http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label ယဉ်ကျေးမှု့. Show all posts
Showing posts with label ယဉ်ကျေးမှု့. Show all posts

9 Sept 2012

ရွှေပြုံး ငွေပြုံး ပျော်ရွှင်မဆုံး ကျမတို့ တောင်ပြုန်း


‘‘တောင်ပြုန်းပွဲများ ရောက်ပြီဆိုရင်လေ ကျမတော့ သိပ်ပျော်တာဘဲ။ ဟောဒီလိုပွဲမျိုးဆိုတာ တနှစ်မှ တခါလောက်သာ ပျော်ရတာ။ အဲလို ပျော်ရဖို့ အတွက်လည်း တနှစ်လုံး အလုပ်လုပ်ရတာ လူကို ဖတ်ဖတ်မောလို့။ လူမောစိတ်မောနဲ့ လုပ်ခဲ့သမျှ အလုပ်တွေကို ဒီပွဲမှာဘဲ ခ၀ါချကြရတာလေ။ ကျမတော့ ဟောဒီပွဲကို တနှစ်မှ မလာရရင်မနေနိုင်ပါတော်…”

နှစ်စဉ် ၀ါခေါင်လဆန်း ၁ရက်နေ့ကစပြီး တောင်ပြုန်းပွဲတော် နိဒါန်းဖွင့်ကြသည်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ် နတ်ယုံကြည်ကိုးကွယ်သူများနှင့် တောင်ပြုန်းမင်းညီနောင်၏ အမှုတော်ထမ်း ဆွေတော်မျိုးတော်များ သည်အချိန် သည်ရာသီ ရောက်ပြီ ဆိုလျှင် သည်နန်းသို့ အရောက်လာကြရမြဲ။

ဘိုးစဉ်ဘောင်ဆက် မိဘ အဘိုးဘွားများ၏ သမားစဉ်ကို သားစဉ်မြေးဆက်များက ဆက်ပြီး ထိန်းသိမ်းကြရသည်။ ဝေါထမ်းမျိုးနွယ်ဆိုလျှင် ချိုးရေတော် သုံးသည့်နေ့ အရောက်လာကြရပြီး ဝေါယာဉ်ကို ၀င်လုထမ်းကြရသည်။ ဝေါထမ်းလူများမှလည်း ယင်းဝေါယာဉ်ကို လက်ဆင့်ကမ်း သယ်ယူခြင်းမျိုးမဟုတ်ဘဲ ဝေါကိုလာလုသည့် မည်သူ့ကိုမဆို တတောင်ဆစ်နှင့်တွတ်ခြင်း၊ တွန်းထုတ်ခြင်းများ ပြုလုပ်ကြပြီး ဝေါကို အထိမခံတတ်ကြ။ ဝေါအမှုတော်ထမ်းကလည်း ရိုက်နှက် ပုတ်ခတ် တိုးကြပ်နေသည့် ကြားမှ ဝေါကို လက်ဖျားလေးဖြင့်ဖြစ်ဖြစ် တို့ရ ထိရ ရောက်အောင်သွားပြီး အမှုတော်ထမ်းကြသည်။ သည်လိုမှ တာဝန်ကြေသည်ဟု ဖြေသိမ့် စိတ်သက်သာရာရသည်။ သို့မဟုတ်က တနှစ်လုံး အကြွေးတော်ကြီးတခု တင်ကျန်နေသလို ဘာလုပ်လုပ် အဆင်ပြေမည်မဟုတ်။ ကျန်းမာရေးလည်းကောင်းမည် မဟုတ်ဟု တွေးဆကြသည်။

‘‘ကျနော့်အဘိုးဘွားတွေက မင်းနှစ်ပါးရဲ့ ဝေါအမှုထမ်းတွေ.. အဖေအမေတွေကလည်း နှစ်စဉ်ဒီနေ့ ရောက်တိုင်း မင်းနှစ်ပါ်းနန်းကိုလာပြီး ဝေါထမ်းကြတယ်။ ခု ကျနော်လည်း ဒီအမွေကိုဆက်ပြီး ထိန်းသိမ်းထားတာပါ။ ဒီဝေါထမ်းတဲ့မှု ပျက်ကွက်ခဲ့တယ်ဆိုရင် ကျနော်တို့ ခန္ဓာကိုယ်မှာ ဖျားတာတွေ၊ အမည်ဖော်လို့မရတဲ့ အဖုပိန့်တွေထွက်တာတွေနဲ့ စီးပွားရေးလည်း တနှစ်လုံး ဖြစ်မှာ မဟုတ်ဘူး.. အဲဒါကြောင့် လူတွေကြိတ်ကြိတ်တိုး စည်နေတဲ့ ကြားက ဝေါကို ရအောင်ထမ်းတာပါ” ဟု မင်းနှစ်ပါးနန်းတွင် ဝေါအမှုထမ်းသည့် ကိုကြီးအောင်က ပြောပြသည်။

တောင်ပြုန်းနတ်ပွဲတွင် ဂေးများ (သူတို့အခေါ် မိန်းမလျာများ) ပေါများလှသည်။

တောင်ပြုန်းပွဲသည် တချိန်က ဘုရားပွဲ နတ်ပွဲ ဖြစ်သော်လည်း ယခုတော့ မိန်းမလျာပွဲ၊ အခြောက်တို့ပျော်မြူးရာပွဲ ဖြစ်နေချေပြီ။ နတ်ပွဲဆိုသည့်အတွက် နတ်ကတော်များ ပျော်စံသည့်ပွဲလည်း ဖြစ်သည်။ နတ်ကတော်ဆိုသော်လည်း မိန်းမလျာ နတ်ကတော်က ပိုများသည်။ နန်းများတွင် နတ်ဝတ်နတ်စားများဖြင့် ၀င်ရောက်ကခြင်း၊ ပူးခြင်းနှင့် ပျော်မြူးခြင်းများ လုပ်ဆောင်တတ်ကြသည်။


မြန်မာနိုင်ငံတွင် ဆုတောင်းပြည့် ဘုရားပွဲ၊ ဆုတောင်းရဘုရားပွဲများတွင် တောင်ပြုန်းဘုရားပွဲသည် အထူးခြား ဆုံးနှင့် အစည်ကားဆုံးဖြစ်သည်။ ဘုရားပွဲနှင့် အတူ နတ်ပွဲပါဆုံပြီး ကျင်းပသည့် အတွက် နတ်တကာ နတ်ပွဲများတွင် တောင်ပြုန်းနတ်ပွဲသည် လူသိန်းချီ လာရောက်သော ပွဲကြီးတပွဲ ဖြစ်သည်။

“ကျနော်တို့ ငယ်ငယ်တုန်းက ဒီတောင်ပြုန်းပွဲကို အဲလို အခြောက်တွေ အများကြီးမတွေ့မိဘူး။ အဲဒီအချိန်တုန်း ကလည်း အခြောက်ပွဲရယ်လို့ နာမည် မတွင်သေးဘူးဗျ။ အရက်သမားပွဲရယ်လို့ပဲ တွင်သေးတာ။ ဘာလို့ လဲဆိုတော့ အရက်သမားတွေ တအား များတာကိုး”” ဟု မင်းနှစ်ပါး ချိုးရေတော်ဆင်းလာသည့်ပွဲကို ကြည့်နေသူ တဦးက ပြောလေသည်။

““အဲဒီအချိန်တုန်းက မင်းနှစ်ပါးကို ချိုးရေတော် သုံးတာ ခုလို နန်းဆောင်နဲ့ မဟုတ်ဘူး။ မြစ်ဆိပ်ကို သွားပြီး ချိုးရတာ။ လမ်း တလျှောက် အော်ကြ.. ပျော်ကြပေါ့။ အရက်မူးသမားတွေလည်း လမ်းမှာ တုံးလုံးပက်လက်ပဲ။ ရန်ဖြစ်တဲ့လူလည်း ဖြစ်ကြတာပေါ့။ ခုမှဘဲ အခြောက်ပွဲ ဖြစ်သွားတာ။ ဘယ်လိုဖြစ်တယ်တော့ မသိပါဘူး” ဟု သူက ဆက်ပြောသည်။

၁၉၉၈ခုနှစ် အရေးခင်းကာလများပင်လျှင် တောင်ပြုန်းပွဲ ဘေးဥပါဒ် တစုံတရာမရှိဘဲ စည်ကားခဲ့သည်။ ယင်းနှစ်ပြီး နောက်တနှစ်မှာပင် မိန်းမလျာများကို တောင်ပြုန်းပွဲမလာရ၊ မကဲဟု အမိန့်ထုတ်ပြန်ခဲ့သေးသည်။ သို့သော်လည်း ယင်းနှစ်မှာပင် တောင်ပြုန်းပွဲအများဆုံးလာသူများက မိန်းမလျာများပင်ဖြစ်သေးသည်။

‘‘မိန်းမလျာတွေကို ဖမ်းတယ်ရယ် လို့တော့ မဟုတ်ပါဘူး။ လူကြီးတွေက ဘုရားပွဲမှာ မိန်းမလျာတွေက ယောင်ယောင် ၀ါးဝါးလုပ်တဲ့ပွဲ အရက်သမားပွဲ မဖြစ်စေဖို့ တားမြစ်တာတွေတော့ ရှိခဲ့ဖူးတယ်။ တောင်ပြုန်းပွဲကို မိန်းမလို ၀တ်ပြီး မလာရ။ မိတ်ကပ်၊ ဆံပင် အရှည် လုပ်လာမရ ဆိုတာမျိုးကြုံတဲ့နှစ်တော့ ရှိခဲ့ဖူးတယ်”” ဟု တောင်ပြုန်းနန်းထိန်း အမေနိုးက ထိုကိစ္စ ပြန်လည် ရှင်းပြသည်။

““အမလေး ဒီပွဲမှာ ဂျော်တော်ဂျော် လော်တော်လော်တွေ ပေါတာက ခုမှ မဟုတ်ဘူး။ တို့ငယ်ငယ်လေး ကတည်းကပါတော်။ ရှာကျန်ဟဲဆိုတဲ့ မိန်းမလျာမကြီးက ပုဆိုးကို ထမီင်္လို ၀တ်ပြီး ရထားတတွဲလုံးငှားပြီး တောင်ပြုန်းပွဲကို လာကြတာ တွေ့ဖူးတယ်””

““ဟိတ်ကောင်မတွေ လိုက်ခဲ့ကြဟေ့။ တောင်ပြုန်းပွဲကို သွားကြမယ်။ လိုက်ချင်တဲ့လူတွေ တက်ပြီး လိုက်ခဲ့ကြ”” ဆိုပြီး လမ်းတလျှောက်မှာရှိတဲ့ အခြောက်မတွေကို လက်ဆင့်ကမ်းတောင် ခေါ်လိုက်သေးတယ်။

““အဲဒီနှစ်က ရထားတတွဲလုံး အခြောက်မတွေကို နည်းတာမဟုတ်ဘူး။ သူကပဲ တောင်ပြုန်းမင်းနှစ်ပါးကို အဲဒီခေတ်က စိန်ပွင့်ကြီးတွေနဲ့ အသားထဲကို စုတ်ထည့်ခဲ့တာ။ ခု ရွှေချလိုက်တော့ စိန်စုတ်ထားတဲ့ နေရာတွေက ဘုလေးတွေ ဖြစ်နေတာပေါ့”

အမေနိုး တောင်ပြုန်းမင်းနှစ်ပါး ဟော်နန်းအရှေ့ဘက်မှာ ယာယီတဲ နန်းဆောင်လေး နေလေရဲ့။ သူ့စကားလုံးများက ခြေဟန် လက်ဟန် အမူယာနှင့် တဖက်သားစိတ်ကို သယ်ဆောင်သွားနိုင်သည်။ စကားကို လေယူလေသိမ်း အချီအချ အနိမ့်မြင့်များနှင့် ပြောဆိုနေမှုကြောင့် အနားတွင် လူများ အုပ်လိုက် ရောက်နေကြသည်။

““အဲဒီခေတ်ကတည်းက ဂျော်တော် ဂျော်၊ မော်တော်မော်တွေက ခေတ်စားခဲ့တာပါ။ ခုနောက်ပိုင်း လူဦးရေတွေလည်း တိုးလာသလို မိန်းမလျာတွေလည်း ပိုများလာတယ်လေ””

““သိမ်မွေ့ခြင်း၊ နူးညံ့ခြင်း၊ ရက်စက်ခြင်း၊ ၀မ်းသာဝမ်းနည်း အတ္တလွန်ကဲ ကြတဲ့ ဂျော်တော်ဂျော်တွေက ““ဟာ.. ဆွဲလုပ်ပစ်လိုက်ရမလား”” ဆိုပြီး ကြောက်တတ်အောင် ဟိန်းဟောက် ခြောက်တတ်တယ်။ ““ဟယ်..သနားပါ တယ်”” ဆိုပြီးလည်း အပျော့လည်းဆွဲ တတ်ကြသေးတယ်။ အဲဒါတွေရောနှောတာကို မိန်းမလျာဟု ခေါ်သည်။ ဒါပါဘဲ သား ရယ်..” ဆိုကာ သူ့စကားကို ပြီး ပြုံးရွှင်စွာနှင့် စကားအစသိမ်းလိုက်သည်။

ပြီး တောင်ပြုန်းနတ်ပွဲနှင့် အခြောက်မများ ဘာကြောင့် ပတ်သက်နေသည်ကို ဟန်ချီပန်ချီ ဆိုသေးသည်။

အဲဒီလို ၀မ်းသာ ၀မ်းနည်း အတ္တလွန်ကဲကြတဲ့ ဂျော်တော်ဂျော်တွေဟာ သနားစရာရှိလည်း သူတို့အပြင်မရှိဘူး။ ဆွဲလုပ်ပစ်မယ် ကျွတ်ကျွတ်ဝါးမယ် ဆိုရင်လည်း သူတို့အပြင်မရှိကြဘူး။ အဲဒါဘာနဲ့သွားဆိုင်လဲ ဆိုတော့ မင်းစိုးရာဇာစိတ်နဲ့ သွားဆိုင်တယ်။ ဒီနတ်က မင်းစိုးရာဇာနတ်လေ။ မင်းစိုးရာဇာဆိုတာကလည်း မြောက်စားမယ် ဆိုရင် တောင်စမှုတ်ကနေ ထောင်ထုပ် ယူစေ။ အာဠာဝီချုပ် ခုတ် ဖြုတ်ထုတ် သတ်လိုက်စမ်း။ အဲဒီလို မင်းစိုးရာဇာစိတ်နဲ့ ဒီလိုနတ်တွေက ယှဉ်တော့ ခုလို တောင်ပြုန်းပွဲမှာ မိန်းမလျာတွေ ပေါကုန်တာပေါ့”” ဟု ရှင်းပြသည်။

ဘယ်သို့ဆိုစေ တောင်ပြုန်းပွဲသည် နတ်များ၏ပွဲဖြစ်သည့်အတွက် နတ်ကတော်တို့ စံပျော်ရာ ဘုမ္မိဆိုလည်း မှန်သည်။ နတ်ပွဲဖြစ်သည့်အတွက် နတ်ကတော်ရှိ၏။ နတ်ကတော် ရှိသည့်အတွက် ယုံကြည်ကိုးကွယ်သူများ တပုံ။ ယုံကြည်ကိုးကွယ်သူများကြောင့် နန်းတွင် ထောင်တန်၊ သောင်းတန်များနှင့် အရက်ပုလင်းများက တံဆိပ်စုံ။ အရက်ပုလင်းတံဆိပ်စုံသည့်အတွက် ကာလာစုံ လူအများကလည်း ဒုနှင့်ဒေး။

“တနှစ်တခါသာ ပျော်ကြတဲ့ ဒီလိုပွဲ မျိုးမှာ လွတ်လပ်မှုတွေ ရှိတယ် ဆိုပေမဲ့ နန်းထိန်းတွေ နတ်ဆရာကြီးတွေက တော့ ပျော်ရွှင်ဖို့ အချိန်ကို မရကြပါဘူး။ လာသမျှ ဧည့်သည်တွေ ကျွေးရ မွေးရ တက်ပွဲ တက်ကြနဲ့မို့။ ဒီပွဲကို အပျော် သက်သက် လိုက်လာကြတဲ့ မိန်းမလျာ သေးသေးလေးတွေဘဲ ပျော်ကြရတာပါ”” ဟု ပုပ္ပါးနန်းထိန်း ကိုတင်မောင်ထွန်းက ဆိုသေးသည်။

‘‘ဒီပွဲက နတ်ကတော်တွေ ပေါင်းစုံအောင်လာတဲ့ပွဲဆိုတော့ နတ်ကတော်တွေကလည်း ယောကျာင်္း၊ မိန်းမနဲ့ မိန်းမလျာဆိုရင် မိန်းမလျာများနေတော့ အခြောက်ပွဲလို့တောင် သတ်မှတ်လို့ရတယ်။ လူမျိုးမရွေး ဘာသာမရွေးက အခြောက်မတွေ လာကြတာ။ ဒီပွဲက သူတို့အတွက် သီးသန့်လုပ်ပေးတဲ့ပွဲ မဟုတ်ပေမဲ့လည်း ကြာလာတော့ အခြောက်မတွေရဲ့ ပွဲဖြစ်ကုန်တာပေါ့။ ဘာဘဲဖြစ်ဖြစ် သူတို့တွေက ပျော်ကြတယ်လေ။ အဓိက ဘာပွဲဘဲလုပ်လုပ် ဘယ်သူဘဲ ပါဝင် ပါဝင် စည်ကားဖို့နဲ့ ပျော်ဖို့က အဓိကမဟုတ်လား”” ဟု ကိုတင်မောင်ထွန်းက အာပေါင် အာရင်း သန်သန်နှင့် နတ်ကတော်များ အကြောင်း တောင်ပြုန်းပွဲလာ မိန်းမလျာများအကြောင်း ဖွင့်ဟလေသည်။

ဘာပဲဖြစ်ဖြစ် တောင်ပြုန်းပွဲသည် စည်ကားနေမြဲ။ ပြီးခဲ့သည့် အစိုးရသစ်တက်သည့်နှစ်မှာပင် နှစ်ပေါင်း ၄၀ ကျော် အတွင်း ရက်အရှည်ဆုံး အစည်ကားဆုံးပွဲဖြစ်ခဲ့သည်။ ပွဲစတင်ကျင်းပသည့် ၀ါခေါင်လဆန်း ၈ရက်နေ့မှာပင် တနေ့လျှင် လူဦးရေ ငါးသိန်းအထက် လာရောက်ခဲ့ကြသည်။ ယင်းနေ့မှစပြီး ၁၄ ရက်နေ့ထိတိုင် လူဦးရေ သိန်းကျော်နှင့် စည်ကားခဲ့သည်။

ယခုနှစ်မှာတော့ မိုးများမစဲ ဖွဲဖွဲရွာသွန်းခြင်းနှင့် ဆိုင်ခန်းဈေးများ အဆမတန် မြှင့်တက်ခြင်းတို့ကြောင့် တောင်ပြုန်းပွဲ ထင်သလောက် မစည်ကားခဲ့သော်လည်း လာသူများ တဖွဲဖွဲ၊ ပြန်သူများလည်း မနည်း သည်းသည်းနှင့် စည်ကားမြဲ ဖြစ်လျက် ရှိနေပါတော့သည်။

blog.irrawaddy.org/2012/09/blog-post_3438.html



~

25 Jul 2012

ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုး

 
လာမယ့် သြဂုတ်လ ၂ရက်နေ့မှာ ကျရောက်မယ့် ၀ါဆိုလပြည့် အခါသမယဘဲ ဖြစ်ပါတယ် ဒါကြောင့် လမြတ် ၀ါဆိုမှာ ၀ါဆို သင်္ကန်း ကပ်လှူကြတဲ့ အကြောင်း၊ အကျိုး သိကောင်းစရာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။


ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုးနဲ့ ဖြစ်ပေါ်လာပုံအကျဉ်း

ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့ ရဟန်းတော် များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကို ဝါမဆိုခင် ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်း အလှူဟာ ဝါ မဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင် နိုင် ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါ တယ်။ ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်း မြတ် သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ ဝဿာ ဝါသိက စီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်း ဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြ ပါတယ်။

ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီး ချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပို အနေ နဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူ ဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။

ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှု ရဲ့ ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီး လေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။

လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါ တယ်။ အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအား လုံးကို ချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိ တဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်း ကြားဖို့ စေလွှတ်လိုက်ပါတယ်။

အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ ပြီး ကျောင်းမှာ ရဟန်းတော် များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။

အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြ တာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါ တရား နည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘော
ပေါက်ကာ မြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကို လှူဒါန်း ခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါ တယ်။

ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူ ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်ပါတယ်။

မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန် ကာလ သတ်မှတ်ချက် အကြောင်းလည်း ပြောဖို့လိုလာပါတယ်။

ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြု လုပ်နိုင်တဲ့ ကာလက နယုန်လပြည့်ကျော် (၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ ဒီသင်္ကန်းကို လှူဒါန်း တဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည် မှန်းပြီးတော့ ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပ ပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ် ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်း အလှူမြောက်ပြီး ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း အလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေး စရာ မေးခွန်းတွေ လည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီး လှူဒါန်း မယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံ တော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင် သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန် အဖိုး ထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင် မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေ ကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ ရပါ တယ်။

ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆို သင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရ ဒါနခေါ် သင်္ကန်းအလှူ မြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီး ထူးခြားတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာ လိုအပ်တဲ့ အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။

ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲ မပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့ လည်း အဋ္ဌကထာ ဆရာ များက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလို အမြဲမပြတ် ကုသိုလ် ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက

၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်း ပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ ပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်း အလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချ ပြောလို့မရပါဘူး။ နိဗဒ္ဓအလှူ တစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်
တော့ အပါယ်လားနိုင်ပါသေးတယ်။

တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ် မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလ ဒါန အကျိုးကို လည်း ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည် အဆင်း လှပခြင်းနဲ့ ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူ ရတဲ့ အကျိုးအား ကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြား အပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲက အကောင်းဆုံး အလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခု
ဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူကို လည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ် သင်္ကန်း အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

အရှင်ဝိစိတ္တ (မနာပ ဒါယီ) 
blog.irrawaddy.org/2012/07/blog-post_3706.html

16 Mar 2012

နဂါးမင်းရာဇ၀င်၊ နဂါးလှေသဘင်နှင့် ကျွန်တော်တို့ဌာနီ တနင်္သာရီ

ယောကြီးဝမှ လယ်သစ်ချောင်းပေါက်
ဖေဖော်ဝါရီလထဲမှာ ဖြစ်သည်။ မြိတ်ခရိုင် သမိုင်းမှတ်တမ်း ပြုစုရေးအဖွဲ့တွေကို တင်ဆောင်လာတဲ့ မြိတ် တနင်္သာရီ အမြန်ရေယာဉ်က ယောကြီးဝချောင်းကို အရှိန်ဖြင့် ဖြတ်သန်းသွားလာနေပြီး ချောင်းအတွင်းမှာရှိနေတဲ့ ငါးဖမ်းလှေတွေ၊ ကုန်လှေတွေ၊ ဒေသခံတံငါသည်တွေ ရဲ့လှေလေးတွေ သူတို့တွေရဲ့ အနီးနားမှာ ချောင်းအတွင်းက သဲတွေ၊ ရွှံ့တွေကို အရှိန်အဟုန်နှင့်စုပ်နေတဲ့ သဲင်္ဘောတွေကို တရိပ်ရိပ်ဖြတ်သန်းလာခဲ့ကာ ခရီးနှင်လျက်ရှိသည်။ တနင်္သာရီမြစ်ကြောင်းတစ်လျောက်မှာ အစုန်အဆန်သွားလာနေတဲ့ အမြန်ရေယာဉ်တွေကြောင့် ဒေသခံခရီးသွားတွေ အတော်လေးကို အဆင်ပြေသွားတာ တွေ့ရတယ်။ မြိတ်မြို့မှ တနင်္သာရီကို လူတစ်ဦးလျှင် ကျပ် ၃၀၀၀ နှင့် သက်သောင့်သက်သာ စီးသွားလို့ ရတယ်။ လမ်းခရီးတစ်လျှောက်မှာရှိတဲ့ ရွာတွေကိုလည်း ၀င်ရောက်ရပ်နားပေးတော့ ကျွန်းတွေပေါ်မှာ နေ ထိုင်တဲ့ ဒေသခံတွေအဖို့ ခရီးသွားရတာ အတော်လေး အဆင်ပြေသွားတာ တွေ့ရတယ်။ ကုန်းလမ်းခရီးကို ဆိုင်ကယ်နှင့်သွားပါက လူတစ်ဦးအဖို့ ဆိုင်ကယ်ခ၊ စားသောက်စရိတ်တွေနှင့် အနည်းဆုံး ကျပ်သောင်းဂဏန်းလောက်တော့ ပါသွားမှာပဲ၊ ကားနှင့်သွားရင်လည်း ချောင်ဖို့ မရှိဘူး၊ ငွေကုန်မယ့်အပြင် ခါးရိုးကလည်း အတော်လေးသန်မာဖို့ လိုမယ်။
(BOT)စနစ်နဲ့ ဖောက်လုပ်နေတယ်ဆိုတဲ့ လမ်းတွေကလည်း နွေဆိုရင် ဖုန်အလိမ်းလိမ်းနှင့် ချိုင့်ခွက်တွေ၊ ကျောက်တွေပေါ်မှာ သွားနေရတယ်၊ အရင်က ဖောက်ထားပြီးသား လမ်းတချို့က တော့ ကောင်းတဲ့နေရာတွေ ရှိပါတယ်။ မိုးရာသီဆိုရင်လည်း ကျွဲလူးအိုင်မှာမောင်းတတ်တဲ့ ဆိုင်ကယ်သမားတွေ၊ ကားဆရာတွေကိုရှာဖို့ လိုမယ်။ ရေကြီးလာရင်တော့ ကူးတို့က ၂၀ ကျော်လောက်ရှိပြီး စရိတ်က ကျပ်သုံးသောင်းအထက်မှာ ရှိမယ်။ မြိတ်နှင့် တနင်္သာရီမြို့ကို အကွာအဝေး က ၅၅ မိုင်လောက်ပဲ ရှိတယ်။ အမြန်ရေယာဉ်ကတော့ မိုးရာသီရော၊ နွေရာသီရော သွားလာနေကြပြီဆိုတော့ ခရီးသွားတွေအတွက် အဆင်ပြေပြီး၊ သွားလာနေတဲ့ ခရီးသွားတွေ နေ့စဉ်မပြတ် ရှိနေကြတယ်။ နံနက် ၉ နာရီကျော်လောက်ထွက်တတ်တဲ့ အမြန်ရေယာဉ်တွေမှာ နံနက် ၈ နာရီ လောက်မှသွားပြီး နေရာယူထားမှ ခုံနှင့် စမတ်ကျကျ ထိုင်နိုင်လိမ့်မယ်။ အမြန်ရေယာဉ်ကတော့ စေတ၀န်၊ မင်းသန်းနှင့် တစ်ဖက်ကမ်း မောင်လှော်စတဲ့ရွာတွေကို ဖြတ်သန်းလာခဲ့ပြီး အနီးနားရောက်လာတဲ့ လက်မှတ်စစ်ကိုမေးကြည့်တော့ ခရီးအကွာအဝေး အလိုက်ဈေးအမျိုးမျိုးနှင့် ပြေးဆွဲနေပြီး တကူရွာအထိ ပြေးဆွဲပေးနေတယ်လို့ ပြောတယ်။ သိပ်မကြာ လိုက်တဲ့အချိန်မှာ အံ့သြစရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတယ်။
နဂါးလှေတွေနှင့် အပြုံးပန်းဝေနေတဲ့ လယ်သစ်သားတွေ''လယ်သစ်ချောင်းပေါက်ရောက်ပြီ နဂါးလှေတွေလည်းပါတယ်၊ ဓာတ်ပုံရိုက်မယ့်လူတွေ အရင်ထွက်လိုက်''လယ်သစ်ရွာဇာတိ ဦးဝင်းနိုင်က ဧည့်သည်တွေအတွက် စီစဉ်ပေးနေပြီး လာကြိုနေတဲ့ လှေကလေးပေါ် တက်လိုက်သွားကာ ဓာတ်ပုံရိုက်တာတွေ လုပ်ရတယ်။ လာကြိုတဲ့ပုံစံက အံ့သြစရာမြင်ကွင်းများပင်။ နဂါးလှေလှော်တာကို တစ်ခါမျှအပြင်တွင် မတွေ့ဖူးတာကတစ်ကြောင်း၊ လူများ ဒီလောက်အထိ လာကြိုလိမ့်မည်ဟုလည်း မထင်ထားခဲ့ သည့်အပြင် တနင်္သာရီမြစ်နှင့် လယ်သစ် ချောင်းပေါက်ဆုံရာတွင် လာရောက်ကြိုဆိုတဲ့ပုံစံက တာဝန်ရှိသူတစ်ဦး ရောက်လာ၍ လာကြိုသည့်အလား။ တစ်နာရီကျော်ကြာမည့် လယ်သစ်ရွာသို့ အရောက်ချောင်းရိုးတစ်လျောက် လှေလှော်သွားရမည့် နဂါးလှေအဖွဲ့သားများကတော့ နေပူထဲတွင် မမှုသည့်အပြင် အပြုံးပန်းများက ဝေနေလျက်။ မကြာခင်တနင်္သာရီမြို့မှ သမိုင်းသုတေသီတချို့ ရောက်လာပြီး လယ်သစ်ချောင်းပေါက်ထဲကို စတင်ခရီးဆက်ခဲ့သည်။ အေးဇာသီချင်း(ရိုးရာလှေလှော်သီချင်း) တွေဖွင့်ပြီး နဂါးလှေနှစ်စင်းမှ လှေလှော်သားများ၏ အားမာန်နှင့် လယ် သစ်ချောင်းပေါက်တွင် ပြေးလွှားနေပြီး လယ်သစ်ရွာအရောက်တွင် ကမ်းစပ်ရွာထိပ်၌ တာဝန်ရှိသူများ၊ ဒေသခံများက လာရောက်ကြိုဆိုကာ ရွာခံလူကြီးများက သိလိုသည်များကို ဆွေးနွေးပေးခဲ့ကြတာကတော့ အားရစရာပင်။
နဂါးလှေသမိုင်းနှင့် နဂါးလှေသဘင်ပွဲ ပေါ်ထွက်လာဖို့
နဂါးလှေတွေ ပတ်သက်လို့ကတော့ ယခုလက်ရှိလယ်သစ်ရွာမှာ လေးစင်းအထိ ထိန်းသိမ်းထားနိုင်ပြီး တနင်္သာရီမြို့ပေါ်မှာတော့ တစ်စင်းပဲ ရှိတော့တယ်၊ ကျန်တဲ့ရွာတွေမှာ လုံးဝမရှိတော့ဘဲ တနင်္သာရီနယ်မှာတော့ အားလုံးငါးစင်းပဲ ရှိတော့တယ်လို့ ရွာခံလူကြီးတွေက ရှင်းပြကြတယ်။ လယ်သစ်ရွာကတော့ ထူးထူးခြားခြား တနင်္သာရီနယ်ထဲမှာ ပါနေတဲ့ ကျွန်းပေါ်က ရွာလေးတစ်ရွာဖြစ်ပြီး သူ့အနီးနားက ရွာများအားလုံးက မြိတ်ကျွန်းစုပိုင်ရွာများ ဖြစ်နေတာတွေ့ရတယ်။ အိမ်ခြေရာနှင့်ချီရှိပြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားတဲ့ အဲဒီရွာကလေးမှာ မူလ တန်းကျောင်းအဆင့်ပဲ ထားပေးထားတာကတော့ နားမလည်နိုင်စရာပင်။ နဂါးလှေနှင့်ပတ်သက်ပြီးတော့ သမိုင်း အစရှာရာမှာတော့ ဆောင်းပါးရှင် တချို့က သုံးသပ်ထားတာကတော့ သက္ကရာဇ် ၄၈၄ ခုနှစ်တွင် ဗျန်စက္ကပိတ်မင်းသည် ဘန်ရှောင်မြို့ကို တည်ထောင်ခဲ့တယ်လို့ သိရတယ်။ ဘန်ရှောင်မြို့ဆိုတာကတော့ ယခုတနင်္သာရီမြို့ကို သွားရာလမ်းက မော်တုန်းရွာအ၀င်(အမြောက်တပ်ရင်းအရှေ့) မှာရှိတာပါ။ အခုတော့ မြေကုန်းကြီးပုံစံပဲ ရှိတော့တယ်။ မြို့ဟောင်းကုန်းလို့ ခေါ်ကြတယ်။ အဲဒီမြို့တည်ကာ နှစ်နှစ်သာစိုးစံပြီး တနင်္သာရီမြစ်ညှာကိုသာ ဆန်တက်ဖို့ ကြိုး ပမ်းခဲ့တယ်လို့ သိရတယ်။ ပုဂံနေပြည်တော်၏ အာဏာစက်နှင့်ဝေးရာကို ရှောင်ပြေးခြင်းဖြစ်တယ်လို့ သုံးသပ်ကြတယ်။
ဗျန်စက္ကပိတ်မင်းဆိုတာကတော့ သက္ကရာဇ် ၈၅ ခုနှစ်က ယောနကတိုင်း၊ သာဂရပြည်မှာအုပ်စိုးခဲ့တဲ့ ကျမိုင်းမင်းဆက်ကနေ ဆင်းသက်လာတဲ့ မင်းတစ်ပါးဖြစ်တယ်။ သာဂရပြည်ဆိုတာက မွန်နှင့်မြန်မာတွေ နေထိုင်တဲ့ သာဂရပြည်၊ ကျမိုင်းမြို့က ဖြစ်ပါတယ်။ ကျမိုင်းမြို့ကတော့ ယနေ့ကျိုက္ခမီမြို့အနီးနားတွင်ရှိကြောင်း သိရတယ်။ အဲဒီတုန်းက အလောင်းစည်သူမင်း(၄၅၄-၅၂၉) အနေဖြင့် တိုင်းရေးပြည်ရေး ရှုပ်ထွေးနေချိန်များမှာ ဆက်မြဲ၊ ကပ်မြဲမရှိခဲ့ဘဲ သောင်းကျန်းမှုရှိခဲ့တဲ့ တနင်္သာရီကို သွားရောက်နှိမ်နင်းခဲ့ရတယ်လို့ မြန်မာရာဇာဝင်နှင့် မှန်နန်းရာဇ၀င်တို့မှာ ပြဆိုထားပါတယ်။ မြစ်ညှာဘက်ကို ပြောင်းရွှေ့ပြေးရင်းနှင့်သက္ကရာဇ် ၄၈၅ မှာ ယခုသိန္ဓောရွာ အထက်ဘက်မော်စွန်းကြီးဒေသမှာ မြို့တည်ခဲ့တယ်၊တစ်နှစ်ကြာပြီးနောက် မြစ်ညှာမှာ မိတ်ဆွေဖြစ်ခဲ့တဲ့ နဂါးမင်းက ပတ္တမြားရွာမှာ မြို့တည်ရန်သင့်တော်ကြောင်း မင်းကြီးသဘောကျလျှင် အကူအညီပေးမည် သို့သော် မိဖုရား၊ မောင်းမများ မခေါ်လာရန် ကတိတောင်းကြောင်း သိရတယ်။
မင်းကြီးက မိန်းမများမခေါ်လာရန် ကတိပေးသောကြောင့် နဂါးမင်းမှ ထောင်သောင်းမကသော နဂါးတို့ကိုခေါ်ယူလျက် လူများနှင့်အတူ မြို့ကိုတည်ခဲ့တယ်။ အဲဒီမြို့ကတော့ ယခုထားဝယ်မြို့၊ မေတ္တချောင်းဖျား အနီးတွင် ရှိသော အောင်သာဝရဟု ခေါ်တွင်ပြီး ယခုခေတ် ရွှေတူးဖော်ရာ နေရာတစ်ဝိုက်များ ဖြစ်တယ်။ တနင်္သာရီဒေသကို အရင်က ယိုးဒယားတွေက''ထနောင်ဆီရိ'' (ရွှေပေါများရာမြေ)လို့ ခေါ်ဆိုကြတယ်လို့ သိရတယ်။ နဂါးမင်း၏ အကူအညီနှင့် မြို့တည်ရာ မြို့ရိုးကျုံးပစ္စင်ဖြင့်များ စွာလှပကြောင်းကို နန်းတွင်းသား တွေမှတစ်ဆင့် တောင်ညာဒေ၀ီ မိဖုရားကြီးထံ သတင်းရောက်သွားတယ်။
မိဖုရားကြီးမှ အကြိမ်ကြိမ်ပူဆာသောကြောင့် မတားနိုင်သည့်အဆုံး ဖောင်တော်ပေါ်တွင် ဖန်ချုပ်ပြုလုပ်ကာ မိဖုရားကြီးအား ထည့်ပြီးမြို့တည်ရာကို ခေါ်သွားရတယ်။ မြို့တည်ရာကိုရောက်တော့ လူနှင့်နဂါးများ မြို့တည်နေသည်ကို မြင်တွေ့ရသော မိဖုရားကြီးမှာ ကြောက်လန့်တကြား ထအော်မိသဖြင့် နဂါးမင်းမှ ကြားသိရပြီး ကတိမတည်သောမင်းအဖြစ် ဗျန်စက္ကပိတ်မင်းအား ဒေါသအမျက်ထွက်သွားကြောင်း သိရတယ်၊ နဂါးမျက်စောင်းအကြောင်းမရွေးဟု ဆိုသော်လည်း ဘုန်းသမ္ဘာနှင့် ပြည့်စုံသော မင်းဖြစ်သောကြောင့် ရွှေကွပ်သည့် ခရင်းခွနှင့် ထိုးလိုက်ရာ နဂါး မင်းလည်း သေဆုံးသွားပြီး မြစ်ညှာပိုင်းမှမျောလာ ကာန၀ကပ်တောင် (နဂါးကပ်တောင်)တွင် တင်နေပြီး ထိုမှတဖန် ယခုဝပ်ဆင်တောင်ခြေရင်းတွင် တင်နေခဲ့တယ်။

နဂါးလှေသဘင်ပွဲတော်တွေကို သက္ကရာဇ် ၅၁၅ မှာ စတင် ကျင်းပလာခဲ့ကြောင်းကို သမိုင်းသုတေသီတွေက သုံးသပ်ထားတာ တွေ့ရတယ်။ နှစ်ပေါင်းအားဖြင့် ယခုဆိုရင် ၈၅၈ နှစ်သို့ တိုင်လာခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး ပွဲတော်တစ်ခုဖြစ် နေတာတွေ့ရတယ် ...
နဂါးမင်း အလောင်တင်ရာနေရာကို ရှေးက ခရင်းသေရွာ(ယခုတနင်္သာရီမြို့)ဟု ခေါ်တွင်ကြောင်း သမိုင်းဆရာများက သုံးသပ်ကြတယ်။ မော်စွန်းအထက်က ပတ္တမြားရွာ(ယခု အောင်သာဝရ မြို့ဟောင်းနေရာ)ကို သက္ကရာဇ် ၅၁၄ မှာ အပြီးသတ်နိုင်ခဲ့တယ်။ ဗျန်စက္က ပိတ်မင်းကြီးမှာ ကျေးဇူးရှင်နဂါးမင်းကို ရွှေခရင်းခွနှင့် ထိုးသတ်မိသောကြောင့် စိတ်နှလုံး မသာမယာဖြစ်ကာ စိတ္တဇရောဂါ စွဲကပ်လာကြောင်း၊ ထို့ကြောင့် ပညာရှိအမတ်တို့က ရွှေလှေ၊ ရွှေလောင်း၊ ရွှေဖောင်တော်တို့တွင် နဂါးမင်းရုပ်သဏ္ဌာန်ကို စီမံပြုလုပ်ပါဟု လျှောက်ထားကြရာ ထို အချိန်မှစတင်ပြီး တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် နဂါးလှေလုပ်၍ နဂါးလှေသဘင်ပွဲတော်များ ပေါ်ပေါက်လာတယ်လို့ သိရတယ်။ ဒါကတော့ ဒဏ္ဍာရီ(သို့မဟုတ်) သူရဲကောင်းမင်းတစ်ပါးရဲ့ဘုန်းတန်ခိုးကို ပြသဖွဲ့ဆိုလိုတဲ့ သဘောကို ပြကြတယ်လို့ ယူဆကြတယ်။
တိုင်းဒေသကြီးရဲ့ အမှတ်အသားပွဲတော်တစ်ခု ဖြစ်လာဖို့
ဘာပဲဖြစ်ဖြစ် နဂါးလှေသဘင်ပွဲကတော့ ခိုင်ခိုင်မာမာရှိခဲ့တယ်၊ နဂါးမင်းနှင့် ဗျန်စက္ကမင်းရဲ့ ဇာတ်လမ်းကလည်း သက္ကရာဇ်အတိအကျ၊ နေရာအတိအကျနှင့် ပြောနိုင်နေတာ တွေ့ရတယ်၊ နဂါးလှေသဘင်ပွဲတော်တွေကို သက္ကရာဇ် ၅၁၅ မှာ စတင်ကျင်းပလာခဲ့ကြောင်းကို သမိုင်းသုတေသီတွေက သုံးသပ်ထားတာ တွေ့ရတယ်။ နှစ်ပေါင်းအားဖြင့် ယခုဆိုရင် ၈၅၈ နှစ်သို့ တိုင်လာခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးပွဲတော်တစ်ခု ဖြစ်နေတာ တွေ့ရတယ်။ မင်းအဆက်ဆက်လည်း ရေခင်းသဘင်ပုံစံနှင့် ကျင်းပလာခဲ့ပြီး အရင်က အစီးရေ ရာနှင့်ချီရှိရာမှ တဖြည်းဖြည်း နည်းပါးလာကာ အခုဆို ထူးထူးခြားခြား လယ်သစ်တစ်ရွာတည်းမှာ လေးစင်းနှင့် တနင်္သာရီမြို့မှာ တစ်စင်းရှိနေခဲ့တယ်။ သမိုင်းမှတ်တမ်းကို ထိန်းသိမ်းချင်တဲ့ လူငယ်တွေလည်း တနင်္သာရီနယ်မှာ အားထားလောက်စရာ ပေါ်ထွက်လာနေပြီး နဂါးလှေတွေနှင့် ပတ်သက်ပြီးသူတို့အနေနှင့် ဖွဲ့စည်းပုံတွေ၊ ပွဲတော်ကျင်းပတဲ့ ပုံစံတွေကို မှတ်တမ်းပြုစုပြီး သက်ဆိုင်ရာအဆင့်ဆင့် တင်ပြသွားပြီး တနင်္သာရီတိုင်းဒေသကြီးရဲ့ အမှတ်အသား ပွဲတော်တစ်ခုဖြစ်လာဖို့ တိုင်းဒေသကြီး အစိုးရဆီကိုလည်း တင်ပြပေးသွားဖို့ စီစဉ်နေတယ်ဆိုတာ ကြားသိရပါတယ်။ နှစ်ပေါင်းများစွာ နှစ်စဉ်မပျက်အောင်တော့ သူတို့အနေနှင့် ကထိန်ပွဲတွေ၊ အလှူပွဲတွေမှာ နဂါးလှေလှော်ပွဲတွေ ထည့်သွင်းကျင်းပစေပြီး အစဉ်အလာမပျက်အောင်တော့ ထိန်းသိမ်းထားတာ တွေ့ရတယ်။
တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာ နဂါးလှေလှော်ပွဲတော်ကြီးတွေ ကျင်းပလာနိုင်ခဲ့မယ်ဆိုရင်တော့ ရှေးနှစ်ပေါင်းများစွာက သမိုင်းတစ်ခုကို ဖော်ထုတ်နိုင်မှာဖြစ်သလို ခရီးသွားလုပ်ငန်းလည်း တိုးတက်လာမှာ ဖြစ်တယ်။ အပြန်မှာတော့ လယ်သစ်သားများရဲ့ ဇာတိအားမာန်များ၊ ဧည့်ဝတ်ကျေမှုများကို အသိအမှတ်ပြုရင်း ကျွန်တော်တို့ဌာနီ တနင်္သာရီမှ နဂါးလှေပွဲတော်ကြီး ပေါ်ထွက်လာစေဖို့ ရည်သန်ဆုတောင်းရင်းနဲ့ . . . ။
 Written by ဘိတ်သား 
EMG http://www.thithtoolwin.com/2012/03/blog-post

13 Mar 2012

ပန်းယွန်းဥယျာဉ် . . .ထာဝစဉ်

ဟုတ်မှဟုတ်ပါလေစ။
မြန်မာ့ရိုးရာ လက်မှုပညာဖြင့် ပြုလုပ်ဖန်တီးထားသော ယွန်းထည်များ ဟုတ်မှဟုတ်ပါလေစ။
ပုဂံမြို့၊မြင်းကပါရပ်နေမိတ်ဆွေ တစ်ဦး နေအိမ်ယွန်းလုပ်ငန်းခွင်သို့ ရောက်သွားစဉ် ထိုအတွေးမျိုး တွေးမိခြင်း ဖြစ်သည်။ ထိုကဲ့သို့ တွေးထင်မိစေလောက်အောင်လည်း မိတ်ဆွေ၏ ယွန်းတိုက်တွင်ရှိသော မြန်မာ့ရိုးရာ လက်မှုပညာဖြင့် ဖန်တီးထားသည့် ယွန်းထည်များသည် အနုလက်ရာ မြောက်လှပေစွ။ အုပ်၊ ခွက်၊ ဘန်း၊ ချိုင့်စသည်မှသည် ပရိဘောဂ ပစ္စည်းမျိုးစုံတို့တွင် ရေးထိုးခြယ်မှုန်းထားသည့် ယွန်းပန်းချီဆေးရေး လက်ရာတို့သည် တင့်ဆန်းလှပေသည်။ ''တိတိဝန်းဝန်း၊ ထိုးသည့်ယွန်း၊ သွန်းသွန်းသွယ်သွယ်ပေ'' ဆို သည်ထက်ပင် ပိုနေသေး၏။
မိတ်ဆွေသည် သူ့တိုက်ထွက် Masterpieceယွန်းထည်များကို လူ တိုင်းခေါ်မပြဟု ဆိုသည်။ ၀င်ကြည့် ခွင့်ရလျင်လည်း ဓာတ်ပုံရိုက်ခွင့်မရှိ။ NO PHOTO ။ အခန်းကျဉ်းလေး အတွင်းဝယ်ယွန်းထည်များကားစီရရီ။ ဈေးနှုန်းများသည်ကား အနုတ်ဆုံး ကွမ်းအစ် အမေရိကန်ဒေါ်လာ ၁၁၀ တန်လောက်မှသည် လွန်စွာလှပဆန်း ကြယ်သော ယွန်းဗီဒိုအမေရိကန် ဒေါ်လာ ၉၅၀၀ တန်အထိရှိ၏။ ယွန်းထည်ထားရာအခန်းမှပြန် ထွက်လာသည့်အခါ ဥရောပသား နှစ်ဦးယွန်းလုပ်ငန်းခွင်လာ၍ လေ့လာနေသည်ကိုတွေ့ရသည်။ ယွန်းဆရာ တစ်ဦး ဧည့်သည်များကို ယွန်း အကြောင်းရှင်းပြနေသည်။
ယွန်း ဆရာသည်ဈေးကွက်တွင် တွေ့နိုင် သော ယွန်းထည်အတုနှင့် ယွန်းထည် အစစ်ကွာခြားပုံအကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရွှန်းရွှန်းဝေအောင် ဧည့် သည်ကို ရှင်းပြနေသည်။
ယွန်းအလုပ်ရုံလေးအတွင်းဝယ် ယွန်းအလုပ်သမလေးများသည် သံချွန်ကညစ်လေးများဖြင့် ကိုယ်စီ လက်စွမ်းပြ ယွန်းထိုးနေကြ၏။ သံချွန် ကညစ်ကို စုတ်ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ယွန်းအလုပ်သမလေးများ၏ လက်ချောင်းလေးများ လှုပ်ရှားသည့်အခါတိုင်း သံချွန်ကညစ်ဖျားသည် နေရောင်ကြောင့် စူးကနဲ တောက်ပ လင်းလက်သွားလေ့ရှိသည်။ သံချွန် ကညစ်ဖျားကြွလိုက် ပ၀ါပါးဖြင့် ပွတ်လိုက်ပြုခြင်းဖြင့် မျက်စိရှေ့မှောက်တွင် အလွန်တရာ လှပဆန်းကြယ်သော ယွန်းအဆင်ဆန်းလေးများ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့သည်။ တစ်နေရာတွင် တစ်ဦးတည်းနှီးခွေနေသော လူငယ်တစ်ဦးကို တွေ့ရ၏။ အခြားတစ်နေရာတွင်မူ လူငယ်သုံးလေးဦး ယွန်းဆင်နေကြသည်။
ပျိုတို့မောင် သဒ္ဓါသက်လို့  
ချစ်ခင်စွာ ယွန်းဆင်ပေးပါမှ 
ပျိုမယ့်မှာ-- 
နီဝါယှက်စေဖို့   
အမောင်ဆင် ထိုယွန်းကို   
မှန်းဆလို့ခွဲ--။
ယခုနှစ်များအတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အစုအပြုံလိုက် ၀င်ရောက်လာကြသည်။ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဒေသတွင်းသို့ ပြန်လည် ၀င်ရောက်လာခြင်းနှင့်အတူ ဒေသအတွင်း အိမ်တွင်းမှု ရိုးရာလုပ်ငန်းတစ်ခုဖြစ်သော ယွန်းထည်လုပ်ငန်း သည်လည်း ပြန်လည် သက်ဝင်လှုပ်ရှားလာသည်။
မြန်မာ့ရိုးရာ လက်မှုပညာတစ်ရပ်ဖြစ်သော ယွန်းထည်လုပ်ငန်းကို ညောင်ဦး၊ ၀က်ကြီးအင်း၊ မြင်းကပါနှင့် ပုဂံမြို့သစ်ဘက်များတွင် တွေ့နိုင်သည်။ မြင်းကပါရပ်၌ကား အိမ်တိုင်းလို ယွန်းလုပ်ငန်း လုပ်ကိုင်ကြသည်။
အများစုမှာ မိသားစုတစ်နိုင် တစ်ပိုင် လုပ်ငန်းလေးများ လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။ အနည်းစုသော လုပ်ငန်းရှင်ကြီးများထံတွင်လည်း ယွန်းအလုပ်သမား နှစ်ဆယ်အစိတ်နှင့်အထက် မှီခိုလုပ်ကိုင်နေကြသည်။ ''ဒီနှစ်လို အရောင်းအ၀ယ်ကောင်းတဲ့ နှစ်မျိုးဆိုရင်တော့ ယွန်းအလုပ်သမားတွေက ဆရာ့အိမ် (ယွန်းလုပ်ငန်းရှင်အိမ်)မှာ တစ်ပတ်ကို လေးရက်လောက် ၀င်ပေးတယ်။ ကျန်တဲ့ရက်တွေက သူတို့အိမ်မှာတင် မိသားစုတစ်နိုင်တစ်ပိုင် ယွန်းထည် လုပ်ငန်းလေးတွေ လုပ်ကြတယ်။''
ခရီးသွားလုပ်ငန်းပါး၍ ယွန်းထည်လုပ်ငန်းများ ထိုင်းမှိုင်းနေချိန်မျိုးတွင်မူ ယွန်းအလုပ်သမားလေးများ၏ မိသားစုအရေး အားကိုးအားထားပြုရာသည် ငွေပင်ငွေရင်း တောင့်တင်းကြံ့ခိုင်၍ ရင်းနှီးမြှုပ်နှံနိုင်သော ယွန်းလုပ်ငန်း ရှင်ကြီးများပင် ဖြစ်တော့သည်။ ''ယွန်းထည် အရောင်းအ၀ယ် ပါးရင်၊ လုပ်ငန်းမကောင်းလို့ အိမ်မှာ လုပ်ငန်းပါးရင်တော့ ဆရာ့အိမ်မှာ မြဲတယ်။ တစ်ပတ်လုံးလာကြတယ်'' မြင်းကပါကျေးရွာလေး အပါအ၀င် ပုဂံညောင်ဦး ဒေသတွင် ယွန်းထည်လုပ်ငန်း သရောခိုင်းချိန်နှင့် ကြုံတွေ့ခဲ့ဖူးသည်။ ရှစ်ဆယ့်ရှစ် အရေးအခင်းပြီးစတွင် ခရီးသွားလုပ်ငန်း ရပ်တန့်သွားခြင်းနှင့်အတူ ယွန်းထည်လုပ်ငန်း အများစု ရပ်ဆိုင်းထားလိုက်ကြရသည်။
''အဲဒီတုန်းက အများစုဟာ ၀မ်းရေးအတွက် ရွှေကျင်ပြီး ရပ်တည်ခဲ့ကြရတာပေါ့။ ဒီအရပ်က ယွန်းကလွဲရင် တစ်ခြားလုပ်ငန်းလည်း မရှိဘူး။ တချို့တော့ ၀ါးထရံရက်ကြတယ်''ဟု  မြင်းကပါမှ ယွန်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ပြောသည်။ ''အလုပ်ရှင်ဆီမှာ လုပ်တယ်ဆိုတာ နေ့စဉ် ၀မ်းရေးအတွက်ပါ။ ကိုယ့်အိမ်မှာလုပ်တဲ့ တစ်နိုင်တစ်ပိုင် ယွန်းလုပ်ငန်းလေးကတော့ စုဘူးပါပဲ။ ''မြင်းကပါရပ်သူ ယွန်းအလုပ်သမလေးတစ်ဦးက ပြောပါသည်။ အိမ်တွင်းတစ်နိုင်တစ်ပိုင် ယွန်းလုပ်ငန်းလေးများ  မှရရှိသော ၀င်ငွေသည် စုဘူးသဖွယ်ဖြစ်ပြီး၊ ထိုစုဘူးကို တော်သလင်းလတွင် အစဉ်အလာမပျက် ကျင်းပသော မနူဟာဘုရားပွဲတော်ကြီးတွင် လှူဒါန်းသုံးစွဲလေ့ရှိကြောင်း ယွန်းအလုပ်သမတစ်ဦးက ပြောပါသည်။           
ပုဂံညောင်ဦးထွက် ယွန်းထည် များကို ယခုအခါ ဥရောပတစ်လွှားမှ ခရီးသွားဧည့်သည်များသာမက အာရှမှဧည့်သည်များပင် စိတ်ဝင်တစား ၀ယ်ယူလာကြကြောင်း ယွန်းလုပ်ငန်းရှင်များထံမှ သိရသည်။ ထိုသို့ အာရှမှပင် စိတ်ဝင်တစား ၀ယ်ယူလာခြင်းမှာ မြန်မာ့ယွန်းထည်သည် လက်မှုပညာစင်စစ်ဖြစ်သောကြောင့်ဟု ယွန်းလုပ်ငန်းရှင်များက ယုံကြည်ကြသည်။
''ယွန်းကို အစဉ်အဆက် Traditional ပဲ လုပ်ပါတယ်။အနုပညာကို လည်းထိန်း၊ ၀င်ငွေလည်းရပေါ့'' မြင်းကပါ၊ ရွှေဥသြ ယွန်းထည်လုပ်ငန်းရှင် ဦးတင်ထွန်းက ပြောပါသည်။
''CASH CARD ကိုဧည့်သည်တွေ သုံးခွင့်ရရင် ပိုပြီးရောင်းရနိုင်တာပေါ့ဗျာ။ ခုတော့ သင့်သလိုနည်းနဲ့ ရောင်းနေရတယ်။ ဒီတော့ ရောင်းသင့်သလောက် မရောင်းရဘူးပေါ့။'' ယွန်းလုပ်ငန်းရှင်က သူ၏ အခက်အခဲတချို့ ပြောပြသည်။ ငွေစက္ကူ (ဒေါ်လာ) အနွမ်းလက်မခံရဲသည့် ကိစ္စလည်း ပါသည်။
ယွန်းလုပ်ငန်းရှင် အများစုသည် ကုန်ကြမ်းအခက်အခဲ ပြဿနာမျိုး မရှိကြ။ ချင်းတွင်းနယ်မှထွက်သော မယ်တင်ခ၀ါးသည်လည်းကောင်း၊ ရှမ်းပြည်နယ်၊ ချင်းတွင်းဒေသ၊ မော်လမြိုင်၊ တောင်ငူ၊ မြို့လှစသည့် ဒေသထွက် သစ်စေးနီ၊ ညို၊ နက်သည် လည်းကောင်း၊ တရုတ်ပြည်မှလာသည်ဆိုသော ဟင်္သာပြဒါးတို့သည် လည်းကောင်း၊ ကျွန်းသားလွှစာမှုန့်၊ ဆေးရောင်စုံတို့သည်လည်းကောင်း သူတို့အတွက် အခက်အခဲမရှိလှဟု ဆိုကြသည်။ ''တကယ်တမ်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာလို့ ယွန်းလုပ်ငန်းတွင် ကျယ်လာရင် အလုပ်သမား အခက်အခဲရှိလာနိုင်တယ်''ဟု ၀က်ကြီးအင်းရပ်၊ ပစ်တိုင်းထောင် ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်က ပြောသည်။ ယွန်းလုပ်ငန်းအတွက် အလုပ်သမားသည် ယခုလို၍ ယခုထခေါ်ခိုင်းနိုင်သော လုပ်ငန်းမဟုတ်ကြောင်း၊ မွေးယူရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ယွန်းလုပ်ငန်းတွင် အတော်အသင့်လုပ်နိုင်သော အလုပ်သမားအဆင့်ရောက်အောင် ပင်တစ်နှစ်မျှ သင်ကြားလုပ်ကိုင်ကြရကြောင်း သိရသည်။
''ကျွမ်းကျင်တဲ့ အလုပ်သမားတစ်ယောက် ဖြစ်ဖို့ဆိုတာ အချိန်သုံးနှစ်လောက်ပေးမှ ရနိုင်မယ်'' ယွန်းထည်ကောင်းတစ်ခုရဖို့၊ လှလှပပ အဆင့်မီမီ ယွန်းထည်စစ်စစ် ရေခွက်လေးတစ်လုံး ရရှိဖို့သည်ပင် လချီ၊ နှစ်ချီ ကြာ နိုင်သကဲ့သို့၊ ထိုသို့သော အရည်အသွေးကောင်းမွန်သည့်  ယွန်းထည်တစ်ခု ဖန်တီးနိုင်ရန်အတွက် သင်ယူရသည့် လက်မှု အနုပညာသည်တစ်ယောက်၏ ပေးဆပ်ရင်းနှီးရသော အချိန်ကာလသည်လည်း မနည်းလှပေ။ ယွန်းပညာသင်ချိန် ကာလများသည် ည၊ မနက် ၀မ်းရေးနှင့် တွယ်ဆက်နေခဲ့ကြ၏။
ယွန်းထည်လုပ်ငန်းတွင် ကညစ်ယွန်း၊ ရွှေစ၀ါယွန်း၊ သားရိုးပန်းကြွယွန်းတို့ကို မဆိုထားနှင့် အဖြူထည်၊ အနက်ထည် အဆင့်ကိုပင် ယွန်းအလုပ်သမားမောင်နှင့် မယ်တို့သည် လုပ်ငန်းစဉ်အဆင့်ဆင့် ခါးချည့်အောင် လုပ်ကြရသည်။


သူတို့ဖန်တီးထားသည့် ယွန်းထည်တစ်ခုရောင်းရ၍
လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည် ...
သူတို့ဖန်တီးထားသည့် ယွန်းထည်တစ်ခုရောင်းရ၍ လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည် ...
''လုပ်အားခကတော့ အမျိုးသမီးတွေ ကျွမ်းကျင်မှုအသင့်အတင့် ရှိရင် တစ်နေ့ ကျပ်တစ်ထောင်လောက်ရတယ် ထောင့်ငါးရာအထိ ပေးတယ်။ ယောက်ျားလေးတွေက ထောင့်ခုနစ်ရာ၊ ထောင့်ရှစ်ရာ၊ နှစ်ထောင်ပေါ့။ ဒီဇိုင်းဆွဲတဲ့လူ နှစ်ထောင်၊ သုံးထောင် အထိပေးပါတယ်''ဟု မြင်းကပါ ယွန်းလုပ်ငန်းရှင်က ပြောသည်။
ပုဂံညောင်ဦး ဒေသတွင် ရိုးရာအမွေအနှစ် လက်မှုပညာ ယွန်းထည်လုပ်ငန်းသည် ဒေသ၏ အားကိုးအားထား ပြုရာဖြစ်သော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့်နည်းတူ၊ နိုင်ငံခြားငွေ ရှာဖွေပေးသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ထိုမျှ အရေးပါသော ယွန်းထည်လုပ်ငန်းတွင် အဓိကကျသော အခန်းကဏ္ဍ သည် ယွန်းအလုပ်သမား မောင်နှင့်မယ်တို့ပင်ဖြစ်ကြောင်း ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူတိုင်း တညီတညွတ်တည်း နားလည်ထားကြသည်။ ဆိုရလျှင် ကျွန်တော်တို့ ပုဂံညောင်ဦးဒေသတွင် ရိုးရာအမွေအနှစ် လက်မှု အနုပညာတစ်ရပ်ကို ထိန်းသိမ်းကာ၊ ကမ္ဘာအရပ်ရပ်က ရင်သပ်ချီးမွမ်းထိုက်သော ယွန်းထည်များကို ဖန်တီးလုပ်ကိုင်နေသူ အလုပ်သမားလေးများသည် လက်မှုပညာရှင်လေးများပင် ဖြစ်ကြသည်။ ထို့ အတူ သူတို့သည် အနုပညာရှင်လေးများလည်း ဖြစ်ကြသည်။ အနုပညာရှင်လေးများ ပီသစွာလည်း သူတို့ဖန်တီးသည့် လက်မှုအနုပညာထည်လေးများအတွက် လုပ်ငန်းရှင်ပေးမည့် လက်ခအဖိုးစားနားမှတစ်ပါး မည်သည့်အရာမှ မမျော်လင့်ကြ။
သူတို့ ဖန်တီးထားသည့် ယွန်းထည်တစ်ခု ရောင်းရ၍ လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည်။ မိမိယွန်းထည် ပြည်ပခရီးသွားဧည့်သည် ၀ယ်ယူသည့် အတွက် လုပ်ငန်းရှင်သည် ဧည့် သည်နှင့်အတူ ပါလာသော ဧည့်လမ်းညွှန်ကို၊ ကားဆရာကို နှစ်ဆယ်ရာ ခိုင်နှုန်း၊ တစ်ဆယ်ရာခိုင်နှုန်းစသည်ဖြင့် ကျေးဇူးဆပ်ပြန်လျှင်လည်း ယွန်းအလုပ်သမား(သို့မဟုတ်) ပန်းယွန်း လက်မှုအနုပညာရှင်လေးများသည် ကားဝန်တိုခြင်း အလျဉ်းမရှိ။ ရသမျှနှင့် ရောင့်ရဲတင်းတိမ်ကာတို့ ယွန်း၊ ရှောက်ယွန်း၊ ရုပ်သေးရုပ်စုံ၊ ခြူးဝိုင်း၊ တစ်စုတ်ပန်း၊ နှစ်စုတ်ပန်း၊ သုံးစုတ်ပန်းနှင့် ငါးထပ်ရုပ်ကြီး စသည် စသည် ဖန်တီးနေဦးမည်သာ။ အညတရ ယွန်းအလုပ်သမလေးတစ်ဦး၏ စကားအမှတ်တရ ဖောက်သည်ပြန်ချရလျှင်- "ပါးပေါ်က ပါးကွက်ပါးချွေးစိုစရာမလိုတဲ့ ကိုယ့်အတတ်ပညာလေးနဲ့ ကိုယ်လုပ်ကိုင်စားသောက်ခွင့်ရတာပဲ ကျေးဇူးကြီးလှပါပြီ''တဲ့လေ။
ဤဒေသသည် တကယ်တော့ အဆင်အသွေး ရောင်စုံပန်းယွန်းများ ဖူးပွင့်ရာ ဥယျာဉ်ကြီးနှင့် တူလှ၏။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ ပန်းယွန်းဥယျာဉ် ထာဝရရှင်သန် ဖူးပွင့်နိုင်ပါစေ။
 Written by ကိုနော်(ပုဂံ) http://www.thithtoolwin.com/2012/03/blog-post_16.html

8 Mar 2012

နှလုံးသားထဲက ကစ္ဆပနဒီ


ကစ္ဆပနဒီတံတားနှင့် ကစ္ဆပနဒီခေါ် ကုလားတန်မြစ်
လူ့အဖွဲ့အစည်းများ၊ လူ့သမိုင်းကြောင်းများသည် မြစ်ကြီးများကို အမှီပြု ဖြစ်ထွန်းလာကြသည်။ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်သည်လည်း ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုတို့ စတင်အခြေချရာမြစ်တစ်ခု ဖြစ်သည်။ ယင်းမြစ်ကမ်းနံဘေးတွင် လက်ဝဲကိုးဆယ့်ကိုးမြို့၊ လက်ယာ ကိုးဆယ့်ကိုးမြို့ တည်ထောင်နေထိုင်ခဲ့ကြသည်။ မြစ်များ၊ ချောင်းများသည် ဒေသခံများအတွက် ဆက်သွယ်သွားလာရာ ဘ၀အတွက် မှီခိုရာဖြစ်သည်။ ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် ရွက်လှေများ၊ ပိုက်လောင်းငယ်များက ပန်းချီကားတစ်ချပ်အလား ယခုထိ မြင်တွေ့နိုင်သေးသည်။ လှေကလေးတစ်စင်းကိုအမှီ ပြုမြစ်ကို ဆန်ခါဆန်၊ စုန်ခါစုန်တစ်ရွာခွာ တစ်ရွာကပ် ရုန်းကန်နေသည့် ဘ၀တွေကိုလည်း ကုလားတန်မြစ်ပြင်တကြော တွေ့မြင်နိုင်သည်။
ကုလားတန်မြစ်သည် ဟိုးချင်းတောင်တန်းကြီးများပေါ်က အဖျားခံစီးဆင်းကာ အင်းပေါက်ဝတွင် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်နေသည်။ ကုလားတန်မြစ်နံဘေးတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပလက်ဝမြို့လေး မြို့ကတည်ရှိနေသည်။ မြစ်ရေသည် မြို့နှစ်မြို့ကို ရေငန်ပေးသော်လည်း မြို့နှစ်မြို့ကို ရေချိုပေးထားသည်။ အထက်ပိုင်းမြစ်ရေသည် စိမ်းဖန့်ဖန့် အရောင်ဖြစ်နေပြီး ပကတိကြည်လင်နေသည်။ မြစ်ရေကိုအားထားကာ စိုက်ပျိုးသီးနှံတို့ စိုက်ပျိုးနိုင်ကြသည်။ မြစ်ဝပိုင်းဒေသခံတို့က မြစ်ရေဖြင့် မွေးမြူရေးလုပ်နိုင်ကြသည်။
ကျောက်တော်တောင်ထက်ကနေ မြစ်ပြင်ကိုငေးကြည့်လိုက်လျှင် ၀ါတစ်ကွက်၊ စိမ်းတစ်ကွက် လယ်ကွင်းပြင်များကို မြင်ရပြီး မြစ်ကမ်းနှစ်ဖက်ကို ပေါင်းကူးပေးထားသည့် ကစ္ဆပနဒီတံတားကြီးက ခံ့ညားစွာ မြစ်၏ အလှဂုဏ်ကို ဖော်ထုတ်နေသလို လှမ်းမြင်ရပါသည်။တံတားကြီးမရှိချိန်က ကမ်းနှစ်ဖက်ကို ငှက်သမ္ဗန်များဖြင့် ကူးခဲ့ရသည်။ အခုတော့ ကျောက်တော်မြို့မှာ လွန်ခဲ့သော ၁၀ နှစ်ကျော်အချိန်ကနှင့် လုံးဝခြားနား သွားပြီဖြစ်သည်။ ကုလားတန်မြစ်ဖျားမှ ထွက်ကုန်များ ဒေသအသီးသီးသို့ ကုန်ကားများဖြင့် နေ့စဉ် တင်ပို့နိုင်နေပြီ။ ကုန်းလမ်း ဆက်သွယ်ရေး ကောင်းလာတော့ တစ်ရက်လုံးစီးပြီးသွားရသည့် သင်္ဘောခရီးစဉ်ကလည်း ရပ်ဆိုင်းသွားပြီဖြစ်သည်။ ကျောက်တော်မြို့သည် ပြောင်းလဲလာနေသည်က သိသာလွန်းသည်။
ကားအ၀င်အထွက် လူအ၀င်အထွက်များနေပြီး ကုလားတန်မြစ်ဖျား တောင်ပေါ်ဒေသ၏ တံခါးပေါက်သဖွယ်ဖြစ်လာသည်။ မြစ်ကမ်းနံဘေးက မြို့ရွာများ ပြောင်းလဲလာနေသလို ကုလားတန်မြစ်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာနေသည်။ ကမ်းတချို့ကိုဖြိုပြီး ကမ်းတစ်ဖက်ကို ဖို့ပေးသည်။ မြစ်လယ် မြေနု သောင်တန်းကြီးများကလည်း တဖြည်းဖြည်း ကြီးကြီးလာနေသည်။

ကုလားတန်မြစ်ကမ်းဘေးတစ်နေရာ
မိုးရာသီတွင် တောင်ပေါ်က ဒလဟောဆင်းလာသည့် တောင်ကျရေများက မြစ်ကမ်းနဖူး မြို့ရွာတွေကို ၀ါးမျိုတတ်လာပြီ။ ချင်းတောင်တန်းတွင် သစ်ပင်တွေနည်းလာသလို တောင်မြေပြိုဆင်းမှုတွေ၊ ကမ်းပါးယံပြိုဆင်းမှုတွေ ကြုံတွေ့လာရသည်။ ချင်းတောင်ပေါ်ဒေသခံ များမှာ ဆက်သွယ်သွားလာမှု မလွယ်ကူသေးသည့်အတွက် ကုလားတန်မြစ်ကို အားထားသွားလာနေရသည်။

အိန္ဒိယနိုင်ငံသည် ပင်လယ်ထွက်ပေါက်တစ်ခုအဖြစ် အသုံးချရန် ကုလားတန်မြစ်ကို မျက်စိကျလာသည်။ ယင်းအတွက် ရာနှုန်းပြည့် အကုန်ကျခံကာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ အဆိုပါစီမံကိန်းတွင် ကုလားတန်မြစ်ဝ စစ်တွေမြို့တွင် ဆိပ်ကမ်းကြီးတစ်ခုကို တည်ဆောက်နေရာ ဒေသခံတို့အတွက် စိတ်ဝင်စားစရာ ဆိပ်ကမ်းတစ်ခု ဖြစ်လာခဲ့သည်။ ဆိပ်ကမ်းသစ်တစ်ခုကို တည်ဆောက်နေသည်ကိုသာ သိနေပြီး စီမံကိန်းတိုင်းသည် မိမိတို့နှင့် ပါဝင်ပတ်သက်ခွင့် မရှိ၊ ပြောပိုင်ခွင့် မရှိလို့ ပိုနေမြဲ၊ ကျားနေမြဲသာ မှတ်ထင်နေမိကြသည်။ သို့ရာတွင် နှလုံးသားထဲ ကကစ္ဆပအတွက် စိုးရိမ်မကင်းကြ။
''အိန္ဒိယကို ကားလမ်းဖောက်မယ်လို့တော့ ကြားတယ်။ ဘယ်အနားကဖောက်မှာလဲ၊ ဘယ်အချိန်ဖောက်မှာလဲတော့ မသိဘူး။ ဒါပေမယ့် မဟာမြတ်မုနိဘုရားနားက ပလက်ဝထိ လမ်းဖောက်နေတာတော့ မြင်တယ်။ ဒီလမ်းဟာ အိန္ဒိယထိသွားမှာလားတော့ မသိဘူးလေ'' ဟု ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာသားတစ်ဦးက ပြောသည်။

ကုလားတန်ကို ချစ်သူများက ဒေသခံများ၏ သဘောထားများကို လေ့လာဆွေးနွေးလာခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးမှုများကို ပြည်တွင်းအင်ဂျီအိုများက ကွင်းဆင်းကာ ဒေသခံများနှင့် တွေ့ဆုံလေ့လာခဲ့ကြခြင်း ဖြစ်သည်။ လေ့လာတွေ့ရှိချက်များကို ဒေသခံများအတွက် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ဖို့ တင်ပြဆောင်ရွက်နေကြသည်။

ကုလားတန်စီမံကိန်းတွင် စစ်တွေမှ အိန္ဒိယနယ်စပ်ထိ ကားလမ်း ၁၂၂ ကီလိုမီတာ၊ ရေလမ်း ၁၅၈ ကီလိုမီတာ ပါဝင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်တွင် တံတားပိုင်းတည်ဆောက်ရေးလုပ်ငန်း ပြီးဆုံးမည်ဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် လမ်းပိုင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးဆုံး မည်ဟု သိရသည်။

စီမံကိန်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနှင့် အိန္ဒိယနိုင်ငံများမှ တာဝန်ရှိသူများက နယူးဒေလီတွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်ရာ မူဘောင်သဘောတူစာချုပ်၊ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ပရိုတိုကော၊ ထိန်းသိမ်းခြင်းနှင့် စီမံ ခန့်ခွဲခြင်း ပရိုတိုကောများကို ၂၀၀၈ ခုနှစ် ဧပြီလ ၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးငွေအနေဖြင့် စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၇၄သန်းခန့်၊ ပလက်ဝ မှ မြန်မာအိန္ဒိယနယ်စပ်အထိ အဝေးပြေးလမ်း ဖောက်လုပ်ရန် အမေရိကန် ဒေါ်လာ ၁၄၀ သန်းခန့် စုစုပေါင်း ဒေါ်လာ၂၁၄ သန်းခန့် ကုန်ကျမည် ဖြစ်သည်။

မြစ်ပြင်တွင် ပိုက်လောင်းလေးနှင့် ၀မ်းစာရှာဖွေနေသူများ၏ ပုံရိပ်များသည် ကုလားတန်မြစ်၏ ထူးခြားသက်ဝင်နေသည့် ပုံရိပ်များပင်ဖြစ်သည်။ ကမ်းနှစ်ဖက်က တောင်တန်းများ၊ စိုက်ခင်းများ၊ မြို့ရွာများ၊ ဘုရားစေတီများ စသည့် လွမ်းမောဖွယ် မြင်ကွင်းများကလည်း နှလုံးသားကို ဆွဲကိုင်လှုပ်ရှားစေသည်။ ရေကြည်စိမ်းမြ ကစ္ဆပ၏အလှသည် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေဟု ဆုတောင်းရင်း ...


စီမံကိန်းနှင့် ဆက်နွှယ်ကာ ပြောင်းလဲလာမည့် ဒေသများလည်း ရှိနေသည်။ မြစ်ကြောင်းသွားသင်္ဘောများ သွားလာမှုမှာ စစ်တွေဆိပ်ကမ်းမှ ပလက်ဝဆိပ်ကမ်းထိသာ ဖြစ်သဖြင့် ပလက်ဝတွင် ဆိပ်ကမ်းသစ်ကြီး တစ်ခုတည်း ဆောက်ရန်ရှိနေပြီး ပလက်ဝမြို့သည် ကုလားတန်အထက် ပိုင်းတွင် ဆိပ်ကမ်းမြို့အဖြစ် ပြောင်းလဲလာမည်ဖြစ်သည်။ လျာထားသော ဆိပ်ကမ်းမှာလည်း ပလက်ဝမြို့၏ အရှေ့ဘက်ကမ်းတွင် ရှိနေသဖြင့် ကုလားတန်မြစ်ကူး တံတားသစ်တစ်ခုလည်း တည်ဆောက်ရမည်ဖြစ်သည်။ မြစ်ကြောင်းချဲ့မှု မြစ်ကြောင်းတူး ဖော်မှုများကိုလည်း စစ်တွေနှင့် ပလက်ဝမြို့ကြားတွင် ဆောင်ရွက်မည်ဖြစ်သည်။ နောက်နေရာတစ်ခုက နှစ်နိုင်ငံကားလမ်းစီမံကိန်း၏ ကားဂိတ်နှင့် သိုလှောင်ရုံများ တည်ဆောက်မည့် စက်ပိုက်ပြင်ကျေးရွာ ဖြစ်သည်။ ယင်းမှတစ်ဆင့်ကားလမ်းသည် အိန္ဒိယရှိ အမှတ် (၈)လမ်းမကြီးသို့ တိုက်ရိုက် ဆက်သွယ်သွားမည်ဖြစ်သည်။ စီမံကိန်းသည် ဒေသခံများအပေါ်မည်သို့ သက်ရောက်မည်၊ မည်သည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းမည်ကို သိလိုကြသူများသာရှိပြီး ကျေနပ်လောက်အောင် ရှင်းလင်းချက်များ ထွက်ပေါ်လာမည်ကို မျှော်လင့်နေကြသည်။
ကစ္ဆပနဒီမြစ်သည် ရေချိုမြစ်ဖြစ်သည်။ သဘာဝတောတောင်များ နောက်ခံဖြင့် လှပသော ပန်ချီကား တစ်ချပ်ဖြစ်သည်။ ဒီမြစ်ရေကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည်။ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည်။ မြစ်ပြင်ကို အမှီပြုပြီး ကုန် သွယ်ရေး လုပ်ကိုင်ကြသည်။ သယ်ယူပို့ဆောင်ရေး လုပ်ကိုင်ကြသည်။ ရခိုင်ပြည်နယ်၏ နှလုံးသားမြစ်ဟု ဆိုလျှင်ပင် လွန်မည်မဟုတ်ပါ။ မြစ်ပြင်တကြော စုန်ဆန်နေသည့် ငှက်သမ္ဗန်များ၊ မြစ်ပြင်တကြော ပျံဝဲနေသည့် ငှက်စင်ရော်များ၊ မြစ်ပြင်မှာ ပိုက်လောင်းလေးနှင့် ၀မ်းစာရှာဖွေနေသူများ၏ ပုံရိပ်များသည် ကုလားတန်မြစ်၏ ထူးခြားသက်ဝင်နေသည့် ပုံရိပ်များပင်ဖြစ်သည်။ ကမ်းနှစ်ဖက်က တောင်တန်း များ၊ စိုက်ခင်းများ၊ မြို့ရွာများ၊ ဘုရားစေတီများ စသည့် လွမ်းမောဖွယ် မြင်ကွင်းများ ကလည်း နှလုံးသားကို ဆွဲကိုင်လှုပ်ရှားစေသည်။ ရေကြည်စိမ်းမြ ကစ္ဆပ၏အလှသည် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေဟု ဆုတောင်းရင်း.......။
  myanmar news nowမှကူးယူတင်ပြသည်

7 Mar 2012

မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ(လူထုဒေါ်အမာ)

မြန်မာမတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့
အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့
အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့
ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့
အမျိုးသားဝတ်စုံပါပဲ။
              ဒါဟာ အခုပြဿနာလုပ်နေရတယ်။  ဘာပြုလို့လဲဆိုတော့
ဒီခေတ်တက်လူမိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့
ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီမဟုတ်ဘဲနဲ့ ထဘီယောင်ဆောင်လာတဲ့
အဝတ်တစ်မျိုးပါ။ သူက ခါးပေါ်မှာတော့ ဝတ်တယ်။ ဒါပေမယ့် ထဘီလို
လုံလုံခြုံခြုံ ချီထား ဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။
ပေါင်ရင်းလောက်တိုတဲ့ စကတ်ရှိတယ်။ ဒူးအောက်ရောက်တဲ့စကတ်ရှိတယ်။ စကတ်ကို
ပေါင်ရင်းအထိ ခွဲထားတဲ့ စကတ်ရှိတယ်။ တချို့
နောက်တည့်တည့်ကခွဲတဲ့စကတ်တောင် ရှိသေးတယ်။ အခု မြန်မာမလေးတွေဝတ်တဲ့ စကတ်က
ပေါင်လောက်ထိတိုတဲ့ စကတ်မျိုးတွေတောင် ရှိနေပြီ။ ဝတ်ရတဲ့လူတွေက
ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ၊ နောက်ခွဲနဲ့ စကတ်ရှည်ရှည်တွေကတော့
မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာ မြင်နေရပါပြီ။

               အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွှန့်အထက် ဘာမှ မရှိဘူး။
အမေတို့ ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့လူထဲ မထွက်ရဲကြပါဘူး။
ခုတော့ ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတစ်ခြမ်းလောက်
ကြိုးလေးတွေသာ ပခုံးမှာ ချိပ်လို့။ လူမြင်ကွင်းမှာ သွားနေလာနေကြတာ
မသင့်လျော်လွန်းပါဘူး။ ဟိုးဘိုးစဉ်ဘောင်ဆက်ထဲက အရှက်ကို အသက်နဲ့လဲမယ်
ဆိုပြီး အမေတို့ မြန်မာမိန်းမတွေ ကြွေးကြော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို
အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားတွေပါ။ ဒါကြောင့် သမီးလေးတို့ကရော
အုပ်ထိန်းသူတွေကပါ ဝိုင်းဝန်းတည့်မတ်ပေးကြပါ။

              နောက်တစ်ခုက အခုခေတ် မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့
ဘောင်းဘီမျိုးကိုတော့ အမေ အတော် အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။
အပေါ်အင်္ကျီ တိုနံ့နံ့နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ
ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတောင်
တွေ့နေကြရပြီဆိုပဲ။ အမေတို့ မြန်မာ့ဓလေ့ထုံးစံက မိန်းကလေးဝတ်တဲ့
အဝတ်အစားဟာ လျှပ်ပေါ်တယ် လော်လီတယ် ဆိုတာမျိုး မဖြစ်စေရဘူး။ အခုတော့
တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေကြတယ်။ အမေတို့
မြန်မာမိန်းမတွေမှာ   ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်
ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ၊ ခေတ်ဆန်တာလို့ ထင်နေသလား။

            အဲဒီနေရာမှာ တို့မြန်မာနဲ့ တခြားလူမျိုးက ပြောင်းပြန်ပါ။
တခြားက မိန်းကလေးတွေက ဘာနဲ့မဆို ဆွဲဆောင်နိုင်တယ်လို့ ခံယူတယ်။
တို့မြန်မာက အဲဒီလို မဟုတ်ဘူး။ မြန်မာမတွေက ကိုယ့်မှာ ရှိတဲ့
အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။

          ခုခေတ် တချို့မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို
ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့ တစ်သက်လုံး လက်ခံလာတာက ချက် ဆိုတာ
မိန်းမတစ်ယောက်ရဲ့ဖော်အပ်လှစ်အပ်တဲ့ အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ
ဖုံးကွယ်ထားရမယ့်အရာမျိုး။ အခုခေတ် တချို့မိန်းကလေးတွေက ဒီချက်ကြီးကို
ဖော်ရုံလှစ်ရုံမက ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။
သူတို့ အဖေတွေကလည်း ဒါကို ကြည့်နေကြသတဲ့။ အဲဒီတော့ ခေတ်ကြီးကိုပဲ
အပြစ်တင်ရမလား။ လူတွေ ကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား။ အမေ
အသက်ရှည်နေသေးတာကိုပဲ အပြစ်တင်ရမလား။ မပြောတတ်တော့ဘူး။
 myanmar in singporeမှကူးယူတင်ပြသည်

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif