http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

26 May 2013

ဈေးကွက်ဝင် ကချေသည်များ

 
    Dancer လို့ ခေါ်ကြတဲ့ ကချေသည်တွေ တဖြည်းဖြည်း ပေါ်ပြုလာဖြစ်လာသလို၊ အနောက်တိုင်းကလာတဲ့ မြူးမြူးကြွကြွ ကခုန်တဲ့ပညာအထွေထွေကို သင်ယူချင်သူတွေလည်း များလာတယ်။
အခုနောက်ပိုင်းမှာတော့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တာတွေ ရှိလာပြီး   တော်တော်များများက စိတ်ဝင်စားလာကြတာပါ။

အိပ်မက်ဆုံရာ အစီအစဉ်ကနေ ထုတ်လွှင့် ပြသတဲ့ အကကို  စောင့်ကြည့်ပြီးတော့ လိုက်ကတဲ့ သူတွေ ရှိတယ်လို့ သိရပါတယ်။


ရန်ကုန်က နာမည်ကျော် Uranium အဖွဲ့က ခေါင်းဆောင် ဖြစ်တဲ့ ကိုဇေယျာက...
“ကျွန်တော်တို့တွေ အဲလိုပွဲတွေမှာ ပါဝင်ခွင့် ရလာတာတွေကလည်း လူပိုသိလာတာမျိုး ဖြစ်လာစေပါတယ်” လို့ ပြောပါတယ်။

Chanal 7 လို ဖျော်ဖြေရေးရုပ်သံလိုင်း တွေကနေ ပြသနေတဲ့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲတွေကြောင့်လည်း အကအဖွဲ့တွေ  နာမည်ကြီးလာကြတာလို့   ကိုဇေယျာက သုံးသပ်ပါတယ်။

“မှန်ပါတယ်၊ ကျွန်တော်တို့က ရှိုးပွဲတွေမှာပါပြီးဖျော်ဖြေတယ်၊ ဥပမာ စိုင်းစိုင်းရိုးပွဲတွေမှာ ပါတယ်၊ ဒီလိုလူအများစိတ်ဝင်စားတဲ့ပွဲတွေမှာ ပါဝင်တာကြောင့် ပရိုမိုးရှင်းဖြစ်တယ်။
ရုပ်သံတွေက ထုတ်လွှင့်ပြသတဲ့ အက ပြိုင်ပွဲတွေမှာလည်း လူငယ်တွေက သူတို့နည်း သူတို့ဟန်နဲ့ ကကွက် အသစ်အဆန်းတွေ ထွင်ပြီး ၀င်ရောက် ယှဉ်ပြိုင်လာကြတာ တွေ့ရပါတယ်” လို့ ကိုဇေယျာက ပြောပါတယ်။

“အကပညာဟာ ရန်ကုန်တင် မဟုတ်ဘဲ နယ်က လူငယ်တွေပါ စိတ်ဝင်တစား ဖြစ်လာတာကို  ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသတဲ့ ပြိုင်ပွဲ အစီအစဉ်တွေ ကြည့်ရင် သိနိုင်ပါတယ်။
ကကွက်တွေက ပရိသတ်ကို ပိုဆွဲဆောင်နိုင်တယ် ဆိုတာ  သိလာတာကြောင့်လည်းပါတယ်” လို့ ကိုဇေယျာက ရှင်းပြပါတယ်။
 
ဒီကနေ့ ဆိုရင် ကချေသည်အလုပ်နဲ့ ဘဝရပ်တည်နေသူတွေကို တွေ့နိုင်မှာပါ။

လူငယ်အကအဖွဲ့ အရေအတွက်က  အရင်ကထက်များလာပါပြီ။
အထင်ကရအဖွဲ့ရော၊ အပျော်တမ်းသဘောမျိုး လှုပ်ရှားနေတဲ့အဖွဲ့တွေရော ပေါင်းလိုက်ရင် အနည်းဆုံး အဖွဲ့ လေးဆယ်လောက်တော့ ရှိပါလိမ့်မယ်။

အက အဖွဲ့တွေ တိုးပွားလာသလို  အကသင်တန်းကျောင်းတချို့လည်း ဖွင့်လာတာ တွေ့ကြရမှာပါ။ 

ကုန်ပစ္စည်း မိတ်ဆက်ပွဲ၊ ဖက်ရှင်ရှိုးတွေမှာ အကအဖွဲ့တွေကို မဖြစ်မနေ တွေ့နေရပါပြီ။

 တေးသီချင်း ဗီစီဒီ ရိုက်ကူးကြရာမှာလည်း   အကအဖွဲ့တွေကို သုံးလာကြတာ ကာလှအတန်ကြာပါပြီ။ 

ဈေးကွက်ဝင်လာတဲ့၊ လူကြိုက်များလာတဲ့ သူတို့ရဲ့ ကခုန်မှုတွေဟာ ပြည်တွင်းဖြစ်တော့ မဟုတ်ပါဘူး။

နိုင်ငံခြားကလာတဲ့ ယဉ်ကျေးမှု ဆိုပေမယ့် မြန်မာပြည်က ကချေသည်တွေက နိုင်ငံခြားထက် ပိုပြီး ကြိုးစားရတာ ရှိနေတယ်လို့ ဆိုရပါမယ်။

ကချေသည်တွေ ပြောတာကတော့ အကမျိုးစုံ ကခုန်တတ်အောင် လေ့ကျင့်ထားရပါတယ် တဲ့။

ပြည်ပ အကအဖွဲ့တွေဟာ မတူခြားနားတဲ့ ခေတ်ပေါ်ကခုန်မှုပုံစံမျိုးစုံကို ကကြမယ် မထင်ပါ။
အက အမျိုးအစားများစွာ ရှိတဲ့အနက် သူတို့နှစ်သက်ရာ၊ သူတို့ ပိုမို ကျွမ်းကျင်ရာကိုပဲ ကကြမယ် ထင်ပါတယ်။

မြန်မာပြည်မှာတော့ အထက်မှာဆိုခဲ့သလိုပဲ အကမျိုးစုံ ကခုန်တတ်အောင် လေ့ကျင့်ထားကြတာပါ။
ဒါမှလည်း ဈေးကွက်ဝင်တဲ့ အကအဖွဲ့ဖြစ်မယ်၊ အဆိုတော် ဂီတသမားမျိုးစုံနဲ့ တွဲပြီး တင်ဆက်ဖျော်ဖြေနိုင်ကြမှာ ဖြစ်ပါတယ်။
http://blog.irrawaddy.org/2013/05/blog-post_26.html#more

19 May 2013

အသက်နဲ့ ထပ်တူ မေခလာ သိန်း ၅၀ လှူ





ချစ်ငယ်လို့ ဂီတလောကမှာ ချစ်စနိုးခေါ်ကြတဲ့ တေးသံရှင် မေခလာက သူ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့မှာ ဘာသာရေးနဲ့ ပညာရေးအတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“မေ ၂ ရက်နေ့က ချစ်ငယ်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ စင်ထရယ်ဟိုတယ်မှာ အလှူလေး လုပ်ခဲ့တာပါ။ ဆယ်မိုင်ကုန်း၊အောင်စေတီ ညောင်ခါးရှည်မှာ ဘုရားတည်နေတဲ့ အထဲကို ဆယ်သိန်း၊ တွံတေး လူငယ်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် ၁၀သိန်း၊ အဲဒီကျောင်းက မိဘမဲ့ ကလေးလေးတွေကို ပညာသင်ကြား ပေးနေတဲ့ ကျောင်းလေ။သင်္ဃန်းကျွန်း၊ ပုလဲမြို့သစ်မှာ ရှိတဲ့ အရှင်ဉာဏက ဦးစီးတဲ့ ပညာမြေ ကျောင်းမှာ ကတော့ မိဘမဲ့ရော၊ ဆင်းရဲနွမ်းပါး ကလေးရော သင်ပေးနေပါတယ်။ အဲဒီ ကျောင်းအတွက် သိန်း ၃၀ လှူခဲ့ပါတယ်” လို့ မေခလာက ရှင်းပြပါတယ်။
တေးသံရှင် မေခလာက သူ့ရဲ့ အသက်ကို ထုတ်ဖော် မပြောပေမယ့် အသက် ၄၅ နှစ် အချိန်ကစပြီး နှစ်စဉ် အသက်နဲ့ အညီ ၄၅ သိန်း၊ ၄၆ သိန်း စသည်ဖြင့် လှူခဲ့ပြီး အခု ၂၀၁၃ မှာ သိန်း ၅၀ လှူခဲ့တာမို့ အသက် ၅၀ ပြည့်ပြီလို့ အားလုံးက အလိုလို နားလည် လိုက်ကြပါတယ်။ အခုနှစ် အလှူမှာလည်း ပရိသတ်ဆီက ရတဲ့ ပိုက်ဆံတွေကို စုပြီးလှူဒါန်းရတာမို့ ပရိသတ်လည်း သာဓုခေါ်နိုင်တယ်လို့ သူက ပြောပါတယ်။
“ချစ်ငယ်က ပွဲဆိုရတဲ့ ပိုက်ဆံတွေ၊ မင်္ဂလာဆောင် လေးတွေက အစပေါ့၊ ရတဲ့ ငွေကို ဆယ်ပုံ ၃ ပုံ လှူခဲ့တာပါ။ ပရိသတ် ဆီက ရတဲ့ ပိုက်ဆံဆိုတော့ ပရိသတ်နဲ့လည်း ဆိုင်တာပေါ့” လို့ ဆိုပါတယ်။
လက်ရှိလှုပ်ရှားမှု အနေနဲ့ မေခလာဟာ နေပြည်တော်မှာ သီဆိုဖျော်ဖြေပြီး ပြန်လာတယ်လို့ သိရပါတယ်။
ရာသီ အနေအထားအရ မင်္ဂလာဆောင်၊ ညစာစားပွဲတွေမှာ ဖျော်ဖြေပေးနေတာတွေ့ရပြီး ဇွန်လကုန် ပိုင်းမှာလည်း ဂျပန်နိုင်ငံ မှာ ကျင်းပမယ့် ဖက်ရှင်ရှိုး တခုကို သူငယ်ချင်း ဖက်ရှင်ဒီဇိုင်နာရဲ့ ဖိတ်ကြားချက် အရ ဧည့်သည်တော် အဖြစ် တက်ရောက် ပေးရမှာ ဖြစ်ပါတယ်။
“သူငယ်ချင်းက ဂျပန်မှာကြာပြီ၊ ဟိုမှာ ဒီဇိုင်နာ ဖြစ်နေတာလည်း ကြာပြီပေါ့။ သူတို့ပွဲအတွက် ဖိတ်လို့သွားတာပါ” လို့ မေခလာက ပြောပါတယ်။
မေခလာရဲ့ တကိုယ်တော် စီးရီးအသစ်ကိုတော့ ၂၀၁၃ အောက်တိုဘာ သီတင်းကျွတ်အမီ ထွက်ဖို့ မှန်းထားကြောင်းနဲ့ သီချင်း အသစ်ရော၊ အဟောင်းပါ ပါမှာဖြစ်ကြောင်း၊ Lazy Club၊ Plus Three စတဲ့ တေးဂီတ ၂ ခုနဲ့ တီးခတ်နေကြောင်းလည်း သိရ ပါတယ်။
တေးသံရှင် မေခလာက ကော်လာပေါ်က နှုတ်ခမ်းနီ၊ အဲဒီလောက်တောင် ချစ်ရသည်၊ ၁၆ နှစ်မ၊ ဂိုးသွင်းကောင်းတဲ့ ကိုကို၊ ဝါကာဝါကာ စတဲ့ သီချင်းတွေအပြင် ကိုယ်ပိုင်သီချင်း ၇၀ နီးပါးနဲ့ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ခင်ပွန်းသည် သရုပ်ဆောင် ရန်ကျော်နဲ့ သမီးလေးတဦး ထွန်းကားပြီး အနုပညာ အလုပ်တွေကို အဆက်မပြတ် ဆက်လက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 
http://burma.irrawaddy.org/archives/40065

15 May 2013

ဖေ့စ်ဘုတ်ကို မှန်ကန်စွာ အသုံးချတတ်သူ နန်းခင်ဇေယျာနဲ့ ဖူးဖူး

  
 
 
 
အင်တာနက်မယ်လို့ လူသိများကြတဲ့ နန်းခင်ဇေယျာဟာ ပရဟိတစိတ်ဓာတ် ပြည့်ဝသူတဦးပါ။ နန်းခင်ဇေယျာလို့ နာမည်တလုံး ရလာတာနဲ့ တပြိုင်တည်း ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဦးစီးတဲ့ နာရေး ကူညီမှု အသင်း ( ရန်ကုန်) မှာ စေတနာ့ဝန်ထမ်းအနေနဲ့ နာရေးကူညီမှုတွေ လုပ်ဆောင်နေခဲ့တာပါ။ 


နောက်ထပ်လည်း နန်းခင်ဇေယျာဟာ ကလေးသူငယ်တွေအတွက် အချိန်ပေး ကူညီအားဖြည့်ပေးတဲ့ လုပ်ငန်း တွေ လုပ်ဆောင်လာနေပါတယ်။ 

မကြာသေးခင်ကလည်း မီးလောင်ဒဏ်ရာတွေ ရလို့ ဆေးရုံတက် ကုသနေရတဲ့ ဖူးဖူးဆိုတဲ့ ကလေးမလေး အတွက် သူက အင်တာနက် လူမှုကွန်ရက်ကို အသုံးချပြီး ဖူးဖူးလေး အတွက် ဆေးကုသစရိတ်ကို ဖန်တီး ခဲ့ပါတယ်။ 

ဖူးဖူးလေးဆီ နန်းခင်ဇေယျာက အားပေးစကားသွားပြောတာတွေကို ဖေ့စ်ဘုတ်ကနေတဆင့် လူတွေ သိအောင် လုပ်ခဲ့လို့ ဖူးဖူးလေးဟာ ဆေးကုသစရိတ်အတွက် အကူအညီတွေ ရခဲ့ပါတယ်။ 

မနေ့တုန်းကတော့ နန်းချင်ဇေယျာက ဖူးဖူးလေးဆီ နောက်တကြိမ်သွားပြီး အရင်နေ့တွေထက် ပိုပြီးပျော်နေ တဲ့ ဖူးဖူးလေး ကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်တဲ့။ 

“အလှူရှင်အားလုံး သွားရောက်လှူဒါန်းထားတဲ့ငွေတွေဟာ (၃/၄) လစာဆေးဖိုး အတွက်လုံလောက်ပြီ လို့ထင်မိပါတယ်.. နောက်ပိုင်းဆေး ကုသမှူအတွက် အများကြီးကိုလိုအပ် နေတာ ကိုလည်းတွေ့ ခဲ့ရပါ တယ်” လို့ နန်းခင်ဇေယျာက သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ 

ဒီကလေးမလေးအတွက် လေအေးခန်းရဖို့ နန်းခင်ဇေယျာက ဆရာဝန်ကြီးတွေကို ပြောလိုက်တော့ အဆင်ပြေသွားလို့ သူက ထပ်ပြီး ၀မ်းသာကြောင်း ပြောထားပါသေးတယ်။ 

“ဖူးဖူးလေးဟာ နောက် ထပ် နှစ်လလောက် အရိုး ဆေးရုံမှာ ဆရာမတွေနဲ့ အနီးကပ် နေရအုံးမှာပါ ... ပရိသတ် များ အနေနဲ့ အချိန်ရပြီး အား လျှင် သမီးလေး ကိုသွား တွေ့ /အားပေး စကား ပြောပြီး အလှူငွေ ကိုဆေးရုံ ဆရာမ အား အပ်ထား နိုင်ပါတယ်.... နန်းခင်ရဲ့အမြင်မှာတော့ သမီးလေးရဲ့နောက်ပိုင်း ကုသမှူ အများ ကြီးလိုသေးသည့် အတွက် နောက်ပိုင်း ခွဲစိတ်ခအတွက် ကိုစတင်ပြီး လက်တွဲ ကုသိုလ်ယူကြ ရအောင်နော်...

 ပြည်ပ မှ အလှူရှင်များ ဖူးဖူးရဲ့နောက်ပိုင်းခွဲစိပ်မှူကို အလှူငွေ ထည့်မည်ဆိုပါက Bank account - 0291 220 027 632 ( Kanbawza bank) သို့ငွေ လွဲနိုင်ပါတယ် ရရှိသောငွေစာရင်းများကို Facebook တွင်ဖော်ပြပေးပါမယ်... 

သမီးလေး ဖူးဖူး ကိုယ်စား ကျေးဇူးတင်ရှိပါ တယ် ...

 နန်းခင်ဇေယျာ 

အထက်ပါအတိုင်းလည်း သူက ထပ်ပြီး ဆော်သြထားပါတယ်။ 

အင်တာနက်သုံးစွဲသူ မြန်မာတွေ မဲပေး လိုက်လို့ မနှစ်က ဂျပန်မှာ ကျင်းပတဲ့ အလှပြိုင်ပွဲမှာ ပရိသတ်ပေး တဲ့ ဆုကို ဆွတ်ခူးရရှိလာခဲ့ပြီး လူသိရှင်ကြား နန်းခင်ဇေယျာရယ်လို့ ဖြစ်လာ ခဲ့ပြီး အခုဆို ကြော်ငြာတွေမှာ လည်း မြင်တွေ့လာ ရတဲ့ မော်ဒယ်လေး တဦးဖြစ်နေပါပြီ။ 

ဒါပေမယ့် သူဟာ အကူအညီတကယ်လိုအပ်နေသူ အထူးသဖြင့် ကလေးငယ်လေးအတွက် ဖေ့စ်ဘုတ်ကို အသုံးပြုကာ ဆေးကုသ စရိတ်ကို ရှာပေးနေတဲ့ လူမှုရေး စိတ်ဓာတ်ချမ်းသာသူလေးလည်း ဖြစ်တာ ဒီဖြစ်ရပ်က သက်သေထူလိုက်ပါတယ်။   
http://blog.irrawaddy.org/2013/05/blog-post_8359.html#more

12 May 2013

အင်တာနက် အဆိုတော် နစ်ကီနဲ့ တွေ့ဆုံခြင်း




အခုတလော အင်တာနက်မှာ ပေါက်ပြီး မြို့မေတ္တာခံယူနေတဲ့ နစ်ကီဘိုမင်းအောင် သို့မဟုတ် လဲလဲလဲလဲ က ဖေ့စ်ဘွတ်ပေါ်က သူ့ရဲ့ အကောင့် အတုကြောင့် စိတ်ညစ်နေရပါတယ်တဲ့။သူ့ အကောင့် အတုပေါ်မှာ ရေးထားတဲ့ စာတွေက သူရေးတာ မဟုတ်တဲ့အတွက် ပရိသတ်ရဲ့အထင်လွဲမှုကို သူခံနေရတယ်လို့ နစ်ကီက ဧရာဝတီနဲ့ တွေ့ဆုံခိုက် ရင်ဖွင့်လာပါတယ်။
ယူကျုပေါ်တင်ပြီးပြီးချင်း အသားကုန် ဆဲဆို အားပေးခံရပြီး သူရေး၊ ဆို၊ ရိုက်ခဲ့တဲ့ “နင်ငါ့ကို ချစ်လဲလဲလဲလဲ” သီချင်း အခုလို ပေါက်သွားခဲ့တာ သူ့ရဲ့ ချစ်ဖေဖေ ကျေးဇူးကြောင့်ပါတဲ့။ “ကျနော် သီချင်း ၆ ပုဒ်ပြီးလို့ ခွေဖြန့်တော့မယ်ဆိုတော့ အဖေက အရမ်းအေးတဲ့ အပုဒ်ကို ဖြုတ်ခိုင်းတာနဲ့ အမြန်ပဲ အဲဒီ လဲလဲလဲ သီချင်းကို သွင်းလိုက်တာ၊ ရိုက်တာတောင် ကင်မရာနဲ့ One Shot ပဲ ရိုက်လိုက်ရတယ်၊ Edit တောင် မလုပ်လိုက်ရဘူး” လို့ နစ်ကီက လှိုက်လှိုက်လဲလဲ ပြောပါတယ်။
သူ့ရဲ့သီချင်း ၆ ပုဒ်ကို ဗီစီဒီအဖြစ် သေသေချာချာ ဖန်တီးပြီး စင်တာတွေမှာ ဝေတယ်။ နီးစပ်ရာမှာ ဝေခဲ့တယ်တဲ့။ ပထမဆုံး တုံ့ပြန်မှုအဖြစ် သူငယ်ချင်းတွေက ဘယ်သူကမှ အားမပေးကြဘူးလို့ နစ်ကီက ပြောတယ်။ တချို့ကဆို တားတောင် တားကြပါသေးတယ် တဲ့။ ဒါပေမယ့် မလျှော့သော ဇွဲ လုံ့လနဲ့ ဆက်ပြီး ကြိုးစားရာ အင်တာနက်မှာ သီချင်းတွေ တင်ခဲ့တယ်။ အဲ့ဒီမှာပဲ လူသိများဖို့ အကြောင်းဖန်လာပါတော့တယ်။ အရင်ဆုံး ဟစ်ဟော့ပ် မုန်းတီးသူများ တိုက်ဖျက်ရေးအဖွဲ့က သူတို့ပေ့ခ်ျမှာ တင်လိုက်တယ်၊ နောက် လူတွေ ဝိုင်းရှယ် ဝိုင်းအားပေးကြရတဲ့ သူ့ရဲ့ လဲလဲလဲ သီချင်းကို  ဟာသကမ္ဘာက ယူတင်ခဲ့တဲ့အတွက် အခုလို သူ ပေါက်သွားခဲ့ရတာပါပဲ လို့ နစ်ကီက အသေးစိတ် ရှင်းပြတယ်။
နစ်ကီက လသာ ၁ အထက်တန်းကျောင်းမှာ ၁၀ တန်းအောင်ခဲ့ပြီး အခု ကျောင်းတက်ဖို့ အမေရိကန် စကောလားရှစ် ရှာနေတယ်လို့ပြောပါတယ်။ သူ့ရဲ့ အဖေကလည်း အင်္ဂလိပ်စာဆရာ တဦးဖြစ်လို့ သူ့သီချင်းတွေမှာလည်း အင်္ဂလိပ်စာသားတွေ ထည့်ဆိုနိုင်တာ ဖြစ်ပါလိမ့်မယ်။
သတင်းကြီးနေတဲ့ တကိုယ်တော် မျှော်စင်ကျွန်း ရှိုးပွဲနဲ့ ပတ်သက်ပြီးတော့ နစ်ကီက မဟုတ်ရပါဘူးလို့ ဆိုပါတယ်။  စိတ်တောင်မကူးရဲတဲ့အကြောင်း၊ သူရဲ့ ဖေ့စ်ဘွတ် အတု ကနေ လုပ်ကြံရေးသားနေကြတဲ့အကြောင်း ပြောပါတယ်။
အင်တာနက်ပေါ်မှာ သူ့ထက် အရင် သတင်းကြီးနေတဲ့ အိန်အိန်းကလည်း သူ့ဆရာ မဟုတ်ပါဘူးလို့ နစ်ကီက ပြောပါတယ်။ အိန်အိန်းနဲ့ ဖေ့စ်ဘွတ်မှာခင်ပြီး အကိုလို ခင်မင်သွားတာပါတဲ့။ အိန်အိန်းက သူ့ကို သေချာကြိုးစားဖို့၊ ရှိုးပွဲမှာ ဆိုရဲပြီဆိုရင် Play Back မဆိုဘဲ ဆိုရဲပြီဆိုမှ ခေါ်မယ်လို့ သေချာ အားပေး လမ်းပြတယ်လို့ နစ်ကီက ပြောပါတယ်။
နစ်ကီက ရောခ့်သီချင်း ၂ ပုဒ်ကို အရင်ရေးပြီး ဆိုခဲ့တာပါတဲ့။ သူ တကယ်ကြိုက်တာက ရောခ့်ဂီတပါတဲ့။ ဒါပေမယ့် အခုလို ဟစ်ဟော့ပ်နဲ့ ပေါက်သွားတော့ ဟစ်ဟော့ပ်ဘက်ကိုပဲ ခြေစုံပစ်ဝင်တော့မှာတဲ့။ (ဟစ်ဟော့ပ် ပရိသတ်အတွက် ရင်ခုန်စရာကြီးပေါ့) သူ သီချင်းတွေက ရယ်စရာ မဟုတ်ဘူး၊ အတည်လုပ်ခဲ့တာတဲ့။ ဒါပေမယ့် အခုလို ရယ်စရာ ဖြစ်သွားတော့လည်း လူတွေ မြန်မြန် သိသွားတဲ့အတွက် ကျေးဇူးတင်ရမလိုဖြစ်နေပြီလို့ပြောပါသေးတယ်။
ပရိတ်သတ်တွေအတွက် နစ်ကီ ကြိုးစားနေပါတယ်။ အခုဆိုရင် သီချင်း အသစ်တွေ ရေးနေသလို ဂစ်တာလည်း သင်နေပါပြီတဲ့။ ဒါ့အပြင်  နစ်ကီရဲ့ တွဲဘက် (လဲလဲလဲသီချင်းရဲ့ ရက်ပါ) ကောင်းထက်ကလည်း ဂစ်တာတီးသင်နေပါပြီတဲ့။ လဲလဲလဲသီချင်းနဲ့ ပတ်သက်ပြီး ကောင်းထက်က ဒီသီချင်းဟာ သူ့ဘဝမှာ ပထမဆုံး ဆိုရတဲ့ သီချင်းမို့လို့ သူ့မှာ ဒူးတောင်အောင် ကြောက်ခဲ့ရတဲ့အကြောင်း၊ ဗီစီဒီအတွက်လည်း ဘာမှ မပြင်ဆင်ဘဲ ရိုက်လိုက်ရတဲ့အတွက် စိတ်တိုင်းသိပ်မကျပေမယ့် ပေါက်သွားတဲ့အတွက် အလွန့် အလွန် ပျော်ရပါကြောင်း ပြောပါတယ်။
နစ်ကီကတော့ ဂီတလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ သူနဲ့ အလှမ်းဝေးနေတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက သူ အင်တာနက်ပေါ် ပေါက်သွားတဲ့အတွက် ဖုန်းဆက်ပြီး အားပေးစကားပြောကြတဲ့အတွက် ပို အားရှိလာပြီး ဆက်လုပ်တော့မှာလို့ နစ်ကီက ဘယ်လိုမှ တားမရတော့မယ့် အားမာန်အပြည့်နဲ့ ပြောလာပါတယ်။
စီးရီးကို official ထွက်နိုင်အောင် ကြိုးစားနေပြီး ရှိုးပွဲတွေအတွက်လည်း သေချာလေ့ကျင့်နေပြီလို့ နစ်ကီက ဆိုတာမို့ အားပေးကြမယ့် ပရိသတ်ကြီး ပါးစပ်သာ ပြင်ထားပေရော့။(ပြုံးရယ်နိုင်ကြဖို့ ပြောတာနော်) 
http://burma.irrawaddy.org/archives/39533

11 May 2013

ရွှေမှုံရတီရဲ့ ဖြေရှင်းချက်နဲ့ “မျက်လုံးလေး ကလယ်ကလယ်”




“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထွက်ရှိပြီး တပတ်ကျော် အကြာမှာ မြန်မာ ပရိတ်သတ်တွေရဲ့ ဝေဖန်သံတွေ အတော် ထွက်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသူလေး တယောက်ကို လိင်အသားပေး ဇာတ်ဝင်ခန်းများ ရိုက်သင့်သလား၊ မြန်မာဇာတ်ကားတွေက ဒီလိုဖြစ်ကုန်ပြီလား၊ ဒီအခန်းတွေက မပါသင့်ဘူး ဆိုတဲ့ ဝေဖန်သံတွေ ကြားလာရပါတယ်။ ဇာတ်ကားထဲမှာ ရွှေမှုန်ရတီက နေဆန်းနဲ့ စိုးမြတ်သူဇာတို့ရဲ့ ၄ နှစ်အရွယ် ကလေးကို ထိန်းပေးတဲ့အိမ်မှာ ရွှေမှုံရတီရဲ့ ချစ်သူ ညီထွဋ်ခေါင်ရောက်လာပြီး ချစ်သူချင်းနမ်းတဲ့ ဇာတ်ဝင်ခန်း၊ နေတိုးစိတ်ဖောက်ပြန်ပြီး ရွေမှုံရတီကို အလိုမတူဘဲ သားမယား ပြုကျင့်ခန်းတွေကြောင့် ဝေဖန်ရေးတွေ လှိုင်းထသွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင်ရွှေမှုံရတီက ဧရာဝတီကို ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ရတာလို့ ပြောပါတယ်။
မေး။     ။ မျက်လုံးလေး ကလယ်ကလယ်နဲ့ ပတ်သက်ပြီး လူတွေ တော်တော်ပြောနေကြတယ်။ ရွှေမှုံ ဘာပြောချင်ပါလဲ။
ဖြေ။      ။ အဲဒါ ရွှေမှုံလဲ မသိဘူး။ ကိုယ့်ကို မနာလိုတဲ့လူလည်း ဖြစ်ချင်ဖြစ်မှာပါ။ အကျင့်ယုတ်တဲ့ လူက အင်တာနက်မှာ တင်လိုက်တာ။ ဒီလို ရိုက်တဲ့ပုံစံကို တလောကလုံး သိသလို ပရိတ်သတ် အားလုံးလည်း သိတယ်။ ပရိတ်သတ်တွေက နားလည်တယ်။ အဲဒါကို အကျင့်ယုတ်တဲ့သူက လုပ်တော့ ပရိတ်သတ်လည်း နည်းနည်းခေါင်းစားစရာ ဖြစ်လာတယ်။ သဏ္ဍာန်လုပ် သရုပ်တူတဲ့။ ကိုယ်က တူအောင် သရုပ်ဆောင်ရတာ။ တကယ်မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ သရုပ်ဆောင်ရင် Mood သွင်းရတယ်။ ကိုယ့်ရဲ့ သဘာဝစိတ်ရယ်၊ ကိုယ်မဟုတ်တဲ့ ဇာတ်ကောင်ရဲ့ စိတ်ရယ်ကို သွင်းရတာလေ။ ဒီလိုလုပ်တာ ဒါရိုက်တာကိုသော်လည်းကောင်း၊ မင်းသားကိုသော်လည်းကောင်း၊ မင်းသမီးကိုသော်လည်းကောင်း အကျင့်ယုတ်ချင်လို့ကို လုပ်တာပါ။ ရွှေမှုံတို့ဘက်မှာရှိတဲ့ ပရိတ်သတ်တွေက အများကြီးပါ။ ဒါ လိမ်ရိုက်ထားတယ်ဆိုတာ လူတိုင်းသိနေတာပဲ။
မေး။     ။ ဒီလိုဖြစ်သွားတော့ ဒီကားက ပိုပေါက်သွားတယ် မဟုတ်လား။
ဖြေ။     ။ ဒီကားက ပေါက်တယ်။ ရွှေမှုံ ကတော့ ဘာမှဖြေရှင်းမနေဘူး။ လိပ်ပြာသန့်တယ်။ ဒါရိုက်တာရယ်၊ မင်းသမီးရယ်၊ မင်းသားရယ် ၃ ယောက်တည်း ရိုက်ထားတဲ့ဇာတ်ကား မဟုတ်ဘူး။ လူအယောက်ပေါင်း ၃၀ ကျော်ရှိတဲ့ ရိုက်ကွင်းမှာ ရိုက်တာလေ။  ဒါရိုက်တာ ခိုင်းသမျှ မလုပ်တတ်ဘူးဆိုတာ မရှိအောင် ရွှေမှုံ ကြိုးကြိုးစားစား လုပ်တယ်။
မေး။     ။ ဒီလို ဇာတ်ကားကို ရိုက်ဖို့ ကိုလူမင်းက သင်ပေးးတာလား။
ဖြေ။     ။ အဲလိုတော့ မရှိပါဘူး။ ရိုက်ကွင်းတခုကို ရောက်သွားတယ်။ ဒါရိုက်တာက ဒီလိုဇာတ်ဝင်ခန်းမျိုး လုပ်ရဲမလား မေးတယ်။ ဆရာရယ် ဘာလို့မလုပ်ရဲရမှာလဲလို့။ သရုပ်ဆောင်အသစ် တယောက်အနေနဲ့ လုပ်နိုင်မလားဆိုတဲ့ စိတ်နဲ့ လုပ်ကြည့်တယ်။ အဆင်ပြေသွားတော့ ကောင်းတာပေါ့။ ပရိတ်သတ်တွေက အဲ့လောက် မဆိုးရွားဘူး။ နားလည်တယ်။
ဒါရိုက်တာက ခိုင်းတာဆိုတော့ ဒီဇာတ်ဝင်ခန်းမျိုးက လိုအပ်လို့ကို ထည့်ရတာပေါ့။ ပရိတ်သတ်တွေအမြင်က ကလေးလေးကို ဘာလို့ခိုင်းတာလဲပေါ့။ ဒါရိုက်တာကို အပြစ်တင်ကြတယ်။ ရွှေမှုံကိုတော့ သိပ်အပြစ် မပြောကြဘူး။ ရွေမှုံကတော့ ဒါရိုက်တာကိုပဲ အားနာတယ်။ သူက ခိုင်းတယ်ဆိုပေမယ့် ဒီဇာတ် ဒီဖရိန်က မလွဲမသွေလုပ်ရမှာမို့  သူလည်းခိုင်းတာ။ သူတို့လည်း အဲ့ဒီအခန်းကို ရိုက်ဖို့ အရမ်းအားနာကြတယ်။ ဇာတ်သဘောအရ ရိုက်ရတာ ရွှေမှုံကို ထပ်ခါထပ်ခါမေးပြီးမှ ရိုက်တာပါ။ ငါ ဒါရိုက်တာ ဒီပုံစံရိုက်ရမယ်ဆိုပြီး ရိုက်ခိုင်းတာ မဟုတ်ဘူး။ ဘာဖြစ်ချင်လို့ ဒါတွေကို အပြစ်တင်နေကြမှန်းလည်း မသိလို့ပါ။
မေး။     ။ ဒီ ဇာတ်ကားကို နယ်ဘက်တွေကရော လက်ခံကြပါ့မလား။
ဖြေ။     ။ နယ်က ကြိုက်တယ်။ ဇာတ်လမ်းအရ ဘယ်သူမှ မရိုက်ဘူးတဲ့ပုံစံ ရိုက်ထားတာ။ နယ်က လက်ခံကြပါတယ်။ မနာလိုသူတယောက် လုပ်လိုက်လို့ ဒီလို ဖြစ်တာ။လုပ်နိုင်လည်း တရက်ပေါ့။ သူလုပ်လို့ လူတိုင်းကြည့် ဖြစ်တယ်။ ဆိုင်တက်တာ များတယ်။ ရွှေမှုံ ဝမ်းသာတယ်။  ရွှေမှုံ သန့်သန့်ရှင်းရှင်းနေတာ လူတိုင်းသိတယ်။ ပရိတ်သတ်ကိုလည်း ယုံကြည်ပါလို့ ပြောချင်တယ်။
မေး။     ။ အနုပညာလောကထဲ စဝင်တော့ နေတိုး၊ ခန့်စည်သူ၊ ပြေတီဦး၊ မြင့်မြတ်၊ ဝိုင်း မင်းသား၅ ယောက်နဲ့ စာချုပ်ထားတယ်နော်။ အခုရော။
ဖြေ။     ။ မင်းသား ၅ ယောက်နဲ့ စာချုပ်တာ ၁ နှစ်ပြည့်သွားပြီ။ ၁ နှစ်အတွင်း မင်းသား ၅ ယောက်နဲ့ပဲ ဇာတ်ကားတွေ ရိုက်ရမယ်ပေါ့။ အခု ပြည့်သွားတော့ မင်းသားတွေက အနုပညာကြေးလည်း တိုးပေးတဲ့အပြင် အဲ့ဒီ ၅ ယောက်နဲ့ သက်ဆိုင်တဲ့ တိုက်တွေမှာ ရိုက်ခွင့်ပေးထားတယ်။
မေး။     ။ ဘယ်မင်းသားနဲ့ ဖြစ်ဖြစ်လား။
ဖြေ။     ။ ဟုတ်ကဲ့။ မင်းသား ၅ ယောက် နဲ့ဆိုင်တဲ့ တိုက်က ရိုက်တဲ့ ဇာတ်ကားတွေမှာ ရိုက်ခွင့်ရှိတယ်။ အပြင်မင်းသားနဲ့လည်း ရိုက်ခွင့်ပေးတယ်။ ဆရာတွေက ရွှေမှုံ နစ်နာမှာ စိုးလို့။
မေး။     ။ အခု လက်ရှိ ပညာရေးကရော။
ဖြေ။     ။ ၁၀ တန်း ကျောင်းစာတွေ သင်နေပါတယ်။ ပညာရေးတော့ ဆုံးခန်းတိုင်အောင် လုပ်ရမှာပေါ့။ ဆရာဝန်တော့ မဖြစ်ချင်ဘူး၊ အပ်ကြောက်တယ်။ အင်ဂျင်နီယာတော့ ဖြစ်ချင်ပါတယ်။
ရွှေမှုံရတီဟာ ၇ တန်းကျောင်းသူဘဝက ဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်း တက်ရောက်ရင်း ၂၀၁၂ မှာ မင်းသား ၅ ဦးက မင်းသမီးရှားပါးလို့ မင်းသမီးသစ် တင်မယ့် ရည်ရွယ်ချက်နဲ့ ရွှေမှုံရတီ၊ ယုသန္တာတင်၊ အိချောပိုတို့ ၃ ဦးကို စာချုပ်နဲ့ စင်တင်ပေးခဲ့ပါတယ်။ လက်ရှိအနေအထားအရ မင်းသမီးသစ် ၃ ယောက်ထဲမှာ ရွှေမှုံရတီကို ဗီဒီယိုဇာတ်ကားတွေ၊ ဗီစီဒီတွေ၊ ကြော်ငြာတွေမှာ ပိုတွေ့နေရပါတယ်။
အကယ်ဒမီလူမင်းက သူတင်တဲ့မင်းသမီးကို နာမည်ကြီးအောင် ဒီလို သင်ပေးထားတာလား၊ ဒီဇာတ်ကားက လူမင်းရဲ့ အကြံဥာဏ်တွေလားဆိုပြီး ဝေဖန်နေသူတွေကို သရုပ်ဆောင် လူမင်းက ”ကျနော် ဒီဇာတ်ကားကို မကြည့်ရသေးပါဘူး။ မကြည့်ရသေးတဲ့အတွက် ဘယ်လိုအခြေအနေရှိလဲ မဝေဖန်နိုင်သေးပါဘူး။ ကျနော် အခု တခုခုပြောလိုက်ရင် မှားသွားမှာစိုးလို့ ဘာမှ မပြောပါရစေနဲ့” လို့ ရုပ်ရှင် အစည်းအရုံး ဒု ဥက္ကဌလည်းဖြစ်တဲ့ လူမင်းက ဧရာဝတီကို ပြောပါတယ်။
ဒီဇာတ်ကားကို ကြည့်ဖူးကြတဲ့ ပရိတ်သတ်တွေကတော့ ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူတွေလည်း ရှိနေပါတယ်။ “ကောင်မလေး သရုပ်ဆောင်တာ ကြိုက်ပါတယ်။ အသစ်ထဲမှာ မဆိုးဘူးပေါ့။ ဒါပေမယ့် ခက်တာက မြန်မာကားဆိုပြီး ငှားကြည့်တယ်။ အိမ်မှာ မိသားစုနဲ့ ကြည့်မိတယ်။ ဒီလို ဇာတ်ဝင်ခန်းတွေ ပါလာမယ်လို့ မထင်ဘူးလေ၊ ဇာတ်လမ်းက ဆန်းပါတယ်။ ခေတ်မီတယ်ဆိုရင်လည်း ဇာတ်လမ်းနဲ့ နေရာတွေ အရင် ခေတ်မီအောင်လုပ်ပါဦး။ ပြီးမှ ဒီလို အခန်းတွေအတွက် စဉ်းစားပေါ့ ” လို့ သင်္ဃန်းကျွန်းမြို့ လေးထောင့်ကန် ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်း မသဲသဲမြင့်မိုရ်ဦး ကပြောပါတယ်။
ဒီဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ဝင်းထွန်းထွန်းက “ကျနော်က ပုံစံတူဖြစ်နေတဲ့ လမ်းကြောင်းက ခွဲထွက်ချင်တဲ့စိတ်နဲ့ ဖန်တီးခဲ့တာပါ။ ပရိတ်သတ် အမြင်တမျိုးဖြစ်မယ် ဆိုရင်လည်း ကျနော် စိတ် တကယ်ကို မကောင်းပါဘူး။ စေတနာ အမှားပါ” လို့ သူ့ခံစားချက်ကို ပြောပါတယ်။
အဲ့ဒီဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိတဲ့ အောင်တိုင်းကျော် ထုတ်လုပ်ရေးကို ဈေးကွက်အတွင်း အနေအထား စုံစမ်းကြည့်တဲ့အခါ ”နယ်မှာက သိပ်မကြိုက်ကြဘူး၊ ပုံစံပြောင်း ရိုက်ထားလို့လေ၊ ဒါပေမယ့် ရန်ကုန်မှာတော့ အဲ့ဒီဇာတ်ကားကို ပို အားပေးကြတယ်။ ကြိုက်ကြတယ်’” လို့ အောင်တိုင်းကျော်က ဧရာဝတီကို ပြောပါတယ်။
“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားမှာ ဒါရိုက်တာ ဝင်းထွန်းထွန်း၊ သရုပ်ဆောင် နေတိုး၊ နေဆန်း၊ ညီထွဋ်ခေါင်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့ ပါဝင် သရုပ်ဆောင်ခဲ့ကြပြီး မေလ ၁ ရက်နေ့မှာ အောင်တိုင်းကျော် ဖြန့်ချိရေးကနေ ဖြန့်ချိထားပါတယ်။ 
http://burma.irrawaddy.org/archives/39417

10 May 2013

ရုပ်ရှင်လောကကို တကျော့ပြန်လာမယ့် ကိုဇာဂနာ




၈ နှစ်ကြာ ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ထားခြင်းခံရတဲ့ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ဇာဂနာ (ကိုသူရ) ဟာ အခု လာမယ့် ဇွန်လက စလို့ ရုပ်ရှင်ဇာတ် ကားကြီးများကို ပြန်လည် ရိုက်ကူးတော့မှာပါ။
“ပထမဆုံး အနေနဲ့ စာရေးဆရာ အကြည်တော်ရေးတဲ့ ‘ပြုံးရသည်၊ ရယ်ရသည်၊ ငိုရသည်’ ဆိုတဲ့ လူရွှင်တော်တယောက်ရဲ့ အကြောင်းပေါ့။ ရယ်စရာလည်း ကောင်းတယ်၊ ငိုစရာလည်းပါတယ်။ လူရွှင်တော်တယောက်အဖြစ် ရပ်တည်ရတဲ့ ဘ၀မှာ ဆိုင်းနောက်ထ ဘ၀မှာလည်း ရပ်တည်ရတယ်၊ ဇာတ်လူရွှင်တော်လည်း ဖြစ်တယ်၊ အငြိမ့် လူရွှင်တော်လည်းဖြစ်တယ်၊ ကွက်စိပ် ဆရာလည်း ဖြစ်တယ်၊ ဘိသိက်လည်း မြှောက်ရတယ်၊ ရုပ်ရှင်ထဲမှာလည်း နေ့စားအလုပ်သမား ၀င်လုပ်ရတယ်။ အဲ့ဒီ လူတယောက်က မွေးလာတဲ့ သမီးလေးတယောက်နဲ့ လူရွှင်တော်ရဲ့ ဘ၀အကြောင်းကို လုပ်ထားတဲ့ ဇာတ်ဆိုတော့ အဲ့ဒါလေးက တော်တော်လေးကောင်းတယ်” လို့ ကိုဇာဂနာက သူပထမဆုံး ရိုက်ကူးမယ့် ဇာတ်ကားအကြောင်း ဧရာဝတီကို ရှင်းပြပါတယ်။
ဒီမှာ မစပ်စု စဉ်းစားမိတာက တို့တိုင်းပြည်ကြီးမှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားနဲ့ ဒီဇာတ်ကားနဲ့ကတော့ တထပ်တည်း ထပ်တူကျနေမှာတော့ အမှန်ပါ။ လူကြီး လူငယ် လူလတ်မရွေး ကိုယ်တတ်ကျွမ်းတဲ့ ပညာ၊ ကိုယ်ရထားတဲ့ဘွဲ့ စတာတွေနဲ့ ဘ၀ကို တသမတ်တည်း ရပ်တည်လို့ မရဘူးဆိုတာပါ။ ဘ၀ ရပ်တည်ဖို့ဆိုရင် ကိုယ်မတတ်ကျွမ်းလည်း လုပ်၊ မလုပ်ချင်လည်း လုပ်နေရတဲ့ ဖြစ်သလို ရပ်တည်နေရတဲ့ ဘ၀တွေက အများအပြားပေကိုး။ ဥပမာ – ရှေ့နေဘွဲ့ ရထားပေမယ့် တက္ကစီဒရိုင်ဘာ ဖြစ်နေတဲ့ ဘ၀တွေကလည်း လမ်းပေါ်မှာ တပုံတပင်။ မစပ်စုတို့ ပြည်သူတွေ ဘ၀နဲ့ဆန္ဒ တထပ်တည်း မကျဘူးလို့ ဆိုရလေမလားပါပဲ။
ကဲ … ထားလိုက်ပါတော့လေ။ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာက ဒီဇာတ်ကားအပြီးမှာ နောက်ထပ် ဒါရိုက်တာ ၀ိုင်း ရိုက်ကူးမယ့် “အာဏာရူး” ဆိုတဲ့ ဇာတ်ကားကို ဆက်လက် ရိုက်ကူးဖြစ်မယ်လို့ သိရပြန်ပါတယ်။
“ဒါက မင်းခိုက်စိုးစန်ရဲ့ ဇာတ်လမ်းပါ။ ဒီမှာလည်း အဓိက သရုပ်ဆောင်တွေက သိပ်မများဘူး။ ကျန်တဲ့သူတွေကလည်း ဒီ အာဏာရှင်ကို ၀ိုင်းဖားပြီး သူ့အလိုတော်ကျ ကပ်ဖားရပ်ဖား လုပ်ပေးနေတဲ့ တပည့်တွေပေါ့။ အဲ့ဒီ လူသုံးယောက်လောက်တော့ လိုမယ်။ အဲ့ဒီနေရာကိုတော့ ကိုအရိုင်း၊ ကိုငှက်ပျော်ကြော်နဲ့ ကိုဧရာ တို့ကို မှန်းထားတယ်။
သူတို့ရုပ်တွေက ဘယ်သူတွေနဲ့ တူမလဲဆိုတာ မှန်းကြည့်လိုက်ပေါ့။ တကယ့် မင်းသား၊ မင်းသမီးတွေလည်း မလိုဘူးလေ။ သူက တောက်လျှောက် သရော်နေတဲ့ ဇာတ်ကိုး။ ဒီမှာ အဓိက ဇာတ်ကောင်က အာဏာရူးနေပြီး သူ့ကို အဲ့လိုဖြစ်သွားအောင် မိုးပေါ်က နတ်သားတယောက် ကျလာပြီး ပြဒါးရှင်လုံးပေးသွားတာ။ သူက နောက်ဆုံးမှာ ပြဒါးရှင်လုံး လာပြန်ယူသွားတော့ အာဏာရူးက ရူးပြီးတော့ပဲ ကျန်ခဲ့တာ။ သူ့မှာ ဘာမှမကျန်ခဲ့ဘူး” လို့ ကိုဇာဂနာက ပြောပါတယ်။
“အာဏာရူး” လို့ ဆိုလိုက်လေတော့ ဘယ်သူ့ဘယ်သူကို ရည်ညွန်းထားလဲဆိုတာတော့ ဒီနာမည်ကို ကြားလိုက်တာနဲ့တင် ပရိသတ်လည်း သိလောက်မယ်လို့ မစပ်စု တွေးမိပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဘာတွေကို ဘယ်လိုမျိုးတွေနဲ့ အာဏာရူးနေမလဲ ဆိုတာတော့ ဇာတ်ကားထွက်လာမှဘဲ သိတော့မှာပါပဲ။
နောက်ထပ် ဦးငြိမ်းမင်းရဲ့ “ပေါက်ကျော်ကြီး ပေါက်ကျော်လေး” ဆိုတဲ့ လူရွှင်တော် သားအဖ ဇာတ်လမ်းလည်း ရိုက်ကူးဖို့ ရှိတယ်လို့လည်း ကိုဇာဂနာက ထပ်မံ သတင်းပေးပြန်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားများရဲ့ ရိုက်ကွင်းအနေနဲ့ကတော့ နယ်မြို့လေးတွေမှာ သွားရောက် ရိုက်ကူးဖြစ်မယ်လို့လည်း သူက ဆိုပါတယ်။
ကိုဇာဂနာဟာ လက်ရှိမှာ ကြော်ငြာသရုပ်ဆောင် အနေနဲ့ ဦးအေးမြင့် အကြောပြေ ၀မ်းပျော့ဆေး ကြော်ငြာကို ဒိန်းဒေါင်နဲ့ ရိုက်ထားပြီးနောက် Scorpion C အချိုရည်ကို မင်သမီး ရွှေမှုန်ရတီနဲ့ ရိုက်ထားပါတယ်။ ဒီ ရက်ပိုင်းအတွင်းမှာ မာမားခေါက်ဆွဲ ကြော်ငြာ ရိုက်ဖြစ်မယ်လို့လည်း သိရပါတယ်။
စစ်အစိုးရလက်ထက် နိုင်ငံရေးနဲ့ ပတ်သက်လို့ အထူးပင် မျက်စိဆံပင်မွှေး စူးခံခဲ့ရတဲ့ ကိုဇာဂနာဟာ ထောင်အကြိမ်ကြိမ် ကျခံခဲ့ရပြီး အနုပညာအလုပ်တွေ လုပ်ဆောင်ရာမှာလည်း အကြိမ်ကြိမ် တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရသူပါ။
၁၉၉၈ ခုနှစ်ကစလို့ ဗီဒီယို ဇာတ်ကား ရိုက်ကူးခွင့်ကို ပိတ်ပင်ခံရပြီး ၂၀၀၃ ခုနှစ်မှာ ကြော်ငြာ ရိုက်ကူးခွင့်ပါ မရတော့ပါဘူး။ ၂၀၀၅ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခွင့်ကိုပါ ထပ်မံ ပိတ်ပင်ခြင်းခံရတာပါ။ သူ့ရဲ့ ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီးကတော့ ၁၉၈၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “မင်းသားတော့ မင်းသား” ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရိုက်ခွင့် မပိတ်ခင်အထိ နောက်ဆုံးရိုက်ကူးခဲ့တာကတော့ “မော်ဒန် အချစ်များ” ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အခုလို ပိတ်ပင်ခြင်း ခံနေရတဲ့ကြားမှ ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၃၇ ကား၊ ဗီဒီယိုဇာတ်ကားပေါင်း ၂၁ ကား တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့တဲ့ ကြော်ငြာပေါင်း ၂၀၀ လောက် ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ကြော်ငြာသီချင်းပေါင်း ၁၈၀ ကျော်လောက်ကိုလည်း ရေးပေးခဲ့ဖူးတယ်လို့လည်း ကိုဇာဂနာက ဆိုပါတယ်။
“ကိုယ်တိုင်က ဆရာဝန်အလုပ်ကို စွန့်လွတ်ပြီးတော့မှ အနုပညာအလုပ်ကို ရွေးခဲ့တာလေ။ ဒီတော့ သေသည်အထိ အနုပညာအလုပ်ကတော့ လုပ်ရမှာပဲ။ အနုပညာအလုပ်ကိုတော့ ပယ်ဖျက်လိုက်လို့မရဘူး။ ဒီအနုပညာ အလုပ်ကို ပိုက်ဆံရရ မရရ လုပ်ကို လုပ်ချင်တာပဲ။ တကယ်ပြောမယ်ဆိုရင် ဆရာဝန်အလုပ်နဲ့တောင် လဲထားရတာဆိုတော့ အခုလို ပြန်လုပ်ရမယ်ဆိုတော့ အရင်တုန်းကနဲ့ မတူတာက ပိုပြီးတော့ ကောင်းတာတွေ အခုဆိုရင် ပြီးခဲ့တဲ့ ၂၇ ရက်နေ့ညက အငြိမ့်ကခဲ့တုန်းကလည်း အရင်တုန်းကနဲ့ မတူတဲ့ တက်ဆက်မှု အသစ်တွေကို လုပ်တယ်။ အခုလည်း ပုံစံအသစ်တွေကိုပဲ ကြော်ငြာလည်း ကြော်ငြာမိုလို့ ပုံစံအသစ်၊ ရုပ်ရှင်လည်း ရုပ်ရှင်မိုလို့ ပုံစံအသစ်တွေ ပေးချင်တယ်လေ။
အဲ့ဒါကြောင့် အခုအချိန်မှာ လုပ်ရတဲ့အခါမှာတော့ စိတ်ထဲမှာ ပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာ စိတ်ကူးယဉ်ခဲ့တာတွေ အကုန်လုံးကို အခု အကောင်အထည် ဖော်ရတော့မှာ။ နောက်တချက်ကတော့ ပရိသတ်တွေကို ဟင်းအသစ် ချက်ကျွေးချင်တာ” လို့ အနုပညာအလုပ်ကို ပြန်လုပ်ကိုင်ခွင့်ရတဲ့အပေါ် ကိုဇာဂနာက သူရဲ့ ခံစားချက်ကိုပြောပါတယ်။
အခုလို အနုပညာလောကထဲ တကျော့ပြန် ပြန်ဝင်ရောက်လာတဲ့အပေါ် အလွန် ကျေနပ်စရာကောင်းပါတယ်လို့ လူရွှင်တော် မေတ္တာက ပြောပါတယ်။
“ကောင်းပါတယ်ခင်ဗျာ၊ ကျေနပ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပညာတတ်တယ်၊ အတွေးအခေါ် အယူအဆ ရှိတဲ့သူတယောက် ဒီလောကထဲ ၀င်လာတာကောင်းပါတယ်” လို့ ဆိုပါတယ်။
အနုပညာရပ်ဝန်း၊ ရုပ်ရှင် ဗီဒီယိုလောက ရပ်ဝန်းထဲကို တကျော့ပြန် ပြန်ဝင်ရောက်လာမယ့် လူရွှင်တော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုဇာဂနာက လက်ရှိ ရုပ်ရှင်၊ ဗီဒီယို လောကနဲ့ပတ်သက်လို့ ဧရာဝတီက မေးမြန်းရာမှာ အခုလို သုံးသပ်လိုက်ပါတယ်။
“အခု ရုပ်ရှင်လောကကြီး တခုလုံးမှာ ရုပ်ရှင်ရော ဗီဒီယိုရော ကျနေကြတယ်လေ။ ဈေးကွက်ကြီးကလည်း ပျက်နေတယ်။ ဗီဒီယိုလောက ပျက်ရခြင်းကတော့ ဘယ်သူ့အပ်ါမှ ပုံမချကြေးဆိုရင် ကိုယ့်ဘာသာကိုယ် ဖန်တီးတဲ့ အနုပညာကိုက ညံ့နေသေးတယ်။ ပရိသတ်ကြိုက်အောင် မလုပ်နိုင်သေးဘူး ဆိုတာတော့ သေချာတယ်။ ရုပ်ရှင်ရုံမရှိသေးလို့ဆိုတဲ့ အပြစ်တွေတို့၊ ရခိုင်ပြည်နယ် ပြသနာဖြစ်လို့၊ ကချင်ပြည်နယ် ပြသနာဖြစ်လို့ဆိုတဲ့ ဆင်ခြေတွေကတော့ လူတိုင်းပြောလို့တတ်ပါတယ်” လို့ ကိုဇာဂနာက ဆိုပါတယ်။
သူက ဆက်လက်ပြီး “သေချာတာ တခုကတော့ ကျနော် ညတိုင်း အခွေတွေ ယူယူကြည့်နေတဲ့အချိန်၊ ရုပ်ရှင်ရုံက ကားတွေ သွားကြည့်ုလိုက်တဲ့ အချိန်မှာတော့ မြန်မာကားတွေဟာ သေချာပေါက် ပရိသတ်ကို ဘယ်လိုနည်းနဲ့မှ ဖျော်ဖြေရေး မပေးနိုင်တာတော့ သေချာနေတယ်လေ။ အဲဒီအတွက်ကြောင့်မို့ အရည်အသွေးကလည်း မကောင်းဘူး။ အဲဒီလို မကောင်းတာကို ရုပ်ရှင်သမားတွေ အနေနဲ့ကလည်း ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပေးဖို့လိုတာပေါ့။ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင် လုပ်မယ့်အစား အခု ဆင်ဆာလျှော့ပေးပြန်တော့လည်း ကားတွေက ကောင်းမလာဘူး။ ဒီတော့ ကိုယ့်အရည်အချင်းကိုယ် ပြည့်စုံအောင် လုပ်ဖို့လိုတယ်။
ပရိတ်သတ်ကတော့ ကောင်းတာကို စားချင်မှာပဲလေ။ Customer Choiceက အရေးကြီးတာပဲလေ။ သူလည်း သူကောင်းမှ ရွေးစားမယ်။ ကောင်းတာပဲ ကြိုက်မယ်ဆိုတော့ ပရိသတ်ကို ကောင်းကောင်း ချက်ကျွေးဖို့လိုမယ်လို့ ထင်တယ်လေ။ အခု ပြန်ပြီးတော့ ဒီအလုပ်တွေ ပြန်လုပ်တဲ့အခါမှာ ကောင်းတာလေးတွေ တင်ဆက်မှု အသစ်ကလေးတွေကို လုပ်ချင်တာ။ သူများတွေ လုပ်တာ မလုပ်တာတော့ မသိဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ဖို့လိုတယ် ထင်လို့ကို လုပ်တာ” လို့ ကိုဇာဂနာက ပြောပါတယ်။ 
http://burma.irrawaddy.org/archives/39221

3 May 2013

ကန် -မြန်မာ ဂီတအနုပညာ ပူးပေါင်း ဖန်တီးမှုမှတ်တမ်းတခု

မြန်မာဂီတအစွမ်းနဲ့ အမေရိကန် ဂီတအနုပညာရှင်တို့ရ့ ပေါင်းစပ်ဖန်တီးထားမှုကို တချိန်က မှတ်တမ်း တင်ထားတာပါ။ အနုပညာအစွမ်းမှာ မြန်မာတွေ တခေတ်တခါက ဒီလို စွမ်းတယ်ဆိုတာ ဒီ ရုပ်/သံ မှတ်တမ်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

မြန်မာအဆိုတော် ကိုအံ့ကြီးနဲ့ အမေရိကန် အနုပညာရှင် Steve Addis နဲ့ William Craw Ford တို့ ရဲ့ ဖျော်ဖြေမှုပါ  
မြန်မာ ဂီတ အနုပညာပစ္စည်းနဲ့ အနုပညာဖန်တီးမှု၊ အမေရိကန် အနုပညာပစ္စည်းနဲ့ အနုပညာ ဖန်တီးမှုတွေ
ကို ထူးခြားစွာ ခံစားလို့ ရမယ့် အလွန်ကြည်နူးစရာ ကောင်းတဲ့ ပူးပေါင်းဖန်တီးမှုအနုပညာတခုပါ။  
 

http://blog.irrawaddy.org/2013/05/blog-post_954.html#more

အဆိုတော် ရဲလေး လက်ထပ်ပြီ

အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လက်ထပ်လိုက်ပါပြီ။
မအေးမြရဲ့ အိမ်မှာ နှစ်ဘက်မိဘ၊ တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တာပါ တဲ့။

ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။

မင်္ဂလာဆွမ်းကျွေးအစီအစဉ်ကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၊ ဇွန် ၁ ရက်နေ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ဆီဒိုးနားဟိုတယ်မှာ လုပ်မယ် လို့ ဆိုတယ်။

ရဲလေးက စိန်ပေါလ် လို့ ထင်ရှားတဲ့ ရန်ကုန်မြို့ အ.ထ.က (၆) ဗိုလ်တထောင် ကျောင်းသားဟောင်းဖြစ်တယ်၊
 "မိခင်က  ဆွဲကြိုးပေါင်ပြီး studio  စရိတ်ရှင်း ပေးခဲ့ရင်း ဘ၀ကို ကြိုးစား ဖြတ်သန်းခဲ့တဲ့ ရဲလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ်
၂ နှစ်တာ ကာလ အတွင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။ 
တခြားသူတွေ အနေနဲ့ ငါးနှစ်တာ ကာလလောက် ကြိုးစားခဲ့ကြရတာတွေ ရှိတာကြောင့် ရဲလေးက အချိန်တို အတွင်းမှာ အောင်မြင်ခဲ့တာပါ"
လို့  ဖေဖော်ဝါရီလ ၂၀၁၂ လုထတ် Teen မဂ္ဂဇင်းမှာ ခင်လေးမြင့်က ရေးသားထားပါတယ်။

- ကျွန်တော်နဲ့ သက်ဆိုင်သော
- အိမ်
- First Live Concert
- တတိယ ကာရန်
- ရကောက်ဘ၀ဖြင့် နေထိုင်ခြင်း
အစရှိတာတွေက ရဲလေးရဲ့ တကိုယ်တော်တေးစီးရီးတွေ ဖြစ်ကြောင်း  Teen မဂ္ဂဇင်းမှာ ရေးထားပါတယ်။

27 Apr 2013

သက်မွန်မြင့်နဲ့ စိုင်းစိုင်းခမ်းလှိုင်


လူတချို့ ပြောနေကြသလို မင်းသမီး သက်မွန်မြင့်နဲ့ သူနဲ့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့အချက်က မမှန်ကန်ဘူး လို့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ပြောဆိုကြောင်း သောကြာနေ့ထုတ် မော်ဒန် သတင်းဂျာနယ်မှာ ရေးထားပါတယ်။

"ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဆန်းဆန်းပြားပြား ဖြစ်ဖို့ အစီအစဉ်လည်း မရှိဘူး။ သူကလည်း ကျွန်တော့ကို ကြိုက်မှာမဟုတ်ဘူး" လို့ စိုင်းစိုင်းက မော်ဒန်ဂျာနယ်ကို ပြောပါတယ်။


ဒီလဆန်းပိုင်း စတိတ်ရှိုးစင်ပေါ်မှာ စိုင်းစိုင်းနဲ့ သက်မွန်မြင့်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အနေအထားကို ကြည့်ပြီး သူတို့နှစ်ဦး ငြိတွယ်နေကြပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့တာပါ။

မင်းသမီး မင်းသားတို့ရဲ့ အတွင်းရေးတွေက တခါတရံ ပြင်ပကို ပေါက်ကြားလာတတ်ပါတယ်။
ဟုတ်တာတွေလည်း ပါသလို ထင်ကြေးတွေလည်း ပါတတ်တာ တွေ့နေရပါတယ်။   

http://blog.irrawaddy.org/2013/04/blog-post_1728.html#more

24 Apr 2013

အေသင်ချိုဆွေ စင်ပေါ်မတက်လို့ တောင်ငူပွဲပျက်





တောင်ငူမှာ အေသင်ချိုဆွေ သီချင်းမဆိုလို့ နန်းဆုရတီစိုး ခုံတွေခဲတွေနဲ့ အပေါက် ခံလိုက်ရတယ်ဆိုတဲ့သတင်းကို အဲဒီပွဲ သွားတီးတဲ့ ဂီတသမား တယောက်ဆီက သိရပါတယ်။
ပွဲကို ဧပြီလဆန်းလောက်က တောင်ငူမှာ ၂ ရက် ကျင်းပမယ်၊ လက်မှတ်ရောင်းတဲ့ ပွဲဖြစ်လို့ အဆိုတော် နာမည်တွေကလည်း ကြေညာပြီးသားလို့ ဆိုပါတယ်၊ ဒါပေမယ့် ပထမရက်မှာ အေသင်ချိုဆွေမလာဘဲ နန်းဆုရတီစိုးက သီချင်းဆိုခဲ့ချိန်မှာ အေသင်ချိုဆွေ စင်ပေါ်တက်မလာရ ကောင်းလားဆိုပြီး စင်အောက်က ပရိသတ်ဆီက ခုံပျံတွေ၊ ခဲပျံတွေ စင်ပေါ် ဝဲပျံလာလို့ ပွဲပျက်ပြီး အနုပညာသမားတွေလည်း တရက်နဲ့ ပြန်လာခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ပြန်လာရတာတောင် ကောင်းကောင်း မဟုတ်ပါဘူး။ ရရာကားနဲ့ ကြားခုံတွေကနေ စီးခိုင်းပြီး ပြန်လွှတ်လိုက်တာပါ။အနုပညာရှင်တွေက အလယ်ခုံကနေတော့ ထိုင်လိုက်သွားဖို့ ခက်တယ်၊ ဒါကြောင့် နောက်နေ့မှ ပြန်လို့မရဘူးလား ဆိုတော့ ရတယ်၊ ဒါပေမယ့် ဟိုတယ်က ၁၂ နာရီဆို Check Out လုပ်ရမယ်၊ ဒါကြောင့် ကြိုက်တဲ့နေရာ သွားနေလို့ ပြောလွှတ်တယ်လို့ အဲဒီပွဲမှာ ပါသွားသူတွေက ပြောကြပါတယ်။
ပွဲစီစဉ်သူတွေရဲ့ ဘုရားပြီး ငြမ်းဖျက်တဲ့ ထုံးစံတွေလို့ အနုပညာရှင်တွေက ဝေဖန်နေကြတာပါ။
အဲဒီပွဲမှာ တူးတူး၊ ဖြိုးကြီး၊ ဂျီလတ်၊ သဇင်၊ နန်းဆုရတီစိုး၊ သဇင်တို့က လိဒ် ဝါဒီယာ အောင်အောင်၊ ဘေ့စ် ခင်မောင်လေး၊ ကီးဘုတ် ကိုမောင်မောင်၊ ဒရမ် ရဲလင်း တို့ရဲ့ တီးခတ်မှုတွေနဲ့ ပထမတရက်မှာ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။
ပြဿနာက အေသင်ချိုဆွေမလာလို့ ဖြစ်ရတာ ဆိုတဲ့ သတင်းတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အေသင်ချိုဆွေရဲ့ မိခင်က “ပွဲကို လာမယ်ပြောပြီးမှ ဖျက်တာမဟုတ်ဘူး။ထီလာခင်လှိုင်က ပွဲလာ ငှားကတည်းက သူတို့ကို ပထမရက်တော့ မအားဘူး ပြောခဲ့တယ်။ သူတို့က ပထမ မငှားတော့ဘူး လို့တောင်ဖြစ်ပြီးမှ ပြန် ဆက်သွယ်လာတယ်။ ဒုတိယရက်အတွက် ၁၀ သိန်းနဲ့ လက်ခံခဲ့တယ်။ စရန် ၅ သိန်း လာပေးတယ်။ အန်တီက မုန့်ဖိုးတောင်
၅ သောင်း ပြန်ပေးလိုက်သေးတယ်။ ဒါပေမယ့် ဆိုရမယ့်ရက် မတိုင်ခင် ဖုန်းဆက်လာတယ်။ ပွဲပျက်သွားပြီ၊ မလာနဲ့တော့တဲ့။

သူတို့က အခြေအနေ မငြိမ်သက်လို့ လို့ပဲပြောတာလေ။ အေသင်က ပွဲကို လက်ခံပြီးရင် ဘယ်တော့မှ မဖျက်ဘူး။ အန်တီ ကိုယ်တိုင် စီစဉ်နေတာ။ အခုလို အဖြစ်မျိုးလည်း မသိပါဘူး” လို့ ဧရာဝတီကို ပြောလာပါတယ်။
ပွဲပျက်သွားလို့ စရန် ပြန်တောင်းတယ် ဆိုတဲ့အကြောင်း၊ သူတို့ စပြောတုန်းက အသွားအပြန်ခရီးနဲ့ တည်းခိုမှုကို အားလုံး သေသေချာချာ စီစဉ်ပေးပါမယ် ဆိုပြီး အခုမှ ပြီးစလွယ် လုပ်တဲ့အကြောင်း ပြောရင်း သူက “တော်သေးတယ်၊ မသွားလိုက်တာ” လို့ ဆက်ပြောပါတယ်။
နန်းဆုရတီစိုးကတော့ ဖုန်းအဝင် လက်မခံလို့ သူ့ဘက်က အခြေအနေကို မေးခွင့်မရပါဘူး။
ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျီလတ်က “ကျနော်က အဲဒီနေ့က ဆိုပြီးတာနဲ့ တည်းခိုတဲ့နေရာ ပြန်ခဲ့တယ်။ ကျနော့် အလှည့်မှာတော့ ခဲနဲ့ ပေါက်တာမျိုး ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။ နောက်တနေ့ မနက် ၁၀ နာရီလောက်မှာမှ ပွဲပျက်ပြီ၊ ညက ပြဿနာ တက်တယ်ဆိုတာ သိရတယ်။ တခြားသူတွေတော့ ပြန်ဖို့ ကားပြဿနာ ကြုံကြရတယ်။ ကျနော်ကတော့ အခြေအနေကို ခန့်မှန်းမိတာနဲ့ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း သူငယ်ချင်းဖြိုးကြီး ကားနဲ့ပဲ ပြန်သွားလိုက်တယ်” လို့ ဆိုပါတယ်။
ပွဲစီစဉ်သူတွေက တောင်ငူမြို့ခံတွေပဲ ဖြစ်ပြီး ပထမ Free ရှိုးလိုလို ပြောပြီး နောက်မှ လက်မှတ်ပွဲ ဖြစ်နေတာကို သိလိုက်ရတာလို့လည်း ဂျီလတ်က ဆက်ပြောပါတယ်။ ဒါ့အပြင် ပထမရက်မှာ ဘယ်သူ၊ ဒုတိယရက်မှာ ဘယ်သူဆိုပြီး ကြော်ငြာ ရမယ့်အစား အနုပညာရှင် နာမည်တွေကို ပေါင်းကြေညာလိုက်တော့ ဒီလို ပြဿနာတွေ တက်ရတာလို့ သိရတယ်။လက်မှတ် ရောင်းကောင်းအောင် လုပ်တဲ့သဘောပါပဲလို့ ဂျီလတ်က ဆက်ပြောပါတယ်။
ပွဲစီစဉ်သူတွေရဲ့ ဝါးပြီး ထွေးထုတ်တတ်တဲ့ အကျင့်လို့ အနုပညာရှင်တွေက ပြောဆိုနေကြပါတယ်။
အနုပညာရှင်တွေ ဘက်ကတော့ ပွဲရှိတယ်၊ ငှားတယ်။ ငှားတော့လည်း ဆိုကြမယ် ဆိုပြီး ပွဲကို လက်ခံလိုက်တာပဲပေါ့။ ပွဲဆိုပြီးမှ ပိုက်ဆံ အကျေ မပေးတဲ့လူတွေ၊ ပွဲက လူမဝင်လို့ပါ ဆိုပြီး ပြောထားတဲ့ အနုပညာကြေး မပေးဘဲ ဈေးလျော့ပေးတဲ့ ပွဲကန်ထရိုက်တွေ အများသားပါပဲ၊ အခုပွဲမှာတော့ ပရိတ်သတ်ကို ညာတာက ပွဲကန်ထရိုက်၊ ခံလိုက်ရတာက အနုပညာရှင်တွေ လို့ပဲ ပြောရတော့မလို ဖြစ်နေပါပြီ။ 

20 Apr 2013

PSY ရဲ့ လူကြီး မင်း လည်း ယူကျု မှာသန်း ၁၅၀ ကျော် နဲ့ စံ ချိန်တင်

ကမ္ဘာကျော် ကိုရီးယား အဆိုတော် PSY ရဲ့ အယ်လ်ဘမ် အသစ် New Single Gentleman ဆိုတာပါ။ အင်တာနက် ယူကျုမှာ သန်း ၁၅၀ ကျော် ကြည့်ရှု့သူတွေနဲ့ စံချိန်တင်သွားပြန်ပါပြီ။ 

လတ်တလော ယူကျုမှာ ကြည့်ရှု့သူပေါင်း 152,511,885 ရှိနေပါတယ်။ 
 

သူ့အနုပညာကို ထပ်မံ ခံစား နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ လူကြီး လူငယ် လူလတ် အရွယ် ၃ ပါးလုံးက PSY ရဲ့ အနုပညာကို နှစ်ခြိုက်အားပေးကြတာ မကြာသေးပါဘူး။   

 

http://blog.irrawaddy.org/2013/04/psy_19.html#more

15 Apr 2013

ကောလာဟလ တခုကို Facebook မှာ ရှင်းနေတဲ့ သက်မွန်မြင့်



 လုပ်ကြံဇာတ်ခင်းပြီး ရေးသားမှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်နေတယ်လို့  
နာမည်ကျော် သရုပ်ဆောင် သက်မွန်မြင့်က ပြောလိုက်ပါတယ်။

သူ့ရဲ့ Facebook စာမျက်နှာကနေ ပြောလိုက်တာ ဖြစ်ပါတယ်။
အပြည့်အစုံက ဒီလိုပါ - 
လူတွေဆိုတာ အံ့သြဖို့ကောင်းလိုက်တာ။
သူတစ်ပါး ဘယ်လိုခံစားရမလဲ၊ဘယ်လို ထိခိုက်နိုင်လဲ ဆိုတာကို မငဲ့ညှာဘူး။ လုပ်ချင်ရာ လုပ်တာပဲ။

အဲဒီ မျိုးအောင်သန်း ဆိုတာ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းထဲမှာ တောင် အဲဒီ နာမည်မရှိဘူး။ အဲလို အဆင့်အတန်းမရှိတဲ့သူတွေ မရှိဘူး။ဘာလို့ ဒီလို လုပ်ကြံဇာတ်တွေ ခင်းပြီးရေးရတာလဲ။

အနုပညာသမားလဲ လူပါပဲ။ လူ လူချင်း ကိုယ်ချင်းစာပေးသင့်ပါတယ်။
"ဝဋ်အမြဲ ငရဲအပ" လို့ပဲပြောလိုက်တော့မယ်။

ဘယ်သူတွေက ဘယ်လို လုပ်ကြံဇာတ်ခင်းပြီး ရေးသားနေသလဲ ဆိုတာတော့ မသိရပါဘူး။
သို့သော်လည်း သူ့ရဲ့ မှတ်ချက်ကို ဖတ်ရင် အနည်းအကျဉ်းတော့ နားလည်ကြမှာပါ။ 

သက်မွန်မြင့်က အဲဒီမှတ်ချက်ကို လွန်ခဲ့တဲ့ နာရီဝက်လောက်က ရေးခဲ့တာပါ။
အဲဒီအချိန်တိုအတွင်းမှာပဲ သူ့ရဲ့ ဖေ့စ်ဘုတ်ပရိသတ်တွေက မှတ်ချက်တွေ ၂ဝဝ ဝန်းကျင် ၀ိုင်းပေးကြ နှစ်သိမ့်ကြပါတော့တယ်။

အပြည့်အစုံကို သူ့ဖေ့စ်ဘုတ် http://www.facebook.com/pages/Thet-Mon-Myint/209260995781923?fref=ts မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ဒီဘလော့ http://blog.irrawaddy.org/2012/12/blog-post_8165.html မှာ ဖော်ပြခဲ့တဲ့ နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန်  ဆိုတဲ့ သတင်းကိုလည်း ဖတ်သင့်ပါတယ်။ 

7 Apr 2013

မန္တလေးမှာ ရဲလေး တကိုယ်တော်ပွဲ မဆိုဖြစ်တော့





မန္တလေးမြို့တွင် တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည့် ရဲလေး၏ ရှိုးပွဲကို နယ်မြေငြိမ်းချမ်းသာယာမှု အားနည်းသည့် အကြောင်းပြချက်ဖြင့် မန္တလေးတိုင်းမှ တာဝန်ရှိသူများက ဖျော်ဖြေပွဲခွင့်ပြုမိန့်ကို ပြန်လည် ရုတ်သိမ်းခဲ့သည်။

ယင်းသို့ ပြန်လည်ရုတ်သိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ရဲလေးမှ ဧပြီလ ၅ရက်နေ့ မန္တလေး စွမ်းဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ဒီလိုပွဲမိန့်ပြန်လည် ရုတ်သိမ်းခံရတာ လုံခြုံရေးကောင်းကောင်းမပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်ပါ။ ကျွန်တော့်တို့ဆီကို ပွဲမိန့်ပြန်လည် ရုတ်သိမ်းတဲ့စာ ကျတာ ၂ရက်နေ့ကပါ။ ၃ရက်နေ့မှာ ချက်ခြင်းဆင်းလာပြီး ပြန်လည် ဆွေးနွေးငြိနှိုင်းတာတွေ လုပ်တယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး။ ပွဲမိန့်ကို မတ်လ ၂၈ရက်နေ့ကတည်းက တင်တာ။ ပွဲမိန့် ကျပြီးသားပါ။ ဒါကို ပွဲကျင်းပချိန်နီးမှ ဖြတ်ချလိုက်တာပါ” ဟု အဆိုတော်ရဲလေး ပွဲမိန့်ရုတ်သိမ်းခံရခြင်းကို ဧရာဝတီ ရှင်းလင်းပြောပြခဲ့သည်။

အဆိုတော်ရဲလေး တစ်ကိုယ်တော်ရှိုးပွဲကို ဧပြီလ ၆ရက်နေ့တွင် မန္တလေးမြို့ စွမ်းဟိုတယ်တွင် ကျင်းပသွားရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ယင်းရှိုးပွဲကို ပွဲမိန့်ပြန်လည် ပိတ်ခံခဲ့ရခြင်းဖြစ်သည်။

“ပထမဆုံး စပြီး စည်စည်ကားကား ဖြစ်ရမယ့် အခြေနေမှာ ဒီလိုမျိုးဖြစ်သွားတာ တကယ်စိတ်မကောင်းပါဘူး။ ပြောတာကတော့ လုံခြုံရေး အပြည့်ဝမပေးနိုင်လို့လို့ ပြောတာပါ။ အဲလိုအပြောလေးကတော့ လွယ်ပါတယ်။ ဒီဘက်မှာ နစ်နာဆုံးရှုံးသွားတာတွေကတော့ တစ်ပုံကြီးပါ။ ငွေကြေးဆုံးရှုံးသွားတာထက် ဂုဏ်သိက္ခာ ဆုံးရှုံးမှုက ပိုပါတယ်။ အနုပညာဆုံးရှုံးတယ်။ စိတ်ဒဏ်ရာရတယ်” ဟု ရဲလေးက ဆိုသည်။

ဧပြီလ ၆ရက်နေ့တွင် ရဲလေး ရှိုးပွဲနှင့် အပြိုင် ရှမ်းတိုင်းရင်းသားခန်းမတွင် ကျင်းပပြုလုပ်မည့် အိုင်စီ ရန်ပုံငွေ ရှိုးပွဲကိုလည်း ပွဲကျင်းပခွင့် ပါမစ် ပြန်လည် ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်း ယင်းပွဲကို ဦးဆောင်ကျင်းပမည့် ပွဲတာဝန်ခံက ဆိုသည်။

“ကျနော်တို့ အနုပညာရှင်တွေမှာ ဘာအာမခံချက်မှ မရှိပါဘူး။ မန္တလေးမှာ အခြေနေတွေ ပြန်လည် ငြိမ်သက်သွားပြီဆိုရင်တော့ မန္တလေးပရိသတ်တွေနဲ့ ပြန်ဆုံဖို့ ကျွန်တော်ကြိုးစားသွားပါ့မယ်။  ဒါပေမဲ့နောက်တစ်ခါ ပြန်လာတဲ့အခါမှာ ကျွန်တော်တို့ ဘယ်သူ့ကို ယုံကြည်ပြီး လုပ်ရမလဲ။ ဘယ်သူ့အားကိုးရမလဲဆိုတာ မသိတော့ပါဘူး စဉ်းစားစရာဖြစ်သွားပြီ။ အချိန်တိုင်းတာတော့ စောင့်ကြည့်ရမယ့်အနေထားပါ” ဟု အဆိုတော်ရဲလေးက ဆိုသေးသည်။

“ပုံမှန်အတိုင်းဆို ရဲလေး ရှိုးပွဲကို သွားကြည့်ဖြစ်မှာပါ။ ခုက အခြေနေတွေက တည်ငြိမ်မှုအားနည်းတော့ အပျော်ပါးတွေဘက်ကို မလိုက်နိုင်ဘူး။ မတော်တဆ တစ်ခုခု ဖြစ်ရင် ခံရရင်လည်း ကိုယ်ပဲ။ အိမ်ကလည်း ခုလိုချိန် အပြင်ထွက်တာတွေကို စိတ်ပူနေတယ်” ဟု မန္တလေးမြို့ခံ အသက် ၂၀ အရွယ်ရှိ မသဉ္ဇာက ပြောသည်။

ယခုနှစ်တွင် ရာသီပွဲများဖြစ်သော မန္တလေးဘုရားကြီးပွဲနှင့် ရွှေစာရံဘုရားပွဲတော်များတွင် ဇာတ်များ၊ အငြိမ့်များကို ထည့်သွင်းခွင့်မပြုခဲ့ပေ။ ယင်းအတွက်ကြောင့် အဆိုပါပွဲတော်များလည်း စည်ကားခဲ့ခြင်း မရှိကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့တွင်းရှိ အရက်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ကာရာအိုကေ ဆိုင်များကို ည ၁၀ နာရီထိသာ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သတင်းစာတွင် တရားဝင်ကြေညာထားသည်။ ယင်းအချိန်ထက် ကျော်လွန်ပါက လိုက်လံ ပိတ်သိမ်းခိုင်းခြင်းများ လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။

မန္တလေးမြို့တွင် ညပိုင်းများ ရဲများသာမက စစ်တပ်ပါ လုံခြုံရေးကင်းလှည့်လည် စောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။  
http://blog.irrawaddy.org/2013/04/blog-post_5291.html#more

19 Mar 2013

စစ် လွန်း ၀ တီ ထက် (သို့မဟုတ်) ထက် ထက် မိုး ဦး ရဲ့ အ သည်းကျော်





    အောင်မြင် ထင်ရှားတဲ့ မိဘများက မွေးဖွား လာတဲ့ ရင်သွေး များကို လည်း ပရိသတ် များက စိတ်ဝင် စားလေ့ ရှိတာကြောင့် 
ဒီလမှာ အကယ်ဒမီ ထက်ထက်မိုးဦး နဲ့ သရုပ်ဆောင် အဆိုတော် ဇူးမြတ်ထက် တို့ရဲ့ ဒုတိယ ရင်သွေး 
စစ်လွန်း ၀တီထက်နဲ့ ပတ်သက်လို့ မိခင်ဖြစ်သူ ထက်ထက်မိုးဦး ပြောပြတာများကို ရွှေအမြုတေ ပရိသတ်များအတွက် တင်ပြပေးလိုက်ပါတယ်။

သမီးလေးရဲ့ နာမည်ကို အရင် ပြောပြ ပါဦး။
စစ်လွန်းဝတီထက် လို့ နာမည် ပေးထား ပါတယ်။

သမီး မွေးနေ့ ကရော...။

လာမဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ ဆိုရင် သမီး ၂ နှစ် ပြည့်ပါမယ်။

စိတ်မကောင်း မဖြစ်ပါနဲ့ ထက်ထက်။ ပထမ မွေး ခဲ့တဲ့ သားလေးနဲ့ သမီးက ဘယ်လောက်ကွာ သလဲ။
အခုနေ သားလေး ရှိရင် ၃ နှစ်ခွဲလောက် ရှိပါပြီ။ R ဇာနည့်သားနဲ့ ရွယ်တူပါပဲ။  သမီးနဲ့က တစ်နှစ်ခွဲ လောက် ကွာပါတယ်။

သမီးကို ဘန်ကောက်မှာ သွားမွေး ခဲ့တာနော်။
ဟုတ်ပါတယ်။ ကိုယ်ဝန် ရှိတာ သေချာပြီ ဆိုကတည်းက သမီးတို့ ဘန် ကောက်မှာ သွားနေ ကြပါ တယ်။ ဒီတစ်ခါ ခြေချော် လက်ချော် အဖြစ် မခံနိုင် လို့ပါ။ ဟိုမှာ ဆရာဝန် တွေနဲ့ ချိန်းတဲ့ နေ့တိုင်း သွားပြပြီး ဆေးရုံနား မှာပဲ အိမ်ငှား နေခဲ့ပါတယ်။ ဆရာဝန်ကလည်း အရမ်း သဘောကောင်းတယ်။ သမီးတို့ကို နေရာအနှံ့ လိုက်ပို့တဲ့ အတွက် နေရာ တော်တော် စုံအောင် ရောက်ခဲ့ ပါတယ်။ တစ်ခါတလေ သူကတောင် ညစာဖိတ်ပြီး ကျွေးပါသေးတယ်။

သမီးမွေးပြီး ဘယ် တော့လောက်မှ မြန်မာပြည် ကို ပြန်လာတာလဲ။

သမီး ၃ လရတော့မှ ရန်ကုန်ကို ပြန်လာ ကြတာပါ။ သမီးအတွက် ခေါ်ထားတဲ့ သူနာပြု ဆရာမကြီးက သမီး ကို အစစ အရာရာ သင်ပေးပါ တယ်။

အခု သမီးလေးက ၂ နှစ်ပြည့် တော့မယ်။ ၃ နှစ်ဆို ရင် မူကြိုပို့ ရတော့မယ်နော်။
ဟုတ်တယ်။ သမီးက အခုက တည်းက အဲဒါကို တွေးပြီး စိတ်ပူ နေမိတာ။ သူ များလုပ်တာကို သမီးလေး ခံလိုက် ရမလား၊ သမီးကပဲ သူများကို သွားလုပ်မလား။ အိပ်ချိန်မှာ အိပ်ချင် နေမလား၊ ဆော့နေ မလား။ အဲဒါတွေးပြီး ပူနေမိတယ်။

အခု ထက်ထက် ရိုက်ကွင်း သွားတဲ့ အခါ သမီးကို ခေါ်သွားသလား။ အိမ်မှာ ထားခဲ့သလား။ နယ်ထွက် တဲ့ အခါ မှာရော ဘယ်လို စီစဉ်ထား သလဲ။
နယ်ထွက် ရိုက်ရမဲ့ အစီ အစဉ်တွေကို လက်မခံသေး တာကြောင့် အဲဒီ ပြဿနာ တော့ မရှိသေး ပါဘူး။ ရှုတင် ကို တစ်ခါ တလေတော့ ခေါ် သွား ပါတယ်။ အများအား ဖြင့်တော့ အိမ်မှာ ထားခဲ့ တယ်။ အိမ်မှာ ဇူးရဲ့ အမေနဲ့ အဖေက လာနေ ပေးတော့ သူတို့မြေးကို ထိန်းပေးကြပါ တယ်။ သူတို့ရှိ နေတော့လည်း  ထက်ထက် စိတ်မပူ ရဘူး ပေါ့။ အခုလောလောဆယ်မှာ တော့ ယောက္ခမတွေက မန္တလေးကို ခဏ ပြန်သွားပါ တယ်။



သမီးကလေး ဖြစ်နေ တာကြောင့် ထက်ထက် အနေနဲ့ သမီး ကြီးလာရင် ကိုယ့်လို သရုပ်ဆောင် ဖြစ် စေချင်သ လား၊ ဒါမှမဟုတ် သူ့အဖေ လို ပညာတတ် တစ်ယောက် ဖြစ်စေချင်သလား။

သမီး ကတော့ သရုပ် ဆောင် မဖြစ်စေ ချင်ပါဘူး။ သရုပ်ဆောင် တစ်ယောက်ရဲ့ ဘ၀ဟာ အများ ထင်သလို သက်သက်သာသာ နေရတာ မဟုတ်ပါဘူး။ အင်မတန် မောရပါတယ်။ ဒါကြောင့် သမီးကို ထက်ထက်လို မမော စေချင်ဘူး။ ပညာတတ် ဆရာဝန်မကြီး တစ်ယောက်ဖြစ်စေ ချင်တယ်။ သူ့အဖေကတော့ သမီး ကြီးလာမှ ၀ါသနာပါ တာ လုပ်ပါစေလို့ ပြောတယ်။

တစ်ဦး တည်းသော သမီးအဖြစ်နဲ့ပဲ ထားမှာလား၊ နောက်ထပ် သားသမီး မယူ တော့ဘူးလား။
နောက်ထပ်တစ် ယောက်လောက်တော့ မွေး ပေးချင် ပါတယ်။ ဒါပေမဲ့ ထက်ထက်ရဲ့ ကျန်းမာရေးက သိပ်ကောင်းတာ မဟုတ်တော့ တော်တော်လေး ချင့်ချိန်နေ တယ်။ မွေးရတာက ဗိုက်ခွဲ မွေးတဲ့ အတွက် မပင် ပန်းဘူး ပြောလို့ ရပေမဲ့ ကိုယ်ဝန် ဆောင်တဲ့ အချိန်မှာ ထက် ထက်က အကြောတွေ အရမ်း တက်တယ်။ ခြေသလုံးကြွက် သားတွေက အကြောတွေ တက်သလို ကုပ်ကလည်း အကြောတွေ တက်လို့ ဇူးဆို ရင် တစ်ချိန်လုံး တံတောင်ဆစ်နဲ့ ထောင်းပေး နေရတယ်။  ဆရာဝန်တွေက အကြောမတက်အောင် ဆေးတွေ ပေး ပေမဲ့ မရပါဘူး။ တက်တာပါပဲ။ အဲဒီဒဏ်ကို ခံရတာက  ထက်ထက် အတွက် တော် တော့်ကို ပင်ပန်းပါတယ်။

 သမီးက သူ့အဖေလို သီချင်း ၀ါသနာ ပါသလား။

သမီးက သီချင်းကို သာမန် ကလေးတွေ ထက်ပိုပြီး ၀ါသနာ ပါပုံရတယ်။ ဘယ်လောက်ပဲ ငိုငို၊ သီချင်း ဖွင့်ပြ လိုက်ရင် တိတ်သွားပြီး က တော့တာပဲ။ မိန်းကလေး ဆိုပေမဲ့ တောက်တောက် တောက်တောက်နဲ့ သူ သွားတဲ့ နေရာကို မအေက အလစ် မပေးဘဲ ကြည့်နေ ရတယ်။ တီဗွီတို့ ဘာတို့ ဖွင့်ပေးထား ရင်တော့ ငြိမ်ငြိမ် ကလေး နေတယ်။ သူ ငြိမ်အောင် အနား ထားပြီး ပုံပြော ရတာလည်း ထက်ထက် အတွက် အလုပ် တစ်ခုပါပဲ။

ထက်ထက် အခု ကား ရိုက်ကျဲ နေတယ်နော်။

ရိုက်တာ တော့ ရိုက်ပါ တယ်။ မနက်ဖြန်ပဲ ကိုခန့်စည် သူနဲ့ ဗြူတီ ခေါင်းလျှော်ရည် ကြော်ငြာ ရိုက်ဖို့ ရှိတယ်။ 
အခုတော့ ရှုတင် သွားရမှာ အရင်လို မတက် ကြွတော့ဘူး။ အိမ်မှာ သမီးနဲ့ နေရတာ ပိုပြီး ပျော်နေတယ်။ 
အရင် တုန်းကတော့ ရှုတင် သွားဖို့ ရာ အရမ်း တက်ကြွခဲ့တာလေ။

ကျွန်တော်တို့နှစ်ယောက် စကား ပြောနေစဉ် အတွင်းမှာ ကိုးမိုင် ဒန်လော့ပ် ပီလို အရောင်းဆိုင်က ၀န် ထမ်း ကလေးများ စစ်လွန်း ၀တီထက်နဲ့ လုံးထွေး နေကြပါ တယ်။ 
ထက်ထက် ကတော့ အင်တာဗျူးဖြေရင်း သူ့သမီး ကို မျက်ခြည် မပြတ် ကြည့် နေတာ သတိထား မိပါတယ်။
 လှမ်းအော်တဲ့ အခါလည်း အော်ပါတယ်။

ရွှေအမြုတေရဲ့ ဒီကဏ္ဍ အတွက် အချိန်ပေး ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ ဇူးမြတ်ထက်၊ ထက်ထက်မိုးဦး၊ စစ်လွန်း ၀တီထက်နဲ့ 
ဒန်လော့ပ်ပီလို ဆိုင်မှ ၀န်ထမ်း များအား ကျေးဇူးတင်ပါတယ်။

မိုးကျော်ထွန်း

ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃
shweamyutay.com  ကနေ ကူးယူ ဖော်ပြပါတယ်။

14 Mar 2013

မင်း အကြောင်းလေး - စိုးသူ





တချိန်က ခေတ်လူငယ်တွေတော်တော်များအားပေးခဲ့ အနုပညာရှင် စိုးသူဟာမိခင်ကြီး မမာမကျန်းဖြစ်နေ တဲ့ အတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး စိုးသူ ပြန်ရောက်လာချိန်မှာ တချိန်က အားပေးခဲ့တဲ့ ပရိသတ်တွေဟာလည်း ယနေ့အချိန်ထိကို အားပေးနေဆဲဆိုတာကို တွေ့မြင်ရပါတယ်။ 

ဒါကြောင့် စိုးသူချစ် ပရိသတ်များ နားဆင်နိုင်ဖို့ အတွက်ကို MRTV4 နဲ့ Channel7 တို့မှာ  တင်ဆက်သွား တာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

စိုးသူရဲ့ ပရိသတ်များ သဘောကျနှစ်ခြိုက်မယ် ထင်ပါတယ်။  



http://blog.irrawaddy.org/2013/03/blog-post_1370.html#more

12 Mar 2013

"အဝေးကြီးမှာ မနေချင်တော့ဘူး"







  ပြည်ပရောက်နေတဲ့ ရုပ်ရှင်မင်းသား၊ အဆိုတော် စိုးသူက ဒီလကုန်ပိုင်းမှာ past & present, Soe Thu ဆိုတဲ့ ဂီတဖျော်ဖြေပွဲကြီးတခု ရန်ကုန်မှာ လုပ်တော့မှာပါ။

(ဓာတ်ပုံများ - နဒီထိုက်/ဧရာဝတီ)
ရုပ်ရှင်ဇာတ်ကားတွေ၊ တကိုယ်တော် တေးစီးရီးတွေ အများအပြား ထွက်ခဲ့တဲ့ စိုးသူက 
၂၀၀၁ မှာ မြန်မာပြည်က ထွက်သွားပြီး အမေရိကန်ပြည်ထောင်စုမှာ ဆရာဝန်တဦး အဖြစ် ရပ်တည်ခဲ့ပါတယ်။

ဧရာဝတီက အင်တာဗျူးရာမှာ အကယ်ဒမီစိုးသူက  သူ့ရဲ့ မိသားစု၊ သူ့ရဲ့ အတိတ် နဲ့ လတ်တလော အနုပညာလှုပ်ရှားမှုများအကြောင်း ပြောပြပါတယ်။
ဧရာဝတီသတင်းထောက် နဒီထိုက်က မေးမြန်းထားတာ ဖြစ်ပါတယ်။


မေး။   ။ ဖျော်ဖြေပွဲရဲ့ခေါင်းစဉ်ကို Past & Present, Soe Thu လို့ ဘာကြောင့်ပေးထားသလဲဆိုတာ သိပါရစေ။ 

ဖြေ။   ။ အတိတ်၊ ပစ္စုပန်မှာ ကျနော့် အနေနဲ့ ပရိသတ်အပေါ်ထားတဲ့စိတ်က တူတူပဲ ရှိနေသေးတယ် ဆိုတဲ့သဘောနဲ့ ဒီနာမည်လေး ပေးဖြစ်တာပါ။ 
အဓိကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ပရိသတ်ကို ကျေးဇူးတင်စွာနဲ့ အတတ်နိုင်ဆုံး ပြန်ပေးဆပ်ချင်တဲ့အတွက် ခုလို စီစဉ်ဖြစ်သွားတာပါ။ 

မေး။   ။  အခမဲ့ဖျော်ဖြေပွဲအဖြစ် စီစဉ်ထားတာက ဘယ်လို ရည်ရွယ်ချက်ကြောင့်လဲ။ 

ဖြေ။  ။ ဒါက စေတနာကို ဦးထိပ်ထားလို့ပါ။ လာကြည့်ကြမယ့် မိဘပြည်သူတွေအတွက် သူတို့နေရာကနေ စဉ်းစားတာပါ။
 မကြည့်ရ တာကြာပြီဖြစ်တဲ့လူတွေကို ကြည့်လဲကြည့်စေချင်တယ်။ တကိုယ်တော် ဖျော်ဖြေပွဲလည်း တခါမှ မလုပ်ဖြစ်ခဲ့ဘူး။ အားရပါးရကြည့် စေချင်တယ်။ 

မေး။   ။ ဖျော်ဖြေပွဲမှာ တခြားအဆိုတော်တွေနဲ့ စုံတွဲသီဆိုဖို့ကော စီစဉ်ထားပါသလား။ 

ဖြေ။   ။ ဒါက ပရိသတ်အတွက် အကောင်းဆုံးနဲ့ အဆင်ပြေဆုံး လုပ်သွားဖို့ စီစဉ်ထားပါတယ်။  
ဘယ်သူတွေပါမလဲ ဘယ်လိုဖျော်ဖြေမလဲ ဆိုတာ Surprise အနေနဲ့ (အံ့သြသွားအောင်) ပရိသတ်ကို သိစေချင်လို့ပါ။ 


မေး။   ။ ဆိုမယ့်သီချင်းတွေကကော အဟောင်းတွေပဲလား။ သီချင်းသစ်တွေကော ဆိုဖြစ်မလား။ 

ဖြေ။   ။ အများစုကတော့ အဟောင်းပဲ ဆိုဖြစ်မှာပါ၊ ပရိသတ်တွေက သိချင်းဟောင်းတွေ ပိုကြားချင်တယ် ဆိုတော့လေ။ 
နောက်... အဟောင်းတွေပဲ ဆိုတော့ ပရိသတ်ငြီးငွေ့သွားမှာလည်း စိုးတယ်။ ဒိအတွက် အသစ်တွေလည်း ဆိုဖြစ်မှာပါ။ 

မေး။   ။ အစ်ကိုရဲ့ အရင်က  မန်ချက်စတာတီးဝိုင်းကိုကော ထည့်မှာလား။   ထူးထူးခြားခြားအစီအစဉ်လေးတွေရော ရှိသလား။

ဖြေ။   ။ လာအားပေးတဲ့သူတိုင်းကို အဆင်ပြေစေချင်ပါတယ်။ နောက်ပရိသတ်တွေ အားပေးတဲ့အပေါ်မှာ အကောင်းဆုံးတွေ ပေးချင်တယ်။ 
 ဖြစ်နိုင်ရင်သီချင်းအပုဒ် တထောင်လောက် ဆိုပြချင်တယ်။ အရင်က လက်တွဲလုပ်ခဲ့တဲ့ Iron cross,  Emperor  တို့ ကျနော်ဆိုခဲ့ဖူးတဲ့ တီးဝိုင်းအကုန်လုံးကို ထည့်ချင်တယ်။ 
နောက် ... ကျနော့် တီးဝိုင်းမန်ချက်စတာကိုလည်း ထည့်တီးချင်တယ်။ 

မေး။   ။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေကော ရိုက်သွားဖို့ရှိလား။ 

ဖြေ။   ။ အကောင်းဆုံးဖြစ်အောင် အချိန်ပေးပြီး လုပ်ချင်တယ်။ အချိန်ပေးနိုင်တဲ့အပေါ်မှာ စဉ်းစားပြီး လုပ်ဆောင်သွားမှာပါ။ 
ကမ်းလှမ်းထားတာတွေတော့ ရှိပါတယ်။ ဒီထဲကနေပြီး ပရိသတ်အတွက် အဆင်ပြေနိုင်မယ့်ဟာလေးတွေကို ရွေးချယ်ရိုက်ကူး သွားမှာပါ။ 

မေး။   ။ သီချင်းခွေအသစ်ထုတ်ဖို့ကော ရှိလား။ 

ဖြေ။   ။ ဒီကိုပြန်မလာခင်ထဲက ကမ်းလှမ်းထားတာရှိတော့ လုပ်ဖြစ်သွားမှာပါ။ 

စိုးသူရဲ့ ဂီတဖျော်ဖြေပွဲ ကြော်ငြာ

မေး။   ။ အခုလက်ရှိလှုပ်ရှားမှုက။ 

ဖြေ။   ။  လက်ရှိက ကြော်ငြာတွေ ရိုက်ဖြစ်နေတယ်။  

မေး။   ။   အနုပညာရှင်တွေပြည်ပက ပြန်လာပြီး ဖျော်ဖြေပွဲတွေလုပ်တယ်၊ ပရိသတ်ကို ကျေးဇူးဆပ်တယ်လို့ ပြောတယ်။ နောက် ပြန်သွားကြတယ်။ ဈေးကွက်တခုလိုဖြစ်နေတယ်။  ဂီတဖျော်ဖြေပွဲလုပ်တာနဲ့တင်ပဲ ပြီးသွားမလား။ တက်သစ်စတွေအတွက်  လုပ်သွားဖို့ မရှိဘူးလား။

ဖြေ။   ။ ကိုစိုးသူက အနုပညာလုပ်ငန်းမှာ ပါဝင် ထမ်းဆောင်ခဲ့သူတဦးပါ။ ဒီမှာ ဂီတလောကကောင်းဖို့မှာ တဦးချင်း တယောက်ချင်းက ကောင်းအောင် စေတနာအပြည့်နဲ့ ဆောင်ရွက်ရမှာ ဖြစ်သလို အများကလည်း ပေါင်းလုပ်ရင် ကောင်းမှာတွေလည်း ရှိပါတယ်။
 ဒီမှာ ကိုယ်လုပ်နိုင်သလောက် လုပ်သွားဖို့ စဉ်းစားထားပါတယ်။ 
ဘယ်ဘက်ကဖြစ်ဖြစ် လုပ်နိုင်သလောက် လုပ်ပေးဖို့ ဘယ်တော့မှ နောက်မတွန့်ဘဲ လုပ်ဆောင်ပေးသွားမှာပါ။ 

မေး။   ။ တကိုယ်တော် မြေတောင်မြှောက်ပေးဖို့ကော အစီအစဉ်မရှိဘူးလား။ 

ဖြေ။   ။ အရင်ထဲကလည်း လုပ်ပါတယ်။ အရင်ထဲက ၀ါသနာတူ သူငယ်ချင်းတွေပေါင်းပြီး မော်ဒယ်လ်အေဂျင်စီ ထောင်ခဲ့ဖူးပါတယ်။ 
ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးပေးခဲ့တာတွေရှိပါတယ်။ တချို့ ထွက်လာတာတွေရှိသလို ထွက်မလာတာတွေလည်း ရှိပါတယ်။ 
ဒီကနေ့ တချို့တွေဆို တော်တော် နာမည်ရတဲ့ စီနီယာတန်းတွေ ရောက်နေတာတွေ ရှိပါတယ်။ အဲလို ပံ့ပိုးပေးတာတွေ ရှိပါတယ်။ 


မေး။   ။ ဖျော်ဖြေပွဲအပြီးမှာ ဘာတွေ ဆက်လုပ်သွားဖို့ရှိလဲ။ ဒီမှာ ပြန်အခြေချနေသွားမလား။

ဖြေ။   ။ ကျနော်က အနုပညာအလုပ်တွေ လုပ်ခဲ့တယ်။ ပရိသတ်တွေကလည်း အကောင်းဆုံး တုံ့ပြန် အားပေးခဲ့ကြတယ်။ 
တော်ရာမှာနေရ ဆိုသလိုပါပဲ အကြောင်းအမျိုးမျိုးကြောင့် အဝေးကြီးမှာ သွားနေရတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုချစ်တဲ့ စိတ်ကတော့ အရင်ကလည်း ဒီတိုင်းပဲ၊ ခုလဲ ဒီအတိုင်းပဲရှိပါတယ်။ အဝေးကြီးမှာ သွားနေလည်း ဒီအတိုင်းပဲ။ 
ဆက်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေဒီတိုင်းပဲ ဆက်ရှိနေမှာပါ။ 
ဘယ်မှာခြေချမလဲ ဆိုတာထက် ဘယ်မှာနေနေ ကိုယ်ချစ်တဲ့အနုပညာနဲ့ မိဘပြည်သူတွေကို စွမ်းဆောင်နိုင်ဆုံး လုပ်ပေးနိုင်သလောက်ကို ကြိုးစား လုပ်ဆောင်ပေးသွားမှာပါ။ နေတဲ့နေရာနဲ့ ဆုံးဖြတ်ချက်ထက် စိတ်စေတနာနဲ့ မိဘပြည်သူပေါ်ကို တုံ့ပြန်တဲ့ အနုပညာကိုချစ်တဲ့စိတ်ကပဲ အဓိကကျမှာပါ။ 

မေး။   ။ တိတိကျကျ မပြောနိုင်သေးတာက လက်ရှိ နိုင်ငံပေါ်လစီကြောင့်လား။ အလုပ်အကိုင်ကြောင့်လား။

ဖြေ။   ။ ဒါကို ခဏခဏ မေးကြပါတယ်။ ခုချိန်မှာတော့ သွားလိုက်ပြန်လိုက် ရှိနေဦးမှာပါ။ အရင်လို အဝေးကြီးမှာ မနေချင်တော့ဘူး။ 
အခြေချဖို့ မဆုံးဖြတ်ရသေးဘူးလား ဆိုတော့ ပြောရရင်ခက်ပါတယ်။ ဖြစ်နိုင်ရင် ဒီကနေ မပြန်ချင်တော့ဘူး။ လူဆိုတာက နေချင်တဲ့နေရာမှာ မနေရဘူးလေ။ 
ဟိုမှာကလည်း အလုပ်တခုရှိတော့ ခုချိန်မှာ ဘာမှမပြောနိုင်သေးဘူး။ 

မေး။   ။  အမေရိကန်နိုင်ငံသား ခံယူထားလို့များ ဒီမှာ အခြေချဖို့ ခက်ခဲနေတာလား ဆိုတာ သိချင်ပါတယ်။ 

ဖြေ။   ။ အဲလို မဟုတ်ပါဘူး။ ခုချိန်ထိ ကျနော် ဒီနိုင်ငံသားပါ။ ဇနီးနဲ့ သမီးကလည်း ဒီနိုင်ငံသားပါပဲ။ 
ဒီနိုင်ငံကိုချစ်တဲ့ ဒီနိုင်ငံသားအနေနဲ့ပဲ ဆက်ရှိနေပါသေးတယ်။ 

မေး။   ။ ဇနီးနဲ့ သမီးလေးအကြောင်း နည်းနည်း ပြောပြပေးပါ။

ဖြေ။   ။ (ဇနီး အမည်က) ခင်မြမြ၀တ်မှုံဆွေပါ။ 
သမီးလေးက ၆ နှစ်ခွဲ ရှိပါပြီ။ နာမည်က အိန်ဂျယ်စိုးသူလွင် ခေါ် စုဝတ်မှုံစိုးပါ။  
ဆိုတာ၊ ကတာ အင်မတန်ဝါသနာပါတယ်။ အင်မတန် ရှက်တတ်ပါတယ်။ 
သူ အနုပညာဝါသနာပါလို့ လုပ်မယ် ဆိုရင်တော့ ကျနော်က အားပေးရမှာပေါ့။ တဦးတည်းသောသမီးလေးပါ။ အခု ရန်ကုန်မှာပါပဲ။ 

အချိန်ယူဖြေကြားပေးတဲ့အတွက် အများကြီး  ကျေးဇူးတင်ပါတယ်။ 
- See more at: http://blog.irrawaddy.org/2013/03/blog-post_6805.html#more

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif