲ့သည်။ 

ထို ၂၅၀ အလုပ်သမားများမှာ လွန်ခဲ့သော ၄ လခန့်က မြဝတီမှ အလုပ်သမား ပါ့စ်စပို့လုပ်ပြီး တက် လာခဲ့ကြသူများ ဖြစ်သည်။ 

၎င်းအလုပ်သမားများသည် သူဌေး ၃ ဦးစပ်ဖြင့် ဖွင့်လှစ်ထားသော စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည်။ ပိုင်ရှင် ထိုင်းသူဌေး ၃ ဦးတွင် ပိုက်ဆံရှိသော သူဌေး ၁ ဦး နှုတ်ထွက်သွားသဖြင့် ကျန်ပိုင်ရှင်၂ ဦးက အလုပ်သမား များအား ငွေကြေးလုပ်ခ မပေးနိုင်သဖြင့် အခက်ခဲဖြစ်နေကြသည်။ 

၎င်းကိစ္စကို စက်ရုံရှိ မြန်မာမန်နေဂျာမှ ရက်၂၀ ခန့် ငွေကြေးစိုက်ထုတ် ကူညီထားသည်။ ရက်ရှည်ကြာ လာသော အခါ ပြည့်စုံအောင် မကူညီနိုင်တော့သဖြင့် ကူညီကယ်ဆယ်ရေးဆရာတော်ကို ဆက်သွယ် လာခြင်းဖြစ်သည်။ 

မြန်မာအလုပ်သမားများကို ကူညီရေးနှင့်ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော ဘန်ကောက်ရှိ ဆရာတော် ဦးဇောတိကမှ ယမန်နေ့က  ဆန် ၅ အိတ်နှင့် ဆီ ပိဿာချိန် ၄၀ ကို လှူဒါန်းကူညီခဲ့သည်။

ဆရာတော် ဦးဇောတိက (ကူညီကယ်ဆယ်ရေးဆရာတော်) သည် မြန်မာ အလုပ်သမားများ အခက်အခဲ ကြုံတွေ့ရသည်ကို ကြားသိရတိုင်း ကိုယ်တိုင်ကြွရောက်ကူညီပေးလျှက်ရှိသည်။ 

ထိုင်းနိုင်ငံအတွင်းရှိ အခက်ခဲနှင့်ကြုံတွေ့ရသော မည်သည့် မြန်မာနိုင်ငံသားမဆို ဆရာတော်ထံ ဆက်သွယ် ကူညီ တောင်းခံနိုင်ကြောင်း သိရသည်။ 

ဆရာတော်၏ ဖုန်း နံပါတ်မှာ -၀၈၂၄၉၅၆၂၈၉ ဖြစ်သည်။ ဆရာတော်သည် မြန်မာသံရုံး အလုပ်သမားရေး အကူအညီပေးရေး အဖွဲ့တွင်လည်း နာယက ဆရာတော်ဖြစ်သည်။ 


 
http://blog.irrawaddy.org/2013/01/blog-post_4082.html

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif