http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label သမိုင်း၊သုတ. Show all posts
Showing posts with label သမိုင်း၊သုတ. Show all posts

7 Jul 2013

သမိုင်းကို ရဲရဲရင်ဆိုင်ပါ

၂၀၁၂ ဇူလိုင် ၇ ရက်နေ့သည် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲ ဖျက်ဆီး ခံခဲ့ရခြင်း နှစ် ၅၀ ပြည့်မြောက်သည့် နေ့ဖြစ်သည်။ 


ဖြိုခွဲ ဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းရှိ သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အအုံ

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဒီမိုကရေစီ အရေးနှင့် ကျောင်းသားများ၏ အခွင့်အရေးကို ငြိမ်းချမ်း စွာ တောင်းဆိုခဲ့သော ကျောင်းသားများကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရက ပစ်ခတ်ဖြိုခွင်းခဲ့ရုံမက ရန်ကုန်တက္ကသိုလ် ဝန်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကြီး ကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့သည်။ 

ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးသည် မြန်မာသူဌေးကြီး ဦးညို၏ လှူဒါန်းမှုကြောင်း ၁၉၃၅ ခုနှစ် မြန်မာပြည် သူ့ကျွန်ဘဝမှ မလွတ်မြောက်ခင် ကတည်းက ရန်ကုန်တက္ကသိုလ် ဝန်းအတွင်း ပေါ်ပေါက် ခဲ့သော သမိုင်းဝင် အမှတ်အသား တခု ဖြစ်သည်။ 

လွတ်လပ်ရေး ကျိုးပမ်းမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အခြေစိုက်ရာ ဖြစ်သောကြောင့် သမိုင်းဝင် နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အဆောက်အအုံကြီးဟု သမိုင်းဆရာများက မှတ်တမ်းပြု ကြရသည်။ 

ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုကြီးနုမှ စ၍ ကျောင်းသားခေါင်းဆောင် ပေါင်းများစွာကို ကျောင်းသား သမဂ္ဂက မွေးထုတ်ပေး ခဲ့သည်။ 

ထိုကျောင်းသား ခေါင်းဆောင်များသည် လွတ်လပ်ရေး အကြို၊ လွတ်လပ်ရေး တိုက်ပွဲနှင့် လွတ်လပ်ရေး ရပြီးနောက် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ခဲ့သည်ကို ငြင်းနိုင်မည် မဟုတ်ပေ။ 

မြန်မာပြည်၏ ထေရဝါဒ ဗုဒ္ဓဘာသာအတွက် စံပြုရမည့် အမှတ်အသားမှာ ရွှေတိဂုံစေတီဟု ဆိုလျှင် မြန်မာ
ပြည် လွတ်လပ်ရေးအတွက် စံပြုရမည့် အမှတ်အသားမှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကြီးဟု ဆိုရပေလိမ့်မည်။ 

သို့သော်လည်း မြန်မာပြည်ကို နှစ်များစွာ အုပ်စိုးခဲ့သော စစ်အာဏာရှင်များကမူ ကျောင်းသား လူငယ်များ ၏ တက်ကြွသော ကျိုးပမ်းမှု၊ ပြည်သူလူထု အတွက် စွန့်လွှတ်အနစ်နာ ခံမှုများကို မြေအောက် အဖွဲ့ အစည်း များက အသုံးချနေသည်ဟု လွဲမှားစွာ စွပ်စွဲခဲ့သည်။ 

အမှန်မှာ ကျောင်းသားသည် မည်သည့် ခေတ်ကာလ၊ မည်သည့် အချိန်တွင်မှ အသုံးချခံမဖြစ် ခဲ့၊ ကျောင်းသား သမဂ္ဂ သည်လည်း ဂုဏ်သိက္ခာရှိစွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် အပြည့်အဝတို့ဖြင့် လွတ်လပ်စွာ ရပ်တည်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။ 

ကျောင်းသား သမဂ္ဂကို ဖြိုခွင်းလိုက်ခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို စစ်ဖိနပ်နှင့် နင်းခြေလိုက်ခြင်းဟု သတ်မှတ်ရမည် ဖြစ်သည်။ 

ကျောင်းသား အရေးနှင့် အမျိုးသားပညာ လွတ်လပ်ရေးတို့ အတွက် မားမားမတ်မတ် ရပ်တည်ခဲ့သော ကျောင်းသား သမဂ္ဂ မရှိတော့သည့် အပြင် စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းများ စွာ နေခဲ့ရ သည့် မြန်မာပြည် ပညာရေး အဆင့်အတန်း သည် ယခု အချိန်တွင် အောက်ဆုံးအဆင့် သို့ ရောက်ရှိ
နေပြီ ဖြစ်သည်။ 

ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ အစိုးရသည် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကို ဖြိုခွင်းခဲ့ရုံ မက ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာပြည်ပညာရေး စနစ်ကိုပါ လျစ်လျှူရှုခဲ့သည်။ 

၁၉၉၀ ပြည့်နှစ် နောက်ပိုင်း စစ်အုပ်ချုပ်ရေး ကာလတွင်မူ ပညာရေး စနစ်ကိုသာမက တက္ကသိုလ် 
ကျောင်းသား များ၏ အခွင့်အရေး များကိုပါ မသိမသာမှ သိသိသာသာ တဖြည်းဖြည်း ကန့်သတ် လာခဲ့သည်။ 

သမိုင်းဝင်ခဲ့သော ရန်ကုန် တက္ကသိုလ်များ၏ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချကာ မြို့ပြင်များတွင် တက္ကသိုလ် သစ်များစွာ တည်ဆောက်၍ ကျောင်းသားများကို လူစုခွဲခဲ့သည်။ 

တက္ကသိုလ် အသီးသီးမှ သာမန်ဘွဲ့ရများကို စက်နှင့် လှည့်ထုတ်ကဲ့သို့ နှစ်စဉ် မြောက်မြားစွာ ထုတ်ပေးနေ ရုံမက အဝေးသင် ပညာရေးစနစ်ကို ဖန်တီးကာ အနီးကပ် ၁၀ ရက်အပြတ် သင်၍ ဘွဲ့လက်မှတ်များ ကို ပေါပေါများများ ထုတ်ပေးခဲ့သည်။ 

ပညာ အမှန်တကယ် မတတ်ဘဲ ဘွဲ့ရခဲ့သူများမှာ အလေးစား မခံရသော အလုပ်လက်မဲ့ ဘဝဖြင့် မြန်မာ
ပြည်တွင် တောင်ပုံရာပုံ ပုံလျှက်ရှိသည်။ 

တိုင်းပြည် အနာဂတ်အတွက် အရေးကြီးသည့် ပညာရေး အဆင့်အတန်း တစတစ နိမ့်ပါးနေချိန်တွင် ပညာရေး အဆောက် အအုံ ခြစားမှုကြောင့် ငွေပေးနိုင်သူများ အလွယ်တကူရနိုင်သည့် ပါရဂူ ဘွဲ့ရ ဆိုသူများမှာလည်း နိုင်ငံတကာ မဆိုထားနှင့် ဒေသတွင်းနိုင်ငံကပင် စာရင်းမသွင်းသည့် အနေအထား ဖြစ် လာသည်။ 

ယခု အပြောင်းအလဲကို လိုလားသော ဦးသိန်းစိန် အစိုးရ လက်ထက်တွင်မူ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် အနာဂတ် လှပရေးအတွက် အရေးပါသည့် ပညာရေးကဏ္ဍကို ပြန်လည် တည်ဆောက်ရတော့မည့် အချိန်ဖြစ်သည်။ 

ထိုသို့ ပညာရေးစနစ် ပြန်လည်တည်ဆောက် ရာတွင် အစိုးရအနေဖြင့် အထက်မှ အမိန့်ပေး တည်ဆောက်
ခြင်းထက် ကျောင်းသားများ၏ အင်အားကို အသုံးချသင့်သည်၊ ကျောင်းသား အခြေပြုသည့် ပညာရေး စနစ် ပြန်လည် တည်ဆောက်ရေးကို အစိုးရက ကြိုဆိုကာ ပံ့ပိုးပေးရမည် ဖြစ်သည်။ 

ဆဲဗင်း ဇူလိုင် အရေးအခင်းသည် သမိုင်းဖြစ်သည်။ အနှစ် ၅၀ အတွင်း ဆုံးရှုံးမှုများကို သမိုင်းထဲမှ သင်္ခန်းစာ ယူရမည့် အချိန် ယခု ကျရောက်ပြီ။ သမိုင်းကို မမေ့သင့်၊ ချန်မထားသင့်ပေ။ 

မတရားသဖြင့် သေဆုံးခဲ့ရသူများကို စာနာထောက်ထား၍ သော်လည်းကောင်း၊ သမိုင်းကို ရဲရဲ ရင်ဆိုင် သည့် အနေဖြင့် သော်လည်းကောင်း ကျောင်းသားဟောင်းများ သာမက တနိုင်ငံလုံးရှိ ကျောင်းသားများ ပါဝင်သော ဆဲဗင်းဇူလိုင် နှစ် ၅၀ ရွှေရတု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့် ပေးသင့်သော်လည်း သမိုင်းမှန်ကို ရင်မဆိုင်ရဲသောကြောင့်လား မသိ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ကျင်းပမည့် အခမ်းအနားများကို အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။ 

သမိုင်းကို ရင်မဆိုင်ရဲလျှင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ခက်ခဲပေလိမ့်မည်။ 

ယခုအချိန်သည် ဦးသိန်းစိန် အစိုးရ အနေဖြင့် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ကျောင်းသားထု၏ ရင်တွင်းမှ ဒဏ်ရာဒဏ်ချက် များကို စတင် ကုစားပေးရင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အားထုတ်ရန် အကောင်းဆုံး အချိန်ဟု ဧရာဝတီက ယူဆကြောင်း တင်ပြလိုက်ရပါသည်။ 

ယမန်နှစ် ဆဲဗင်းဇူလိုင်အတွက် ဧရာဝတီရဲ့ အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်သည်။ 
http://blog.irrawaddy.org/2013/07/blog-post_4139.html#more

3 Oct 2012

ဟိုချီမင်း နဲ့ ရန်ကုန်တက္ကသိုလ်ဒေါက်တာဘွဲ့




 
 ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း မြန်မာပြည်ကို လာရောက်ခဲ့ဖူးပါတယ်။ ၁၉၅၈ ခုနှစ်ကပါ။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်က ပေးအပ်တဲ့  ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံရယူခဲ့ပါတယ် တဲ့။ 


 
ဗီယက်နမ် ခေါင်းဆောင် ဟိုချီမင်း (၁၈၉၀ - ၁၉၆၉)

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုင်ရာ ဓာတ်ပုံ ၃ ပုံကို အွန်လိုင်းမှာ တွေ့ရတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

မြန်မာနဲ့ဗီယက်နမ်က မိတ်ဆွေနိုင်ငံတွေပါ။

ဗီယက်နမ်က ၁၉၅၄ မှာ ပြင်သစ်လက်အောက်က လွတ်ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ဗီယက်နမ်ကို ပထမဆုံးရောက်သွားတဲ့ ပြည်ပခေါင်းဆောင်က အိန္ဒိယ၀န်ကြီးချုပ် နေရူး။ ဒုတိယ ရောက်သွားသူကတော့ မြန်မာဝန်ကြီးချုပ် ဦးနု ဖြစ်ပါတယ်။

ဒီနှစ် မတ်လ  ဦးသိန်းစိန် ဗီယက်နမ်သွားတော့ ဟိုချီမင်း အထိမ်းအမှတ် ဗိမာန်မှာ ပန်းခွေချ အလေးပြုခဲ့ပါသေးတယ်။
 
 
 တိုက်ပုံ၊ ခေါင်းပေါင်းနဲ့ ဟိုချီမင်း 

ဗီယက်နမ်တို့က သူတို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး  ဟိုချီမင်းကို ဦးလေးဟို လို့ ချစ်ခင်လေးစားစွာ ခေါ်ဆိုကြကြောင်း ဖတ်ဖူးပါတယ်။ 


ဦးလေးဟိုအကြောင်း စာအုပ်ရေးသားပြုစုခဲ့ဖူးတဲ့ မြန်မာစာရေးဆရာ အနည်းဆုံး ၄ ဦး ရှိတဲ့အတွက် မြန်မာစာဖတ်ပရိသတ်က သူ့နဲ့ နီးစပ်ခဲ့ပါတယ်။ ထူးခြားချက်တွေထဲက တခုကတော့ အရပ်သားတယောက်လို နေထိုင် ပြုမူတာပါပဲ။ (အဲဒီအကြောင်း ဈေးကွက်ဂျာနယ် ဆောင်းပါးတပုဒ်မှာ ဖတ်ပါ။) အွန်လိုင်းမှာ ရှာကြည့်ရင် သူ့ရဲ့ ထင်းခွဲ၊ ရေခပ်၊ ငါးမျှားနေပုံတွေကို တွေ့ရမှာပါ။ 
 
 
 
 အစပိုင်းမှာ ဆိုခဲ့သလို ရန်ကုန်တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးခဲ့တာပါ။ အဲဒီခေတ် ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင် အာရှမှာ ထိပ်တန်းတက္ကသိုလ်အဆင့် ရှိတဲ့အတွက် ဆုပေးသူအတွက်ရော ဆုလက်ခံယူသူအတွက်ပါ ဂုဏ်ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

23 Jul 2012

သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)

 
သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)။



1. အမည်ရင်း - မောင်လွမ်းမောင်။

2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း။

3. မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့ ။

4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ။

5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့် ။

6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်။







ကိုယ်ရေး ဖြစ်စဉ်။



၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။



၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။



၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။



၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။



၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။



နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။



၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။



၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။



၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။



၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။



၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။



၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။



၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။



၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။



၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။



၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။



၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။



၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။



၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။



၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။



၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။

၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်

၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။

၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။

၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။

၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။

၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။

၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။



၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။



၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။



ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။

------------------------------------

သခင်ကိုယ်တော်မှိုင်းအလွန်။

================

၁၉၇၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန် ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။

=======================================

ကျောင်းသားများထံသို့--



ရေးသူ-သခင်ကိုယ်တော်မှိုင်း



ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။ ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။ တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။ ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။ ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။

အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။

အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။

အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။

ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။ အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။ အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။ ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။ လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။ လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။ ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။ အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။ လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန် ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။ ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာ တတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။ အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။ ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ် ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။ တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။ ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။ ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။ အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။ ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။ အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။

ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။ သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။ စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။ တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။ အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။ ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။

အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။ ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။

နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။ အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...။



လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။ ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ် ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။ လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။ နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။ တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။ ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။



ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။



ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်' ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။ ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။ အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။ ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။ ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။ အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။ ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။ ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။

ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။

ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။

တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။

"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"

"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။

ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။

ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြ တဲ့ အကောင်တွေဘဲ။

အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။

အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။

အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။

[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]

[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်သည်။ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။ 
blog.irrawaddy.org/2012/07/blog-post_9705.html

22 Jul 2012

ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာပွဲ


ဒီပုံကို ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင် ဓာတ်ပုံ ဆိုပြီး Facebook မှာ လက်ဆင့်ကမ်းနေကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဝတ်ခဲ့တဲ့ သတို့သားဝတ်စုံက အဖြူရောင် မဟုတ်ပါဘူး။
မှတ်တမ်းတွေအရ သိရတာက မင်္ဂလာပွဲဟာ ခမ်းခမ်းနားနား မဟုတ်ခဲ့ပါဘူး။



ဗိုလ်ချုပ်အောင်ဆန်းရဲ့ မင်္ဂလာပွဲ အကြောင်း မင်းချမ်းမွန် ရေးခဲ့ဖူးပါတယ်။ ရွှေအမြုတေ ၀က်ဆိုက်မှာ ပြန်ဖတ်နိုင်ပါတယ်။

ဒေါက်တာ မြင့်ဆွေရဲ့ ဂျပန်ခေတ် ဆေးရုံကြီးပေါ်ဝယ်၊ ဒဂုန်တာရာရဲ့ အောင်ဆန်း (သို့မဟုတ်) အရိုင်း စာအုပ် ၂ အုပ်ကို သူ ဖတ်ရှု ခံစားရေးဖွဲ့ထားတဲ့ထဲက ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။


သူဆေးရုံက ဆင်းသွားပြီး တစ်နေ့သော ညနေခင်းတွင် သူက ဆရာမအား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထိုဒင်နာတွင် ဆရာမကို သူ၏ ဘ၀ ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်ရာ ဆရာမလည်း မငြင်းသာတော့ဘဲ ခေါင်းညိတ်ခဲ့ ရလေသည်။ သို့ဖြင့် ၁၉၄၂ ခု၊ စက်တင်ဘာ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ် ဆေးရုံကြီးပေါ်မှာပင် မင်္ဂလာပွဲ ဆင်ယင်ကျင်းပ ဖြစ်သွားလေသည်။ သတို့သားက စစ်ဝတ်စုံကို ၀တ်လျက် ဂျပန် စစ်ဦးထုပ်ကို ဆောင်းပြီး သတို့သမီးနှင့် ယှဉ်တွဲကာ အပျိုရံ၊ လူပျိုရံများဖြင့် ခြံရံကာ ရောက်ရှိလာသည်။

အဲဒီမှာ...။
“သစ္စာမဏ္ဍိုင်___မြဲခိုင်ခဲ့ပေ__ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ___ အသည်းမှာ စွဲမက် အသက်ကို ပုံတယ်လေ” ဟူ၍ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း)၏ စန္ဒရား လက်သံနှင့် အတူ ဆရာကြီး ဒေါက်တာ ဦးဘသန်းနှင့် သမီးတို့က သူ့အသည်းစွဲ သက်ဝေ သီချင်းဖြင့် မင်္ဂလာလက်ဖွဲ့သီချင်း ဖျော်ဖြေပေးခဲ့ကြသည်။ ထိုပွဲတွင် အမှတ်မထင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးသည်။

မင်္ဂလာ အခမ်းအနားသို့ ရောက်လာသော သတို့သားနှင့် သတို့သမီးတို့အား ခန်းမထဲမ၀င်မီ ဆေးရုံကြီးမှ ကိုကျော့မောင်နှင့် အခြားတစ်ဦးက အပေါက်ဝမှ ဆီး၍ ရွှေကြိုးဖြင့်တားသည်။ တိုင်းပြည် လွတ်လပ်ရေးမှ လွဲ၍ အခြားဘာကိုမှ စိတ်မ၀င်စား၊ လောက၀တ် ဓလေ့ထုံးတမ်းများကိုလည်း နားမလည် ဂရုစိုက်လေ့ မရှိသော သတို့သားသည် သူ့ရှေ့တွင် တားလာသည့် ရွှေကြိုးကို သူ့ညာလက်ဖြင့် ဖျတ်ခနဲ ဆောင့်ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး သတို့ သမီးလက်ကို ဆွဲလျက် တည်ကြည်သော မျက်နှာလေးနှင့် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန်ဖြင့် မင်္ဂလာစင်မြင့်ဆီသို့ ဆက်လက် လျှောက်သွားလေသည်။

အဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လွန်းရာ သူ့အပြုအမူကို အားလုံးက မှင်တက်မိကာ အံ့အားသင့်သွားကြသော်လည်း သူကတော့ ဘာမှ မဖြစ်သလိုပါပဲ။ သူကား အဲသလို လူစားမျိုး ဖြစ်သည်။ 
blog.irrawaddy.org/2012/07/blog-post_1533.html

20 Jul 2012

အာဇာနည်ဆိုတာ ဘာလဲ


ဤမေးခွန်းကိုဖြေရန် မလွယ်ကူလှပေ။ များမကြာမီက ဤစာရေးသူသည် ပညာရှိပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့၍ "ဦးရယ်၊ အာဇာနည်ဆိုတာ ဘာလဲ" ဟု မေးလိုက်ရာ၊ ထိုပုဂ္ဂိုလ်ကြီးက "စွန့်ရဲတဲ့လူပေါ့မောင်" ဟု ပြန်၍ ဖြေလိုက်သည်ကို ကြားရပါသည်။ ထိုပုဂ္ဂိုလ်ကြီးသည် မေးခွန်းကို ခပ်ပေါ့ပေါ့ဖြေလိုက်ဟန် လက္ခဏာရှိလေသည်။ ဤအဖြေကို ယခုစာရေးသူသည် ကောင်းစွာ လက်မခံနိုင်သေး။

စွန့်ရဲတဲ့လူသည် အာဇာနည်ဟုဆိုလျှင် တစ်ခါတုန်းက စာရေးဆရာကြီး ပီမိုးနင်း၏သား ကျော်စိုးသည် ရည်းစားလုရာတွင် တစ်ဖက်သားက ဓားမြောင်နှင့် စောင့်နေသည်ကို အသက်မနှမြောဘဲ အတင်းဝင်လုရာမှ ဓားထိုးခံရ၍ သေသွားသည်။ ကျော်စိုးသည် စွန့်ရဲသောသူတစ်ဦးပင် ဖြစ်သည်။ သို့အတွက် ဤကျော်စိုးကို အာဇာနည်ဟု ခေါ်ရမည်လော။

မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော တပင်ရွှေထီး၏ နားထွင်းခဏ်းကို မြန်မာတိုင်း ကြားဘူးပေလိမ့်မည်။ ဤနားထွင်းပွဲကို လိုက်ပါရန်အတွက် လူစွမ်းကောင်းများကို ဘုရင့်နောင်ကိုယ်တိုင် ရွေးချယ်သည်။ လက်မထိပ်ကို အပ်ရိုက်ပြီး သွင်းလိုက်သည့်အါ မတွန့်မရွံ့သူကိုမှ ရွေးချယ်သည်။ ဗလရဲထင်၏ အလှည့်သို့ ရောက်သောအခါ ယောင်၍ မျက်နှာရှုံ့လိုက်မိသဖြင့် အပယ်ခံရ၏။ ထိုအခါ ဗလရဲထင်သည် အလွန်ရှက်သွားသောကြောင့် သူ့ခါးထဲမှ ဓားမြောင်နှင့် သူ့ဗိုက်ကိုခွဲလိုက်၍ ထွက်လာသော အူစကို ဘုရင့်နောင်အား အကိုင်ခိုင်းပြီးလျှင် ဘုရင့်နောင်ကို တစ်ပတ်ပတ်၏။ အူဆုံးသည့် နေရာတွင်မှ လဲ၍သေလေသည်။ ဤသူကိုလည်း အာဇာနည်ဟု ခေါ်မည်လော။

ယိုးဒယားကို တိုက်၍ နိုင်ခဲ့သော ဆင်ဖြူများရှင်ကိုပင် ယိုးဒယားကို အနိုင်တိုက်နိုင်ခဲ့သည့်အတွက် အာဇာနည်ဟု ခေါ်ရမည်လော။

ကျော်စိုးတို့ကဲ့သို့သော သူကို အာဇာနည်ဟူ၍ ခေါ်ရမည်ဆိုလျှင် ဤကမ္ဘာကြီးတွင် ရည်းစားလုရင်း မကြာခဏ သေဆုံးနေကြသော အာဇာနည်တွေ ဒုနှင့်ဒေး ဖြစ်၍နေလိမ့်မည်။

ဗလရဲထင်လို ရှက်ရမ်းရမ်းကာ သေကြသူပေါင်းမှာလည်း မရေတွက်နိုင်အောင် ပေါများကြလေသည်။

ယိုးဒယားတည်းဟူသော ကိုယ့်ထက် အားသေးသည့် နိုင်ငံတစ်နိုင်ငံကို နိုင်အောင် တိုက်ယူနိုင်သည့်အတွက် ဆင်ဖြူများရှင်ကို အာဇာနည်ဟု ခေါ်ရမည်ဆိုလျှင် အင်္ဂလိပ်တွေ လက်ထဲမှာလည်း အာဇာနည်တွေ လက်ညှိုးနှင့်ထိုး၍ လွဲနိုင်တော့မည် မဟုတ်ပေ။

ကမ္ဘာ့သမိုင်းကို ကြည့်လျှင် ပီရူးနိုင်ငံတော်ကြီးကို တိုက်ယူရသော ပိဇာရိုးမှာ အတော်စွန့်ရရှာသည်။ သို့ရာတွင် သူများ၏ နိုင်ငံကို လိုချင်သော လောဘဇောက တိုက်တွန်းထားသဖြင့် သူ၏သတ္တိ၊ စွန့်ရဲသောစိတ်ဓာတ်တို့မှာ အာဇာနည်စာရင်းတွင် မပါဝင်နိုင်တော့ချေ။ သူတစ်ဖက်သား၏ ပစ္စည်းဥစ္စာကို အာသာငမ်းငမ်းတက် လိုချင်ကြသောကြောင့် စွန့်စားကြသည့် စိတ်ဓာတ်နှင့် သတ္တိတို့ကို သူခိုး ဓားပြတွေထဲတွင် မကြာခဏ တွေ့နိုင်ကြပေသည်။ စစ်အနိုင်ရကာ လုယက်ရသည်ကို သဘောကျ၍ စစ်ဝင်တိုက်ကြသော အောက်တန်းစား စစ်သားမျိုးထဲတွင်လည်း အဆိုပါစိတ်ဓာတ်နှင့် သတ္တိမျိုးကို မကြာခဏ တွေ့နိုင်ကြလေသည်။

အချို့ကလည်း ကြွားချင်ဝါချင်သောစိတ်နှင့် စွန့်ရဲကြသူများ ရှိကြသေးသည်။ ဥဒါဟရုဏ်အားဖြင့် အင်းတံတားကြီးပေါ်မှ ဂျွမ်းထိုးချသူများမှာလည်း စွန့်ရဲသည့်စိတ် အတော်အတန်မရှိဘဲ မလုပ်နိုင်ချေ။ မက်ဆီမီလီယန် ဧကရာဇ်ဘုရင်ကလည်း စွန့်ရဲသည့် သတ္တိရှိကြောင်းကို သူ့နိုင်ငံသူ နိုင်ငံသားများအား သိစေလိုသဖြင့် အွန်းမြို့ရှိ ဘုရားရှိခိုးကျောင်းကြီး၏ အမြင့်ဆုံး ပြသာဒ်ဖျားတွင် မတ်တတ်ရပ်ပြဖူးသည်။

အာဇာနည်ဖြစ်ချင်လျှင် ဤလို ဤလို စွန့်ရဲသည့်သတ္တိကလေးနှင့် မပြီးနိုင်သေး။ အခြား လက်ရုံးရည် နှလုံးရည်တို့လည်း ရှိကြရပေဦးမည်။ ဤလက်ရုံးရည် နှလုံးရည်တို့ထဲတွင် တစ်ခုအပါအ၀င်မှာ အခြားမဟုတ် တာဝန်ကျေပြွန်ခြင်းပင် ဖြစ်လေသည်။

တာဝန်ကျေပြွန်ခြင်း၏ သက်သေ သာဓက,ကလေးကို အနည်းငယ် ထုတ်ဖော်ပြပါအံ့။

ဘေးဆူးဘီယပ် မီးတောင်ကြီးပေါက်ကွဲ၍ ပွန်ပေးအီးမြို့ကြီးကို မီး၊ မီးခိုး၊ ပြာ၊ ချော်မြှုပ်တို့သည် ကွက်လပ်မရှိ ဖုံးလွှမ်းလျက်ရှိလေပြီ။ ဤမြို့၏ တစ်နေရာတွင် တာဝန်ကျသဖြင့် စောင့်နေရသော စစ်သားတစ်ဦးသည် အသက်ဘေးအတွက် ကစဥ့်ကလျား ပြေးလွှားနေကြသော မြို့သူမြို့သားများအကြားတွင် တစ်ဦးတည်းရပ်၍ ကျန်ရစ်သည်။ သူ့အတွက် သူ့အသက်ထက် တာဝန်ကပို၍ အရေးကြီးသည်။ သေဘေးကြောင့် တာဝန်ကို ပစ်ပြေးကာ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက် တာဝန်ကျေပြွန်စွာနှင့် တစ်နာရီ တစ်မိနစ် တစ်စက္ကန့်မျှ နေရခြင်းက မြတ်သည်ဟု ထိုစစ်သားသည် အယူရှိလေသည်။ မြို့ကိုဖော်သောအခါ ထိုစစ်သားကို သူတာဝန်ကျသည့်နေရာတွင် မီးခိုးနှင့် ပြာတို့မ၀င်စေရန် လက်တစ်ဖက်ဖြင့် နှာခေါင်းကိုပိတ်၍ ရင်ကော့လျက် သေနေသည်ကို တွေ့ကြရလေသည်။ ဤသည်ကား ရောမစစ်သား အာဇာနည်၏ တာဝန်ကျေပြွန်ပုံ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ပေတည်း။

၁၉၄၇ ခုနှစ်တွင် ဖြစ်ပွားသော ရိုကရွာတိုက်ပွဲတွင် ကွန်ဒေးမင်းသားကြီးကတစ်ဖက် ဂွန်ဇားလိုဒေကော်ထိုးဘားခေါ် ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီးကတစ်ဖက် တိုက်ကြလေသည်။ ဟွန်ဇားလိုသည် ဤတိုက်ပွဲ၌ ၀င်၍တိုက်သည့် အချိန်အခါတွင် အလွန်အိုမင်းလျက် ရှိလေသည်။ တိုက်ပွဲသို့ လမ်းမလျှောက်နိုင်သဖြင့် ကုလားထိုင်နှင့် သယ်သူရသည်။ တိုက်ပွဲပြီးသောအခါ သူ့တပ်သားများသည် ကိုယ့်နေရာမပျက် သေနေကြသည်ကို တွေ့ရသည်။ အဖိုးကြီးကိုယ်တိုင်လည်း သူထိုင်နေသော ကုလားထိုင်ပေါ်တွင် အနိစ္စရောက်လျက် ရှိလေသည်။ ထိုသူတို့၏ တာဝန်ကျေပြွန်ပုံ၊ သတ္တိရှိပုံတို့ကို မြင်ရသောအခါ "ငါတို့ နိုင်လို့သာ ငါတို့သာ ရှုံးရမယ်ဆိုရင် ဒီလိုသတ္တိပြပြီး အသေခံလိုက်ချင်စမ်းပါဘိ" ဟူ၍ တစ်ဖက်သား ကွန်ဒေးမင်းသားကြီးကပင် ချီးကျူးရလေသည်။ အဖိုးကြီး သေလျက်တွေ့ရသော ကုလားထိုင်ကြီးကိုလည်း သူ့နိုင်ငံတွင် တရိုတသေ အမှတ်တရ သိမ်းဆည်းထားလေသည်။

ဤသို့သော တာဝန်ကျေပြွန်ပုံမျိုးသည် စစ်သား၏ "အသက်"ပင် ဖြစ်တော့၏။ ဤ "အသက်" မရှိဘဲ စစ်တစ်တစ်တပ်သည် မတည်မြဲနိုင်။ နိုင်ငံတစ်နိုင်ငံသည် မတည်မြဲနိုင်။ နိုင်ငံဆိုသည်မှာ ကြီးကျယ်ပါသေးသည်။ ဤ "အသက်" သာ မရှိပါလျှင် တစ်အိုးတစ်အိမ်ထောင်ဟူ၍ မဖြစ်နိုင်။

သူတစ်ထူးအတွက် စွန့်စားခြင်းသည်လည်း အာဇာနည်ဖြစ်ထိုက်သော လက္ခဏာတစ်ရပ် ဖြစ်သည်။ ဤသို့ စွန့်စားခြင်းအတွက် အကောင်းဆုံးသာဓကမှာ အက်သင်းတိုင်းသူလေး လေးနက်ဖြစ်သည်။ ထိုအခါက ပိုင်ဆစ်စတြားတပ်ဆိုသူ ဘုရင်တစ်ပါးသည်သည် အက်သင်းတွင် အလွန်ရမ်းကား ဆိုးညစ်လျက်ရှိသည်။ ထိုမင်းဆိုးမင်းညစ်ကို ပုန်ကန်ရန် အစည်းအဝေးတစ်ခုကို လေးနက်၏အိမ်တွင် တိတ်တဆိတ် စည်းဝေးကြသည်။ တစ်နေ့သ၌ ပုလိပ်များက သူ့ကိုဖမ်းပြီးလျှင် မပေါ်ပေါ်အောင် ညှင်းပန်းနှိပ်စက်၍ မေးရာတွင် မိန်းမသားဖြစ်သဖြင့် ကြားလျှင် သည်းမခံနိုင်ဘဲ လျှို့ဝှက်ချက်များကို ဖွင့်ထုတ်လိုက်မိမည် စိုးသဖြင့် စကားမပြောနိုင်အောင် သူ့လျှာကိုသူ ကိုက်ဖြတ်ဖူးသည်။

ဤကဲ့သို့ထူးသည့် ရောမအမျိုးသမီး အာဇာနည်တစ်ဦးလည်း ရှိသေး၏။ ထိုအမျိုးသမီး၏ မိခင်မှာ အစာငတ်ခံ၍ သေရမည့် သေဒဏ်ကို ခံနေရရှာသည်။ သမီးဖြစ်သူသည် ထောင်မှူးများ၏အလစ်တွင် သူ့အမေရှိရာ ထောင်ထဲသို့ဝင်ပြီးသော် သူ့နို့ချိုကို တိုက်ကျွေးလေသည်။ သူပါ အသတ်ခံရမည်ကို သိသော်လည်း ကျေးဇူးရှင် မိခင်အိုကြီးအတွက် သူ့အသက်ကိုပင် မငဲ့ကွက်နိုင်တော့ဘဲ စွန့်၍ သွားခြင်းဖြစ်သည်။ ဤအဖြစ်အပျက်ကို လွှတ်တော်အမတ်ကြီးများ ကြားသိရသည့်အခါ အမယ်အိုကြီးအား အပြစ်သေဘေးမှ ချမ်းသာခွင့်ပေးခဲ့လေသည်။

ကျေးဇူးရှင် ဖခင်အိုကြီးကို ဤနည်းနှင့်ပင် ကျေးဇူးဆပ်၍ ကယ်ခဲ့ဖူးသော ဂရိပြည်သူ ယူဖရားဆီးယားဆိုသူ လူတစ်ဦးလည်း သမိုင်းတွင် ထင်ရှားခဲ့သည်။

တစ်ရံရောအခါတွင် ဆွစ်ဇာလန်တိုင်းသား လူငယ်နှစ်ဦးသည် အသည်းအသန် နာဖျားနေသော ဖခင်အိုကြီးနှင့် နေကြရလေသည်။ သူတို့သည် အလွန်ဆင်းရဲလွန်း၍ ဆေးဖိုးဝါးခပင် မတတ်နိုင်ကြချေ။ တစ်နေ့သ၌ အင်္ဂလိပ်ခရီးသည်တစ်ဦးသည် သိန်းငှက်များကို အဖိုးကြီးပေး၍ ၀ယ်နေသည်ဟု ကြားရသောကြောင့် ဘယ်သူမျှ မတက်ဝံ့သော တောင်ထိပ်ဖျားတစ်ခုပေါ်ရှိ သိန်းငှက်တစ်စုံကို အသက်စွန့်ကာ တက်ရောက်ဖမ်းယူပြီးလျှင် အင်္ဂလိပ်ခရီးသည်ကို ရောင်းချ၍ ကျေးဇူးရှင်ဖခင်ကြီး၏ အသက်ကို ကယ်ဆယ်ခဲ့ဖူးသည်။ အာဇာနည်ပီလှပါစွ။

တစ်ခါတုန်းကလည်း ရုရှားခရီးသည်တစ်ဦးသည် တောကန္တာရခရီးလမ်းတစ်ခုကို စွပ်ဖားနှင့် ဖြတ်သွားရာ ၀ံပုလွေတို့သည် ၀ိုင်း၍လိုက်ကြ၏။ ခရီးသည်လည်း သေရမည့် အသက်ဘေးမှ အလွန်ကြောက်လန့်လျက်ရှိစဉ် သူ၏အစေခံသည် သူ့ဆရာအား ထွက်ပြေးပေါက်ကလေးမှ ရပါစေတော့ဟူသော သဘောဖြင့် ၀ံပုလွေအုပ်ထဲသို့ စွပ်ဖားပေါ်မှ ခုန်ဆင်းနေလိုက်ဖူးလေသည်။

အိန္ဒိယစစ်သူပုန် ဖြစ်ပွားစဉ်က ဗရာဏသီတွင် အာဇာနည်တင်ထိုက်သည့် အဖြစ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုအခါက ကုလားစစ်သူပုန်များသည် အင်္ဂလိပ်မှန်သမျှကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ခုတ်ပိုင်း သတ်ဖြတ်လျက် ရှိရာ အင်္ဂလိပ်မှန်သမျှသည် လွတ်ရာကျွတ်ရာသို့ အရအမိ ကသောကမြော ထွက်ပြေးတိမ်းရှောင်၍ နေကြရသည်။ သို့ရာတွင် ဒေါက်တာဟေးဆိုသူ အင်္ဂလိပ်ဆရာဝန်တစ်ဦးမှာကား သူ၏ ဆေးရုံမှတစ်ပါး အခြားကိုမသွား။ သူ၏ မိတ်ဆွေ အင်္ဂလိပ်များက ထွက်ပြေးရန် အတင်း လာ၍ ခေါ်သောအခါ "ကျုပ်လူမမာတွေ ကျုပ်မရှိရင် သေကုန်ကြလိမ့်မယ်။ သူတို့ကို ကျုပ် ပစ်မပြေးနိုင်ဘူး" ဟု ပြန်ပြောလိုက်လေသည်။ အလွန်ကြည်ညိုဖွယ်ရာကောင်းသော အာဇာနည်ကြီးပေကား။

ယခုဖော်ပြသော သာဓကတို့ဖြင့် အာဇာနည်ဆိုတာ ဘာလဲဟူသော မေးခွန်း၏ အဖြေကို ပေါ်နိုင်သမျှ ပေါ်အောင် ဖော်ပြခဲ့လေသည်။ မြန်မာပြည်တွင် ရှေးကပင် ကမ္ဘာ့အာဇာနည် အမြောက်အမြား ပေါ်ထွက်ဖူးလေသည်။

သတိမမူ ဂူမမြင် ဆိုသောစကားအတိုင်း မြန်မာနိုင်ငံသူ နိုင်ငံသားတို့က အမှတ်တမဲ့ နေခဲ့ကြ၍သာ ထင်ပေါ်ခြင်း မဖြစ်ခဲ့ကြရပေ။ ဤစာအုပ်ကို ပုံနှိပ်ထုတ်ဝေရာတွင် ရည်ရွယ်ချက်က အခြားမဟုတ်။ မီးခဲပြာဖုံး မြန်မာအာဇာနည် သူရဲကောင်းများသည် ကမ္ဘာ့အာဇာနည်တို့၏ထုံးကို နှလုံးသွင်းကြ၍ မြန်မာကို ကမ္ဘာ့ထိပ်ဆုံးသို့ရောက်အောင် မြှင့်တင်နိုင်ကြရန်ပင် ဖြစ်ပါသတည်း။

သခင်နု
နတ္တော်လဆန်း ၇ ရက်၊ ၁၃၀၇။ 
blog.irrawaddy.org/2012/07/blog-post_9784.html

13 May 2012

အာ ရှ တိုက် ၏ ရှား ပါး ရှေးဟောင်း အမွေ အနှစ် စာ ရင်း ၀င် ကိုးသောင်း ပုထိုးတော် ကြီး

အာရှတိုက်၏ ရှားပါး ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ကိုးသောင်း ပုထိုးတော်ကြီးအေဒီ ၁၅ ရာစု အလယ်ပိုင်းခန့်က လက်ရာ ဖြစ်သော အာရှတိုက်၏ ရှားပါး ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ကိုးသောင်း ပုထိုးတော်ကြီးမှာ မိုးရေကြောင့် သုံးပုံတစ်ပုံခန့် ပျက်စီးကာ အက်ကွဲ ပြိုကျမှုများနှင့် ကြုံတွေ့နေရကြောင်း ရန်ကုန်မြို့ရှိ ရခိုင်စာပေ နှင့် ယဉ်ကျေးမှု အဖွဲ့မှ အထွေထွေ အတွင်းရေးမှုး ဦးလှမြင့်က The Voice Weekly သို့ ပြောကြားသည်။
ကိုးသောင်း ပုထိုးတော်ကြီးတွင် တစ်ခြမ်းကိုသာ အမိုးမိုး ထားနိုင်ပြီး အခြားတစ်ခြမ်းမှာ အမိုးမိုး ထားနိုင်ခြင်း မရှိ သဖြင့် ပျက်စီး ပြိုကျနေပြီ ဖြစ်ကြောင်း ၄င်းက ဆိုသည်။
"ခေါင်မိုးပေါ်က မိုးရေတွေက ကျောက်ရုပ်တု တွေအပေါ်ကျတယ်။ မိုးရေတွေကြောင့် ဗုဒ္ဓ ရုပ်ပွားတော်တွေ၊ နတ်ဘီလူး ရုပ်တုတွေ၊ အနုပညာလက်ရာတွေ ရှေးဟောင်း အမွေအနှစ် တော်တော်များများ ပျက်စီးကုန်ပြီ။ အပျက်အစီး များတော့ ထိန်းသိမ်းဖို့က ငွေကြေး အများကြီး လိုတယ်"
ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။
ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော်မြောက်ဦးမြို့ကို အာရှတိုက်၏ ပျောက်ကွယ် တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရှားပါး ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှု ဒေသ တစ်ခုအဖြစ် ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ် ရန်ပုံငွေအဖွဲ့ (Global Heritage Fund) ကမေလ ၄ ရက်နေ့တွင် သတ်မှတ်လိုက်ကြောင်း ယင်းအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့လှည့် ခရီးသည် များစွာ စိတ်ဝင်တစား သွားရောက် လေ့လာရန် နေရာတစ်ခု ဖြစ်သော်လည်း မြောက်ဦးမြို့ကို ဖြတ်ဖောက်သော မီးရထား အဝေးပြေး လမ်း တည်ဆောက်ရာတွင် မြောက်ဦး မြို့၏ ရှေးဟောင်း ဗိသုကာလက်ရာများ ဖြစ်သော ရှေးဘုရား၊ စေတီပုထိုးများ ၊ ခံတပ်၊ ရဲတပ် ၊ ကျုံး ၊ မြို့ရိုးစသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များစွာ ဆုံးရှုံးသွားကြောင်း၊ မြောက်ဦးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် များကို ပြုပြင် ထိန်းသိမ်းရန် ရန်ပုံငွေ မရှိသဖြင့် လျစ်လျူရှု ခံထားရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
"ရထားလမ်းက ရှေးဟောင်း ဓည၀တီမြို့ဟောင်း၊ ဝေသာလီ မြို့ဟောင်းဖြတ်ဖောက်သွားတာ၊ အထူးသဖြင့် ကားလမ်းဟောင်းတွေကို ပြင်တဲ့အခါ တံတိုင်းတွေ၊ မြေသားမြို့ရိုးတွေက မြေသားတွေနဲ့ ပြင်တယ်။ နန်းရာကုန်းကို ဖျက်ပြီးတော့ ကားဂိတ် တည်လိုက်တယ်။သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးတာတွေလည်း ရှိတယ်" ဟုမြောက်ဦး မြို့ဒေသခံ သုတေသန ပညာရှင် ဦးကျော်ထွန်းအောင် က ပြောကြားသည်။
ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် သိပ္ပံနည်းကျ ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ အနောက်နိုင်ငံ များတွင် ဆိုပါက ရေဖြင့် ပွနေသော ကျောက်တုံးများကို ဆေးများ ဆိုးကာ မူလပုံစံ အတိုင်း ပြန်လည် ထိန်းသိမ်း မှုများ ပြုလုပ် ကြရကြောင်း ၄င်းက ဆိုသည်။
မြောက်ဦးမြို့ ၏ ရှေးဟောင်း အမွေ အနှစ်များကို ထိန်းသိမ်း စောင့်ရှောက် နိုင်ပါက ရှေးရခိုင် ဘုရင် အဆက်ဆက် က ကိုးကွယ်ခဲ့သော ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရှေးဟောင်း ဗိသုကာ အမွေအနှစ် များကို မူလ ပုံစံအတိုင်း တွေ့မြင်ခွင့် ရမည်ဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှု တစ်ရပ် အနေဖြင့် ဂုဏ်ယူနိုင်မည် ဖြစ်ကြောင်း၊ အေဒီ ၁၅ ရာစု အလယ်ပိုင်းခန့်က ဗိသုကာ လက်ရာများကို ကမ္ဘာလှည့် ခရီးသည်များ စိတ် ၀င်တစား လာရောက် လေ့လာရာမှ မြန်မာနိုင်ငံ၏ အဓိက နေရာတစ်ခု ဖြစ်နိုင်ကြောင်း ရခိုင် ဒေသခံ တစ်ဦးက သုံးသတ် ပြောကြားသည်။ 
www.yoyarlay.com

20 Apr 2012

ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး





တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက “ဗိုလ်ဗထူးသည် နာမည်နှင့်လိုက်အောင် ထူးမည့်သူဖြစ်သည်။ အကယ်၍ ၎င်းသာ ဆက်လက်အသက်ရှင်နေသေးပါမူ ၎င်းအတွက် ရှေ့တက်လမ်းများစွာရှိသည်ဟု ကျွန်ုပ်ယုံကြည်မိသည်။ သူသည် အကျင့်သိက္ခာရှိ၏။ ဉာဏ်ရှိ၏။ သတ္တိရှိ၏။ ဝီရိယရှိ၏။ သူ့ကို ကောင်းစွာမြေတောင်မြှောက်ပေးလျှင် သူသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတလွှားတွင်ပါ ကျော်ကြားနိုင်သော စစ်ခေါင်းဆောင်၊ စစ်သူရဲဖြစ်နိုင်၏။ သူသည် နိုင်ငံရေးဘက်တွင် များစွာအတွေ့အကြုံမရှိသေး လင့်ကစား သူ့တွင် နိုင်ငံရေးသန္ဓေဉာဉ်ရှိသည်ဟု ကျွန်ုပ်ယူဆသည်။ အကယ်၍ အခွင့်အရေးကောင်းစွာရပါမူ နိုင်ငံရေးတွင်လည်း စွမ်းစွမ်း တမံဖြစ်လာနိုင်သည်ဟု ကျွန်ုပ်ထင်၏။ ဤမျှ အလားအလာရှိသော ဗိုလ်ဗထူးသည် ကျွန်ုပ်တို့နှင့်အတူ မရှိတော့ပြီ။

သူသည် ကမ္ဘာအနှံ့အပြားတွင် အရေးပါအရာလည်းရောက်လုဆဲဖြစ်သော အလုပ်သမားလူတန်းစားမှ ပေါ်ထွက်လာခဲ့သည်။ သူသည် သူကဲ့သို့ အခွင့်အရေးမရှိသော အလားအလာမရှိသူ အများအပြားပေါ်ထွက်စေနိုင်သော လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့်အတိုင်း လည်း လုပ်၍ စွန့်ခဲ့သည်။ ဝံ့ခဲ့သည်။ သို့သော် သူကား ရေတိမ်တွင် နစ်ခဲ့ရသည်။ အကယ်၍သာ သူ့အစွမ်းသတ္တိများကို မဟာမိတ်တပ်များသည် သေချာစွာတွေ့ကြုံပါက အင်္ဂလိပ်စစ်တပ်တွင် သူရသတ္တိအတွက် အမြင့်ဆုံးဝိတိုရိယကရော့စ် (Victoria Cross) ခေါ် ဆုတံဆိပ်ကို ရမည်မှာ မလွဲဟု ထင်မိတော့သည်။ အမှတ် (၃) အင်္ဂလိပ်တပ်မမှူး ဗိုလ်ချုပ်ကြီးမစ်ဆာမီပြောပြချက်အရဆိုလျှင် ဗိုလ်ဗထူး၏နာမည်ကို လန်ဒန်ဂေ ဇက်တွင် ချီးကျူးဖော်ပြမည်ဟုပြောခဲ့သည်။ ဤမျှစွန့်စားတိုက်ခိုက်ခဲ့သော ဗိုလ်ဗထူးသည် တိုက်ခိုက်ရာတွင် ဘာမျှမထိခိုက်ဘဲ ငှက်ဖျားရော ဂါနှင့်ကျဆုံးရသည်မှာ ရေတိမ်တွင်နစ်ခြင်းသာဖြစ်တော့သည်” ဟူ၍ ပြောဆိုခဲ့သည်။

ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်) ၌ ထားဝယ်ခရိုင်၊(ယခု တနင်္သာရီတိုင်းဒေသကြီး) လောင်းလုံမြို့နယ်၊ လေးသွန်းခံ ကျေးရွာတွင် အဖ ရွာသူကြီး ဦးဘထွန်း (မြန်မာ့စွယ်စုံကျမ်း အတွဲ (၇) စာမျက်နှာ (၃၃၄) တွင်ဖော်ပြထားသော ဗိုလ်မှူးကြီး ဗထူးအတ္ထုပ္ပတ္တိ၌ ၎င်း၏ဖခင်အမည်ကို ဦးဖိုးထွန်းဟု မှားယွင်းစွာဖော်ပြထားသည်။) နှင့် အမိ ဒေါ်စိန်မြရင်တို့မှဖွားမြင်သည့် တတိယ မြောက်သားဖြစ်သည်။ သူ့အထက်တွင် အစ်ကို ဖိုးစုနှင့် ကိုပေါဒင်တို့ရှိ၍ အောက်တွင် ညီမ မခင်ကြည်နှင့်မစိန်ပိုတို့ ရှိသည်။

ငယ်စဉ်က လေးသွန်းခံရွာနှင့် လယ်ကွင်းကြီးတစ်ကွင်းခြားသည့် စစ်မြဲရွာဘုန်းကြီးကျောင်း၌ စတင်ပညာဆည်းပူးသည်။ မြန်မာစာအခြေခံအနည်းငယ်ရရှိလာပြီးမှ ထားဝယ်မြို့ရှိ ဆန်းချီရပ် ဆွေမျိုးအိမ်၌နေကာ အစိုးရအထက်တန်းကျောင်းတွင် ဆက်လက်ပြီး အင်္ဂလိပ်-မြန်မာ (၇) တန်းအထိ ပညာသင်ကြားခဲ့သည်။ အလုပ်လုပ်ချင်စိတ်ပေါ်ပေါက်လာ၍ ကျောင်းမှထွက်လိုက်သည်။

မိဘနှင့်ဆွေမျိုးသင်္ဂဟများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း လက်မခံခဲ့။ ဟိန္ဒားသတ္တုတွင်းသို့သွားရောက်၍ အလုပ်ရှာဖွေရာ မိဘများနှင့်ခင်မင်ရင်းနှီးသည့် ဟိန္ဒားသတ္တုတွင်း အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် အလုပ်ရခဲ့သည်။ ထိုအလုပ်မှာ ရေစုပ်စက်ကြီး ကို ဆီထိုးရသည့်အလုပ်ဖြစ်ပြီး တစ်နေ့လျှင် တစ်ဆယ့်နှစ်ပဲရသည်။ ထိုမှ တစ်နေ့တစ်ကျပ်စား စက်မောင်းသမားဘဝဖြင့် ၁ နှစ်ခန့်လုပ် ကိုင်ပြီးနောက် ရိုးသားဖြောင့်မတ်၍ လုံ့လဝီရိယရှိစွာ ကြိုးစားလုပ်ကိုင်ခဲ့ခြင်းကြောင့် မိုင်းအိုဗာစီယာဘဝသို့ တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။

ပေါင်းသင်းဆက်ဆံမှုကောင်းခြင်း၊ ခေါင်းဆောင်မှုကောင်းခြင်းတို့ကြောင့် အလုပ်သမားပေါင်း၏ ချစ်ခင်ရင်းနှီးခြင်းကိုခံရကာ အလုပ်သမားစာကြည့်တိုက်မှူးတာဝန်ကို ထမ်းဆောင်လာရသည်။ ကိုဗထူးသည် နဂါးနီအသင်းဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။
မိဘများနှင့် ခင်မင်ရင်းနှီးစွဲရှိသည့် ဟိန္ဒားမိုင်းအိုဗာစီချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏သမီး မအုန်းတင် (ဗိုလ်မှူးကြီးဗထူး၏ ဇနီးဒေါ်အုန်း တင် (၇၈) နှစ်သည် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်၊ ပိတောက်ရွှေဝါလမ်းနေအိမ်၌ (၂၇-၇-၉၂) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။) နှင့် တစ်စတစ်စ ချစ်ခင်မိလာခဲ့ကြသည်။ နှစ်ဖက်သောမိဘများကလည်း ကျေနပ်သဘောတူကြသဖြင့် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်၊ ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏အိမ်၌ ထိမ်းမြားလက်ထပ်ပေးခဲ့သည်။ သားကြီး မောင်ဖေဝင်း (ဗိုလ်မှူးမြင့်ထူး-စစ်အစိုးရ၏ညှဉ်းပမ်းနှိပ်စက်မှုကြောင့်စစ် ကြောရေးစခန်းတွင် သေဆုံးခဲ့ရသူ)၊ သားငယ်မောင်စိန်ဝင်း (ဦးစန်းထူး၊ ဒု-အုပ်ချုပ်ရေးအရာရှိ၊ ရေနံ-ကွယ်လွန်) နှင့် သမီး မခင်ဝင်း (ဒေါ် မိမိလေး) ဟူ၍ သားသမီးသုံးယောက် ထွန်းကားခဲ့သည်။

နယ်ချဲ့အရင်းရှင်လက်အောက်၌ ဆင်းရဲပင်ပန်းစွာလုပ်ကိုင်လာကြသော ပစ္စည်းမဲ့အလုပ်သမားများ၏ ဒုက္ခဘဝအတွေ့အကြုံကို ခံစားမိ သောအခါ မခံမရပ်နိုင်သဖြင့် ဇနီး၏မောင် မိုင်းအိုဗီစီယာ ကိုစိန်လင်း (၁၉၅၈ ခုနှစ် ထားဝယ်မြူနီစီပယ်ဥက္ကဌ ဦးစိန်လင်း) နှင့်အတူ ဟိန္ဒား သတ္တုတွင်း အလုပ်သမားအစည်းအရုံးကို ၁၉၄၀ ပြည့်နှစ်တွင် ဖွဲ့စည်းတည်ထောင်လိုက်သည်။ အလုပ်သမားဘဝနစ်နာမှုများကို ဖော်ထုတ် ပြီး အခွင့်အရေးတိုးတက်ခံစားရေး တိုက်ပွဲဝင်ခဲ့သည်။ ယင်းအချိန်၌ နယ်ချဲ့အင်္ဂလိပ်များ အာဏာပြင်းထန်စဉ်ဖြစ်၍ တိုက်ပွဲအောင်မြင်မှု မရသည့်အပြင် အလုပ်သမားများမှာ ပိုမိုဖိနှိပ်မှုကိုခံကြရသည်။ ကိုဗထူးနှင့်အတူ ယောက္ခမဦးလွန်းပင်နှင့် ယောက်ဖကိုစိန်လင်းတို့ အလုပ် ဖြုတ်ခံလိုက်ရသည်။ သို့သော် ၁၉၄၂ ခုနှစ်၊ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲအတွက် အလုပ်သမားများ၏ နှလုံးသားတွင် တန်ဖိုးမဖြတ်နိုင်သော တော်လှန်ရေးစိတ်ဓာတ်များ စတင်သန္ဓေတည်စေသည့်အမြတ်ကိုကား ရရှိလိုက်ပေသည်။

ထို့နောက် ဦးလွန်းပင်၊ ကိုစိန်လင်းတို့နှင့်အတူ ဖွတ်လက်တိုရွာ၊ ဓလိချောင်းရွာနှင့် ဖောင်းတောရွာများတွင် သစ်ကုန်သည်အလုပ်ကို လုပ် ကိုင်ရင်း သတ္တုတွင်းနယ်မြေဒေသ၌ နယ်ချဲ့ဆန့်ကျင်မှုစည်းရုံးရေးကို ဆောင်ရွလျက်ရှိသည်။

၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်မှူးကြီးလက်ျာဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်များနှင့်အတူ ယိုးဒယား (ထိုင်း)မှဖြတ်၍ ထားဝယ်မြို့နယ် မေတ္တာရွာကိုဖောက်ပြီး မြန်မာပြည်အတွင်းသို့ စတင်ဝင်ရောက်လာသည်။
ထိုအချိန်တွင် ကိုဗထူးတို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို တောင်သုံးလုံးရွာမှဆီးကြိုကြ၍ ဦးလွန်းပင် အထွေထွေတာဝန်ခံအဖြစ် သတ္တုတွင်းနယ်မြေဒေသ၌ တပ်သား၊ ရိက္ခာ၊ လက်နက်စုဆောင်းရေးတာဝန်ကို ဗိုလ်ဉာဏနှင့် တွဲဖက်တာဝန်ယူဆောင်ရွက်သည်။ ကိုစိန်လင်းက ယိုးဒယားပြည် ဘွန်တီးစခန်းသို့ လက်နက်များသယ်ယူပို့ဆောင်ရန် တာဝန်ခံအဖြစ် သွားရောက်ဆောင်ရွက်ရသည်။ ကိုဗ ထူးသည် မိမိ၏ချစ်စွာသော သတ္တုတွင်းအလုပ်သမားများနှင့်အတူ ဗိုလ်ဗလတပ်တွင် ဝင်ရောက်လိုက်၏။

ထားဝယ်မြို့ကို ဘီအိုင်အေတပ်က လုံးဝသိမ်းပိုက်လိုက်ပြီးနောက် ရှေ့သို့ စစ်ကြောင်းချီရာတွင် ကိုဗထူးသည် တပ်သား (၁၅) ယောက်ကို အုပ်ချုပ်ရသော သာမန်တပ်ကြပ်ကလေးရာထူးဖြင့် တာဝန်ယူဆောင်ရွက်ရသည်။

မြန်မာနိုင်ငံအတွင်း၌ အင်္ဂလိပ်နယ်ချဲ့တို့ထွက်ခွာသွားပြီးနောက် ၁၉၄၂ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊အိုင်၊အေ) ကိုဖျက်သိမ်းကာ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ၊ ဒီ၊ အေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ်ဖွဲ့စည်းသော ဗမာ့ကာကွယ် ရေးတပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးကြီးရာထူးဖြင့် သေနာပတိခန့်အပ်၍ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးရန်နိုင်၊ ဗိုလ်မှူးဇေယျတို့ အား တပ်ရင်းများကိုဦးစီးစေပြီးလျှင် တပ်ရင်း (၃) ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူးရန်နိုင်ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင်တပ်ရင်း အမှတ်(၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီးရာထူးဖြင့် တပ်ခွဲမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရလေသည်။

ဗမာ့ကာကွယ်ရေးတပ်မတော်ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှုလက်မှုတပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင်ဖွဲ့ခဲ့သည်။ ဗိုလ် ဗထူးကို ထိုတပ်တွင် ပြောင်းရွှေ့ထမ်းဆောင်စေ၍ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ကာ ဗိုလ်မှူးအဆင့်အတန်းသို့ တိုးတက်ခန့်ထားခံရသည်။ ကသာနယ်၊ အင်းတော်နယ်တဝိုက်၌ ဗြိတိသျှလေထီးတပ်သားများ လှုပ်ရှားလာသော အခါ၊ အင်ဖားသို့ ချီတက်ရန် လမ်းပန်းအဆက်အသွယ်များ လိုအပ်သောအချိန်တွင် ဗိုလ်မှူးဗထူး၏ စက်မှုလက်မှု တပ်ရင်းအမှတ် (၁) သည် လမ်းပန်းဖောက်လုပ်ရန်လည်းကောင်း၊ လေထီးတပ်များနှင့်ရင်ဆိုင်ရန်လည်းကောင်း မြောက်ပိုင်းစစ်မြေသို့ ထွက်လာရသည်။ အနေ အထိုင်အစားအသောက်ဆင်းရဲခြင်း၊ ဆေးဝါးရိက္ခာညံ့ဖျင်းခြင်းကြောင့် ရဲဘော်များ နာမကျန်းဖြစ်ကာ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။ ဗိုလ်မှူးဗထူးကိုယ်တိုင်လည်း ငှက်ဖျားရောဂါစွဲကပ်ခဲ့ရလေသည်။ ဆက်သွယ်ရေးမရရှိမှုတို့ကြောင့် ၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား အယောင်ဆောင်လွတ်လပ်ရေးပေးလိုက်သည်ကိုပင် ဗိုလ်မှူးဗထူးတို့မသိလိုက်ဟု ဆိုသည်။

၁၉၄၄ ခုနှစ် မေလတွင် ဗမာ့တပ်မတော် (ဂျပန်ပေးသော လွတ်လပ်ရေးရပြီးနောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ပြောင်းထားသော အမည်) ကို စစ်တိုင်းများခွဲခြားသတ်မှတ်ကာ ဗိုလ်မှူးဗထူးကို တိုင်းမှူးအဖြစ်ခန့်အပ်ပြီးလျှင် မန္တလေးသို့ ပြောင်းရွှေ့စေခဲ့သည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ငူဘက်တွင် ပျဉ်းမနားအထိ မြောက်ဘက်တွင် တမူး၊ ကလေးဝနယ်အထိကျယ်သည်။ တိုင်းအတွင်းတွင် ခြေလျင်တပ် ရင်း အမှတ် (၁)၊ (၃)၊ (၄) နှင့် (၅)၊ စက်မှုလက်မှု တပ်ရင်း (၁)၊ အမြောက်တပ်နှင့် စက်သေနတ်ကြီးတပ်များရှိသည်။ ဗိုလ်မှူးဗထူးသည် မန္တလေးတိုင်းမှူးအဖြစ် အဆက်ပြတ်နေသော တပ်ရင်းများဆီသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ပေး၏။

တစ်နေ့သော် အမရပူရမြို့ လူထုအစည်းအဝေးတစ်ခုအတွက် ဖိတ်ကြားခြင်းခံရသဖြင့် အဖော်အရာရှိ နှစ်ယောက်နှင့်အတူ ကားတစ်စီးဖြင့် ထွက်သွားကြ၏။ အစည်းအဝေးကိစ္စပြီး၍ ည (၉) နာရီခွဲခန့်တွင် ပြန်လာခဲ့၏။ ၎င်းတို့၏ကားနောက်မှ ဂျပန်စစ်အရာရှိ ကားတစ်စီးသည် မောင်းနှင်၍ လာ၏။ ကားသည် ရှေ့ကိုကျော်တက်ရန် ကားဟွန်းကို အဆက်မပြတ်တီး၍ လာ၏။ ဗိုလ်မှူးဗထူးက ကားမောင်းသည့်ရဲဘော်အား ရှောင်ပေးလိုက်ရန်ပြော၏။ သို့သော်လမ်းမှာ လမ်းကျဉ်းဖြစ်၍ မတက်နိုင်သည်ကို ကားပေါ်ရှိဂျပန်အရာရှိက ဂျပန်စကားဖြင့် ဆဲရေးတိုင်း ထွာ၏။ သို့နှင့် ဆက်လက်မောင်းလာရာ လမ်းကျယ်သို့ရောက်သည်နှင့် ဂျပန်ကားသည် ရှေ့သို့ကျော်မတက်ဘဲ ၎င်းတို့ကားရှေ့မှ ရပ် လိုက်ခြင်းဖြင့် ကားနှစ်စင်းလုံးရပ်သွားစေ၏။ ဗိုလ်မှူးဗထူးသည် ကားပေါ်မှဆင်းလိုက်၏။ ကားပေါ်မှ ဂျပန်အရာရှိသည်လည်း ဒေါသနှင့် စတင်စကားပြောရာမှ ဂျပန်အရာရှိသည် မိမိဓားကိုဆွဲချွတ်မည်အပြုတွင် ဗိုလ်မှူးဗထူးသည် မိမိဓားကို အမြန်ဆွဲထုတ်၍ ဂျပန်၏ဦးခေါင်း တည့်တည့်သို့ ခုတ်လိုက်လေသည်။

ထိုသို့ ဓားချင်းယှဉ်ပြိုင်ရေးနှင့်ပတ်သက်၍ အခြားသူတစ်ဦးတစ်ယောက်သာဆိုပါက တပ်မတော်အရာရှိကြီးများ အလုပ်ရှုပ်စရာ။ ယခုမူကား ဂျပန်တို့လေးစားသော ဗိုလ်မှူးဗထူးဖြစ်နေခြင်း၊ ဗိုလ်မှူးဗထူးအကူအညီကိုလည်း ဂျပန်တို့များစွာအလိုရှိနေခြင်း၊ ဗိုလ်မှူးဗထူးသည် လမ်းမ ကျလျှင် မည်သည့်အခါမျှ မခံကြောင်းကို ယခင်မြောက်ပိုင်း စစ်မြေပြင်မှအဖြစ်အပျက်ကိုလည်း ဂျပန်တို့သိရှိနေခြင်း၊ ဗိုလ်မှူးဗထူးကိုယ်တိုင် မတရားသည်ကိုမလုပ်ဟူ၍ ဂျပန်တို့နားလည်ခြင်း၊ ယခုကိစ္စမှာ မိမိတို့ဂျပန်အရာရှိကပင်လျှင် မူးယစ်ရမ်းကား ဆဲရေးတိုင်းထွာခြင်း စသည် တို့ကြောင့် ဗိုလ်မှူးဗထူးမှာ မည်သည့်အရေးအပြစ်ပေးခြင်းမှမခံရဘဲ အမှုပြီးပြတ်ခဲ့လေသည်။

ဗိုလ်မှူးဗထူးသည် အမည်နှင့်လိုက်အောင် ထူးခြားသည်။ တနေ့သော် ဗမာပြည်တစ်ပြည်လုံး ဖက်ဆစ်ဂျပန်တို့၏ ရက်စက်မှု၊ မမျှတမှု၊ အ သနားအညှာတာကင်းမဲ့မှုကြောင့် စားသောက်နေထိုင်မှုကျပ်တည်းကာ ကုန်ဈေးနှုန်းမြင့်မားသဖြင့် ‘ငါတည်တဲ့ဘုရား လင်းတပင်နားနား’ ဟူဘိသကဲ့သို့ မျက်စိကိုစုံမှိတ်၍ ခတ်မဆိတ်နေခဲ့သော ရုပ်သေးမဟာ ဗမာအစိုးရသည် အပိုရှားပါးစရိတ်ထုတ်ပေးရန် စီမံရတော့၏။

ထိုစဉ်အခါက ဗိုလ်မှူးဗထူးသည် အပိုစရိတ်ဂျပန်ငွေစက္ကူတော်တော်များများ ရလေသည်။ မိမိရုံးမှ ငွေစာရင်းအရာရှိက ငွေစက္ကူအထုပ်ကြီး ကို စားပွဲတွင်တင်ထားသည်ကို စူးစိုက်ကြည့်နေ၏။

“တချို့တော့လဲ သားမယားဆီ ပြန်ပို့ကြတာပဲ။ ငါလဲအိမ်ကို တစ်ခေါက်မှမပြန်မိဘူး။ ‘ဉာတကာနဉ္စသင်္ဂဟော’ ဆွေမျိုးတို့အား ထောက်ပံ့ရမည် လို့ ဘုရားဟောဒေသနာနဲ့အညီ သားမယားဆီ ငွေကြေးတော့ထောက်ပံ့သင့်တာပဲ။ ဒါပေမယ့် ငါယခုအလုပ်လုပ်နေတာဟာ မင်္ဂလာတရား တော်နှင့်အညီ သားကျွေးမှု၊ မယားကျွေးမှု၊ ဆွေမျိုးများ ထောက်ပံ့မှုအတွက်မဟုတ်ဘူး။ ငါစစ်ထဲဝင်တာ တိုင်းပြည်အတွက်ပဲ။ သူတို့ကို ထောက်ပံ့ချင်လို့ မဟုတ်ဘူး။ သူတို့ကို ဟိုစဉ်ကထောက်ပံ့ခဲ့ပြီ။ ကျွေးမွေးပြုစုခဲ့ပြီ။ အခု ငါ့အဖို့ ဒီငွေတွေကို ငါနဲ့ ဆင်းရဲဖော်ဆင်းရဲဘက် အလုပ်လုပ်ဖက်ဖြစ်တဲ့ ငါ့ရဲ့ရဲဘော်တွေကိုသာ ထောက်ပံ့သင့်တယ်” ဟုဆုံးဖြတ်ကာ စစ်မြေပြင်၌ အမျိုးမျိုးပင်ပန်းခဲ့သည့်ရဲဘော်များ အ ပန်းပြေစေရန် ပွဲလမ်းသဘင်ပြုလုပ်ပျော်ရွှင်ရေးအတွက် အသုံးချခဲ့လေသည်။ ဗိုလ်မှူးဗထူးက အစဉ်သဖြင့် ရဲဘော်များအား သတိရအားကိုး သလို ရဲဘော်တို့ကလည်း ဗိုလ်မှူးဗထူးအား လေးစားယုံကြည်အားထားခဲ့ပေသည်။

လူမျိုးအနေဖြင့် ဂျပန်လူမျိုးများမှာ ချစ်ခင်ဖွယ်ရာကောင်းလှသည်။ သို့ရာတွင် သူတို့ကျင့်သုံးသောဖက်ဆစ်ဝါဒမှာမူ အလွန်ဆိုးရွားလှသည်။ နောက်ဆုံး ဖက်ဆစ်ဒဏ်ကိုမခံနိုင်တော့သဖြင့် ဗိုလ်ချုပ်အမှူးရှိသော တပ်မတော်အရာရှိများ၊ ဗမာနိုင်ငံရှိ ဖက်ဆစ်ကိုတော်လှန်လိုသော အစည်းအရုံးများ၊ အသင်းအပင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဂျပန်ကို တော်လှန်ရန်ရွေးချယ်ခြင်း နယ်ခွဲခြားသတ်မှတ်ခန့်ထား ရာတွင် တိုင်းမှူးဗိုလ်မှူးဗထူးမှာ မူလမိမိစီစဉ်ထားရှိပြီးဖြစ်သော အထက်မြန်မာပြည်တိုင်းကိုပင် တာဝန်ခံခေါင်းဆောင်အဖြစ် ရွေးချယ်စေ လွှတ်ခြင်း ခံရလေသည်။ ဗိုလ်မှူးဗထူးသည် အထက်မြန်မာပြည်တိုင်းမှူးအဖြစ် လက်ရွေးစဉ်ရဲဘော်များကို ခေါင်းဆောင်ကာ ပြောင်းရွှေ့ သွားလေသည်။

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ဂျပန်ကိုတော်လှန်ရန် ရန်ကုန်မြို့၌ လျှို့ဝှက်စွာကျင်းပသောဆွေးနွေးပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းဦးစီး သည့် တော်လှန်ရေးကော်မတီအဖွဲ့ဝင်တို့နှင့်အတူ ဗိုလ်မှူးဗထူး တက်ရောက်ခဲ့သည်။

၁၉၄၅ ခု နှစ်ဦးပိုင်းတွင် မဟာမိတ်တပ်တို့သည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ဝင်ရောက်ကာ မန္တလေးမြို့သို့ ဦးတည်ချီတက်ကြသည်။ ဗိုလ်မှူးဗ ထူးသည် နိုင်ငံစည်းရုံးရေး၊ စစ်ရေးအခွင့်သာမှုတို့ကို ရှေ့ရှု၍ မိမိလက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါမှတပ်များဖြင့် ၁၉၄၅ ခု၊ မတ်လ (၈) ရက်နေ့ ဂျပန်အား စတင်တော်လှန်တိုက်ခိုက်သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ ဗမာ့တပ်မတော်သည် ဂျပန်ကိုတော်လှန်ရန် အသေးစိတ်စီစဉ်ချက်များ မပြီးပြတ်သေး။ ဤတွင် ဗိုလ်မှူးဗထူးသည် သူ၏တပ်များ ဂျပန်တို့အားတော်လှန်ခြင်းကြောင့် ကျန်တပ်များ ဒုက္ခ တွေ့မည်ကိုသိရှိသဖြင့် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးအတွက် ကြေညာချက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဆက်အသွယ်ဖြတ်ကာ မိမိ၏တပ်ကို ဗမာ့တော်လှန်ရေးတပ်မတော်အမည်ဖြင့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးနှင့် ပူးတွဲဆောင်ရွက်လျက် ဗိုလ်ချုပ်အောင်ဆန်းကို ရန်သူအဖြစ်ကြေညာလျက်ရှိကြောင်း ပရိယာယ်ဖြင့် ဖော်ပြကြေညာထားလေသည်။

ဗိုလ်မှူးဗထူး ထုတ်ပြန်ခဲ့သည့်ကြေညာချက်မှာ ....
“ရဲဘော်တို့ .... ငါတို့တစ်တွေသည် ငါတို့တိုင်းပြည်လွတ်လပ်ရေးအတွက် ငါတို့၏အသက်ကိုပမာမထားဘဲ တပ်မတော်သားပီပီ တာဝန် ထမ်းဆောင်ခဲ့ကြကြောင်း အများသိကြသည်။
ဖက်ဆစ်ဂျပန်တွေသည် ငါတို့လူမျိုးများအား အမျိုးမျိုးညှဉ်းဆဲသတ်ဖြတ်ပြီး ငါတို့ကိုလွတ်လပ်ရေးမပေးဘဲ ကျွန်သဘောက်ဘဝသို့ ပို့ ဆောင်ခဲ့ကြကြောင်း၊ ဘမော်နှင့်အောင်ဆန်းအမှူးပြုသည့် ရုပ်သေးအစိုးရရဲ့စစ်တပ်သည် ဂျပန်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကို ကာကွယ်ပေး နိုင်လိမ့်မည်ဟု ငါတို့ယုံကြည်အားထားခဲ့ကြသော်လည်း ယခုအထိ သူတို့သည် မည်သည့်ကာကွယ်မှုကိုမျှ ပြုလုပ်မပေးနိုင်ခဲ့သဖြင့် ငါတို့ သည် ဤအတိုင်း ခေါင်းငုံ့၍ ခံမနေနိုင်တော့ပေ။

ထို့ကြောင့် ၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ ငါ့လက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါ စသောနယ်များရှိ တပ်များသည် ဖက် ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနှင့်ပူးပေါင်းလျက် ဖက်ဆစ်ဂျပန်တို့အား စတင်တိုက်ခိုက်ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။

ရဲဘော်တို့ ....
ဖက်ဆစ်ဂျပန်လူရိုင်းများအား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သုတ်သင်ကြလော့။

ဗိုလ်မှူးဗထူး
မြန်မာ့တော်လှန်ရေးတပ်မတော်
အထက်မြန်မာပြည်
သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကား နားလည်မှု ရရှိပြီးဖြစ်သည်။ ထိုသို့ ပရိယာယ်ဖြင့် ကြေညာချက်ကြောင့်လည်း အောက်မြန်မာနိုင်ငံရှိ တပ်အသီးသီးသည် ၁၉၄၅ ခု၊ မတ်လ (၂၇) ရက်နေ့တွင် ဂျပန်တော်လှန်ရေး အစီအစဉ်များကို အောင်မြင်စွာ ဆက်လက်လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

မန္တလေးမြို့နှင့် မန္တလေးနယ်အတွင် မဟာမိတ်များမရောက်မီ ဗိုလ်မှူးဗထူးတပ်များသည် ဂျပန်များကို ရှင်းလင်းထားနိုင်ခဲ့သည်။ ဗိုလ်မှူး ဗထူးတို့ဖွဲ့စည်းထားသော ပြောက်ကျားတပ်များအကူအညီဖြင့် မဟာမိတ်တပ်များလည်း အောင်မြင်စွာချီတက်၍ ဂျပန်တပ်များကို ချေမှုန်း နိုင်ခဲ့သည်။ မေမြို့ (ယခု ပြင်ဦးလွင်) ကို မဟာမိတ်များ သိမ်းပိုက် ရာတွင် ဗမာ့မျိုးချစ်ပြောက်ကျားများ၏ အကူအညီဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း မဟာမိတ်တို့၏ သတင်းထုတ်ပြန်ချက်များပေါ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အထက်မြန်မာပြည်တိုင်းတွင်း ဗိုလ်မှူးဗထူးစတင်တော် လှန်ခဲ့သော မတ်လ ၈ ရက်နေ့မှ ၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၇ ပွဲ တိုက်ခဲ့ရသည်။ တိုက်ရသော ရန်သူအင်အားမှာ ၈၁၀၀ ခန့် ရှိသည်။ ရန်သူ့ဘက်မှ အကျအဆုံးမှာ ၄၂၈ ယောက် (ဒုဗိုလ်မှူးကြီးတဦးအပါအဝင်) ၃၁ ယောက် ဒဏ်ရာရခဲ့သည်။ စစ်သုံ့ပန်း ၁၂ ယောက် ဖမ်းဆီး မိခဲ့သည်။ ဗိုလ်မှူးဗထူး၏ ထူးချွန်စွာဆောင်ရွက်မှုကြောင့် ၁၉၄၅ ခုနှစ်၊ မေလ (၁) ရက်နေ့ပါ ပြည်သူ့လွတ်လပ်ရေးတပ်မတော် (ဗမာ့မျိုး ချစ်တပ်မတော်) အမိန့်ဖြင့် ဗိုလ်မှူးဗထူးကို ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ နှစ်ဆင့်တိုးတက်ပေးလိုက်လေသည်။ ထိုအမိန့်ကို ဗိုလ် ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုး၍ မန္တလေးတိုင်းတပ်မှူး ဗိုလ်မှူးဗထူးအား သူရသတ္တိရှိခြင်း၊ ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်း တို့အတွက် ဗိုလ်မှူးအဆင့်အတန်းမှ ဗိုလ်မှူးကြီးအဆင့်အတန်းသို့ နှစ်ဆင့်တိုးပေးလိုက်သည်ဟု ဖော်ပြထားသည်။

မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည်သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးကြီးဗထူးသည် ကျောက်ဆည်မှတစ်ဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်း မြို့သို့ ချီတက်ခဲ့သည်။ ထိုအချိန်က မိုးဥတုလည်းဖြစ်၍ ရာသီဥတုမှာ ကြမ်းတမ်းလှသဖြင့် ခရီးပမ်းလူပမ်းဖြစ်ခဲ့ရသော ဗိုလ်မှူးကြီးဗထူးနှင့် တကွ ရဲဘော်တို့သည် ကျန်းမာရေးချို့တဲ့၍ ဖျားနာကြ၏။ ဗိုလ်မှူးကြီးဗထူးသည်လည်း အင်းတော်၊ ကလေးဝစစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်သော ငှက်ဖျားရောဂါပြန်ပေါ်လာတော့သည်။ ငှက်ဖျားရောဂါကို ရှိသမျှဆေးဝါးတို့ဖြင့် အစွမ်းကုန်ကုစားပါသော်လည်း နာလန်မထူ တော့ဘဲ ၁၉၄၅ ခုနှစ်၊ ဇွန်လ (၂) ရက် ည (၈) နာရီ (၁၀) မိနစ်အချိန်တွင် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်၊ မြင်းကြားဒိုးရွာအနီး တယ်လူးစခန်း၌ (၂၉) နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်သွားရှာလေတော့သည်။ မကွယ်လွန်ခင်အချိန်ကလေးမှာပင် စခန်းရှိရဲဘော် များကို ဗိုလ်အာဠာဝကတပ်ရှိမည့်နေရာကိုမေး၍ “အာဠာဝကကို ပြန်ခေါ်၊ စစ်ကိုဆက်တိုက်ကြ” ဟူ၍ နောက်ဆုံးအမိန့်ပေးခဲ့သေးသည်။ တယ်လူးစခန်းမှာ အောင်ပန်းမြို့နယ် မြင်းကြားဒိုးရွာအနီး အိမ်ခြေ (၇) အိမ်ခန့်သာရှိသော ရွာသိမ်ရွာငယ်ကလေးသာ ဖြစ်လေသည်။ တောင်ကြိုအုံကြား စစ်မျက်နှာတို့၌သာ အချိန်ကုန်ခဲ့ရသော ဗိုလ်မှူးကြီးဗထူးသည် ကွယ်လွန်ချိန်အထိ သူ့အား ဗိုလ်မှူးကြီးအဆင့်သို့ တိုး မြှင့်ဂုဏ်ပြုသော ဗိုလ်ချုပ်အောင်ဆန်း၏အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီးဗထူးကား ဗမာ့လွတ်လပ်ရေးအတွင်း ဝင်ရောက်သည့် နေ့မှစ၍ ဇနီးနှင့်သားသမီးများထံသို့ တစ်ခါတစ်ခေါက် သွားရောက်ကြည့်ရှုရန် အချိန်မရလောက်အောင် တိုင်းပြည်နှင့်လူမျိုးအတွက် တာ ဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦးသာ ဖြစ်လေသည်။ ဗိုလ်မှူးကြီးဗထူး၏ပုံသဏ္ဌာန်မှာ အရပ်ရှည်ရှည်၊ မေးချွန်ချွန်၊ မျက်လုံးပြူးပြူး၊ မျက်ကွင်းချိုင့်ချိုင့်၊ နှုတ်ခမ်းမွှေးမတိုမရှည် ဆံပင်စုတ်ဖွားဖွားဟူ၏။

အောင်ပန်းမြို့ (ကလောနှင့် ၅ မိုင်ကွာဝေးသည်) တွင် ဗိုလ်မှူးကြီးဗထူးနှင့် ရဲဘော်များအတွက် ကျောက်တိုင်တစ်ခု စိုက်ထူထားသည်။ အဆိုပါကျောက်တိုင်တွင် “မြန်မာနိုင်ငံတော် ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ်ဂျပန်တော်လှန်တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍ ၁၃၀၇ ခုနှစ်၊ နယုန် လဆုတ် (၈) ရက်နေ့ ည (၈) နာရီ (၁၀) မိနစ်အချိန် တယ်လူးစခန်းတွင်ကျဆုံးရှာသော ဗိုလ်မှူးကြီးကာနယ်ဗထူးနှင့် ရဲဘော်နှစ်ဆယ့် ခြောက်ယောက်” ဟု ကမ္ပည်းထိုးထား၏။ ဗိုလ်မှူးကြီး ဗထူးအားဂုဏ်ပြုချီးကျူးသောအနေဖြင့် တပ်မတော်မှလည်း ‘ဗထူးတပ်မြို့’ ဟူသော အမည်ဖြင့် တပ်စခန်းမြို့တစ်ခုကို ရပ်စောက် (လောက်ဆောက်) မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ၁၉၅၃ ခုနှစ်၌ တည်ထားလေသည်။

မည်သို့ဆိုစေ… ဖက်ဆစ်ဂျပန်တို့ကို ပထမဦးဆုံးတိုက်ခိုက်ခဲ့သော ဗိုလ်မှူးကြီးဗထူး၏အမည်သည် ထာဝစဉ်ထွန်းလင်းတောက်ပြောင်နေမည်မှာ မလွဲဧကန်ပင်တည်း။

စာကိုး
(၁) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)၊ စာ-၃၃၄၊ ၃၃၇။
(၂) သိပ္ပံစိုးရင်၊ ဗမာ့တော်လှန်ရေးအာဇာနည် ဗိုလ်မှူးကြီးဗထူး၊ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ပကြိမ် ၁၉၆၉။
(၃) တင်တင်ဝင်း ‘ဗမာ့သားကောင်း ဗိုလ်မှူးဗထူး’ ငွေတာရီမဂ္ဂဇင်း အမှတ် ၅၇ (၁၉၆၉၊ မတ်လ) စာ ၁၅-၁၉။
(၄) ဗိုလ်မှူးဗထူး၏ ပေးစာများ မြဝတီမဂ္ဂဇင်း (၁၉၇၀၊ မတ်) 
 moemaka.blogspot.com

6 Apr 2012

“--- ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီ အဖိုးရေ --- ”

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆- ၁၉၆၄) ရဲ့ မွေးရပ်ဇာတိ၊ ဝါးလည်ကျေးရွာမှာ “ဆရာလွန်းစာကြည့်တိုက်” ဆောက် လုပ်ရန် အလှူငွေနဲ့ စာအုပ်စာစောင်များလှူဒါန်းတဲ့သတင်း  မြန်မာ့အလင်းသတင်းစာ (၆ ဧပြီ ၂၀၁၂) မှာ ဖတ်ရတယ်။
စာကြည့်တိုက်ဆောက်တယ်ဆိုတာ တကယ့်လူသာဓု၊ နတ်သာဓုခေါ်ရမယ့်ကိစ္စ၊ ကြိုဆိုရမယ့်ကိစ္စကောင်းပါ။
သတင်းစာက သတင်းခေါင်းစဉ်တပ်ထားရာမှာတော့ “သခင်ကိုယ်တော်မှိုင်းစာကြည်တိုက် ဆောက်လုပ်ရန် အလှူငွေနှင့် စာအုပ်စာစောင်များလှူဒါန်း” လို့ရေးထားပါတယ်။ သတင်းအပြည့်အစုံကိုဖတ်ကြည့်တော့ သတင်းခေါင်းစဉ်တတ်ထားသလို စာကြည့်တိုက်နာမည်က သခင်ကိုယ်တော်မှိုင်း အမည်နဲ့မဟုတ်ဘူး။ “ဆရာလွန်း” အမည်နဲ့ ဖြစ်နေပါတယ်။
ဆရာလွန်းဟာ သခင်ကိုယ်တော်မှိုင်းမဟုတ်ဘူးလား။ သခင်ကိုယ်တော်မှိုင်းဟာလည်း ဆရာလွန်းဘဲမဟုတ်ဘူးလားလို့ အငေါ်တူးပြီးမေးချင်မေးနိုင်ပါလိမ့်မယ်။ အဲဒီလိုမေးတာကိုယ်၌က မေးတဲ့သူ့ရဲ့စိတ်နေသဘောထားပေါ်ပါတယ်။
“ဆရာကြီးသခင်ကိုယ်တော်မှိုင်း”  စာကြည့်တိုက်လို့ မသုံးဘဲ “ဆရာလွန်း” စာကြည့်တိုက်လို့ ဒီလို တော်စွလျော်စွသုံးတာကို လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအနေနဲ့ တည့်မတ်ပေးသင့်ပါလျက် အခုတော့ အလိုတူအလိုပါလုပ်နေပါတယ်။ မသိကျိုးကျွံပြုနေပါ တယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာကြည့်တိုက်လို့ မသုံးဘဲ ဆရာလွန်း စာကြည့်တိုက်လို့သုံးတာဟာ၊ ဒီလိုသုံးစွဲနေတာကို အလိုတူအလိုပါလုပ်ပြီး မသိကျိုးကျွံပြုနေတဲ့ သဘောထားဟာ  ၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ (ဖဆပလ) အစိုးရက ဆရာကြီးကို “အလင်္ကာကျော်စွာဘွဲ့”ပေးတဲ့ သဘောထားမျိုးနဲ့ထပ်တူဆင်တူဖြစ်ပါတယ်။
သမိုင်းနဲ့အစဉ်အလာကို ဖုံးကွယ်တဲ့၊ ဖျောက်ဖျက်တဲ့သဘောထားနဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လက်ပိုက်ကြည့်နေဖို့မသင့်ပါ။
ရွှေစင်၊ ရွှေဖလားကို စိန်နားကွပ်သင့်ပါလျက်နဲ့ တော်စွလျော်စွလုပ်တဲ့သဘောထားမျိုး၊ အလေးမထား စော်ကားတဲ့သဘော သက်ရောက်ပါတယ်။ အဲဒီဆုနဲ့ပတ်သက်ပြီးဆရာကြီး အခုလိုပြောတယ်လို့ မှတ်သားဖူးပါတယ်။
“မောင်နု (ဝန်ကြီးချုပ်ဦးနု) က ငါ့ကို နှဲမှုတ်တဲ့ လူတွေကိုပေးတဲ့ ဆုပေးတယ်”တဲ့။ (မှတ်မိသလိုပြန်ရေးပြတာပါ)
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ တိုင်းပြည်မှာ နေလိုလလိုထင်ရှားခဲ့သူပါ။
 စာရေးဆရာကြီး ဆရာဇော်ဂျီက ဆရာကြီးရဲ့ ဂုဏ်ပုဒ်ကို အခုလိုဖေါ်ထုတ်တာဖတ်ရဖူးပါတယ်။
“နိုင်ငံရေးခေါင်း ဆောင်တို့ သည် လောလောဆယ်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကို အရယူပေးခဲ့ကြသည်မှာမှန်ပါ၏။ သို့ရာတွင် ဆရာကြီးက သူ၏ကဗျာ များဖြင့် တိုင်းပြည်၏ဆန္ဒကိုစည်းရုံးပေးသော ကြောင့်ဖြစ်သည်” ဆိုခဲ့ပါတယ်။ 
မောင်ဇေယျာ ကလည်း ဆရာကြီးရဲ့တန်ဖိုးကို အခုလို အကဲဖြတ်ပါတယ်။
 “၂၀ ရာစု မြန်မာနိုင်ငံ၏ အကျိုးကို ထူးခြား ပြောင်မြောက်စွာ ထမ်းရွက်ခဲ့သူများတွင် ထိပ်ဆုံးမှာပါဝင်သည်၊ ကွယ်လွန်သည့်တိုင် ကိုယ်ကျိုးစွန့်၍ တိုင်းပြည်နှင့် လူမျိုးအကျိုးကို  အနစ်နာခံသယ်ပိုးခဲ့သည့်  ကဗျာစာဆိုစာရေးဆရာ စာပေပညာရှင် ငြိမ်းချမ်းရေးဖခင်ကြီး အဖြစ်ထင်ရှားသည်”
ဒါ့အပြင် တိုင်းပြည်မှာ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးတောင်လောင်ချိန်မှာလည်း ရဟန်းရှင်လူပြည်သူများကို စည်းရုံးပြီး ပြည်တွင်းငြိမ်းရေးရအောင် ရှေ့ဆောင်ခဲ့သူဖြစ်ပါတယ်။
 မကွယ်လွန်မီနောက်ဆုံးအချိန်အထိ
“ဆရာတို့စေတနာက ကိုယ်မသေခင်လေးမှာ ပေါ့လေ၊ အဲ --- တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးအစစ်ကို တွေ့မြင်ကြားတွေ့သွားချင်တယ်”
ဆိုပြီး တမ်းတသွားခဲ့သူဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့သူဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆန္ဒ(တိုင်းပြည်မှာ  တကယ့်ငြိမ်းချမ်းရေးအစစ်ရရှိလိုတာ)အခုထိ မပြည့်မဝသေးပါ။ ပြည်တွင်း စစ်မီးဆက်လက်လောင်မြိုက်နေဆဲဖြစ်ပါတယ်။  ကချင်ပြည်နယ်မှာ သေနတ်သံတွေပေါ်ထွက်နေဆဲပါ။ အများပြည်သူက တောင်းဆိုနေ တဲ့ တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆိုတာပင် မဖြစ်မြောက်သေးပါ။
ဆရာကြီးတောင်းဆိုခဲ့တဲ့ငြိမ်းချမ်းရေးက အုပ်စိုးသူအဆက်ဆက်က တစ်ဖက်သတ် အပေါ်စီးယူပြီးအနိုင်ကျင့် ပြန်ပေးဆွဲတဲ့ “ငြိမ်းချမ်းရေး”မျိုးမဟုတ်ပါဘူး။ တကယ့်တန်းတူရည်တူရှိတဲ့၊ သိက္ခာရှိတဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ်ကနေအဖြေရှာယူတဲံ  တကယ့်ငြိမ်း ချမ်းရေး မျိုးဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က တင်ပြချက်ထဲမှာ ငြိမ်းချမ်းရေးကို ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး အခုလိုဖေါ်ပြထားပါတယ်။
 “--- ဒီနေရာမှာ အချို့ကပြောကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တရားဝင် တည်ရှိခွင့်ပေးရင် ဝင်လာကြဖို့ဆိုတဲ့သဘောထားနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးလားလို့ ပြောကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယခင် သတင်းစာ ကွန်ဖရင့်မှာ ကျွန်တော်တို့ပြောပြခဲ့ဘူးပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တရားဝင်တည်ရှိခွင့်ဆိုတဲ့အချက် ၂ ချက်ကို စဉ်းစားပါတယ်။ ဒီ ၂ချက်နဲ့ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်နိုင်ပြီလို့ မယူဆပါ။ ဒီ ၂ ချက်ဟာ သူပုန်များမြေပေါ်ရောက်ရေးလောက်သာ ဖြစ်နိုင်ပါတယ်။
သူပုန်များမြေပေါ်ရောက်ရေးနဲ့ ငြိမ်းချမ်းရေးဟာကွာလှမ်းနေပါသေးတယ်။ ငြိမ်းချမ်းရေးရဖို့အဓိက ကတော့မြေပေါ်ရောက်ရေး လောက်နဲ့မပြီးပါ၊ မြေပေါ်ရောက်ပြီး ဘယ်လောက်လက်တွေ့အားဖြင့် နိုင်ငံရေးဆက်ပြီး လုပ်ကိုင်ခွင့်ရှိတယ်၊ မရှိဘူးဆိုတဲ့ အပေါ်မှာ တည်နေပါတယ်။ မြေပေါ်ရောက်ပြီးတဲ့နောက် သူတို့ယုံကြည်တဲ့ အမျိုးသားရေး - နိုင်ငံရေးလမ်းစဉ် လုပ်ငန်းများ ကို ဆောင်ရွက်ခွင့် ဘယ်လောက်ရရှိတယ် -  မရှိတယ် အပေါ်မှာ ငြိမ်းချမ်းရေးဟာ အဓိကတည်ရှိနေပါတယ်။
 ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဆိုင်းဘုတ်တရားဝင်တင်ခွင့်ကြောင့် မဟုတ်သေးဘူးလို့ ယူဆပါတယ်” တဲ့။
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီးလည်း
“--- ယခုပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဟာ ပွဲစားမဟုတ် ၊ နှစ်ဘက်ကြားက ဆောင်ရွက်တဲ့ အဖွဲ့လည်းမဟုတ်၊ ပြည်သူလူထုအကျိုးဆန္ဒနဲ့ကိုက်ညီတဲ့ ငြိမ်းချမ်းရေးကို ရရှိစေဘို့ ပြည်သူလူထုကို အခြေခံပြီး ဆောင်ရွက်သွားမယ့်အဖွဲ့ဖြစ်ပါတယ်”
လို့ ပြတ်သားတည်ကြည်စွာဖေါ်ပြခဲ့ပါတယ်။
ဒီလိုရပ်တည်ချက်၊ သဘောထားနဲ့ ဖြေရှင်းနည်းကို ဒီကနေ့ “အလွတ်သဘော၊ ပဏာမအဆင့်၊ပြည်ထောင်စုအဆင့်၊ ထာဝရ ငြိမ်းချမ်းရေး၊ ပင်လုံကဲ့သို့”စသဖြင့် “ငြိမ်းချမ်းရေးစကား” ပြောနေကြသူတွေ၊ “ငြိမ်းချမ်းရေးအကျိုးဆောင်”ဆိုသူတွေ၊ “တွေ့ဆုံဆွေး နွေးရေး”လုပ်နေကြသူတွေ၊ ပါတီ၊ အဖွဲ့အစည်းတွေအနေနဲ့ ထည့်သွင်းစဉ်းစားကြည့်ကြဖို့ဖြစ်ပါတယ်။ နှိုင်းယှဉ် သုံးသပ်ကြည့်ကြဖို့ဖြစ်ပါ တယ်။ “ဒိုင်ယာလော့ယဉ်ကျေးမှုမရှိသော”လို့ဆိုတဲ့“ပညာရှင်ဆိုသူ” များလည်း လေ့လာကြည့်ဖို့ပါ။
ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ကိုလည်း “တပ်မတော်နေ့” အဖြစ်ပြောင်းခဲ့ပြီ။
(ဗကသ) ကို (မကသ)ဆိုပြီး သွေးတိုးစမ်းခဲ့ကြပြီ။ (ဗကသ) ကို (မကသ) လို့အပြောင်းမခံကြနဲ့။
သခင်ကိုယ်တော်မှိုင်း ကို “ဆရာလွန်း” လို့ အပြောင်းမခံကြပါနဲ့။
ဒါကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုတဲ့ ဂုဏ်နဲ့ဒြပ်ကို ဟပ်မိစေဖို့ စာကြည့်တိုက်ဖွင်ရေးကိုရိုးသားစွာကြိုးစားကြတဲ့ အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်ပုဂ္ဂိုလ်များအနေနဲ့လည်း လေးလေးနက်နက်စဉ်းစားပြီးဆောင်ရွက်သင့်ပါတယ်။ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့ ဦးစီးနေတာပါ။ ဘုန်းကြီးခေါင်း ခေါက်ပြီးမှ ကန်တော့တာမျိုး မလုပ်သင့်ပါဘူး။အစိုးရငြိုငြင်မှာကိုကြောက်ပြီး ငုံ့ခံနေဖို့မသင့်ပါဘူး။

 “--- ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီ အဖိုးရေ --- ”
“--- သခင်အောင်ဆန်း နိုင်ငံတော်လည်းသွေးစွန်းခဲ့ပြီ အဖရေ --- ”
လို့ ဆိုခဲ့ကြတဲ့  ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ သီချင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ညွန်း
-       ပြည်တွင်းငြိမ်းချမ်းရေးသဘောထား၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော၊ (အောင်မျိုးစာပုံနှိပ်တိုက်)
-       ပြည်တွင်းငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆ -၁၉၆၄) - မောင်ဇေယျာ (ပြည်သူ့ခေတ်ဂျာနယ်။ အတွဲ ၂ အမှတ် ၈၇၊ စာမျက်နှာ ၃၀) 
http://moemaka.blogspot.com

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif