http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label နိုင်ငံတကာ. Show all posts
Showing posts with label နိုင်ငံတကာ. Show all posts

9 Jul 2013

ဒေါက်တာစင်သီယာမောင်ဆေးခန်း မြေနေရာတချို့ ရောင်းစားခံရ



ထိုင်းမြန်မာနယ်စပ်က ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်း အစိတ်အပိုင်းတချို့ နဲ့ စာသင်ကျောင်းရဲ့ မြေနေရာကို ပိုင်ရှင်အဖြစ်အမည်ခံထားတဲ့ ထိုင်းအဖွဲ့အစည်းတခုက ရောင်းစားလိုက်ပါတယ် တဲ့။
ဆေးခန်း နေရာပြောင်းရွှေ့ရဖွယ် အခြေအနေနဲ့ ကြုံနေရတဲ့ အကြောင်း သတင်းထောက် ပြည်တော်မြင့်က ဒေသခံတချို့နဲ့ ဒေါက်တာစင်သီယာမောင်တို့ကို မေးမြန်းပြီး  အခုလို သတင်းပေးပို့ထားပါတယ်။

အလွှဲသုံးစားခြင်းခံရသည့်မြေနေရာနှင့် အဆောက်အအုံနေရာ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းပိုင် မြေနေရာနှစ်ကွက်ကို ဒေသခံဖောင်ဒေးရှင်းအဖွဲ့တခုက  အလွဲသုံးစားပြုကာ ရောင်းချလိုက်သဖြင့် မကြာမီ အဆိုပါမြေကွက်များမှ ဖယ်ရှားပေးရဖွယ်ရှိနေသည်။

မယ်တော်ဆေးခန်းရှေ့မျက်နှာစာရှိ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများ အပ်နှံသည့် နေရာမြေကွက်၊ ဆေးခန်း၏ လမ်းမကြီး တဖက်ခြမ်းရှိ CDC မူလတန်းကျောင်း တည်ရှိရာမြေနေရာတို့ကို နိုင်ငံခြားသားအလှူရှင်တဦးက မယ်တော်ဆေးခန်းသို့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ၀ယ်ယူကာလှူဒါန်းခဲ့ခြင်းဖြစ် သည်။

ထိုင်းနိုင်ငံသားမဟုတ်သည့် ဆေးခန်းတာဝန်ခံဒေါက်တာစင်သီယာမောင်သည် မြေပိုင်ဆိုင်ခွင့် မရှိသဖြင့် ၎င်းမြေ နှစ်ကွက်ကို  လူမှုရေးအဖွဲ့တခု၏ အမည်ဖြင့်ဝယ်ယူခဲ့ကြောင်း၊ ယခုအခါ ထိုအဖွဲ့က ထိုင်းနိုင်ငံသားတဦးကို ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ဒေသခံ ဝါရင့် သတင်းထောက်တဦးက ပြောပြသည်။

အဆိုပါမြေနှစ်ကွက်မှာ ကာလပေါက်ဈေး ဘတ်ငွေ သိန်း ၃၀ ခန့် (ကျပ်သိန်းတထောင်နီးပါး) ရှိနိုင်သည်ဟု မဲဆောက်ရှိ အိမ်ခြံမြေပွဲစားများက ခန့်မှန်း ပြောဆိုကြသည်။

မြေကွက်အရှုပ်တော်ပုံနှင့်ပတ်သက်၍ နစ်နာသည့်ဘက်က တစုံတရာ အရေးဆိုတောင်းဆိုမှုမရှိသေးသည့် အတွက် ရေရှည်တွင် တရားဥပဒေကြောင်းအရ အရှုံးနှင့်သာ ရင်ဆိုင်ရနိုင်သည်ဟု အငြိမ်းစားထိုင်းရှေ့နေတဦးက သုံးသပ်သည်။

မယ်တော်ဆေးခန်တာဝန်ခံဒေါက်တာစင်သီယာမောင်က ...
”ဒီမြေကိစ္စကြောင့် လက်ရှိ ကျန်းမာရေး ၀န်ဆောင်မှုကိုတော့ တစုံတရာ ထိခိုက်မှု မရှိပေမဲ့ ရေရှည်မှာ အသုံးပြုခွင့် မရခဲ့ရင်တော့ ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာ ထိခိုက်နိုင်ပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ပင်မဆေးခန်းကြီး၏မြေနေရာမှာ ထိုင်းမြေပိုင်ရှင်တဦးထံမှ စာချုပ်ဖြင့် ငှားယူအသုံးပြုနေခြင်းဖြစ်သည်။ မြေပိုင်ရှင်က ဆက်လက် သက်တမ်းမတိုးပေးပါက လက်ရှိနေရာမှ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။

မယ်တော်ဆေးခန်းသည် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိနေရာမှရွှေ့ပြောင်းပေးရမည်ဆိုပါက အခက်အခဲ မရှိစေရန်အတွက် CDC အထက်တန်းကျောင်းအနီးတွင် ဆေးခန်းအသစ်တခုဆောက်လုပ်မည့် မြေနေရာ ရွေးချယ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်နေသည်။

ဒေါက်တာစင်သီယာမောင်သည် မယ်တော်ရပ်ကွက်တွင် မြေနေရာငှားရမ်းကာ အဆောက်အအုံများ ဆောက်လုပ်ပြီး  ထိုင်း-မြန်မာနယ်စပ်ရှိမြန်မာဒုက္ခသည်၊ အလုပ်သမားတို့ကို အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်သည်။

မယ်တော်ရပ်ကွက်တွင် ရှိသောကြောင့် ဆေးခန်းအမည်ကို မယ်တော်ဆေးခန်းဟု ခေါ်ဆိုကြသကဲ့သို့  ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး နယ်စပ်သို့တိမ်းရှောင်သည့် ကျောင်းသားများနှင့် ဆက်စပ်နေသောကြောင့် ကျောင်းသားဆေးခန်းဟုလည်း ခေါ်ကြသည်။


 


.

ဗုဒ္ဓဂယာပေါက်ကွဲမှု ဂယက် မရိုက်ရေး ရဟန်းတော်တပါး အသိပေး


မြန်မာရဟန်းတော်တပါး ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး Ashin Kumuda Bawdhitahtaung ဆရာတော်က ... ဖြစ်ပွားမှုဟာ မြန်မာရဟ
န်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ကြောင်း   ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ဖော်ပြလိုက်ပြီး မြန်မာနိုင်ငံတွင်းမှာ အဆိုပါ ပေါက်ကွဲမှုကြောင့် မလိုလားအပ်တာတွေ မဖြစ်စေဖို့ သတိပေးလိုက်ပါတယ်။ 

ဆရာတော်ရဲ့ မိန့်ကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

 မြန်မာပြည်သူများသို့.. 

ယနေ့ဖြစ်ပေါ်ခဲ့တဲ့ ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုနဲ့သက်လို့ ဦးဇင်းတို့ ဗုဒ္ဓဂယာဒေသရှိ မြန်မာရဟန်တော်များမှ မြန်မာနိုင်ငံသားကို အထူးမေတ္တာရပ်ခံလိုပါတယ်..ဗုံးဒဏ်ခံစားရသည့် ဦးဝိလာသဂ္ဂ၏ အခြေနေ 
ကောင်းမွန် လျက်ရှိပါတယ်....

ထို့အပြင် ဤကိစ္စသည် မြန်မာနိုင်ငံရဟန်းတော်များကို သီးခြားပစ်မှတ်ထား၍ တိုက်ခိုက်ခြင်း မဟုတ်ကြောင်း အောက်ပါ အချက်များအရ တွေ့ရှိရပါတယ်.. 

၁..၂၀၁၂ နှစ်ကုန်ခါနီးကထဲက အိန္ဒိယအစိုးရမှ ဗုဒ္ဓဂယာကို အကြမ်းဖက်မည့်သတင်းများရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့ဘူးခြင်း.. 
၂. ဗုံးဖောက်ခွဲမှုအပီး အခြားနေရာဒေသတွင် တွေ့ရှိသောာ ဗုံးများမှာ တိဘက်ကျောင်တွင် ၁ လုံးပေါက်ကွဲ ၂ လုံး..မကွဲသေးတွေ့ရှိခြင်း ထိုင်းကျောင်းးတွင်း မပေါက်ကွဲသေးသော ၁ လုံးတွေ့ရှိခြင်း၊ ဂျပန်ကမာကုရ ထိုင်တော်မူရုပ်ပွားတော် ပလ္လင်တော်ကြားကလာပ်တွင် မပေါက်ကွဲသေးသော ဗုံး ၁ လုံး တွေ့ရှိ ပီး မြန်မာ
ကျောင်းများတွင် မတွေ့ရခြင်း.. 
၃..ယခုကိစ္စကို မည်သည့်အဖွဲ့.. မည်သည့်အကြောင်းကြောင့်ဟု အိန္ဒိယအစိုးရမှ မထုတ်ပြန်သေးဘဲ အကြမ်းဖက်အဖွဲ့ဟု သာထုတ်ပြန်ထားခြင်း .. 

ဤ အချက်များကို ထောက်ဆ၍ မြန်မာ ရဟန်းတော်များအား သီးခြားပစ်မှတ်ထားပီး တိုက်ခိုက်ခြင်း မဟုတ်သည်မှာ ထင်ရှားပါသည်။ 

သို့ဖြစ်ပါ၍ ..ဤကိစ္စကို အကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်း၌ လူမျိုးရေး ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်မလာစေရန်ု ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေပါကြောင်း..
မေတ္တာရပ်ခံသတင်းပေးပို့ပါသည်.. 

ထိုကဲ့သို့ အသိပေးနေပေမယ့် တချို့က မဟုတ်မမှန်ချဲ့ကား မှုတွေအပေါ်လည်း အဆိုပါ ဆရာတော်က အောက်ပါအတိုင်း ထပ်မံ အသိပေးရေးသားထားပါတယ်။ 

ယနေ့ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍
ဗုဒ္ဓဂယာအနီးတွင်နေထိုင်သော .မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ဝင်ဖြစ်ပီး ဗုံးဒဏ်ခံခဲ့ရသော မြန်မာရဟန်းတော် ဦးဝိလာသဂ္ဂ၏ အတူနေ သူငယ်ချင်းမိတ်ဆွေလည်းဖြစ်.. မြန်မာပြည်သူများ၏ အကျိုးကို တတ်နိုင်သမျှ စောင်ရွက်လိုသည်နှင့်အညီ
မြန်မာပြည်အတွင်း၌ မလိုလားအပ်သော ပြဿနာများ ဆက်လက်ဖြစ်ပွားမလာစေရန်.မိမိသိရှိသမျှ သတင်းအမှန်တွေကို တစ်နေကုန်နီးပါး ဖြန့် ဝေခဲ့ပါတယ်၊
မြန်မာပြည်ကသတင်းဌာနတွေမေးသမျှကိုလည်း အတတ်နိုင်ဆုံး သတင်းတိကျအောင် ဖြေကြားပေးခဲ့ပါတယ်..
ဒီကြားထဲမှာပဲ အင်တာနက်သတင်း..အထူးသဖြင့် Face Book သတင်းများတွင် ပြဿနာပိုမိုကြီးထွားစေ၇န် တစ်ဖက်ကို လိုသလို စောင်းပေးသည့် သတင်းများနှင့် ဆဲဆိုသည့် ကွန်မန့်များကို စိတ်မကောင်းဘွယ်ရာ ဖတ်ရှုရပါတယ်..အဲဒီအတွက် အမှန်တကယ် မြန်မာ့နိုင်ငံ၊ မြန်မာပြည်သူတွေရဲ့ အကျိုးကို လိုလားသူမှန်လျင် ယထာဘူတကျသော ဤအယူဆအတွေးခေါ်လေးနှင့်အညီ ကျင့်ကြံနေထိုင်ကြစေလိုကြောင်း..မေတ္တာရပ်ခံတင်ပြအပ်ပါတယ်...

.....မျိုးမချစ်တဲ့ မျက်ကန်းတွေကြောင့် တိုင်းပြည်နှင့်လူမျိုးသိက္ခာ ကျစေနိုင်သလို မျက်ကန်းမျိုးချစ်တွေကြောင့် လည်း တိုင်းပြည်ပြည်နှင့်လူမျိး အဖတ်ဆယ်မရအောင်ဖြစ်တတ်ပါတယ်. ဒါ့ကြောင့် ဘယ်အရာမဆို မိမိတို့ တိုင်းပြည်ရဲ့ ယနေ့ရောက်ရှိနေတဲ့ ခေတ်အခြေနေ ၊ စနစ်အခြေနေတွေနှင့် မျက်မှောက်ကမ္ဘာကြီး၏ ပကတိအခြေနေမှန်များကို ကိုယ်ပိုင်ညာဏ်နဲ့သုံးသပ်ပီး .မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အတိုင်း မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ကျင်းသုံးနေထိုင်ခြင်းကသာ မိမိနှင့် မိမိတိုင်းပြည်အတွက် အကျိုးရှိမည်ဟု စဉ်းစားသုံးသပ်မိပါကြောင်း.....
    
http://blog.irrawaddy.org/2013/07/blog-post_6299.html#more

8 Jul 2013

ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများဖြစ်၊ ၅ ဦး ဒဏ်ရာရ


အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု ၉  ခု ထက် မနည်း ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရပြီး တဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ 


မဟာဗောဓိ စေတီဘုရားကျောင်း ပရ၀ုဏ်အတွင်း ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ Zeenews.com အွန်လိုင်း သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။ 

သတင်းတွေအဆိုအရ မဟာဗောဓိ စေတီကို ထိခိုက် ပျက်ဆီးမှု မရှိဘူးလို့ သိရပြီး အခင်းဖြစ်ရာကို ဗုံး ကျွမ်းကျင်အဖွဲ့၊ မှုခင်း အဖွဲ့တွေလည်း ချက်ချင်း ရောက်သွားတယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ 

အဆိုပါ ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောရာမှာ အခင်းဖြစ်ပွားရာနေရာမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကို ဖယ်ရှားနိုင်ခဲ့ တယ်လို့ ဆိုတယ်။ ပေါက်ကွဲမှုတွေဟာ ၂ မိနစ်ခြားစီ ဖြစ်ပြီး ပထမဆုံး ဗုံးပေါက်ကွဲ မှုဟာ ဒေသစံတော်ချိန် ယနေ့ နံနက် ၅ နာရီခွဲက ဖြစ်တယ်လို့ ဆိုတယ်။ 

အတည်မပြုနိုင်သေးသောသတင်းတချို့အရ အဆိုပါ ဒဏ်ရာရသူများမှာ စေတီဝင်းအတွင်းရှိ မြန်မာ ရဟန်းတော် တပါးအပါအ၀င် ဗုဒ္ဓဘာသာရဟန်းတော်များဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ -NIA က အခြေအနေကို စောင့်ကြည့်ကြီးကြပ်ဖို့အတွက် ပေါက်ကွဲ မှုဖြစ်တဲ့နေရာကို အဖွဲ့တဖွဲ့ အမြန်ဆုံး စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ 

ဘီဟာ ၀န်ကြီးချုပ် Nitish Kumar လည်း ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ထွက်ခွာသွားပြီလို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုတယ်။ 

ဗုဒ္ဓဂယာရှိ မဟာဗေဓိ စေတီဟာ ဗုဒ္ဓဘာသာဝင်ဘုရားဖူးတွေအတွက် အထွဋ်အမြတ်ထားရာ အထင် ကရ နေရာ တခု လည်း ဖြစ်ပါတယ်။ 

အိန္ဒိယပြည်ထဲရေးဝန်ကြီးကတော့ အခု ဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တခု အနေနဲ့ ပြောဖို့ စောသေးတယ်လို့ ဆိုထားပါတယ်။   
http://blog.irrawaddy.org/2013/07/blog-post_7879.html#more

3 Jul 2013

Miss Gay, 2013 က ရန်ပွဲ

ပီရူးနိုင်ငံမှာ ကျင်းပနေတဲ့ Miss Gay , 2013 ပြိုင်ပွဲမှာ ရန်ပွဲဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဒိုင်လုပ်သူက မှားယွင်း
ကြေညာခဲ့ရာက စင်မြင့်ပေါ်မှာ အခုလို ရန်ပွဲဖြစ်ခဲ့ရတာပါ။ ပရိသတ်ကလည်း အံ့အားသင့်ခဲ့ရပြီး ရန်ပွဲ 
ဖြစ်ခဲ့ရတဲ့ အတွက် လူအများရဲ့ စိတ်ဝင်စားမှုအလွန်ရခဲ့ပါတယ်။ 

ဇွန်လ ၂၇ ရက်နေ့က တင်ပြသွားတဲ့ ရိုက်တာ ရုပ်မြင်သံကြား သတင်းတပုဒ်မှာ အခုလို မြင်တွေ့နိုင် ပါတယ်။ ရန်ပွဲကို အတော်ဖြေရှင်းခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အလှမယ်အဖြစ်က ရန်ပွဲကြောင့် အလှတွေ ပျက်ကာ လူအများရဲ့ စိတ်ဝင်စားမှုရခဲ့တာပါ။   


 

http://blog.irrawaddy.org/2013/06/miss-gay-2013.html#more

22 May 2013

ဦးသိန်းစိန် အမေရိကန်ခရီးအပေါ် သူတို့အမြင်






သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ မစ္စတာ အိုဘားမားတို့ မေလ ၂၀ ရက်နေ့က သမ္မတ အိမ်ဖြူတော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကိစ္စများ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏  နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအပါအ၀င် တိုင်းရင်းသား ကိစ္စရပ်များနှင့် ဘာသာရေး တင်းမာမှု ပြဿနာများ ဖြေရှင်းနိုင်ရေး စသည့် အရေးကြီး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်တွင် သမ္မတနှစ်ဦးက ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။ သမ္မတဦးသိန်းစိန်က ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်ရှေ့ဆက်သွားရန် ပြည်ပအကူအညီ ရယူလုပ်ဆောင်မည်ဟု သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အမေရိကန် ပြည်ထောင်စု၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပြည်တွင်းရှိ နယ်ပယ်ကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းပြီး ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဦးစိုင်းလိတ် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်- ပြောခွင့်ရပုဂ္ဂိုလ်)
ကျနော်ကတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးကောင်းလာတာကို အကောင်းမြင်တယ်။ အရင်က အိမ်နီးချင်းအင်အားကြီး နိုင်ငံတစ်ခုရဲ့ လက်ဝေခံဖြစ်နေတာကို ခြေဖျက်လိုက်တဲ့သဘောပဲ။ အခုလို တိုက်ရိုက်ထိတွေ့လာတာ ကောင်းတဲ့ပုံရိပ် တစ်ခုလို့ မြင်တယ်။နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်လာမယ်လို့ မြင်တယ်။ ဒီမိုကရေစီ အကူးအပြောင်းလုပ်နေတဲ့ အချိန်မှာ စီပွားရေး တိုးတက်ဖို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ တိုးတက်ဖို့ပဲ ဖြစ်ဖြစ် အဓိကအားဖြင့်တော့ ပြည်တွင်းငြိမ်းချမ်းရေး ရှိဖို့လိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရှိမှ တခြားကိစ္စတွေကို ထိထိရောက်ရောက် လုပ်နိုင်မှာ။ အမေရိကန်နဲ့ အဆင်ပြေရင် နိုင်ငံရေးမှာ အကျိုးအမြတ်တွေရှိမယ်။ စီးပွားရေးမှာလည်း အမေရိကန်ဆန်ရှင် မရှိတော့ရင် မြန်မာအတွက် အခွင့်အလမ်းတွေ အများကြီးပဲ။ အမေရိကန်က ဖွင့်ပေးလိုက်ရင် ဥရောပနိုင်ငံတွေရော၊ ဂျပန်နိုင်ငံရော ချမ်းသာတဲ့နိုင်ငံတွေက ဒီမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် ကျနော်တို့က ရင်းနှီးမြုပ်နှံမှု ဥပဒေကောင်းကောင်းရှိရမယ်။ပြည်သူလူထုကို အကာအကွယ်ပေးနိုင်တဲ့  ပွင့်လင်းမြင်သာတဲ့ ဥပဒေဖြစ်ဖို့လိုတယ်။ ပညာရေးနဲ့ ပတ်သက်ရင်တော့ ကျနော်တို့နိုင်ငံက အများကြီးနောက်ကျနေပြီ။ အဲဒါကြောင့် ပညာရေးကတော့ အမေရိကန်အပါအ၀င် တခြားတိုးတက်တဲ့ နိုင်ငံအားလုံးရဲ့ အကူအညီလိုတယ်။ အခု ပညာရေးကို အမေရိကန်က ကူညီမယ်လို့ ပြောတဲ့အတွက် ကျနော်တို့ ၀မ်းသာတယ်။ အရင်တုန်းကလို နိုင်ငံကြီးတစ်ခုကို လုံးဝအားကိုးစရာ မလိုတော့ဘူး။
ဒေါက်တာတူးဂျာ (ကချင်တိုင်းရင်းသားခေါင်းဆောင်)
ကျနော်တို့က နိုင်ငံတကာဆက်ဆံရေးမှာ အများကြီး ဆက်ဆံရေးကောင်းဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ မတင့်တယ်တာ ကြာပြီလေ။ အခုက ဒီမိုကရေစီအစိုးရ ဖြစ်လာပြီ။ အစစအရာရာ လမ်းကပွင့်လာပြီလေ။ မနှစ်ကလည်း အမေရိကန်သမ္မတကြီးက ကျနော်တို့ဆီ လာလည်တယ်လေ။ အခု ကျနော်တို့ ခေါင်းဆောင်က ပြန်သွားလည်တာ ဂုဏ်ယူစရာကောင်းပါတယ်။ အခုလိုတွေ့ဆုံမှုကနေ စပြီးတော့ ကျနော်တို့နိုင်ငံကလည်း ပွင့်လင်းမြင်သာစွာနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ လိုအပ်တယ်လေ။ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဆီကိုသွားဖို့ လိုအပ်နေပြီလေ။ တွေ့တယ်။ ပြောကြတယ်။ နောက်ပိုင်းကျတော့ ဘာမှ အကောင်အထည်ပေါ်မလာတဲ့ဟာတော့ မဖြစ်သင့်ဘူး။ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ရေရှည်တည်တံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆီသွားတဲ့ ပထမဆုံးခြေလှမ်းပဲ ဖြစ်စေချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမေရိကန် အကူအညီရဖို့ မျှော်လင့်ပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုတာ ကမ္ဘာမှာ အဖိနှိပ်ခံပြည်သူတွေကို ကူညီပေးနေတဲ့နိုင်ငံပဲလေ။ သူတို့ ကူညီခဲ့တာတွေလည်း ရှိပါတယ်။ အမေရိကန်ဆီကတောင် မရနိုင်ဘူးဆိုရင် ဘယ်နိုင်ငံကို မျှော်လင့်လို့ ရနိုင်မလဲ။ မြန်မာနိုင်ငံရေးကိုလည်း တခြားနိုင်ငံတွေထက် အကူအညီပေးနိုင်မယ်လို့ မျှော်လင့်တယ်။
အမေရိကန်နဲ့ ဆက်ဆံရေးကောင်းလာတာကို တရုတ်က စိုးရိမ်စရာမလိုပါဘူး။ ကျနော်တို့က အနောက်တံခါးဖွင့်လိုက်ပေမယ့် အရှေ့တံခါးကို မပိတ်ပါဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဆက်ဆံရေးက သူဟာနဲ့သူ ရှိနေတာပါပဲ။ အထူးဦးစားပေးဆိုတာလည်း ရှိချင်မှ ရှိမှာပါ။ နိုင်ငံတကာဆက်ဆံရေးဆိုတာက သူ့အကျိုး ကိုယ့်အကျိုးရှိဖို့ လိုပါတယ်။ တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် အဆက်အသွယ် မလုပ်လို့မှ မရတာ။
အခုက တိုင်းပြည်မှာ နိုင်ငံရေးစနစ်ပြောင်းလဲဖို့လိုတယ်။ အဲဒါက ဖက်ဒရယ်ပြည်ထောင်စုပဲ။ အမေရိကန်က ဖက်ဒရယ်ပြည်ထောင်စုကို အပြည့်အ၀ လိုက်နာကျင့်သုံးနေတော့ သူ့ဆီက အကူအညီ အကြံဉာဏ်ရနိုင်ရင် အကောင်းဆုံးပါပဲ။
ဟံသာဝတီဦးဝင်းတင် (သတင်းစာဆရာကြီး၊ နိုင်ငံရေးသမား)
အမေရိကန်-မြန်မာဆက်ဆံရေးမှာ အရေးကြီးတာ နှစ်ချက်ပဲရှိတယ်။ အခုလို စီးပွားရေးပိတ်ဆို့မှုတွေ လျော့လိုက်ရင် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးလာဖို့ရှိတယ်။ သူတို့ လာရင်မြန်မာနိုင်ငံက စီးပွားရေးပွင့်သွားမှာပဲ။ ဒါကတစ်ချက်။ နောက်တစ်ချက်က စစ်တပ်ကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ ထင်တယ်။ စစ်သားတွေ အမေရိကန်မှာ စစ်သင်တန်းတက်ဖို့ ကိစ္စတွေဘာတွေ ပေါ်လာနိုင်တယ်။ အဲဒါဆိုရင် စစ်တပ်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ အခုက စစ်တပ်က ဘယ်နေရာမှာ ရောက်နေမှန်းကို မသိဘူး။ အခုစစ်တပ်က ဗိုလ်သင်တန်းလက်ခံတဲ့ အရေအတွက်တွေ လျော့တယ်ဗျ။ ၃၀ ရာခိုင်နှုန်းလောက်ကို လျှော့ပစ်တယ် ပြောတယ်။  သူတို့ပြောတာကတော့ စစ်တပ်မှာ ဘတ်ဂျက်မရှိလို့တဲ့ဗျ။ တခြားဘာမှ မလှုပ်သေးဘူး။ အဲလိုမျိုး တခြားလှုပ်တာ မရှိသေးဘူး။
တရုတ်က မြန်မာအပေါ်မှာ စီးပွားရေးအရ စီးထားတယ်။ တရုတ်က မြန်မာနဲ့ ပတ်သက်ပြီးတော့ ဘာမှခံရတာ မရှိဘူး။ လက်ပံတောင်းကိစ္စမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ၀င်ကယ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ၀င်ခံတာနဲ့ သူတို့အများကြီး သက်သာတယ်။ မြစ်ဆုံကိစ္စကိုလည်း ခဏခဏထုတ်ပြောနေတယ်။ ပြီးတော့ ရှမ်းပြည်က ဟတ်ကြီးတို့ အပါအ၀င် သံလွင် တကြောက စီမံကိန်းတွေမှာ ၀င်လုပ်နေတယ်။ တရုတ်က တပြည်လုံးမှာ စီမံကိန်း ၃၈ လောက်လုပ်နေတာ။ ဗမာပြည်ကို အနောက်နိုင်ငံတွေက ၀င်လာလည်း တရုတ်က ဈေးကွက်ကိုစီးပြီးသား။ အစိုးရအဆက်ဆက်ကလည်း အမေရိကားတို့ ဘာတို့မသွားခင်မှာ နိုင်ငံရေးဂယက်ရိုက်မှာ မလိုချင်လို့ တရုတ်ကို ဂါရ၀ သွားပြုရတာ ရှိတယ်။
ရှင်းရှင်းပြောရရင် ဗမာပြည်အမေရိကန် ၀င်ရေးကိစ္စဟာ Geo-Politics ( ပထ၀ီနိုင်ငံရေး) နဲ့ ဆိုင်တယ်။ အမေရိကန်ရဲ့ ပထ၀ီနိုင်ငံရေးနဲ့လဲ တိုက်ရိုက်ပတ်သက်တယ်။ အမေရိကန်ရဲ့ ပေါ်လစီက ဗမာပြည်တစ်ခုတည်း ကွက်ကြည့်ပြီးတော့ ၀င်လာတာမဟုတ်ဘူး။ ဦးသိန်းစိန်ပြုပြင်ပြောင်းလဲရေး လုပ်တာတစ်ခုတည်း ကြောင့်လည်းမဟုတ်ဘူး။  ဒေါ်အောင်ဆန်းစုကြည်လုပ်လို့လည်း ၀င်လာတာ မဟုတ်ဘူး။ အဓိက အကြောင်းရင်းက သူရဲ့ အရှေ့ဖျားကိစ္စ၊ ဥပမာ ကိုးရီးယားတို့၊ ဖိလစ်ပိုင်တို့ ဂျပန်တို့ကို အာရှတခုလုံး ခြုံကြည့်ပြီးတော့ ၀င်လာတာ။ အခု ပစိဖိတ်သမုဒ္ဒရာက ၂၁ ရာစုမှာ အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးတဲ့ နေရာဖြစ်လာတယ်။ ကုန်သွယ်ဖို့၊ ကာကွယ်ဖို့ အတွက် နေရာယူပြင်လာတာ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ၀င်လာတာမဟုတ်ဘူး။ တရုတ်မှားလို့ ၀င်လာတာ မဟုတ်ဘူး။ ပစိဖိတ်ဧရိယာ တခုလုံးရဲ့ ပထ၀ီနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့မှ ၀င်လာတာ။ ဗမာနဲ့ အမေရိကန်အဆင်ပြေတဲ့အတွက် တရုတ်ကို ဘာမှထိခိုက်စရာ မရှိပါဘူး။
ကိုမြအေး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
ကျနော်တို့နိုင်ငံက နှစ်ပေါင်းများစွာ စစ်အစိုးရ လက်ထက်တလျှောက်လုံး အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အလွန်တရာမှ ကျဲခဲ့တယ်။ အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံကြီးတခုနဲ့ပဲ ဆက်ဆံရေးကောင်းအောင် တည်ဆောက်နိုင်ခဲ့တယ်။ ချိန်ခွင်လျှာ ညှိဖို့အတွက် ကျတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ အရေးကြီးတယ်။သမ္မတနှစ်ယောက် တွေ့ကြတာကို ကြိုဆိုတယ်။ FDI အရ နိုင်ငံတကာရင်းနှီး မြှပ်နှံမှုတွေဝင်လာရင် အသိပညာ၊ အတတ်ပညာ နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်။ စီးပွားရေးတက်လာမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ဆီရောက်လာမမယ့် အမေရိကန် ကုမ္ပဏီတွေလည်း အကျိုးအမြတ်ရှိမှာပါ။
တခုပြောချင်တာက သမ္မတနှစ်ယောက်တွေ့ဖို့ရှိလို့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး မလိုချင်ဘူး။ ကျနော်တို့ကလည်း တိုင်းပြည်တည်ဆောက်ရေးမှာ ရိုးရိုးသားသားဝင်ကူမယ်။ ကျနော်တို့ကိုလည်း ရိုးရိုးသားသား ဆက်ဆံစေချင်တယ်။ အမေရိကန်သွားခါနီးကျမှ အကျဉ်းသား တချို့တ၀က် လွှတ်ပေးလိုက်တာမျိုးကတော့ မကောင်းဘူးပေါ့ဗျာ။
အမေရိကန်နဲ့ဆက်ဆံလို့ တိုက်ရိုက်အကျိုးရှိမယ့်ဟာမျိုးကတော့ အမေရိကန်ရဲ့ မဟာမိတ် ဂျပန်က မြန်မာကို အကြွေးတွေ လျော်ပစ်လိုက်တယ်။ ဒါက တိုက်ရိုက်အကျိုးခံစားရတဲ့ဟာပဲ။ နောက်ပြီးတော့ ချေးငွေတွေ အကူအညီတွေ အများကြီးရမယ်။ ကျနော်တို့ နိုင်ငံကို မြင့်တင်ဖို့ ဆိုတာက သယံဇာတတွေကို ထုတ်ရောင်းနေလို့ မရဘူး။ လူ့စွမ်းအား ဖွံ့ဖြိုးဖို့အတွက် ပညာရေးအထောက်အပံတွေ အများကြီးလိုပါတယ်။ ကျန်းမာရေး အထောက်အပံတွေ တိုက်ရိုက်ရလာဖို့ မျှော်လင့်ပါတယ်။
ဒေါ်သန်းမြင့်အောင်  (လူမှုရေးတက်ကြွလှုပ်ရှားသူ၊ စာရေးဆရာမ)
သမ္မတဦးသိန်းစိန်က သူတို့ဆီက အကူအညီတွေ ယူကောင်းယူပါလိမ့်မယ်။ ဒါပေမယ့် တခုယူပြီး တခုပြန်ပေးလိုက်ရတာမျိုးတော့ မဖြစ်စေချင်ဘူး။ ပြန်ပေးလိုက်ရတဲ့ဟာက ကိုယ့်နိုင်ငံက အရင်းအမြစ်တွေ ပါမသွားဖို့ အရေးကြီးတာပေါ့။ စေတနာ သန့်သန့်နဲ့ပေးရင်တော့ လိုချင်တယ်။ ယူမှလည်း ကိုယ့်နိုင်ငံက ဖွံဖြိုးတိုးတက်ရေးလုပ်ဖို့ အဆင်ပြေမှာ။ စီးပွားရေး၊ ကျန်းမာရေး အကူအညီနဲ့ အတတ်ပညာပိုင်းတွေတော့ အကူအညီယူ ရပါလိမ့်မယ်။ ယူတယ်ဆိုတဲ့နေရာမှာ ကိုယ်က ဘာပြန်ပေးရမလဲဆိုတာ ပြန်စဉ်းစားဖို့ လိုတာပေါ့။
ကျမတို့နိုင်ငံက သက်ကြီးရွယ်အိုတွေအတွက် အာမခံချက်ရှိတဲ့ ဥပဒေမျိုးလိုချင်တယ်။ အမေရိကန်ပြည်ထောင်စုမှာ သက်ကြီးရွယ်အိုတွေအတွက် စောင့်ရှောက်မှုကောင်းတယ်လို့ ကြားတယ်။ ကျမတို့ လူအိုရုံမှာ အငြိမ်းစားဝန်ထမ်းတွေ အများကြီးပဲ။ တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းဆရာ ဆရာမတွေ။ ပြောမယ်ဆိုရင် ဋ္ဌာနဆိုင်ရာ ၀န်ထမ်းတွေ အများကြီးပဲ။ ရဲမှူးကြီး အငြိမ်းစားတွေတောင်ပါတယ်။ အသက်ကြီးလာပြီး သားသမီး ကျောထောက်နောက်ခံလည်း မရှိတော့ တကယ့်ကို ဒုက္ခရောက်ကုန်တာ။ အခု ပြောတာ အရင်တုန်းက ၀န်ထမ်းကြီးတွေပါ။ ၀န်ထမ်းဘ၀ပြီးသွားတဲ့ အခါကျတော့ စုဆောင်းထားတာ မရှိဘူး။ ပင်စင်နဲ့ စားမလောက်ဘူး။ ကျန်းမာရေးအတွက် အာမခံချက် မရှိဘူး။ ကျမတို့ ၀န်ထမ်းတွေအတွက် အာမခံချက် ရှိစေချင်တယ်။ စုဆောင်းဖို့အတွက် လုပ်ကြရင်းနဲ့ နိုင်ငံက လဘ်ပေးလဘ်ယူတွေ များလာသလား မပြောတတ်ဘူး။ အစိုးရက သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ပေးနိုင်ရင် တော်တော်ကောင်းမယ်။
ဦးကျော်သူ (နာရေးကူညီမှုအသင်း)
သမ္မတနှစ်ယောက်တွေ့တာ ဘာမှ မပြောလိုဘူး။ အစိုးရဆိုတာ ကိုယ့်ပြည်သူတွေပေါ်ကို ကောင်းဖို့လိုတယ်။ အစိုးရ ကောင်းပေမမယ့်လည်း ပြည်သူလူထုက လက်မခံရင် အလကားပဲ။ ကျနော်တို့ ပြီးခဲ့တဲ့ အပတ်က အမှိုက်လိုက်ကောက်တယ်။ ကောင်းတာလုပ်တယ်။ ပေးမလုပ်ဘူး။ ပြည်ပကူညီထောက်ပံမှုကတော့ လိုအပ်တာပဲ။ အမေရိကန်လို ဒီမိုကရေစီနိုင်ငံကြီးတွေက ကူညီထောက်ပံမှုက ပိုတောင် လိုသေးတယ်။ အမေရိကန်အဖွဲ့တွေ ကျနော်ဆီလာတာရှိပါတယ်။ သမ္မတဦးသိန်းစိန်လည်း သူ့အိမ်က ကားလွှတ်ပြီး အလှူငွေ လာထည့်ဖူးတယ်။ ငွေပမာဏကိုတော့ မမှတ်မိတော့ဘူး။
ဦးဝဏ္ဍရွှေ (အစ္စလာမ်ဘာသာရေး ခေါင်းဆောင်)
အမေရိကန်နဲ့ မြန်မာဆက်ဆံရေး ကောင်းလာတာ မြန်မာဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ပိုလေးစားတဲ့ နိုင်ငံတစ်ခုဖြစ်လာမယ်။ နိုင်ငံအတွင်းမှာ လူမျိုးစုအခွင့်အရေးတွေ၊ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရလာမယ်လို့ ယုံကြည်တယ်။ အမေရိကန် ပြည်ထောင်စုဆိုတာ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် ရှိတဲ့နိုင်ငံပါ။ အမေရိကန်ပြည်ထောင်စုမှာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးထားသလို ဘာသာတစ်ခုနဲ့ တစ်ခု ထိခိုက်မှု မရှိအောင် ဘယ်လိုလုပ်ဆောင်သလဲဆိုတာ မြန်မာနိုင်ငံ အနေနဲ့ နမူနာယူလို့ ရပါတယ်။ သူတို့ဆီမှာ အသားရောင်ခွဲခြားမှု ရှိခဲ့ပေမဲ့ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တယ်။ ဒါပေမယ့် လူ့အခွင့်အရေး လေးစားမှုတွေ ရှိခဲ့တဲ့အတွက် သူတို့ အောင်မြင်ခဲ့တယ်။ ကျနော်တို့ဆီမှာလည်း အမေရိကန်ပြည်ထောင်စုကို နမူနာယူပြီးတော့ နိုင်ငံသားချင်း လေးစားတဲ့စိတ်ဓါတ် လူသားချင်း လေးစားတဲ့ စိတ်ဓါတ်တွေ ရှိလာရင် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုတွေရလာမယ်။
ဒေါက်တာ အေးမောင် ( ရခိုင်တိုင်းရင်းသားခေါင်းဆောင်၊ လွှတ်တော်အမတ် )
အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ခဲတဲ့နိုင်ငံတွေရဲ့သမိုင်းကို လေ့လာရမယ်။ တောင်ကိုးရီးယား တိုးတက်သွားတယ်။ ဂျပန် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အရမ်းတိုးတက်လာတယ်။ ဖိလစ်ပိုင်၊ ထိုင်း အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းလို့ ဖွံ့ဖြိုးတိုးတက်လာတယ်။ နှစ်နိုင်ငံကြားမှာ အပြန်အလှန်အကျိုးရှိခဲ့ကြတယ်။ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက တိုင်းပြည်တွေက အမေရိကန်နဲ့ အဆင်ပြေတဲ့ နိုင်ငံတချို့ကို လေ့လာကြည့်ပါ။ သူတို့ စီးပွားရေးလာလုပ်တာကို ကြိုဆိုရမယ်။ အိမ်နီးနားချင်းနဲ့ စီးပွားရေးလုပ်ရတာ အန္တရာယ်များတယ်။ မကျေနပ်ရင် ခြံစည်းရိုးဖျက်ဝင်လာမှာလေ။ အိမ်နီးချင်းနိုင်ငံက ပို့တဲ့ တောသားကြိုက် ပစ္စည်းတွေ သုံးရတဲ့ ဘ၀က လွတ်သင့်ပြီ။
ဦးမော်သန်း ( စီးပွားရေးပညာရှင်)
အမေရိကန်ပြည်ထောင်စု ဆိုတာက စီးပွားရေးအရရော၊ နည်းပညာ အရရော ကမ္ဘာမှာ နံပါတ်တစ်ပဲလေ။ ဒီလိုနိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ လိုတယ်။ မြန်မာနိုင်ငံကလည်း သယံဇာတပေါကြွယ်ဝတယ်။ မြန်မာနိုင်ငံမှာ အရင်းအမြစ်ကောင်းတွေ ရှိတဲ့အတွက် အမေရိကန်လုပ်ငန်းရှင်တွေလည်း လာလေ့လာသွားပြီ။ လူတွေကလည်း အဆင်သင့်ပဲဆိုရင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေလာရင် တိုင်းပြည်ဖွံ့ဖြိုးဖို့ပဲ ရှိတယ်။ လောလောဆယ်မှာတော့ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ရင် ကိုယ်စားလှယ်ရုံးပဲ ဖွင့်ခွင့်ရှိသေးတယ်။ သူတို့ကတော့ အကျိုးအမြတ်ရမှာပဲ လာလုပ်မှာ။ မြန်မာနိုင်ငံမှာတော့ လယ်ယာစိုက်ပျိုးရေးကစ လာလုပ်လို့ရတာတွေ အများကြီး ရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကဏ္ဍတိုင်းမှာ ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာပါလိမ့်မယ်။ စီးပွားတက်ဖို့ကတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုက အားကိုးဖွယ်ရာပါပဲ။ တိုင်းပြည်အနေနဲ့ကတော့ သူတို့လာလုပ်ရင် ကိုယ်ပဲ အကျိုးအမြတ်ရရမယ်ဆိုတဲ့ စိတ်ပဲထားလို့မရဘူး။ အလုပ်အကိုင်ပွင့်လာမယ်။ နိုင်ငံခြားပို့ကုန်တွေလည်း တိုင်းပြည်စာရင်းထဲ ၀င်လာမယ်။ ကိုယ်ကလည်း သဘောထားကြီးဖို့လိုမယ်။ အမေရိကန်အတွက်လည်း မြန်မာနိုင်ငံနဲ့ ဆက်သွယ်လာတဲ့အတွက် သူတို့စီးပွားရေး အကျိုးအမြတ်သာမက နိုင်ငံရေး အကျိုးအမြတ်ပါရမယ်။ 
http://burma.irrawaddy.org/archives/40305

ဂျပန် ၀န်ကြီးချုပ် မြန်မာပြည်လာမယ်

ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ မကြာခင် အလည်အပတ်ခရီးအဖြစ် ရောက်လာပါတော့မယ်။ 

 ဓာတ်ပုံ- www.tumblr.com

ဂျပန် ၀န်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှာ ဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြထားပါတယ်။ 

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အလွန်နီးနီးကပ်ကပ်ရှိခဲ့တာပါ။ အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေခဲ့ချိန်တုန်းကတောင် ဂျပန်ဟာ မြန်မာကို လူသားချင်းစာနာ 
ထောက် ထားတဲ့ အကူအညီတွေ ပေးခဲ့တာပါ။ 

ဒီအပြင် မကြာသေးခင်ကမှပဲ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကို ပေးစရာ ရှိတဲ့အကြွေး အမေရိကန် ဘီလျံများစွာကို ခေတ္တစိုက်ထုတ်ချေးငှားပေးခဲ့ပါသေးတယ်။ 

မြန်မာနိုင်ငံမှာလည်း ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ရှိနေသလို ပိုတိုးလာဖို့လည်း ရှိနေပါတယ်။ 

အခုလို ဂျပန် ၀န်ကြီးချုပ် လာရောက်တဲ့အခါ  မြန်မာနိုင်ငံ၊ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံလိုမှု ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ ဂျပန် သတင်းတပုဒ်မှာ ဆိုပါတယ်။ 

http://blog.irrawaddy.org/2013/05/blog-post_8553.html#more

20 May 2013

ကန်-မြန်မာ နှစ်နိုင်ငံအရေး ဘာတွေ အလေးပေးမလဲ





သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံး မြန်မာ သမ္မတ တဦးအနေနဲ့ တရားဝင် ခရီးစဉ်ကို စတင်ထွက်ခွာသွားခဲ့ပါပြီ။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်ကို မေလ ၂၀ ရက်နေ့မှာ လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမား ဘက်ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြု လက်ခံပေမယ့် လိုအပ်ချက်တွေဖြစ်တဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ ဆက်လက် မဖြစ်ပေါ်စေရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရေး၊ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေ ဆွေးနွေးသွားဖွယ် ရှိပါတယ်။

ဒါကြောင့်မို့ ထင်ပါတယ်၊ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်အပေါ် မြန်မာအစိုးရဟာ အခုအထိ နိုင်ငံရေး အကျဉ်းသားတွေကို အသုံးချနေသေးတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကျယ်လောင်လာခဲ့ပေမယ့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကတော့ ဒါဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံး ပူးပေါင်းပါဝင်ခွင့် ရှိစေရေးအတွက်သာပဲလို့ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာကနေ ရေးသား တုံ့ပြန်ထားပါတယ်။
ခရီးစဉ်အတွင်းမှာ ကန်-မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေကိုလည်း သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးမယ့် အစီအစဉ်ရှိပါတယ်။ အမေရိကန်က မြန်မာကိုတော့ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အထူးအခွင့်အရေးတွေ ပေးဖို့လည်း ရှိမှာပါ။
ဒါပေမယ့် အခု ချုပ်ဆိုမယ့် စာချုပ်တွေမှာတော့ မြန်မာနိုင်ငံအမည်ကို အင်္ဂလိပ်လို Burma အစား Myanmar လို့ သုံးစွဲ ထားတယ်လို့ သံတမန်လောကနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဆိုပါတယ်။
လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်ကြေညာချက်မှာတော့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန် အနေနဲ့ Burma ကို တိုင်းပြည်အမည်အဖြစ် ဆက်လက် သုံးစွဲနေမှာဖြစ်ပေမယ့် Myanmar ဆိုတာကိုတော့ အခြေ အနေ အပေါ်မူတည်ပြီး အကန့်အသတ်နဲ့ စတင် သုံးစွဲနေပြီလို့ ဆိုပါတယ်။
“ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရ တရပ်အပေါ် လေးစားသမှု ပြသတာဖြစ်ပြီး မိမိတို့က အားပေး ထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာပါ” လို့ သူက ဆိုပါတယ်။
အိမ်ဖြူတော် ကြေညာချက်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့အရေး ဦးဆောင်နေသူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း စတဲ့ အားလုံး ပူးပေါင်း ဆောင်ရွက်တွေကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်က မြန်မာနိုင်ငံကို ဘယ်လို အကူအညီမျိုးတွေ ပေးသွားရမလဲ ဆိုတာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ ဆွေးနွေးသွားဖို့လည်း ရှိတယ်လို့ ဆိုတယ်။
နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းမှုတွေကို ပိုအားကောင်းစေဖို့ အမေရိကန်က အားပေးကူညီမှာ ဖြစ်သလို တရား ဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ မြန်မာ့လူ့အဖွဲ့အစည်း အားကောင်းစေရေးနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေး အပါအ၀င် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကိစ္စတွေလည်း အကူအညီတွေ ပေးသွားဖို့ ရှိပါတယ်။
မကြာသေးခင် ကာလကစတင်ပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေကို အရင်က ပိတ်ပင် ကန့်သတ်ထားတာတွေ ပလပ် ဖြေလျှော့ပေးလိုက်ပြီး လုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်မှုတွေလည်း လုပ်နေချိန်ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် ၀ါရှင်တန်ဒီစီကို မရောက်လာခင်မှာပဲ ပြုပြင်ပြောင်းလဲရေးတွေကို အားပေးတဲ့အနေနဲ့ အမေရိကန်က မြန်မာကို အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တင်လိုက်ပါတယ်။ USAID လို့ ခေါ်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးရေးအဖွဲ့က အဲဒီအကူအညီတွေကို ပေးသွားမှာ ဖြစ်တယ်လို့လည်း ယာယီ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းက ဆိုထားပါတယ်။
တဖက်မှာလည်း လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်နေလင့်ကစား စောင့်ကြည့်ချင်သေးတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်ရှိနေစေဖို့ Burma Freedom and Democracy Act မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက် ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော် အမတ်တွေဖြစ်တဲ့ ဂျိုးဇက် ခရိုလီနဲ့ ပီတာကင်း တို့ကလည်း ကွန်ဂရက် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာဟာ သမ္မတ ဦးသိန်းစိန် ခရီးစဉ်အကြိုနဲ့ တိုက်ဆိုင်နေပါတယ်။
ဒီ့အပြင် ဒီခရီးစဉ်အတွင်းမှာ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ ကန့်ကွက်မှုတွေ လုပ်ဖို့ ရှိနေပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ကတော့ VOA သတင်းဌာနမှာ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဆိုင်ရာ မေးမြန်းခန်းကို ဖြေကြားဖို့ ရှိတယ်လို့ VOA သတင်းတပုဒ်က ဆိုပါတယ်။
တကယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စပြီးအရပ်သား အစိုးရအသွင်နဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အေးစက်ခဲ့တဲ့ ကန်-မြန်မာဆက်ဆံရေး ပုံမှန်အခြေအနေကို ပြန်ရောက် လာခဲ့တာပါ။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှု စတာတွေနဲ့ ပတ်သက်ပြီး အပြစ်တင် ဖိအားပေး အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုဘက်က လုပ်ဆောင်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း အမေရိကန်က သံတမန်ဆက်ဆံရေးမှာ သံအမတ်ကြီး အဆင့်မထားရှိပဲ သံတမန်နှိမ့်ချ ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ အတိုက်အခံတွေကို အမေရိကန်က ကူညီထောက်ခံခဲ့ပါတယ်။
ဒါပေမယ့် မကြာသေးမီ ကာလတခုက စပြီး မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူထားမှုတွေကို ဖြေလျှော့၊ ဖယ်ရှားလာခဲ့ပြီး ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကတော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ၁ ရက်တာမြန်မာနိုင်ငံ ခရီးစဉ်နဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန်ရောက်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာ ခရီးစဉ်မတိုင်ခင်မှာပဲ မြန်မာနို်င်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဆင့် ပြန်လည် ထားရှိခဲ့ပြီး အခု နောက်ဆုံးမှာတော့ သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ ခေါင်းဆောင်ပိုင်းတွေကို ယခင်က ပိတ်ဆို့ကန့်သတ် ထားတဲ့ ဗီဇာပိတ်မှုတွေကို ဖယ်ရှားပေးလိုက်ပါတယ်။
အခု သမ္မတ ဦးသိန်းစိန်ဟာ တရားဝင် မြန်မာခေါင်းဆောင်အဖြစ်နဲ့ ရောက်မယ့် အမေရိကန် သမ္မတအဆက်ဆက်ရဲ့ အိမ်ဖြူတော်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၆၆ ခုနှစ်က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနဲ့ အမေရိကန်သမ္မတ လင်ဒန် ဂျွန်ဆင်တို့ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီတုန်းကတော့ အမေရိကန်အစိုးရအနေနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးတွေ လုပ်ခဲ့တဲ့ မြန်မာခေါင်းဆောင် ဦးနေ၀င်းနဲ့ ဆက်ဆံရေးက ဟန်ချက်ညီ ထိန်းညှိဆက်ဆံရေး ရှိခဲ့တာလည်းဖြစ်ပါတယ်။
တဖက်ကလည်း ဘက်မလိုက် မြန်မာခေါင်းဆောင် ဦးနေ၀င်းဟာ ရုရှား- အမေရိကန်စတဲ့ နိုင်ငံတွေလို စစ်အေးခေတ် အင်အားကြီး နိုင်ငံတွေကြားမှာပဲဖြစ်ဖြစ် တရုတ်- အိန္ဒိယလို အိမ်နီးချင်းနိုင်ငံတွေ ကြားထဲမှာဖြစ်ဖြစ် ထိန်းညှိဆက်ဆံရေးမှာ အားကောင်းခဲ့တယ်လို့ ဆိုရမလားပါပဲ။
အခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အေးစက်ချိန်နဲ့ အမေရိကန်နဲ့ ဆက်ဆံရေး နွေးထွေးချိန်တွေဟာ တဆက်တည်း ဖြစ်နေတာကြောင့် သုံးသပ်သူတွေ အဆိုအရ အမေရိကန်ဟာ တရုတ်နိုင်ငံကို ရည်မျှော်ပြီး မြန်မာကို အခုလို ဆက်ဆံရေး တည်ဆောက်လာတာ ဖြစ်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်တာတောင်မှ တရုတ်အရေး ကျွမ်းကျင်တဲ့ မစ္စတာ ဒဲရက် မစ်ချယ်လို့ ပုဂ္ဂိုလ်ကို ရွေးချယ်ခန့်အပ်တာက သိသာတယ်လို့ ဆိုကြတာပါ။
၁၉၄၈ ခုနှစ်ကတည်းက ကန်-မြန်မာ သံတမန် ဆက်ဆံရေးရှိခဲ့ပြီး ပါလီမန် အစိုးရကာလတွေမှာ အမေရိကန် ပြည်ထောင်စုက မြန်မာကို စစ်ရေး၊ စီးပွားရေးစတဲ့ အကူအညီတွေပေးခဲ့ပြီး ၂ နိုင်ငံ သံတမန် ဆက်ဆံရေး အားကောင်းခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ အမေရိကန်က မြန်မာကို စစ်ရေးပစ္စည်း အမေရိကန် ဒေါ်လာ ၂၁ သန်းဖိုးလောက် ကူညီပေးခဲ့ပါတယ်။ ဒီလို နှစ်နိုင်ငံ ဆက်ဆံရေးက အားကောင်းခဲ့တာပါ။
၁၉၅၃ ခုနှစ်တုန်းကတော့ အမေရိကန် ဒုသမ္မတ ရစ်ချတ် နစ်ဆင်က မြန်မာပြည်ကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။
၁၉၆၄ ခုနှစ် နောက်ပိုင်း ဦးနေ၀င်း အစိုးရလက်ထက်မှာ အမေရိကန်ဆီက အကူအညီတွေ မယူဘဲနေရာက တိုင်းပြည်ရဲ့ လိုအပ်ချက်တွေနဲ့ ဦးနေ၀င်းဟာ ၁၉၇၅ ခုနှစ်လောက်က အကူအညီတွေပြန်ရဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။
တကယ်ဆိုရင် ကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ မြန်မာရှင်ဘုရင်တပါးဖြစ်တဲ့ မင်းတုန်းမင်းလက်ထက်က စတင်ခဲ့တာ ပါ။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်ဖို့ အမြော်အမြင်ရှိတဲ့ မင်းတုန်းမင်းက စတင်ကာ ၁၈၅၆ ခုနှစ်က သံတမန် ဆက်ဆံရေး တံခါးကိုဖွင့်ခဲ့ပြီး သ၀ဏ်လွှာ ပို့ခဲ့ပါတယ်။
ထိုစဉ်က အမေရိကန် ပြည်ထောင်စုမှာ ပြည်တွင်းစစ်နဲ့ ကျေးကျွန်စနစ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေခဲ့ရပေမယ့် အရှေ့တောင် အာရှက မြန်မာနိုင်ငံအပေါ် အတော်စိတ်ဝင်စားခဲ့လို့ အမေရိကန်သမ္မတ ဂျွန်ဗြူ ကန်နန်ဟာ ၁၈၅၇ ခုနှစ်က မင်းတုန်းမင်းဆီကို စာချွန်လွှာ ပြန်လည် ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း မြန်မာဟာ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်ပြီး ကန်-မြန်မာ ဆက်ဆံရေးလည်း မရှိခဲ့ တော့ပါဘူး။
ဒါပေမယ့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာတော့ အမေရိကန် သမ္မတ ထရူးမင်းကိုယ်တိုင် သ၀ဏ်လွှာပေးပို့ အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံမှာလည်း အမေရိကန် သရုံးစိုက်ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွေ ပြန်လည် တည်ဆောက်ခဲ့ကြတာပါ။
အခုလို နှစ်ပေါင်းများစွာ ကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေ နိမ့်လိုက် မြင့်လိုက်ဖြစ်နေရာကနေ လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့ရဲ့ ဆွေးနွေးမှုတွေကနေ မြန်မာအနေနဲ့ ဘယ်လောက် ကောင်းကျိုးတွေ ဖြစ်ထွန်းလာမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ 
http://burma.irrawaddy.org/archives/40093

19 May 2013

ကမ္ဘာကျော်သွားတဲ့ လူယက်မှု

  

ကိုလံဘီယာနိုင်ံ ဘိုဂိုတာမြို့က ဘတ်စ်ကား ဂိတ်တခုက ဖြစ်ပါတယ်။ ယမန်နေ့ မေလ ၁၈ ရက်နေ့ မှာ လုယက်မှု တခုက အခုတော့ ကမ္ဘာတ၀ှမ်းမှာ အတော် လူသိများသွားတဲ့ ဖြစ်စဉ်တခုဖြစ်နေပါပြီ။ 



ကားဂိတ်မှာ ဘတ်စ်  ကား စောင့်ရင်း အမျိုးသမီးတဦးရဲ့ တယ်လီဖုန်းနဲ့ အိတ်ကို အမျိုးသား တဦးက ရုတ်တရက် လုယူဖို့ ကြိုးစားခဲ့ပါတယ်။ 

အမျိုးသမီးကလည်း သူ့ ဖုန်းနဲ့ အိတ်ကို အတင်းပြန်ဆွဲတဲ့အခါမှာ လူယက်သူဟာ မအောင်မြင်တာကြောင့် အမျိုးသမီးနဲ့ ဝေးရာ ကားလမ်းကို ဖြတ်ကူးပြီး ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ ကားဂိတ်ကို ၀င်လာတဲ့ ဘတ်စ် ကားတစင်းက သူ့ကို တိုက်သွားခဲ့ပါတယ်။ 

မကောင်းမှုကျူးလွန်ရင် ကျူးလွန်သူဟာ ဆိုးကျိုးခံစားရတတ်တယ်ဆိုတာ လူသားတိုင်း သိပြီးသား ဖြစ်နေ မှာပါ။ မကောင်းမှုကို ကျူးလွန်ပြီးချိန် တဆက်တည်း သူ့ဟာ အကုသိုလ်ဖိစီးသွားခဲ့ရတာကို သံဝေဂ ရဖွယ် မြင်တွေ့ကြရတာပါ။

ဒီဖြစ်စဉ်ကို CCTV က မှတ်တမ်းတင်ထားတာကို ဘီဘီစီ သတင်းဌာနက ပြန်လည် ပြသကာ ဒီသတင်းကို  ရှင်းပြခဲ့ပါတယ်။ ပစ္စည်း လုယူဖို့ ကြိုးစားတဲ့ အမျိုးသားကတော့ ကား တိုက်လို့ ဒဏ်ရာ နည်းနည်း ရသွားခဲ့ ပါတယ်။ 

အမျိုးသမီးကတော့ သူ့ဆီက လူယူခံလိုက်ရတဲ့ တယ်လီဖုန်း ကတော့ ပိုင်ရှင် အမျိုးသမီးက ပြန်ရသွားပါပြီ။ 

ဒေသဆိုင်ရာ ရဲ တာဝန်ရှိသူတဦးကပြောတာတော့ အခု ပစ္စည်း လုယူဖို့ ကြိုးစားခဲ့တဲ့အမျိုးသားကို ဥပဒေ 
ကြောင်းအရ ဆက်လက် အရေးယူမှာဖြစ်ပြီး အခုတော့ ဆေးဝါးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။  

 

http://blog.irrawaddy.org/2013/05/blog-post_7927.html#more

15 May 2013

အကျိုးပြု အူကြောင်ကျား


ကားမောင်းပြိုင်ပွဲလောင်းရာမှာ ရှုံးတဲ့အတွက် သန်းကြွယ်သူဌေး  Richard Branson က သူပေးတဲ့ကတိအတိုင်း လေယာဉ်မယ် ယူနီဖောင်း အပြည့်အစုံဝတ်ပြီး ခရီးစဉ်တခုစာ ၀န်ဆောင်မှု ပေးခဲ့တဲ့သတင်းက ကမ္ဘာ့မီဒီယာမျိုးစုံမှာ ဖော်ပြနေကြပါပြီ။

AirAsia ရဲ့ ဘော့စ်ဖြစ်သူ Tony Fernandes ကို ရှုံးတာ ဆိုပဲ။

ဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မလေးရှားကနေ သြစတေးလျသွားတဲ့ AirAsia ခရီးစဉ်မှာ သူက မျက်တောင်တု အပါအ၀င် လေယာဉ်မယ်ဝတ်စုံ ၀တ်ပြီး ၀န်ဆောင်မှုကောင်းကောင်း ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ပြိုင်ကားပွဲ ရှုံးတာကို အခုမှ အကြွေးဆပ်တာ ဆိုတော့ ဒီသူဌေး ကတိတည်သားပဲ။
ဒီသတင်းကို Time မဂ္ဂဇင်းက ရေးတော့ Honorable people stay true to their word.  ဆိုပြီး နိဒါန်းချီ ရေးထားတာ ဖတ်လိုက်ရပါတယ်။
ဂုဏ်သိက္ခာရှိသူတွေက ပြောထားတဲ့အတိုင်း လုပ်ကြတယ် လို့ ဘာသာပြန်နိုင်မယ်ထင်ပါတယ်။

ဆာဘွဲ့ရထားတဲ့ ဒီ ဗြိတိသျှ သူဌေးကြီးက အသက် ၆၂ နှစ် ရှိပါပြီ။
နုပျိုတယ်လို့ ဆိုနိုင်ပါတယ်။ ပျော်ပျော်နေတတ်တာကြောင့်လည်း ဒီလို အရွယ်တင်တာ ဖြစ်ပါလိမ့်မယ်။

ဆိုခဲ့သလိုပဲ ၅ နာရီကြာ ခရီးတခေါက်စာ  ၀န်ဆောင်မှုပေးတဲ့ထဲမှာ ခရီးစဉ်အကြောင်း အသံချဲ့စက်ကနေ ကြေညာတာ၊ အစားအသောက် ဝေငှတာတွေ ပါတာပေါ့။

ကားမောင်းပြိုင်ပွဲလောင်းခဲ့တယ်ဆိုတဲ့ သူဌေးနှစ်ဦး (ဓာတ်ပုံများ - AirAsia)

ကားပြိုင်ပွဲလောင်းရာမှာ သူရှုံးခဲ့တဲ့ AirAsia ရဲ့ ဘော့စ်လည်း ခရီးသည်များကြားထဲ လိုက်ပါလာပါတယ်။

အစားအသောက်နဲ့ ဧည့်ခံရာမှာ AirAsia ဘော့စ်ရဲ့ ပေါင်ပေါ်ကို အဖျော်ယမကာတချို့ ဖိတ်အောင် လုပ်ခဲ့ပုံပါပဲ။
ဖိတ်သွားလို့ လေယာဉ်မယ်အလုပ်ကနေ ဖြုတ်လိုက်ပြီ ဆိုပြီး သတင်းတွေမှာ ရေးထားကြတာပါ။

လေယာဉ်မယ်တယောက်လိုမျိုး ၀န်ဆောင်မှုပေးရတဲ့ အတွေ့အကြုံကို သဘောကျပါတယ်၊
ခရီးသည်တွေ လုံခြုံ အဆင်ပြေအောင် နေ့စဉ် ၀န်ဆောင်မှု ပေးကြတဲ့ တကယ့်လေယာဉ်မယ်တွေကို လေးစားပါတယ်လို့ သူဌေးကြီးက  CNN သတင်းဌာနကို ပြောပါတယ် တဲ့။

သူဌေးကြီး ဒီလိုလုပ်ခဲ့တဲ့ စတန့်က လေကြောင်းလိုင်းကို ကြော်ငြာပေးသလိုပါပဲ။
အဲဒီခရီးစဉ်မှာ လိုက်ပါဖို့ လေယာဉ်လက်မှတ်တစောင်ရဲ့ တန်ဘိုးက ဒေါ်လာ ၄ဝဝ လို့ ဆိုပါတယ်။
လက်မှတ်ရောင်းရငွေ လေးပုံတပုံကို အလှူအတန်း လုပ်ပါမယ် တဲ့၊ Time မှာ ရေးထားပါတယ်။

ဒါတင်မကသေးပါဘူး၊ လေယာဉ်မယ်ဝတ်စုံ မ၀တ်ခင် တရက်အလိုမှာ သူ့ခြေသလုံးမွေးကိုရိတ်ခွင့် လေလံတင်ရာကနေ ခန့်မှန်းချေ ဒေါ်လာ ၂ သိန်း ရခဲ့တယ်၊ ဒီရံပုံငွေတွေ အားလုံးက
သြစတေးလျမှာရှိတဲ့ ကလေးသူငယ်ဖောင်ဒေးရှင်း ဖြစ်တဲ့  Starlight Children’s Foundation ကို သွားပါမယ် တဲ့။

သူဌေးကြီးတွေရဲ့ အူကြောင်ကျား အပြုအမူဟာ သူတို့ရဲ့ လုပ်ငန်းကြီးတွေကို လူပိုသိစေ၊ အများတကာကို အကျိုးပြုနေတယ်လို့ ဆိုရပါမယ်။

13 May 2013

စစ်တကောင်းနဲ့ မောင်တောကို မုန်တိုင်း ဦးတည်နိုင်


ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ် နေတဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ ပညာရှင်တွေ ခန့်မှန်း ထားတဲ့ လမ်းကြောင်း အတိုင်း သွား နေပြီး၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကို မေ လ ၁၃ ရက် ည လောက်မှာ လမ်းကြောင်း ပြန်ကွေ့ပြီး ဦးတည် လာဖို့ ရှိတယ်လို့ မြန်မာ မိုးဇလ ပညာရှင် တွေက ခန့်မှန်းကြ ပါတယ်။

မုန်တိုင်းဟာ ဒီလမ်းကြောင်း အတိုင်း သွားရင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း နဲ့ ရခိုင် မြောက်ပိုင်း မောင်းတောမြို့ ဧရိယာကို ဦးတည်ဖို့ ရှိနေပါတယ်။

မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီး ဌာန ကတော့ ရခိုင် ပြည်နယ် နဲ့ ဧရာဝတီတိုင်း ဘက်က ငါးဖမ်း စက်လှေ တွေကို ငါးဖမ်း မထွက် ကြဖို့ နဲ့ မုန်တိုင်း ခိုလှုံ မယ့် နေရာ တွေကို ရေဒီယို တီဗီ ကနေ သတင်း ထုတ်ပြန်နေ ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွန် ကြား မှူ ဦးစီးဌာန ကတော့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကို ဝင်လာမယ် ပြောပါတယ်။ လူတွေ အနေနဲ့ အခု ချိန်က စပြီး မိုးလေဝသ သတင်း ကို ပုံမှန် နားထောင်ဖို့ လိုတယ် လို့လည်း ပညာရှင် တွေက ပြော ကြပါတယ်။

ရခိုင် ပြည်နယ် မြောက်ပိုင်း စစ်တွေရဲ့ အထက် မောင်တော ဘူးသီးတောင် အထိ မေလ (၁၄-၁၆) ရက် ကာလ အတွင်း အထူး သတိထားဖို့ လိုနေ ပြီးတော့ တစ်နာရီ လေတိုက်နှုန်း မိုင် ၈၀ နဲ့ မုန်တိုင်း ဒီရေ အမြင့် (၅-၇)ပေ ထိရှိ လာနိုင် ပါတယ်။

မုန်တိုင်း နဲ့ ပတ်သက် လို့ ပညာရှင်တွေက လမ်းကြောင်း အပြောင်းလဲ ရှိကောင်း ရှိနိုင်တယ်လို့ ပြော ကြပေမယ့် သူတို့ အပြောအရ ဆိုရင်၊ ရခိုင် ပြည်နယ် မြောက်ပိုင်း ကတော့ မုန်တိုင်း မလွတ် လောက်တဲ့ အခြေ အနေမှာ ရှိနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

10 May 2013

မြန် မာ ပုံ ကော် ပီ ကူး ရန် ကင် ဂျုံအ န်း ကို အို ဘား မား တိုက် တွန်း




အမေရိကန် သမ္မတ ဘားရက်အိုဘားမားက မြောက်ကိုရီးယားနိုင်ငံအား မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို ကြည့်ရှု လေ့လာသင့်ကြောင်း၊ နိုင်ငံ ပြန်လည် တည်ဆောက်ရာတွင်  နိုင်ငံတကာ နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သံတမန်ဆက်သွယ်ရေး ထူထောင် လုပ်ဆောင်နေမှုများကို နမူနာ ယူသင့်ကြောင်း တိုက်တွန်းပြောဆိုသည်။


အင်္ဂါနေ့က ၀ါရှင်တန်တွင် တွေ့ရသော သမ္မတ ၂ ဦး (ဓာတ်ပုံ - အမေရိကန်သမ္မတအိမ်ဖြူတော်)

တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟီး နှင့် ပထမဆုံး တွေ့ဆုံသည့် ထိပ်သီး ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကိုရည်ရွယ်ကာ ယင်းသို့ ပြောကြား လိုက် ခြင်း ဖြစ်သည်။
ကင်ဂျုံအန်းသည် ၂၀၁၁ ခုနှစ်က ကွယ်လွန်ခဲ့သော ဖခင်ကင်ဂျုံအီး၏ အရိုက်အရာကို ဆက်ခံလာသူ ဖြစ်သည်။

မြန်မာပြည်သည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေး အောက်တွင် ရှိနေရာမှ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတဖြစ်လာသည့် အချိန်မှ စ၍ ပြုပြင်ပြောင်းလဲမှုများ အစီအစဉ်ချ လုပ်ဆောင်လာခြင်း ဖြစ်သည်။

ထိုအပြောင်းအလဲများတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွတ်ပေးခြင်း၊ လွတ်လပ်သည့် ရွေးကောက်ပွဲ ပြုလုပ်ပေးခြင်း၊ ညူကလီးယား အရေး IAEA ၏ စစ်ဆေးမှုကို လက်ခံခဲ့ခြင်းများ ပါဝင်သည်။

 မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၁၇၀ အကူအညီ ပေးမည်၊  သံတမန်ဆက်သွယ်ရေး အဆင့် တိုးမြှင့်မည်ဟု အမေရိကန်က ၂၀၁၂ တွင်  ကတိပေးခဲ့သည်။

ထိုအချိန်မှစပြီး မြန်မာပြည်သည် ၄၀ ဒဿမ ၄ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သည်။

မြောက်ကိုရီးယား အနေဖြင့် ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုများကို နမူနာယူ ရမည်၊ ညူကလီးယားကိစ္စထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရမည်ဟုလည်း အိုဘားမားက ပြောသည်။

တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟီးနှင့် တွေ့ဆုံစဉ် အိုဘားမားက မြောက်ကိုရီးယား အပေါ် ထားရှိသည့် ကိုးရီးယားကျွန်းဆွယ် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်း အဆင့်ဆင့်နှင့် မူဝါဒကို အားပေးအထောက်အကူ ပြုသွားမည်ဖြစ်ကြောင်း၊
 မြောက်ကိုရီးယားသည် ၎င်း၏ ရန်စစော်ကားမှု အတွက် ပေးဆပ်ရမှာ ဖြစ်ကြောင်း ပြောသည်။

တောင်ကိုရီးယားနှင့် အမေရိကန် သမ္မတ ၂ ဦးသည် ပြုံယမ်း၏ ရန်စစော်ကားမှုများကို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမှာ ဖြစ်သလို တဖက်ကလည်း တွေ့ဆုံဆွေးနွေးရေး အတွက် လမ်းဖွင့်ပေးထားကြောင်း၊
မြောက်ကိုရီးယား အနေနှင့် ယခု အခွင့်အလမ်းကို လက်လွတ် မခံသင့်ကြောင်း ပြောဆိုသည်။

သမ္မတ ၂ ဦးသည် နှစ်နိုင်ငံ ဆက်ဆံပေါင်းစည်းမှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ပူးတွဲ ကြေညာချက်လည်း ထုတ်ပြန်ခဲ့သည်။
ယင်းပူးတွဲ ကြေညာချက်တွင် ကိုရီးယားကျွန်းဆွယ်နှင့် အာရှအရှေ့မြောက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေး ပူးပေါင်း ဆောင်ရွက်မှု အားလုံးကို လက်ခံသဘောတူသည်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည် ဟု ပါရှိသည်။

ဆိုးလ်-၀ါရှင်တန် ပေါင်းစည်း ပေါင်းစည်းမှုသည် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲအပြီး တောင်ကိုရီးယား နိုင်ငံကို ပြာပုံ ဘ၀မှ နိုးထစေခဲ့သည့် အပြင် ကမ္ဘာ့အရေးပါသည့် စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံတခု အဖြစ်ပါ တွန်းပို့နိုင်ခဲ့ကြောင်း၊
ယင်းသို့ ပူးပေါင်းဆက်သွယ် ဆောင်ရွက်မှုကို ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးများအထိ မြှင့်တင် သွားမည် ဖြစ်ကြောင်း၊
ကျွန်းဆွယ်အတွင်း ငြိမ်းချမ်ရေးသာမက လူ့သားဂုဏ်သိက္ခာ ပြည့်စုံမှုများကိုပါ ဆောင်ကျဉ်း နိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

- ခိုင်မာပြည့်ဝသည့် မူဝါဒများဖြင့် အဓိပ္ပာယ်ရှိသည့် ရှုမြင်မှုများ ရရှိလာစေနိုင်ကြောင်း၊
- တောင်ကိုရီးယား သမ္မတ၏ “ကိုရီးယား ကျွန်းဆွယ် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်” နှင့် “တောင်ကိုရီးယား လုပ်ငန်းစဉ်” များတွင် အာရှ အရှေ့မြောက်ဒေသတွင်  ငြိမ်းချမ်းရေး မြှင့်တင်ရန်၊ အောင်မြင်မှုကောင်းများ ရရန်အတွက် အမေရိကန်၏ ပါဝင် ပူးပေါင်း အားပေးမှု လိုအပ်ကြောင်း၊
- တောင်ကိုရီးယား အနေနှင့်လည်း ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်လာနေသည့် အကြမ်းဖက်နှိမ်နင်းရေး၊ ညူကလီးယား စွမ်းအင် လုံခြုံစွာ အသုံးချနိုင်ရေးနှင့် ဖျက်အားကြီး လက်နက်များ အရေးတို့တွင် အမေရိကန်နိုင်ငံနှင့် ပူးပေါင်း လက်တွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

တောင်ကိုရီးယား အတိုက်အခံ ပါတီက  မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း အပေါ် ဝေဖန်ရာတွင် ...
- မြောက်ကိုရီးယားကို ပြောင်းလဲလာဖို့ အတွက် ဖိအားပေး ဆွဲခေါ်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊
- တောင်ကိုရီးယားနှင့် အမေရိကန်တို့  ပိုမိုတိကျသည့် ဗျူဟာ တရပ်ရေးဆွဲပြီး လက်တွေ့ကျသည့် လုပ်ငန်းများ လုပ်ဆောင်သင့် ကြောင်း ပြောလိုက်သည်။

တောင်ကိုရီးယားသတင်းစာ Dong-A ရဲ့ အွန်လိုင်းမှာ ဒီကနေ့ ရက်စွဲနဲ့ ဖော်ပြထားတဲ့  Obama urges N. Korea to follow Myanmar’s example သတင်းကို ဘာသာပြန်ထားတာပါ။
အင်္ဂလိပ်ကနေ မြန်မာကို ပြန်ဆိုပါတယ်။


9 May 2013

ဂျကာတာ သံ ရုံး ဗုံးမ သင်္ကာ သူများ ကို အင်ဒိုနီး ရှားရဲ ပစ်ခတ်ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။ 

ဂျကာတာမြို့ရှိ မြန်မာသံရုံးကို လုံခြုံရေး ပေးနေကြသော အင်ဒိုနီးရှား ရဲတပ်ဖွဲ့ (ဓာတ်ပုံ – Reuters)

အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cigondewah ကျေးရွာတွင် မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော နေအိမ်တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွား ခဲ့ခြင်းဖြစ် 
ကြောင်း၊ သေဆုံးဒဏ်ရာရသည့် အခြေအနေကို မသိရှိရသေးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး Nanan Sukarna ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီ သတင်းဌာန က သတင်းရေးသားဖော်ပြသည်။ 

အင်ဒိုနီရှားရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Timur Pradopo ၏အဆိုအရ ပစ်ခတ်မှုများဖြစ်ပွား ခဲ့ရခြင်းမှာ စစ်သွေးကြွဟု သံသယရှိခံရသူများက ခိုအောင်းနေသော နေအိမ်အတွင်း မှနေ၍ ပြန်လည် ခုခံတိုက်ခိုက် ပစ်ခတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ နေအိမ်နှင့် အနီးတ၀ိုက် တွင် နေထိုင် သူများကို နေရာရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရှိရသည်။ 

“ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု ရဲ ဗိုလ်ချုပ်ကြီးTimur Pradopo ကပြော သည်။ 

အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသော အေပီသတင်းဌာနမှ သတင်းထောက်၏ အဆိုအရ ရဲတပ်ဖွဲ့ က စစ်သွေးကြွများကို လက်နက်ချပြီး ထွက်လာကြရန် သတိပေးပြောဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သတိ 
ပေးပြောဆိုနေစဉ် နေအိမ်အတွင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 မေလ လဆန်ပိုင်းက မြန်မာသံရုံးဗုံးခွဲတိုက်ခိုက်မည်ဟု သံသယရှိခံရသော အစွန်းရောက်စစ်သွေးကြွ ၂ ဦး ကို လက်လုပ်ဗုံး ၅ လုံးနှင့်အတူ ဂျာကာတာမြို့တွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏နေအိမ်တွင်လည်း ဖေါက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်ဆီးမိသူ ၂ ဦးက မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်များ တိုက် ခိုက်ခံရခြင်းအတွက် ပြန်လည်လက်စားချေလိုခြင်းကြောင့် ဗုံးခွဲရန် ကြံစည်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြော ဆိုခဲ့သည်ဟု အင်ဒိုနီရှားမှ လာသော သတင်းများတွင် ဖော်ပြထားသည်။ 
http://blog.irrawaddy.org/2013/05/blog-post_7363.html#more

4 May 2013

စစ်အစိုးရ အဖွဲ့ဝင်ဟောင်းများ အမေရိကန် ဗီဇာ လျှောက်နိုင်ပြီ

 



အမေရိကန်အစိုးရက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်လှည့်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့်  မြန်မာနိုင်ငံပေါ်တွင် ချမှတ်ထားသည့် ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့မှုကို ကြာသပတေးနေ့တွင် သက်တမ်း တနှစ် ထပ်တိုးလိုက်သည်။
သို့သော်လည်း အာဏာရှင်အုပ်ချုပ်ရေးမှ ပြောင်းလဲလာမှုကို အသိအမှတ်ပြုသည့် အားဖြင့် ယခင် စစ်အစိုးရ ခေါင်းဆောင်များအပေါ်တွင် ဗီဇာကန့်သတ်ထားခြင်းများထဲမှ အချို့ကို ဖြေလျှော့ပေးလိုက်သည်။
ယခု လုပ်ဆောင်ချက်များသည် မြန်မာ သမ္မတဦးသိန်းစိန် ယခုလအတွင်း အိမ်ဖြူတော်သို့ အလည်အပတ် ရောက်ရှိလာရန်ရှိသည့်အတွက် မျှော်လင့်ချက်ထားကာ လုပ်ဆောင်ခဲ့သည့် အခင်းအကျင်းများလည်း ဖြစ်သည်ဟု အမေရိကန် အောက်လွှတ်တော် ၀န်ထမ်းများနှင့် အစိုးရ အရာရှိတဦးက AP သတင်းဌာနသို့ ပြောပြသည်။ ဦးသိန်းစိန် အိမ်ဖြူတော်သို့ ရောက်လျှင် ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး မြန်မာအစိုးရ အကြီးအကဲဖြစ်မည်။ အမေရိကန်သမ္မတ အိုဘားမားသည်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။
မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် မူဆလင်များကြား ပဋိပက္ခမှစ ပြီးခဲ့သောလများ အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ကူးစက်ပျံ့နှံ့ခဲ့ကာ ရာနှင့်ချီသော လူများသေဆုံးခဲ့ပြီး လူ တသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းသည် အမေရိကန်အစိုးရဖက်မှ ထုတ်ပြန်ကြေညာရန် ရှိနေသည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွက် အငြင်းပွားဖွယ်ရာများ၊ အနှောင့်အယှက်များ အဖြစ် ရှိပုံရသည်။
မြန်မာနိုင်ငံမှ ဦးသိန်းစိန်ကဲ့သို့သော ပြုပြင်ပြောင်းလဲရေးသမားများကို ထောက်ခံအားဖြည့်ပေးခြင်းအတွက် အမေရိကန် အစိုးရအပေါ် အောက်လွှတ်တော်မှ ပါတီနှစ်ရပ်လုံးက ထောက်ခံပေးကြသော်လည်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် မြန်မာအစိုးရ၏ ကာကွယ်ပေးနိုင်မှု အားနည်းခြင်းနှင့် လူ့အခွင့်အရေး အခြေအနေများကြောင့် ပိတ်ဆို့ကန့်သတ်မှုများ အလျှင်အမြန် ဖယ်ရှားရေး နှောင့်နှေးပုံရသည်။
တချိန်တည်းတွင် အမေရိကန်သမ္မတနှင့် အောက်လွှတ်တော်ကဖွဲ့စည်းပေးခဲ့သော ပါတီနှစ်ရပ်လုံးပါဝင်သည့် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်၏ နှစ်ချုပ်အစီရင်ခံစာတွင် မြန်မာအစိုးရသည် မူဆလင်များအပေါ်တွင် ဖိနှိပ်မှုနှင့် ခွဲခြား ဆက်ဆံမှုများပြုလုပ်နေဆဲဖြစ်သည်ဟု ဖေါ်ပြသည်။
နှစ်ငါးဆယ်ခန့်ကြာသည့် စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ပြီးနောက် ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲအပါအ၀င် မြန်မာအစိုးရ၏ ပွင့်လင်းသော ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ထောင်နိုင်ရန် အားထုတ်မှုများသည် အသိအမှတ်ပြုဖွယ် ဖြစ်သော်လည်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှုကို ပြသရန် လိုကြောင်း ကော်မရှင်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ခန့်မှန်းခြေ လူ ၁၉၂ဦး သေဆုံးခဲ့သည်ဟု မြန်မာအစိုးရက ခန့်မှန်းထုတ်ပြန် ခဲ့သည့်အပေါ်တွင်လည်း ကော်မရှင်က မေးခွန်းထုတ်ခဲ့သည်။ သေဆုံးသူ အရေအတွက်သည် အစိုးရ ကြေညာသည့် ပမာဏ၏ ၅ ဆမျှဖြစ်ဖွယ်ရှိသည်ဟု ကော်မရှင်က ဆိုသည်။
သမ္မတ အိုဘားမားက သူ၏ လုပ်ပိုင်ခွင့်ကိုအသုံးချ၍ မြန်မာနိုင်ငံပေါ်တွင် ချမှတ်ထားသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ထားမှုများကို ယမန်နှစ်က ဆိုင်းငံ့ပေးလိုက်သည်။ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရွေးကောက်ပွဲ ၀င်နိုင်အောင် ဖြေလျော့မှုတွေ လုပ်ပေးခဲ့ခြင်းအတွက် ထိုသို့ ဆိုင်းငံ့ပေးလိုက်ခြင်းဖြစ်သည်။
နောက်ဆက်တွဲ တိုးတက်မှုအနေဖြင့်  အမေရိကန်အစိုးရက ယခုအခါ ယခင်စစ်အစိုးရ အဖွဲ့ဝင်များ၊ ၎င်းတို့၏ စီးပွားဘက်များနှင့် ဆွေမျိုးအရင်းအချာများ အပေါ်တွင် ၁၉၉၆ ခုနှစ်ကထဲက ချမှတ်ထားသည့် ပြည်ဝင်ခွင့်ဗီဇာ တားမြစ်ခြင်းကို မလိုအပ်တော့ဟု ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်သည်။
သို့သော်လည်း အဆိုပါပုဂ္ဂိုလ်များသည် ဗီဇာ အလိုအလျောက် ရရှိမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း အမေရိကန်သို့ လာရောက်မည့် မည်သည့် မြန်မာနိုင်ငံသားမဆို ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားရမည်ဖြစ်ပြီး ယခင်က ပိတ်ပင်ခံထားရသူများသည်လည်း စေ့စပ်စွာ စစ်ဆေးခြင်းကို ခံရမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
တချိန်ထဲမှာပင် သမ္မတအိုဘားမားကလည်း အမျိုးသားအရေးပေါ်ဥပဒေ (National Emergencies Act) ကို နောက်ထပ် တနှစ် ထပ်တိုးလိုက်သည်။ အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို တားမြစ်ထားသည့် ထိုဥပဒေကို ယခင်စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖိနှိပ်ကန့်သတ်ခြင်းကို တုန့်ပြန်အရေးယူသည့်အနေဖြင့် ၁၉၉၇ ခုနှစ်က စတင်ပြဌာန်းခဲ့သည်။
သမ္မတ အိုဘားမားက အောက်လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် “နိုင်ငံရေးပွင့်လင်းမှုဟာ အခုမှ အခြေတည်ခါစပဲ ရှိပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးသလို ပဋိပက္ခတွေကလည်း ဖြစ်ပွားနေတုန်းပါပဲ။ လူနည်းစု တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေ ရှိနေပါသေးတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပတ်သက်မှုတွေ ရှိနေဆဲပါပဲ” ဟု ရေးသားခဲ့သည်။ 
http://burma.irrawaddy.org/archives/38767

မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်မည်ဟု ယူဆရသူ ၂ ဦး အဖမ်းခံရ

  
 
 
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ
တိုက်ခိုက်ရန် ကြံစည်တယ်လို့ ဆိုတဲ့ အကြမ်းဖက် သမား ၂ ဦးကို အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံက ဘင်္ဂလီမွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင်ဆောင်ရွက်မှုတွေကို မကြေနပ်လို့ လက်စားချေဖို့ အခုလို လုပ်ဖို့ဖြစ်တယ်လို့ ပြောဆိုတာကို ဂျာကာတာပို့စ် သတင်း တပုဒ်မှာ  ဖော်ပြထားပါတယ်။  

ဒီကနေ့ သောကြာနေ့ နံနက်စောစောပိုင်းက အင်ဒို အထူးလုံခြုံရေးတပ်ဖွဲတခုက အိမ်လုပ် ဗုံးရဲ့ စနက်တံ ဖြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ 

ဒီလို ဗုံးခွဲဖို့ ကြံတယ်လို့ သံသယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေပိုက်ဗုံးအဖြစ် အသုံးပြုမယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ်အစားတွေ၊ ၀ါယာကြိုးနဲ့ပါ ဆိုင်ကယ်တစီးပေါ်မှာ  ဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေးတယ်လို့ သိရပါတယ်။ 
http://blog.irrawaddy.org/2013/05/blog-post_906.html#more

3 May 2013

မြန်မာအပေါ် တရုတ်က ဆက်ဆံရေး ပြောင်းလဲလာ

အခု တလော တရုတ်နိုင်ငံက ခြေလှမ်း စိပ်စိပ်နဲ့ မြန်မာ့အရေး ချည်းကပ်လာတာ သတိထားမိပါတယ်။ 

NLD ပါတီက အဖွဲ့ဝင်တွေကို ၂ သုပ်ခွဲပြီး တရုတ်နိုင်ငံကို လေ့လာရေးခရီးသွား ကြမယ်ဆိုပါတယ်။ 
ယမန်နှစ်နဲ့ ယခုနှစ်တွေမှာလည်း မြန်မာနိုင်ငံက အာဏာရ နိုင်ငံရေးပါတီ အပြင် အတိုက်အခံ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တချို့အဖွဲ့အစည်းတွေကိုလည်း တရုတ်နိုင်ငံကို အလည်အပတ်လာဖို့ ဖိတ်ခေါ်တာတွေ လုပ်ခဲ့ပါတယ်။ 

အခု နောက်ဆုံး ၈၈ ရုံးခန်းမှာ တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေအပေါ် ၈၈ မျိုး ဆက်
ကျောင်းသားတွေရဲ့ အမြင်ကို သိချင်လို့ ယနေ့ ကိုယ်စားလှယ်တဖွဲ့က လာဆွေးနွေးခဲ့တာ အပါအ၀င်ဘဲ။ 

၈၈ မျိုးဆက်တွေနဲ့ လာရောက်ဆွေးနွေးတယ်ဆိုတာကတော့  Instute of American Studies , Chinese Academy of Social Sciences က Dr. Zhou Qi (Senior Researcher,Director of American Politics) ဖြစ်သူနဲ့ Dr.Li Nan (Associate Research Fellow)တို့နှစ်ဦး ပါတဲ့အဖွဲ့ဖြစ်တယ်လို့ ၈၈ မျိုးဆက် သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အပြောင်းအလဲတွေ ရှိလာတာ အားလုံး သတိထားမိမှာပါ။

ယမန်နှစ်နဲ့ ဒီနှစ်ထဲမှာဘဲ တရုတ်သံအမတ် အဟောင်းနဲ့ အသစ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လာတွေ့ဆုံခဲ့ပါသေးတယ်။ ဒီအပြင် လှူဒါန်းမှု တချို့လည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါမျိုး လွန်ခဲ့တဲ့ နှစ်
ပေါင်း ၂၀ အတွင်းမှာ မရှိခဲ့ပါဘူး။ 

လွန်ခဲ့တဲ့ တချိန်က ပါတီ ချင်းဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေး ဆိုတဲ့ Party to Party, Government to Government ဆိုတာတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်း Army to Army ဆက်ဆံရေးတွေလည်း ရှိခဲ့ကြတာ ပါ။ ဒါတွေက အာဏာ ရှိသူတွေကိုသာ အဓိက ဆက်ဆံခဲ့တာပါဘဲ။

ဒါပေမယ့် အခုနောက်ပိုင်းမှာ တရုတ်ရဲ့ ဗျူဟာ အရွေ့အပြောင်းက သိသာလာခဲ့ပါတယ်။ အမေရိကန် အပါအ၀င် အနောက်အုပ်စုဟာ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်း
ပြီးတဲ့နောက်မှာ မြန်မာ့ ဈေးကွက်မှာ တရုတ်ဟာ တချိန်က ပြိုင်ဘက်ကင်း ဖြစ်ခဲ့တာပါ။ 

အခုတော့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ အခုတော့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်လာရတော့မှာပါ။

တဖက်မှာလည်း တရုတ်အစိုးရဟာ မြန်မာလူထုထဲမှာ ရှိနေတဲ့ တရုတ်ဆန့်ကျင်ရေးတွေ ကျယ်ကျယ် 
ပြန့်ပြန့် ဖြစ်လာခဲ့တာကိုလည်း ရိပ်စားမိလာခဲ့ပါတယ်။ 

သေချာတာတခုကတော့ မြစ်ဆုံဆည်စီမံကိန်းမှာ တရုတ်ဘက်က လူထုဆက်ဆံရေး အလွန်အားနည်း ခဲ့တယ်ဆိုတာ သိသာတဲ့ ပြယုဂ်တခုအဖြစ်  သိသာပါတယ်။ 

ဒါကြောင့်ဘဲ တရုတ်ဘက်က သုတေသန လုပ်နေသူတွေအမည်နဲ့ ရန်ကုန်နဲ့ မန္တလေး အပါအ၀င် မြို့ကြီး တချို့မှာ လာပြီး မြန်မာလူထုထဲက တရုတ်ဆန့်ကျင်ရေး ရင်ခုန်သံတွေကို နားထောင်ခဲ့ပါသေးတယ်။ 

တချိန်က တရုတ်အနေနဲ့ မြန်မာလူထုရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့တာတွေအတွက် အခုအချိန်မှာ ပြန်လည်ပေးဆပ်နေရတာတွေ လည်း ဖြစ်ပါတယ်။ 

မြန်မာအနေနဲ့တော့ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ ပထ၀ီ နိုင်ငံရေးအရရော၊ နိုင်ငံရေး ပထ၀ီ သဘောအရတွေပါ ကမ္ဘာတည်သရွေ့ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံသွားရမှာပါဘဲ။ 

တချိန်က စစ်ဗိုလ်ချုပ်ကြီးများကတော့ တရုတ်နဲ့ ဆက်ဆံရာမှာ တရုတ်ရဲ့ ကမ္ဘာ့အလယ်က အရှိန်အ၀ါကို ကိုယ့်အာဏာ တည်မြဲရေးအတွက် မျှော်ကိုး ဆက်ဆံခဲ့တာတွေက အများသားဖြစ်နေတာကိုတော့ ဝေဖန် 
ထောက်ပြသူတွေ နှစ်ပေါင်းများစွာ ပြောနေခဲ့ကြတာပါ။ 

အခုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ လုပ်လာမှုနောက်ပိုင်း နိုင်ငံ တကာ နဲ့ ပါ ဆက်ဆံရေး မျက်နှာစာသစ်တွေ ဖွင့်လာနိုင်ခဲ့တာမို့  မြန်မာအပေါ် တရုတ်အနေနဲ့ သတိထား ဆက်ဆံလာနေတာလည်း ဖြစ်ပါတယ်။ 

တကယ်တမ်း မြန်မာနိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ် စေတနာနဲ့ ဆက်ဆံကူညီတဲ့ နိုင်ငံဆိုတာ ကမ္ဘာ မှာ ဘယ်နိုင်ငံမှ မရှိပါဘူး။ အားလုံးက ကိုယ်ကျိုးစီးပွားကို အခြေခံ ဆက်ဆံကြချည်းပါဘဲ။ 

ကိုယ့်နိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့ ဒီလို ဆက်ဆံမှုတွေထဲကမှ ကိုယ့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုး အတွက် ဘယ်လောက် အကောင်းတွေ ဖြစ်လာစေမယ်ဆိုတာကို ခေါင်းဆောင်ဆိုသူတွေ က ကြည့်ပြီး ချိန်ညှိ ဆက်ဆံသွားနိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။   

http://blog.irrawaddy.org/2013/05/blog-post_6455.html#more

28 Apr 2013

ဧ ရာ ၀ တီ တိုင်း လွှတ်တော် အ ရင် လို မဟုတ်တော့ပါ…

လုံခြုံရေးအခြေအနေကြောင့်ုရွှေ့ဆိုင်းထားတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်း အဝေး ကို မနေ့က ပြန်လည်ကျင်းပခဲ့ရာမှာ လွှတ်တော်သက်တမ်းတလျှောက် တကြိမ်တခါမှ မဖြစ်ခဲ့ဘူးတဲ့ ကိစ္စတွေ ဖြစ်ပွားခဲ့ပါတယ်။ 

  
အဲဒါကတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဧပြီလ ၂ ရက်နေ့ရက်စွဲနဲ့ ပေးပို့ထားတဲ့သ၀ဏ်လွှာကို လွှတ်တော်မှာ ဖတ်ကြားခဲ့ရာမှာ ပြည်တွင်း၊ ပြည်ပကသတင်းမီဒီယာကိုမှ သတင်းယူခွင့်မပေးဘဲ တံခါးပိတ်ပြီး ဖတ်ကြားခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေထဲမှာ အထင်ကရဖြစ်နေတဲ့ ဧရာဝတီတိုင်း လွှတ်တော်သက်တမ်းတလျှောက်မှာ လွှတ်တော်ပုံမှန်အစည်းအဝေးတွေဆိုရင် သတင်းမီဒီယာတွေကို တလေးတစားနဲ့ အမြဲဖိတ်ကြားလေ့ရှိသလို လွှတ်တော်ထဲကိုလည်း တံခါးမရှိ ဓားမရှိ လွပ်လပ်စွာ ၀င်ထွက် သွားလာ သတင်းယူခွင့်ရရှိခဲ့ပါတယ်။ 


မနေ့ကကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးမှာ အရေးကြီးကိစ္စ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်ထဲမှာသတင်းယူနေတဲ့ သတင်းမီဒီယာသမားတွေအပြင် အစိုးရအဖွဲ့ရုံးက မှတ်တမ်းတင် ဗီဒီယိုသမား၊ ကင်မရားသမားနဲ့ အသံပိုင်းဆိုင်ရာထိန်းချုပ်တဲ့ စက်ခန်းက ၀န်ထမ်းတွေကိုပါ အပြင်ထွက်ခိုင်းခဲ့ပါတယ်။ 

အဲ့လိုထွက်ခိုင်းပြီးတော့မှ လွှတ်တော်အစည်းအဝေး မနက်ပိုင်းအစီအစဉ်တွေကို ကျင်းပခဲ့ရာမှာ နိုင်ငံတော် သမ္မတပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားမှတ်တမ်းတင်တဲ့အစီအစဉ်ပြီးသွားမှပဲ သတင်းထောက်တွေ လွှတ်တော်ထဲကို ပြန်ဝင်ခွင့်ရခဲ့ပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်မေးမြန်းကြည့်တော့ သမ္မတရဲ့သ၀ဏ်လွှာမှာ တိုင်းအုပ်ချုပ်ရေး မှူး ဦးအေးကျော်ဟာ ရာထူးကိုအကြောင်းပြုပြီး အဂတိလိုက်စားမှုတွေ၊ အာဏာအလွန်အကျွံ သုံးစွဲမှုတွေ 
ပြု လုပ်နေကြောင်း ယခင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာပေးပို့ပြီး တင်ပြခဲ့တယ်။ 

အဲ့လိုတင်ပြတဲ့အတွက် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကို အမိန့်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့အဖွဲ့က ဧရာဝတီတိုင်းကိုလာရောက်ပြီး ဦးအေးကျော် ကို စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးမှုရလာဒ်တွေကို နိုင်ငံတော်သမ္မတထံတင်ပြလာတဲ့အတွက် သမ္မတက တိုင်းလွှတ်တော်ဆီ သ၀ဏ်လွှာ ပေးပို့ပြီး ဦးအေးကျော်နဲ့ပတ်သတ်တဲ့ကိစ္စကို ရှင်းလင်းခိုင်းတာ ဖြစ်ကြောင်း သိလာရပါတယ်။ 

သ၀ဏ်လွှာမှာ အချက် ၁၂ ချက်ပါဝင်ပြီးတော့ အဲဒီအထဲက ၂ ချက်ကတော့ ဦးအေးကျော်အနေနဲ့ ဥပဒေနဲ့ငြိစွန်းနေလို့ သက်ဆိုင်ရာဌာနတွေက ဆက်လက်စုံစမ်းစစ်ဆေး သင့်တယ်လို့ ပါရှိပါတယ်။ 

ကျန်တဲ့အချက်တွေကတော့ သံသယနဲ့တိုင်ကြားတဲ့အချက်တွေပါလို့ ရေးသားထားကြောင်း သိရပါတယ်။ ဒါကလည်း ကိုယ့်ဘာသာ လွှတ်တော်ကိုယ်စားလှယ်တွေကို အပင်ပန်းခံ လိုက်လံမေးမြန်းခဲ့လို့ သိခဲ့ရတာပါ။ 

အဲတော့ လွှတ်တော် တံခါးပိတ်အစည်းအဝေးလို့ ကြိုတင်ကြေညာခြင်းလည်း မရှိ၊ လွှတ်တော်ရဲ့ တနေ့တာ အစီအစဉ်မှာလည်း ထူးထူးခြားခြား ဘာမှရေးထားတာမရှိဘဲနဲ့ ဘာကြောင့် ဒီသ၀ဏ်လွှာကို တံခါးပိတ် ဖတ်ကြားခဲ့တာပါလဲ။ 

ဘာကြောင့်သတင်းထောက်တွေကို အပြင်ထွက်ခိုင်းပြီး သတင်းအမှောင်ချခဲ့ရတာပါလဲ။ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးကတော့ သတင်းထောက်တွေကို အပြင်ထုတ်ဖို့ သူမခိုင်းပါဘူးလို့ ပြောပါတယ်။ 

“မီဒီယာတွေကို လွှတ်တော်အပြင်ဘက်ထွက်ဖို့ ကျနော်မခိုင်းခဲ့ပါဘူး။ ဒီသ၀ဏ်လွှာကိစ္စကို ကျနော့်အနေနဲ့ ဘာမှဖုံးကွယ်စရာအကြောင်းမရှိသလို မီဒီယာတွေကိုလည်း မရေးပါနဲ့လို့ တားမြစ်စရာ မရှိပါဘူး”လို့ ဦးတင်စိုးက ဧရာဝတီကို ပြောပါတယ်။ 

တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အပိုဒ် ၁၆၀ မှာ “လွှတ်တော်အစည်းအဝေးကို တံခါးပိတ်ကျင်းပမည်ဟု ဥက္ကဋ္ဌက ကြေညာလျှင် ဥက္ကဋ္ဌက ခွင့်ပြုထားသောသူများမှအပ ကျန်ပုဂ္ဂိုလ်များမှာ အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာပေးရမည်”လို့ ပါရှိပါတယ်။ 

အခုက လွှတ်တော်ဥက္ကဋ္ဌကလည်း မခိုင်း၊ တံခါးပိတ်ကျင်းပမယ်လို့လည်း မကြေညာဘဲနဲ့ လွှတ်တော်ထဲမှာ သတင်းယူဖို့ရောက်နေတဲ့ သတင်းထောက်တွေကို ဘယ်သူက ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော်ခန်းမ အပြင်ဘက်ကို ထုတ်ပစ်လိုက်တာပါလဲ… သတင်းထောက်တွေမှာ သမ္မတရဲ့သ၀ဏ်လွှာဖတ်ကြားမှုကို နားမထောင်လိုက်ရတဲ့အတွက် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်နဲ့ပတ်သတ်ပြီး သတင်းရေးဖို့ အသံဖိုင်သက်သေအထောက်အထား မရခဲ့ကြသလို လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်မေးရတဲ့ အချက် အလက်တချို့နဲ့ပဲ သတင်းတည်ဆောက် ရေးသားခဲ့ရပါတယ်။ 

ပုသိမ်ခရိုင်အတွင်းက အမည်မဖော်လိုသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးကတော့ “နိုင်ငံတော်သမ္မတကြီးက သူ့ဝန်ထမ်းကို တိုးတိုးတိတ်တိတ်အရေးယူချင်ရင် နေပြည်တော်ကိုခေါ်ပြီး ဌာနတွင်း အရေးယူလိုက်လို့ ရပါတယ်။ 

အဲဒီလိုမဟုတ်ဘဲ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများပြည်သူသိစေဖို့ လွှတ်တော်ကို သ၀ဏ်လွှာပေးပို့ ဖတ်ကြားစေ ခဲ့တာကို သတင်းမီဒီယာတွေ သတင်းယူလို့မရအောင် ဟန့်တားပိတ်ပင်ခဲ့တာက မလုပ်သင့်တဲ့အရာပါ။

 အောက်ခြေအဆင့်တွေမှာ ပွင့်လင်းမြင်သာမှု ရှိသင့်နေပါပြီ”လို့ ယင်းလွှတ်တော် ကိုယ်စားလှယ်က ပြော ဆို ခဲ့ပါတယ်။ 

 နောက်ထပ် ထူးခြားတဲ့ဖြစ်ရပ်တခုကတော့ သမ္မတသ၀ဏ်လွှာ ပထမပိုင်းကို လွှတ်တော် ဥက္ကဋ္ဌက ဖတ်ကြားခဲ့ပြီး သ၀ဏ်လွှာဒုတိယပိုင်းကို လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းကို ဖတ်ကြားစေခဲ့ ပါတယ်။ 

ဧရာဝတီတိုင်းက လယ်သမား၊ ရေလုပ်သားပြည်သူတွေ တခဲနက် အားပေးထောက်ခံခဲ့တဲ့ ယခင် ဥက္ကဋ္ဌ 
ဟောင်း ဦးဆန်းဆင့်နဲ့ လက်တွဲညီခဲ့တဲ့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းဟာ သ၀ဏ်လွှာ မှာရေး ထားတဲ့ အတိုင်း မဖတ်ဘဲနဲ့ တိုင်းအုပ်ချုပ်ရေးမှူး ဦးအေးကျော်ရဲ့နာမည်ကို ချန်လှပ်ပြီးတော့ ဖတ်ကြားခဲ့ ပါတယ်။ 

 “ဒု ဥက္ကဋ္ဌက သ၀ဏ်လွှာအစပိုင်းမှာ ဦးအေးကျော်နာမည်ကို ကျော်ဖတ်နေတော့ လွှတ်တော်ဥက္ကဋ္ဌက ဒု ဥက္ကဌကြီး နာမည်ကို ကျော်မဖတ်ပါနဲ့။ နာမည်ကိုပါ ထည့်ဖတ်လို့ ခိုင်းတော့မှ ဦးအေးကျော် နာမည်ကို ထည့်ဖတ်ခဲ့တာ”လို့ ဖျာပုံခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။ 

ဒါကတော့ ယခင်ကနဲ့မတူ တမူထူးခြားလာတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က အဖြစ်အပျက် တချို့ကို စာဖတ်သူများသိရှိအောင် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။   
http://blog.irrawaddy.org/2013/04/blog-post_2792.html#more

25 Apr 2013

လစ် ဗျားနိုင် ငံ ထ ရီ ပို လီမြို့မှာ ပြင် သစ် သံ ရုံး ကား ဗုံး ခွဲ တိုက် ခိုက် ခံ ရ

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့မှာ ရှိတဲ့ ပြင်သစ်သံရုံးကို ကားဗုံးခွဲ တိုက်ခိုက်မှု တခု ယနေ့ အင်္ဂါနေ့ စောစော ပိုင်း မှာ ဖြစ်ပွားခဲ့ပါတယ်။ 

 လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ပြင်သစ်သံရုံးကို ကားဗုံးခွဲ တိုက်ခိုက်မှုအပြီးမြင်ကွင်း၊ ဓာတ်ပုံ- Foreign Policy Magazine

ဒါဟာ လစ်ဗျားနိုင်ငံမှာ ကဒါဖီ မရှိတော့တဲ့ နောက်ပိုင်း အကြီးမားဆုံး တိုက်ခိုက်မှုတခုဖြစ်ပြီး အနောက်
နိုင်ငံတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တခုလည်းဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ပြင်သစ် အစောင့် ၂ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပြီး သံရုံးအဆောက်အဦး အ၀င် ထောင့်နေရာတချို့လည်း ပျက်ဆီးသွားခဲ့ပါတယ်။  သံရုံးဝင်းအတွင်းက အဆောက်အဦးမှန်တံခါး 
တွေနဲ့ အမိုးအကာတချို့လည်း ပျက်ဆီးသွားခဲ့ပါတယ်လို့ Foreign Policy က ဆိုပါတယ်။

အခုတော့ သံရုံးပတ်ဝန်းကျင်ကို လုံခြုံရေးပိတ်ဆို့မှုတွေ လုပ်ထားတယ်လို့ ရိုက်တာ သတင်းတပုဒ်က ဆိုပါတယ်။ အခု လုပ်ရပ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သူတို့ လုပ်တယ်လို့ ထုတ်ဖော်ပြောဆို တာမျိုး မရှိသေးပါဘူး။ 

ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး လောရင့် ဖဗျွီးကတော့ ဒါဟာ ပြင်သစ်တနိုင်တည်းကို ရည်ရွယ်တိုက်ခိုက်တာ မဟုတ်ဘဲ အကြမ်းဖက်ဆန့်ကျင်ရေး လုပ်နေတဲ့ နိုင်ငံတိုင်းကို ရည်ရွယ်ပစ်မှတ်ထား တိုက်ခိုက်တာဖြစ် တယ် လို့ ဆိုထားပါတယ်။ 

မကြာသေးမီရက်ပိုင်းကပဲ အမေရိကန် ပြည်ထောင်စု ဘော့စတွန်မြို့ မာရသွန်ပြေးပွဲမှာ ဗုံးခွဲတိုက်ခိုက် မှု ကြောင့် လူ ၃ ဦးသေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပြီး သံသယဖြစ်သူ ချေချင်ညှာမှ ညီအကို ၂ ဦးအနက် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာဖြင့် ဖမ်းမိခဲ့ပါသေးတယ်။    
http://blog.irrawaddy.org/2013/04/blog-post_2943.html#more

23 Apr 2013

ဦးအောင်မင်းတို့ အဖွဲ့ နယူးယောက်မှာ ဆန္ဒပြမှုနှင့် ကြုံ



အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ သမ္မတရုံး ၀န်ကြီး တဦးဖြစ်တဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ လူလိမ်တွေလို့ အော်ဟစ် ဆန္ဒပြမှုကို ခံခဲ့ရတာ အင်တာနက် စာမျက်နှာတွေမှာ အတော် ပျံ့နှံ့နေပါတယ်။ 






နုယူးယောက်မှာ မြန်မာမိသားစုတွေနဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပွဲပြင်ပမှာ အမေရိကန်ရောက် မြန်မာဆန္ဒပြသူ ၂ ဒါဇင် ကျော်လောက်က  လိမ်ညာနေတာတွေ ရပ်ဆိုင်းဖို့ တောင်းဆို ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အလိုမရှိ စသဖြင့် အဓိက တရား ဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ဖို့နဲ့ ပြည်သူ့ အခွင့် အရေး အပြည့်အ၀ ရရှိရေး တို့ကို တောင်းဆိုခဲ့ကြ ပါတယ်။ 



မြန်မာမိသားစုတွေနဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံက နိုင်ငံရေး ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှင်းလင်းပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 



မြန်မာနိုင်ငံက လက်ရှိ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ စနစ်ကျတဲ့ ပုံစံမျိုးနဲ့သွားနေတာ မဟုတ်ဘူးလို့ ဆန္ဒပြသူတွေကို ထောက်ခံတဲ့ ဝေဖန်ချက်တွေလည်း တွေ့ရပါတယ်။  

တချို့မှတ်ချက်တွေကလည်း ဦးအောင်မင်းဟာ အရေထူပြီးသားမို့ အပြုံးမပျက် ဆန္ဒပြသူတွေကို လက်ပြ နုတ်ဆက်ပြီး ကားပေါ် တက်သွားခဲ့တယ်လို့ ဆိုပြန်ပါတယ်။ 

ဦးအောင်မင်းတို့ အဖွဲ့ဟာ ဗြိတိန်နိုင်ငံကိုလည်း သွားရောက်ခဲ့သေးပြီး အခုခရီးစဉ်မှာတော့ ဦးခင်ရီ၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်စတဲ့ သူတွေလည်း ပါဝင်ပါတယ်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အခု ခရီးစဉ်အတွင်းမှာ လက်ရှိ မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် 
တွေကို ရှင်းပြနေတာပါ။ သမ္မတ ဦးသိန်းစိန်ကို အပ်နှင်းတဲ့ ငြိမ်းချမ်းရေး စွမ်းဆောင်ရှင်ဆုကိုလည်း ဦးအောင်မင်းက ဦးသိန်းစိန်ကိုယ်စား တက်ရောက် ရယူမှာဖြစ်ပါတယ်။  

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif