ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 May 2013

ဇွန် ၂၅ ရက်နေ့မှာ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ အတိအကျ သိရမယ်





လွှတ်တော်က အရေးတကြီး ကော်မရှင်ဖွဲ့ လိုက်ရှာခဲ့တဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိနေပြီဖြစ်လို့ လာမယ့် ဇွန် ၂၅ ရက်နေ့မှာ အားလုံး သိရအောင် ဖွင့်ချတော့မှာ ဖြစ်ပါတယ်။
ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို မြန်မာ့အရေး စိတ်ဝင်စားသူတွေက မေးနေကြပြီး သူ့ကိုဘာကြောင့် လွှတ်တော်က ဒီလောက် အရေးတကြီး လိုက်ရှာနေရလဲ ဆိုတာကို အများက သိချင်နေကြပါတယ်။
ဒေါက်တာ ဆိတ်ဖွားဆိုတဲ့သူဟာ ဒီနှစ် ဇန်န၀ါရီလထဲမှာ Above the Law ဆိုတဲ့ ဆောင်းပါးတပုဒ်ကို Myanmar Express လို့ခေါ်တဲ့ ၀က်ဘ်ဆိုက် တခုမှာရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ရုံသာမက အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ လွှတ်တော် ဥက္ကဋ္ဌနဲ့ အပေါင်းအပါတွေ မဲခွဲ ဆုံးဖြတ်တာသာ အတည်ဖြစ်တယ်လို့ ရေးခဲ့တာပါ။
ဒေါက်တာဆိတ်ဖွားရေးတဲ့ Above the Law ဆိုတဲ့ ဆောင်းပါးဟာ လွှတ်တော်နဲ့ ပြည်သူအကြားမှာ အထင်မှားစေတဲ့ အတွက် ပြည်သူလူထုအနေနဲ့ လွှတ်တော်အပေါ်မှာ အထင်မမှားအောင် ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး ရှာနေရတာလို့ ဆိတ်ဖွား စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။
“သူက သမ္မတပြောတာပဲ မှန်တယ်။ လွှတ်တော်က မှားတယ်လို့ ပြောတာသည် ကျတော်တို့ လုံးဝလက်ခံနိုင်ခြင်း မရှိပါဘူး။ဒါကြောင့် မို့လို သူကို ကျနော်တို့က စုံစမ်းပြီးတော့ မင်းပြောတာ မဟုတ်ဘူး၊ လွှတ်တော်က ဒီလိုလုပ်တာဆိုပြီး ရှင်းပြဖို့ လိုတယ်။ ပြည်သူလူထုကိုလည်း ချပြဖို့လိုတယ်လို့ လွှတ်တော် နာယကကြီးက သုံးသပ်ပါတယ်” လို့ ဦးလှဆွေက ဆိုပါတယ်။
ဒေါက်တာဆိတ်ဖွားကို ရှာဖွေတဲ့အခါမှာ အစိုးရ၀န်ကြီးဋ္ဌာနက အဆင့်မြင့်အရာရှိ ၆ ဦးကို ကော်မရှင်က ခေါ်မေးလိုက်တော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားမှာ အားပြိုင်မှု ဖြစ်လာပါတယ်။ ခေါ်မေးခံရသူတွေထဲမှာ ကျန်တဲ့ သူတွေက ပုဂ္ဂလိက ဂျာနယ်က အယ်ဒီတာချုပ် ၇ ဦးပါ။ ဂျာနယ်တွေမှာ လိုက်ပြီး ပရုဖတ်တဲ့ ဦးသိန်းတင်သန်းက အစ ပါတယ်လို့ သိရပါတယ်။
ဒေါက်တာဆိတ်ဖွား ဆိုသူဟာ တိုင်းပြည် ပြုပြင် ပြောင်းလဲနေတာကို မသိဘဲနဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ကို ဖားချင်တဲ့ စိတ်နဲ့ ရေးပြီးတော့ နောက်ကြောင်း ပြန်လှည့်ချင်နေသူလို့ ကော်မရှင်အဖွဲ့ဝင် တဦးက ပြောပါတယ်။
“ဆိတ်ဖွားက အရင်ခေတ်က ပြန်ကြားရေးဋ္ဌာနမှာ ရေးတဲ့ စတိုင်မျိုးနဲ့ အစိုးရပဲမှန်တယ်၊ အတိုက်အခံတွေရော ဘာတွေရော အကုန်မှားတယ် ပေါ့နော်။ အဲဒီရေးတဲ့ ဆောင်းပါးရှင်က စာမူခကို ပြည်သူ့ ဘဏ္ဍာနဲ့ ရတာ။ ပြည်သူ့ဘဏ္ဍာနဲ့ ရပြီး အစိုးရကို ဖားရေးတာပေါ့။ အဲဒီလို ဖားရေးတဲ့ သူတွေကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက အကြံပေးအဖွဲ့ဆိုပြီး မွေးထားတယ်။ အရင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်ထက်မှာ အများဆုံးဖြစ်ခဲ့တယ်” လို့ ဦးလှဆွေက ဆိုပါတယ်။
ဆိတ်ဖွားကို ရှာဖို့ ကြိုးစားရာမှာ နည်းပညာ အခက်အခဲကြောင့် Soft ware ကို မသုံးနိုင်ဘဲ Hard ware သုံးပြီး ရှာခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အကူအညီတောင်းပြီး ဖိုက်ဘာ ဆက်ကြောင်းကနေ ရှာဖွေခဲ့သလို၊ ကမ္ဘာကျော် Google ကုမ္ပဏီကို အကူအညီ တောင်းခံခဲ့ပါတယ်။
“ကျနော်တို့ Google နဲ့ ချိတ်မယ်လို့လည်း ပြောလိုက်ရော၊ ဆိတ်ဖွားကြီးက အင်တာနက်ကနေ ပျောက်သွားရော။ ကျနော်တို့မှာက ဖိုက်ဘာ ဆက်ကြောင်း ရှိတယ်လေ။ ဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထိန်းချုပ် ထားတာဆိုတော့ ဆိတ်ဖွားသုံးနေတဲ့ အချိန်မှာ ဘယ်က သုံးနေလဲ ဆိုတာ ထောက်လှမ်းနိုင်တဲ့ စနစ်ရှိတယ်။ အခု အဲဒါကို ဖမ်းနိုင်ဖို့ လုပ်နေတယ်။ မြန်မာ့ ဆက်သွယ်ရေးက လုပ်ပေးမယ်လို့ ပြောတယ်။ တကယ်လုပ် မလုပ်တော့ မသိဘူး”  လို့ ကော်မရှင်အဖွဲ့ဝင် တဦးက ပြောပါတယ်။
Google ကလည်း ဒေါက်တာဆိတ်ဖွားဟာ အကြမ်းဖက် ဗုံးခွဲတဲ့သူ မဟုတ်လို့ ရှာမပေးနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။
“Google ကိုမေးတော့လည်း အကြမ်းဖက် ဗုံးခွဲတဲ့သူတွေကိုပဲ ရှာပေးနိုင်မယ်လို့ ပြောတယ်။ ကျန်တာက ပုဂ္ဂလိက ကိစ္စတွေဖြစ်လို့ မဖြေလိုဘူးလို့ ပြောတယ်” လို့ ဆိတ်ဖွား စုံစမ်းရေး ကော်မရှင်ဝင်တဦးက ဆိုပါတယ်။
တိုင်းပြည်မှာ နည်းပညာ အားနည်းချက်တွေရှိလို့ လွှတ်တော်လို နေရာကြီး တခုကို ဒေါက်တာဆိတ်ဖွားက စော်ကားရဲတာလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
“ကျနော်တို့မှာ သူဘယ်သူဆိုတာ သိနိုင်တဲ့ နည်းပညာမရှိဘူး။ ကျနော်တို့ ဆက်သွယ်ရေးက အားနည်းတာကို သိတဲ့အတွက် အခွင့်အရေးယူ တိုက်ခိုက်တာပါ” လို့ သူက ဆက်ပြောပါတယ်။
ဆိတ်ဖွား နေပြည်တော် လာဖို့အတွက် တည်းခိုခ လမ်းစရိတ်ကအစ ထမင်းကျွေး၊ လက်ဖက်ရည်တိုက် အဆုံး ကော်မရှင်က တာဝန်ယူ ပေးခဲ့ရတာလို့ ဦးဖုန်းမြင့်အောင်က ဆိုတယ်။
“ကျနော်တို့က လူပေါင်းစုံခေါ်ပြီး လက်ဘက်ရည်တိုက်၊ ကော်ဖီတိုက်၊ ရထားလက်မှတ် စီစဉ်ပေးပြီးတော့ ခေါ်မေးရတာ။ ကားသွားကြိုရတယ်၊ ပြီးရင်ပြန်ပို့ရတယ်။ ရဲမေးတာ မဟုတ်တော့ လွှတ်တော် ကိုယ်စားလှယ်လို လုပ်ရတာပေါ့။ မေးမြန်း ချက်တွေကို အသံသွင်းတာတွေ လုပ်၊ လက်မှတ်ထိုးခိုင်းတာတွေ လုပ်ပြီးတော့မှ ကျနော်တို့ သုံးသပ်ချက်တွေနဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ရမှာ” လို့ သူက ပြောပါတယ်။
နောက်ဆုံးတော့ ဆိတ်ဖွားဘယ်သူလဲဆိုတာ ကော်မရှင်က ရှာတွေ့ခဲ့ပါတယ်။ ဆိတ်ဖွားကလည်း ဆောင်းပါးအတွက် သူ တာဝန်ယူကြောင်း ထုတ်ပြောခဲ့တယ်လို့ သိရတယ်။
“Soft ware ပိုင်း လိုက်ဖို့ခက်တော့ သူရေးထားတဲ့ ဆောင်းပါးက ခင်မောင်ညို (ဘောဂဗေဒ) အယ်ဒီတာချုပ်လုပ်တဲ့ ဂျာနယ်မှာ ပါလာတယ်။ ကျနော်တို့က အဲဒီဆောင်းပါး ဘယ်သူရေးတာလဲ လိုက်ရင်းနဲ့ သူ့ကို ခေါ်မေးလိုက်တော့ အဖြေပေါ်တာပေါ့” လို့ ဦးလှဆွေက ပြောပါတယ်။
ဧရာဝတီက ဆရာခင်မောင်ညို (ဘောဂဗေဒ) ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကော်မရှင်က တွက်ထားတဲ့သူနဲ့ ဒေါက်တာဆိတ်ဖွားပါလို့ လာဝန်ခံတဲ့သူ တထပ်တည်း ကျတယ်လို့ ဦးလှဆွေက ပြောပါတယ်။
ဒေါက်တာဆိတ်ဖွားကို အရေးယူနိုင်မယ့် ဥပဒေ ရှိမရှိကိုတော့ ဥပဒေ ပညာရှင်တဦးဖြစ်တဲ့ ဦးမြညိမ်းက လွှတ်တော်မှာ တခါတည်း တင်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဒေါက်တာဆိတ်ဖွားကို ဘယ်လိုဥပဒေမျိုးနဲ့ အရေးယူသင့်တယ် ဆိုတာကို အကြံပြုဖို့ လွှတ်တော် နာယကကြီးက ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို တာဝန်ပေးထားပါတယ်။
လာမယ့် ဇွန် ၂၅ ရက်နေ့ လွှတ်တော်ပြန်ခေါ်ရင်တော့ အားလုံးသိချင်နေတဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲဆိုတာ ပေါ်လာတော့မှာပါ။
ဒေါက်တာဆိတ်ဖွားကို သေဒဏ်တောင် ပေးနိုင်တယ်လို့ အင်တာနက် စာမျက်နှာတွေမှာ ပြောဆိုနေကြပေမယ့် ဆိတ်ဖွား စုံစမ်းရေးကော်မရှင်ဝင် ဦးလှဆွေကတော့ အဲဒီလောက် အပြစ်ပေးစရာမလိုဘဲ နောက်မလုပ်ရင် တော်ပါပြီလို့ ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာဆိတ်ဖွား ပြဿနာက ဘာနဲ့တူသလဲဆိုတော့ သူငယ်တန်းကနေ ဆယ်တန်းအထိ ဗိုင်းကောင်း ကျောက်ဖိ နေလာတဲ့ ကျောင်းသူလေးက ဂုဏ်ထူးတွေအများကြီး ရပြီး တက္ကသိုလ်လည်းရောက်ရော ပျက်စီးသွားရော၊ အရင်တုန်းက ကျနော်တို့ တိုင်းပြည်က မလွတ်လပ် မပွင့်လင်းဘူး၊ ဒီမိုကရေစီ ဒိုင်းဆို ရလာတဲ့ အချိန်မှာ ရေးချင်ရာ အကုန်လျှောက်ရေး၊လွှတ်တော်ကို စော်ကား၊ သမ္မတကို နှိပ်ကွပ်တာတွေ ဖြစ်လာတာပေါ့။ ရင့်ကျက် တည်ငြိမ်ဖို့တော့ အချိန်ယူရဦးမှာပါ” လို့ ဦးလှဆွေက ဆိုပါတယ်။
ဒေါက်တာဆိတ်ဖွားက သမ္မတပဲ မှန်တယ်၊ ကျန်တဲ့သူ အကုန်မှားတယ်ဆိုတဲ့ ပုံစံမျိုး ရေးထားတဲ့ အပေါ် သမ္မတလည်း လူသားတယောက်ဖြစ်လို့ သူလည်း မှားရင် မှားနိုင်တာပဲလို့ လွှတ်တော် ကိုယ်စားလှယ်တဦးက ထောက်ပြပါတယ်။
“လွှတ်တော် ဆိုတာကတော့ လူ ၆၆၀ လောက် ရှိတဲ့အခါကျတော့ ပြည်သူ့ ကိုယ်စားလှယ်ပေါင်း ၆၆၀ က စဉ်းစားပြီးတော့မှ ဆုံးဖြတ်ကြတာ ဆိုတော့ အုပ်ချုပ်ရေးပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ သမ္မတကို လွှတ်တော်က ထောက်ပြဖို့ တာဝန်ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးရဲထွဋ်လည်း ဆိတ်ဖွားစုံစမ်းရေး ကော်မရှင်ကို ရောက်ရှိလာပြီး ဒေါက်တာဆိတ်ဖွားကို တွေ့ရှိဖို့ ပူးပေါင်း ကူညီမယ်၊ သူကိုယ်တိုင် ကူရှာပေးမယ်လို့ ပြောပြီး တကယ်လည်း အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်တယ်လို့ ကော်မရှင်ဝင် တဦးက ပြောပါတယ်။ 
http://burma.irrawaddy.org/archives/40777

27 May 2013

ဂျ ပန် ၀န် ကြီး ချုပ် နဲ့ သ မ္မ တ ဦး သိန်း စိန် တွေ့ ပြီး ဘာေ တွ ပြော ခဲ့ လဲ

ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုဘာဘေးနဲ့ ဂျပန်ကိုယ်စားလှယ် အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ယနေ့ 
နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ 


အဲဒီလိုတွေ့ဆုံကြရာမှာ  ရန်ကုန်တက္ကသိုလ်နှင့် နာဂိုယာ တက္ကသိုလ် အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်-မြန်မာ ဥပဒေရေးရာ သုတေသနဋ္ဌာန (Japan-Myanmar Legal Center) တည်ထောင်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကူညီပံ့ပိုးပေးရေး ကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာ 
ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ရုံး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
ဒီအပြင် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ/ အတတ်ပညာ အကူ အညီပေးရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားများအတွက် အသေးစား
ငွေကြေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မြို့ပြစီမံကိန်း ရေးဆွဲမှု၊ မြို့ပတ်ရထားလမ်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး နှင့် ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံတွင် မော်တော်ကား စက်ရုံများ တည်ဆောက် ထုတ်လုပ်ရေး ကိစ္စတွေလည်း ၂ နိုင်ငံ ခေါင်းဆောင်တွေက  ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ဝန်ကြီးချုပ် တို့ဟာ ၂ နိုင်ငံဆိုင်ရာ စာချွန်လွှာလက်မှတ်ထိုးပွဲတွေကို တက်ရောက်ကြပါတယ်။ 
စာချွန်လွှာရေးထိုးကြရမှာ ပညာသင်ဆုပေးရေး၊ ရန်ကုန်မြို့တော်ရေပေးရေးစနစ်စတဲ့ ကဏ္ဍတွေကို ဂျပန်က ကူညီပေးသွားမယ့် ကိစ္စလည်း ပါဝင်ပါတယ်။
"ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်း သုံးရပ်အတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ ဂျပန်ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံအား ပေးအပ်ရေးအတွက် လဲလှယ်မှု စာချွန်လွှာ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် ဂျပန်ယန်း ၁၂ ဒသမ ၅ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် နောက်ကျကြေး ဂျပန်ယန်း ၁၇၆ ဒသမ ၁ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာတို့ကို ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်နှင့် ဂျပန်နိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြသည်" လို့လည်း သမ္မတ ရုံး ၀က်ဆိုက် မှာ ဖော်ပြထားပါတယ်။
ဂျပန်-မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အနက် သီလဝါ အထူးစီးပွားရေးဇုန် ကိစ္စလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်ရှိသည့် ကြွေးမြီများ ရှင်းလင်းရေးကို အကောင်အထည်
ဖော်ခဲ့ပြီး ယန်းချေးငွေသစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရန် ဂျပန်အစိုးရက ဆုံးဖြတ်ပေးခဲ့သည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

ဒီအပြင် ဂျပန်ဘက်က အကူအညီတွေ ထပ်ပေးမယ့် ကိစ္စတွေကိုလည်း သမ္မတရုံးဝက်ဆိုက်မှာ အခုလို ဖော်
ပြထားပါတယ်။ 
"ဂျပန်အစိုးရ အနေဖြင့် ထပ်မံကူညီ ပေးမည်ဖြစ် ပါကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး၊ ပြည်သူတို့၏ လူမှုဘဝ မြင့်မားရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ် စသည့် ကဏ္ဍ များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် အတွက် ယန်းငွေ သန်း (၉၁၀၀၀) ဖြင့် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင်လည်း နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု အပါအဝင် အဘက်ဘက်မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံနှင့် အတွေ့အကြုံ နှင့် နည်းပညာကြွယ်ဝသည့် ဂျပန်နိုင်ငံတို့ အနေဖြင့် အနာဂတ် တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်" လို့ ဆိုပါတယ်။ 
http://blog.irrawaddy.org/2013/05/blog-post_5476.html#more

အိန္ဒိယမသွားခင် အွန်လိုင်းကို အရင်သွားပါ


 
 
အင်တာနက်ခေတ်ထဲ ရောက်နေကြပြီ ဆိုတာကို အိန္ဒိယသွားမယ့်သူတွေက ပိုပြီး သဘောပေါက်နေကြဖွယ် ရှိပါတယ်။
ဗီဇာလျှောက်မယ်ဆိုရင် အွန်လိုင်းကနေလျှောက်ပါ ဆိုတာကို ရန်ကုန်မှာရှိတဲ့အိန္ဒိယသံရုံးရဲ့ အရင်တပတ်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရမှာပါ။ 
အွန်လိုင်းကလျှောက်ရုံနဲ့လည်း ဗီဇာ မရသေးပါဘူး။ သံရုံးသွားပြီး လက်ဗွေပေးရတာတို့ ဘာတို့ လုပ်ရပါအုံးမယ်။
နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းလမ်းတွေအတိုင်းပေါ့။

လုပ်ငန်းရှင်တွေက   နေပြည်တော်ရောက်တဲ့အခါ သာသနာရေး ၀န်ကြီးဌာနကို ဒီအကြောင်း ပြောပြကြပါတယ် တဲ့။

သာသနာရေးဝန်ကြီးရဲ့ တုံ့ပြန်ချက်က -
 ဒီလို ကိစ္စမျိုးက မိမိတို့ ဌာနနဲ့ မသက်ဆိုင်ပါ။
သို့သော်လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနကနေ တစ်ဆင့် တင်ပြပေးပါ့မယ်။

အိန္ဒိယသံရုံးရဲ့ ဗီဇာဆိုင်ရာ လုပ်ထုံးလုပ်နည်းအပြောင်းအလဲမှာ လုပ်ငန်းရှင်တချို့ဆီက အသံတွေ ထွက်လာပါတယ်။

ဗုဒ္ဓဂါယာ  ဘုရားဖူးတွေ အတွက် အခက်အခဲ ဖြစ်စေတယ်လို့ ခရီးသွား လုပ်ငန်းရှင် ဒေါ်နှင်းမိုးဝေ ကပြောပါတယ်။

    “ဂါယာ ဘုရားဖူး ခရီးစဉ်ကို လိုက်တဲ့လူတွေက နယ်တွေကလည်း များတယ်။ နယ်က လာတဲ့ လူဆိုရင် ဒီပြောင်းလဲလိုက်တဲ့ အဆင် မပြေနိုင်ဘူး။
ငွေလည်း ထပ်ကုန်နိုင်တယ်။ အချိန်လည်း ကုန်နိုင်တယ်။ လူပင်ပန်းလည်း ဖြစ်အုံးမယ်”
ဒေါ်နှင်းမိုးဝေ

    “တစ်နေ့ တစ်နေ့ ခရီးသွား လုပ်ငန်းရှင်တွေကနေ လာမယ့် လူတွေက အများကြီး ဆိုတော့ အဲဒီစနစ်မှာ ဆိုရင် သံရုံးမှာ လူတော်တော် သွားပုံနေလိမ့်မယ်။
သံရုံးကလည်း အချိန်အကန့် အသတ်နဲ့ ဆိုတော့ ပြီးမှာကို မဟုတ်တော့ဘူး”  
ခရီးသွား လုပ်ငန်းရှင် တစ်ဦး

“သူတို့နိုင်ငံ လုံခြုံ ရေးအတွက် ဗီဇာ စနစ်ပြောင်းလဲ ကျင့်သုံးတာကို ဒီဘက်က ဘယ်ဝန်ကြီးကမှ သွားပြောလို့ ရမှာ မဟုတ်ဘူး။
သူတို့နိုင်ငံက ဒီစနစ်ကို ကျင့်သုံးဖို့အတွက် သက်ဆိုင်ရာ လူကြီးတွေက အဆင့်ဆင့် ဆုံးဖြတ်ပြီးမှ ကျလာတဲ့ စနစ်ကို ဒီဘက်ကနေ အဲဒီစနစ်ကြောင့် အခက်အခဲ ဖြစ်ရတယ်လို့ ပြောလို့မှ မရတာ။ သူတို့ဘက်က လိုအပ်တယ်ထင်လို့ ပြောင်းလဲတာ”
Ruby Land ခရီးသွားလုပ်ငန်းရဲ့ MD ဦးအေးကျော်

    အိန္ဒိယနိုင်ငံကို မြန်မာပြည်သားတွေ သွားရောက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဘုရားဖူး၊ ပညာသင်၊ စီးပွားရေး စတဲ့ ကိစ္စရပ်များကြောင့်ပါပဲ။

လတ်တလော အပြောင်းအလဲကြောင့် ဗုဒ္ဓဂါယာ ဘုရားဖူး အရေအတွက် လျော့ကျသွားနိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ခန့်မှန်းကြပါတယ်။

သိပ်မကြာသေးခင်အချိန်အထိ ဗုဒ္ဒဂါယာ ဘုရားဖူး အရေအတွက် တိုးတက် များပြားနေပါတယ်။
ဂါယာ ဘုရားဖူး ပို့ဆောင်ရေး  လုပ်ကိုင်တဲ့ လုပ်ငန်းကတော့ ၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။


ဧရာဝတီ Facebook / ဧရာဝတီ Twitter

ရန်ကုန် ယာဉ်ထိန်းရဲ Nissan Fair Lady ပြိုင်ကား သုံးပြီ

ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ ပြိုင်ကားတစင်းကို ပထမဆုံး ယာဉ်ထိန်းရဲကားအဖြစ် အသုံးပြုတော့မယ့် အကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာ နောက်ကျောဖုံးမှာ ရေးထားပါတယ်။
နာမည်ကြီး Nissan Fair Lady ပြိုင်ကားတစီးကို အခု မေလ ထဲမှာပဲ ဂျပန်နိုင်ငံက လှူဒါန်းလာတာကြောင့် ဒီကားကို ယာဉ်ထိန်းရဲကားအဖြစ်နဲ့လည်း အသုံးလိုနေတာကြောင့် ဒီပြိုင်ကားဟာ ပထမဆုံး ယာဉ်ထိန်းရဲ ပြိုင်ကား ဖြစ်လာမှာပါ။

အခုလို ပြိုင်ကား အကောင်းစားတစီးကို ယာဉ်ထိန်းရဲကားအဖြစ်နဲ့ အသုံးပြုရတာဟာ ညဖက်တွေမှာ အရှိန်ပြင်း မောင်းနှင်တဲ့ ကားတွေနဲ့ စည်းကမ်းဖျက် တိမ်းရှောင်ယာဉ်တွေကို လိုက်လံ ဖမ်းဆီးရာမှာ အသုံးပြုဖို့နဲ့ VIP ရှေ့ပြေး ယာဉ်အဖြစ်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ယာဉ်ထိန်းရဲ ဋ္ဌာနက ရဲမှူးကြီး ကျော်ထွေးကို ကိုးကားပြီး ကြေးမုံသတင်းစာက ဖော်ပြထားပါတယ်။


ယာဉ်ထိန်းရဲကားကို အခုလို လူကြိုက်များ ပြိုင်ကားအသုံးပြုလိုက်တာကြောင့် ရန်ကုန်မြို့မှာ ည အချိန်မတော် သောင်းကျန်းနေတဲ့ လူကြီးသားသမီးများဆိုတဲ့ ကားပြိုင်မောင်းတာနဲ့ ရမ်းကားမှုတွေ အတွက် ဘယ်လောက် အထောက်အကူဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ 

http://blog.irrawaddy.org/2013/05/nissa-fair-lady.html#more

26 May 2013

အောင်မြင်နေတဲ့ စာရေးဆရာ မင်းဒင်


"မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်  ကိုယ်တိုင် ´မင်းဒင်ရဲ့ သက်ခိုင်´ကို ဖတ်ချင်သည် ဆို၍ ရန်ကုန်မြို့ကို ရောက်အောင် ပို့ပေးခဲ့ရခြင်း ဖြစ်သည် ....."

 (က)
၂ဝ၁၂ ခုနှစ် မေလ ၁၆ ရက်နေ့ ညဦးပိုင်း။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ အမြင့်ဆုံး အဆောက်အအုံကြီးတခုဖြစ်သော ဘိုင်းယောင့်အဆောက်အအုံနားက ဂျူးလဒစ်ဟိုတယ်၏ ၁၄ ထပ် သူတည်းခိုရာအခန်းတွင် ကျနော့မိတ်ဆွေက အခုလိုပြောသည်။

´ဗိုလ်ဌေး။ ကျနော်လည်း မထင်မှတ်ဘဲနဲ့ အလုပ်ကြီးတခုကို လုပ်မိလျှက်သား ဖြစ်နေပြီဗျာ´ ဟု သူက ဆိုသည်။

အခုအချိန်မှာ သူဟာ အရင်ကလို ဖူးကက်မြို့က မြန်မာပစ္စည်းရောင်းတဲ့ ကုန်သည် သက်သက် မဟုတ်တော့။ အွန်လိုင်းပေါ်မှာရော ပုံနှိပ်စာပေလောကမှာပါ အုတ်အော်သောင်းနင်း အောင်မြင်တဲ့ စာရေးဆရာတယောက် ဖြစ်နေချေပြီ။

´မထင်မှတ်ဘဲလုပ်မိတယ်ရယ်တော့ ဘယ်ဟုတ်ပါ့မလဲ ဆရာဒင်။ ခင်ဗျားစာအုပ်က ခေတ်တခေတ်ကို ပြတင်းပေါက်က လှမ်းကြည့်လို့ မြင်ရသလိုမျိုး မြင်အောင်ရေးထားတာ မဟုတ်လား။
 ပြီးတော့ ဇာတ်ကောင်တွေကလည်း သက်ရှိ ဇာတ်ကောင်တွေ ပါနေတယ်လေ။ ကာလ ဒေသ အခြေအနေကလည်း ဒီနေ့ လူလတ်ပိုင်းတွေ အဲဒီအချိန်မှာ ခင်ဗျား ဇာတ်ကောင် သက်ခိုင် ကျင်လည်ခဲ့တဲ့ အခင်းအကျင်းမျိုးမှာ တနည်းမဟုတ်တနည်း ပတ်သက်နေခဲ့တော့ သူနဲ့တူသလိုလို ကိုယ်နဲ့ပဲ ဆင်သလိုလို ထင်မိယောင်မှားတွေလည်း ခံစားလို့ရတာပေါ့။
ဒါကြောင့် လူကြိုက်များတာပေါ့ဗျာ´ ဟု ကျနော်က သူ့ကို ပြန်ပြောသည်။

သူသည် ´မင်းဒင်ရဲ့သက်ခိုင်´ အမည်ရှိ ဇာတ်လမ်းတွဲ ဝတ္တုရှည်ကြီးတပုဒ်ကို ရေးသား ထုတ်ဝေခဲ့သူ နာမည်ကျော် စာရေးဆရာမင်းဒင် ဖြစ်၏။
သူနှင့်ကျနော်ကား ´သက်ခိုင်´ ကို မရေးသားမီ အချိန်ကပင် မိတ်ဆွေဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူက မထင်မှတ်ဘဲ အလုပ်ကြီးတခုကို လုပ်မိလျက်သား ဖြစ်နေပြီဗျာဟု ဆိုခြင်းဖြစ်သည်။

(ခ)
၂ဝဝ၈ ခုနှစ် နှစ် နှစ်ဦးပိုင်း။

ထိုစဉ်က ကျနော်သည် ဘန်ကောက်မြို့ ဘန်ဘော်အရပ်ရှိ ဧကချိုင်လမ်းမကြီးရဲ့ လမ်းသွယ် ၈၃ တွင် နေထိုင်ရင်း ရခိုင်အမျိုးသား သတင်းစာကို ထုတ်ဝေလျက်ရှိသည်။

တနေ့တွင် ကိုမင်းဒင်က ကျနော့ကို ´ဗိုလ်ဌေး ကျွန်တော် စာရေးဖို့  ကြိုးစားနေတယ်။ ဝတ္ထုရေးဖို့ပေါ့။ အရင်က နည်းနည်းပါးပါး ရေးဖူးတယ်။ ကျနော့လက်ရာကို ခင်ဗျား နည်းနည်း မြည်းစမ်းကြည့်ပြီး ဝေဖန်ပေးပါဗျာ။ ခင်ဗျားက တက္ကသိုလ်က မြန်မာစာနည်းပြဆရာဟောင်းဆိုတော့´ လို့ ဆိုလာသည်။

သူစပြီး မြည်းခိုင်းသည့်စာက သက်ခိုင်စာအုပ်မဟုတ်သေး။ သူ့အရင်ရေးပြီး အခုရက်ပိုင်းအတွင်းထွက်ရှိလာတဲ့ ´ဖြစ်ပျက် ရှာပုံတော်´ ဝတ္ထုရှည်ပါ။
ဇာတ်လိုက်ကျော်ကတော့ သက်ခိုင်ပါပဲ။ သူပေးလာတုန်းက အစအဆုံးရေးထားတဲ့ ဝတ္ထကြီး မဟုတ်သေး။ ဖြစ်ပျက်ရှာပုံတော်ကို စတည်ခါစ ဖြစ်သည်။ ဖြစ်ပျက်ကိုမြည်းကြည့်တော့ ကျနော့မိတ်ဆွေမှာ မှော်ကလောင်တချောင်း ရှိနေပါလားဆိုတာကို  သိလိုက်ရသည်။
ဒါကြောင့် ´ကိုယ့်ဆရာ ခင်ဗျား လက်ရာမိုက်တယ်။ ခင်ဗျား သေချာပေါက်အောင်မြင်တဲ့ စာရေးဆရာတယောက် ဖြစ်ကိုဖြစ်မယ်´လို့ အားပေးတာလည်းဟုတ် အနာဂတ်ကို ကြိုဟောတဲ့ သဘောလည်းပါတဲ့စကားကို စိတ်ထဲက အရှိအတိုင်း ပြောချလိုက်သည်။

သူစာစရေးတုန်းက မိုင်ပေါင်းများစွာဝေးကွာသော ဖူးကက်နှင့် ဘန်ကောက် မြို့များမှာနေထိုင်ကြတဲ့ ကျနော်တို့ နှစ်ယောက်သည် တခါတခါ အွန်လိုင်းပေါ်မှာ။ တခါတလေလည်း တယ်လီဖုန်းနဲ့ စာပေအကြောင်း ဆွေးနွေးကြ ငြင်းကြ ခုန်ကြသည်။

(ဂ)
ရေးပြီးတဲ့စာမူများကို သူ့၏ကိုယ်ပိုင်ဘလော့ဂ်မှာ တင်သည်။ ဖတ်ပြီး ချီးမွမ်းတဲ့လူလည်းရှိသလို ´ခင်ဗျား စာမရေးတတ်ပါဘူးဗျာ။ ရေးမနေပါနဲ့´လို့ ထောပနာ ပြုသူလည်းပြု။ ´မင်းသိင်္ခ´လိုလို ´ရွှေဥဒေါင်းလိုလိုလို့ ငေါ့သူကငေါ့။
´ခင်ဗျား ရောင်ကြီးဗွေ ဇာတ်လမ်းကြီး မပြီးသေးဘူးလား´ ဆိုပြီး ခနဲ့သူကခနဲ့။ ဒီကြားထဲ မင်းဒင်ကလောင်က ဈာန်ဝင်ကာ တခန်းပြီးတခန်း ဆက်ရေးနေသည်။

ကျနော်တို့ကား လူပုစိတ်တိုဟုသာ ကြားဖူးသည်။ ဒါပေမဲ့ ကျနော့မိတ်ဆွေကတော့ အရပ်ခြောက်ပေနီးပါးရှည်ပြီး ကီလို ၈ဝ ကျော်ရှိတဲ့ လူရှည်စိတ်တို အမျိုးအစားထင်ပါရဲ့။
 တခါတခါ ရှူးရှူးရှားရှား လုပ်တတ်သည်။ ထို့ကြောင့် ကျနော်က သူ့ကို အခုလို ဖျောင်းဖျပေးခဲ့ဖူး၏။

´ဟေ့လူ ဒါများ တင်းစရာလားဗျာ။ ဆရာကြီး ရွှေဥဒေါင်းလို ဂန္တဝင် ဆင်ကလောင်နဲ့ နှိုင်းပြောခံရတာ။ မင်းသိင်္ခလို တိုင်းကျော် ပြည်ကျော်နဲ့ နှိုင်းပြောခံရတာ ကျနော်ဖြင့် ခင်ဗျားအစား ဂုဏ်ယူတယ်ဗျာ။ ပြောတဲ့လူတွေက ရွှေဥဒေါင်းရဲ့ စာမျိုးရေးဖို့အသာထား စဉ်းစားဖို့တောင် ခေါင်းရှိမယ်မထင်ပါဘူး။ ဒီလိုဘဲ မင်းသိင်္ခဆိုတာလည်း မြန်မာပြည် စာပေလောကမှာ အထင်ကရ ဘက်ဆဲလားဗျာ။ ဘယ်အရာမဆို အစမှာတော့ ဒီလိုဘဲ မလိုတမာတွေ ပြောကြမှာပေါ့။ နောက်တော့ ဒါတွေအားလုံးဟာ လေထဲမှာလွင့်ကျန်ရစ်ပြီး မင်းဒင် မင်းဒင် ဖြစ်နေမှာ မြင်ယောင်သေး´ ဟု သူ့ကို ပြောဖြစ်သည်။

´ဖြစ်ပျက်ရှာပုံတော်´ ကို ဖတ်ရှုရတဲ့ အွန်လိုင်းပရိသတ်တွေက စာတွေဆက်ရေးဖို့ ပူဆာကြသည်။
နေ့စဉ် ပို့စ်အသစ်တွေ တင်ဖို့ တွန်းလာကြသည်။
သူလည်း စာပေဈာန် အတော်ဝင်သွားပြီး ဖြစ်သည်။
အစကနဦးကလို မိမိလက်ကို မယုံမရဲ မဟုတ်တော့ဘဲ ကလောင်ဝင့်လာသည်ကို တွေ့ရသည်။
သူက ... ´ဗိုလ်ဌေး ခင်ဗျားပြောတာ မှန်တယ်ဗျ။ ခုလောက်ဆို ကျနော့်လက်က စာကောင်းကောင်းရေးနိုင်ပြီဆိုတာ ယုံသွားပြီ။
ခင်ဗျား နိမိတ်ဖတ်ပေးတာ အားပေးတာ ကျေးဇူးတင်တယ်ဗျို့။ ပြီးတော့ ကျနော်စာစရေးတုန်းက ဝေဖန်ပေး၊ လိုတာကို ပြောပေးဆိုပေးတာလည်း တကယ်ကျေးဇူးတင်တယ်´ဟုလည်း ဆိုသည်။

ထို့နောက် သူ့ဘဝအတွေ့အကြုံတွေကို အခြေခံပြီး စာတအုပ် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပြီဟုပြောပြီး မကြာခင်မှာ ´မင်းဒင်ရဲ့သက်ခိုင်´ကို သူ့ဘလော့ဂ်တွင် စမြင်ရသည်။

သက်ခိုင် အခန်း ၂၅ လောက်ထိတော့ သူနဲ့ ကျနော် အဆက်အသွယ် သိပ်မပြတ်။ အသစ်တင်တိုင်း ကျနော်နဲ့ အချီအချ ပြောကြသည်။
အခန်း ၂၅ နောက်ပိုင်းမှာတော့ သူ့မှာ ပရိသတ်တွေ အုံခဲလာသည်။
ကမ္ဘာအရှေ့ခြမ်းက စာဖတ်သူမှ သည် ကမ္ဘာအနောက်ခြမ်းထိ။ မြောက်ခြမ်းမှ တောင်ခြမ်းထိ။ အွန်လိုင်းဖြန့်ကျက်ရာ ဒေသအသီးသီးမှ မြန်မာစာဖတ် ပရိသတ် အထောင်အသောင်းနှင့် ပြောနေဆိုနေရတာ များလာသည်။

ကျနော်လည်း ထိုစဉ်က အလုပ်လုပ်နေသော ဧရာဝတီ သတင်းထောက်ဘဝမှ ရုတ်တရက် ပြုတ်သွားသဖြင့် စားဝတ်နေရေးခက်ခဲကာ သူ့စာကို နောက်ပိုင်းတွင် အရင်လို မဖတ်အားတော့။ အလျဉ်းသင့်သည့်အခါ ကြည့်ဖြစ်ရုံမျှသာ။ သူ့ကို လည်း ဝေဖန်ထောက်ပြစရာ မလိုတော့ပါ။
ဆင်ကလောင် မြန်မာစာရေးဆရာများ ကမ္ဘာအနှံ့ ကျော်ကြားသော မြန်မာပြည်ဘွားများက ဘရာဗို ချီးယားစ် ကွန်ကရက် ကျူးလေးရှင်း လုပ်ခံနေရချိန်မှာ ကိုယ်က ဝမ်းသာအားရ လက်ခုပ် တီးရုံကလွဲပြီး မိတ်ဆွေကြီးကို အကြံပြုစရာ လိုမှမလိုတော့တာ။

မင်းဒင် ရေးသားတဲ့ သက်ခိုင်နဲ့ ဂူတင်ဘတ် မိတ်ဆွေဖြစ်သွားတဲ့အကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org/2010/12/blog-post_6978.html မှာ ဖတ်နိုင်ပါတယ်

(ဃ)
နောက်ပိုင်း ကြားရတာက သူ့စာကို ပရင့်ထုတ်ပြီး မိတ္တူပွားကာ ဖတ်နေကြကြောင်း။ စင်္ကာပူမှာဆိုရင် မိတ္တူပွားထားတဲ့ စာကို အားရပါးရ ဝယ်ဖတ်နေကြသည်ဟုလည်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့မှာလည်း ဒိုင်လျှို မိတ္တူကူးကာ အချင်းချင်း ဖြန့်ဝေနေကြသဖြင့် ခေတ်ပျက် သူဌေးများနှင့် အာဏာပိုင် အသိုင်းအဝန်းကြားတွင် ´ခင်ဗျား ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့ မင်းဒင်ကို ပြောလိုက်ရမလား´ ဟူသော ရွှတ်နောက်နောက် စကားတခွန်း ပေါ်ပေါက်ရသည်ထိ သက်ခိုင်စာအုပ်က ပေါက်နေသည်။

ဒီကြားထဲမှာ သူနဲ့ ဖုန်းပြောဖြစ်တိုင်း စာအုပ်အဖြစ် ထုတ်ဝေရန် ကျနော်က သူ့ကိုတွန်းသည်။
ဘာကြောင့်လဲဆိုတော့ ပြည်ပမှာ ထုတ်ဝေကြတဲ့ စာပေအများစုက အလှူ့ရှင်ပိုက်ဆံနှင့် ထုတ်ကြသော သုတစာပေများ အစီရင်ခံစာများ မှတ်တမ်းများသာ များသည်။
ရသစာပေ လုံးချင်းဝတ္ထုကြီးတအုပ်ကို ဈေးကွက်တင်ရောင်းသည့် မြန်မာစာအုပ်မျိုး ကျနော် မကြားဖူးသေး။ ရှိတော့ ရှိပါလိမ့်မည်။ ခေတ်ပြိုင် ဝက်ဘ်ဆိုဒ်တွင် ဆရာမောင်သာရ ကြော်ငြာများကို တွေ့ဘူးသည်။ သို့သော် ဈေးကွက်အရ အဘယ်မျှ ပေါက်ရောက်သည်ကို ကျနော်မသိ။

မင်းဒင်ရဲ့ သက်ခိုင်ကိုတော့ ကျနော်လုံးဝယုံသည်။ ထို့ပြင် ဆရာမင်းဒင်ကိုယ်တိုင်ရဲ့ မိတ္တဗလကို ပိုပြီးယုံသည်။ ထို့ကြောင့် ဇွတ်တွန်းခဲ့သည်။
သူ့စာအုပ်ကို ထုတ်ဝေလိုသူများက ကမ်းလှမ်းမှုတော့ ရှိသည်ဟု သဲ့သဲ့ကြားရသည်။ သို့သော် ဆရာ မင်းဒင်က သူ့စာအုပ်ကို  သူကိုယ်တိုင်သာ ထုတ်လိုကြောင်း နောက်ဆုံးတွင် ကျနော့အား ဆိုလာသည်။

´ဗိုလ်ဌေး။ သက်ခိုင်ကိုထုတ်ဖို့ အမေရိကန်ကတယောက် ကမ်းလှမ်းတယ်ဗျ။ ဒါပေမဲ့ ကျနော့စာမူကို ကျနော်ပဲ မူပိုင် ထားချင်တာ။
ကျနော်မရှိတဲ့တနေ့မှာ ကျနော့ရဲ့ တဦးတည်းသော သမီးလေးအတွက် မူပိုင်ခွင့် အမွေပေးခဲ့ချင်တာ။ ဒါကြောင့် လုပ်ဖြစ်ရင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ချမယ်ဗျာ´ ဟု သူကပြောသည်။

ဒါကြောင့် သူဟာ မဲဆောက်က စာပေမိတ်ဆွေများနှင့် တိုင်ပင်ပြီး စိစစ်တာ တည်းဖြတ်တာ ဒီဇိုင်းဆင်တာတွေကို ကိုယ်တိုင်ဘေးမှနေ၍ ကြီးကြပ်ပြီး စာမျက်နှာ ၇ဝဝ ကျော်ရှိသော စာအုပ်ကို သုတ်သင် တည်းဖြတ်၍ ပြီးစီးကြောင်း သတင်းပို့လာသည်။

ကျနော် အင်မတန်ဝမ်းသာပါသည်။ ကျနော့မိတ်ဆွေကြီး ရေးသားသော မဆလခေတ် နဝတခေတ် နအဖခေတ် နောက်ခံနှင့် သက်ရှိ ဇာတ်ကောင်များ ပါဝင်သော ခေတ်ပြိုင် သမိုင်းဇာတ်လမ်းတွဲကြီး သို့မဟုတ် မင်းဒင်ရဲ့ သက်ခိုင် ဝတ္ထုကြီး အမှန်တကယ် မြန်မာစာပေလောကတွင် ပေါ်ထွက်လာတော့မည်ဟု။

(င)
၂ဝ၁ဝ ကုန်ခါနီး ကာလလောက်ထင်သည်။
ကိုမင်းဒင် ကျနော်ရှိရာ ဘန်ကောက်မြို့ ဖက်လန်ဆောင် စွယ် ၆၆ သို့ တက္ကစီစီးပြီး ပေါက်ချလာသည်။

´ဗိုလ်ဌေး စာအုပ်ထုတ်မယ်။ ပုံနှိပ်စက်အပ်မယ်။ ခင်ဗျား အပ်နေကျ ပုံနှိပ်တိုက် သွားမယ်ဗျာ။ ခင်ဗျားမဒမ်က ထိုင်း စကား တတ်တယ်မဟုတ်လား´ ဟု ဆိုပြီး ကျနော့ဇနီးကိုပါ ချောဆွဲလေသည်။

သူသည် ပုံနှိပ်တိုက်ပိုင်ရှင်နှင့် အသေးစိပ် ဆွေးနွေးပြီးနောက် ဈေးစကားပြောကြတော့ ပုံနှိပ်တိုက်က ဘတ် သုံးသိန်းနီးပါး ကျမည်ဟု ပြောသည်။
 ကိုယ့်ဆရာ တွေသွားသည်။ ပုံနှိပ်တိုက်မတင်ခင် ကုန်ကျစရိတ်များနှင့်ပါဆိုလျှင် စာအုပ်တအုပ်ကို ဘတ် သုံးရာကျော်တော့မည်။
တအုပ်သုံးရာဆိုလျှင် အရင်းသက်သက်ပင် ဘတ် သုံးသိန်းအထက် ကုန်တော့မည်။ ထို့ကြောင့် ရန်ကုန်က ဇနီးနှင့် စင်္ကာပူက သမီးကို အခြေအနေအား ရှင်းပြသည်။
အံ့ဖွယ်ကောင်းလိုက်သည့် ဇနီးနှင့် သမီးပါပဲ။

စာရေးဆရာကတော်က´ရှင် သိပ်ထုတ်ချင်နေတဲ့ စာအုပ်ကို ထုတ်သာထုတ်။ ဘာမှ နောက်မတွန့်နဲ့။ မတွေဝေနဲ့´ တဲ့။

သမီးဖြစ်သူကလည်း ´အဖေ နောက်မဆုတ်နဲ့ လိုတာအကုန် သမီးပေးမယ်။ သမီးဟာ အဖေ့သမီး။ စာရေးဆရာ မင်းဒင် သမီး ဖြစ်ရတာကို အရမ်းဂုဏ်ယူမိတယ် အဖေ။ အဖေ လုပ်စရာရှိတာ ဆက်လုပ်´ ဟု   ရာနှုန်းပြည့် ထောက်ခံအားပေးခဲ့သည်။

ထို့ကြောင့် ကောင်းကင် အွန်လိုင်းတွင်သာ ကျော်ကြားမင်းမူခဲ့သော ´မင်းဒင်၏ သက်ခိုင်´ သည် ဤကမ္ဘာမြေပေါ်သို့ စက္ကူဖြင့် ချုပ်လုပ်ထားသော ခန့်ငြားသည့် စာအုပ်အဖြစ်ဖြင့် ရောက်လာခဲ့ရသည်။

စာအုပ်အပ်ပြီး တပတ်အတွင်း ဘန်ကောက်မှ ဖူးကက်သို့ သက်ခိုင်စာအုပ်များ ရောက်ရှိသွားတော့သည်။ မင်းဒင်၏လက်ရာ သက်ခိုင်ကား ၆လလောက် အကြာတွင် လက်ကျန် အနည်းငယ်သာ ကျန်သည့်အဆင့်သို့ ရောက်လာသည်။

သက်ခိုင်စာအုပ်များကို တိုကျို။ ဆိုးလ်။ ဆစ်ဒနီ။ လန်ဒန်။ ဝါရှင်တန်။ အော့တဝါ။ ကာတာ။ ဆိုက်ပရပ်စ်။ ကွာလာလမ်ပူ အစရှိသော ကမ္ဘာ့မြို့ကြီးများနေ မင်းဒင်ပရိသတ်များက အလုအယက် မှာယူကြသည်။
ရန်ကုန် မန္တလေးကလည်း သူ့ အဆက်အသွယ်နှင့်သူ မှာယူဖတ်ရှုကြသည်။
ထိုင်းနိုင်ငံ ဘန်ကောက် ချင်းမိုင် မဲဆောက်မြို့များကလည်း အားပေးကြသည်။

သက်ခိုင်ကို မွေးဖွားရာ ဖူးကက်တွင်တော့ သိပ်စွံပုံမရ။ အထူးသဖြင့် စာအုပ်ဈေးကြီး၍လား ဒါမှမဟုတ် စာဖတ်အား နည်း၍လား မပြောတတ်။
ရွှေ့ပြောင်းအလုပ်သမားများက ဝယ်ယူအားပေးမှု အနည်းအကျဉ်းသာ ရှိပါသည်။

စာအုပ်ထွက်ပြီး တနှစ်ခန့်အကြာတွင်တော့ အမှတ်တရ သိမ်းဆည်းထားရန် သက်ခိုင်စာအုပ်မှာ ခုဂဏန်းမျှသာ လက်ကျန်ရှိတော့ကြောင်း သူက ပြောလာသည်။

(င)
လူတယောက်၏ ဘဝကံကြမ္မာသည် ကြိုတင်မှန်းဆ၍ မရစကောင်းပါ။ သီချင်းတခွေတည်းနှင့် ပေါက်ခဲ့သူများအဖြစ် အဆိုတော် ဖိုးချို၊ ထူးအိမ်သင် စသည့် နိုင်ငံကျော်များကို တွေ့ဖူးပါသည်။
စာအုပ်တအုပ်တည်းနှင့် ပေါက်သည့် မြန်မာ ဝတ္ထုရေးဆရာက ဆယ်စုနှစ် တခု၊ နှစ်ခုတွင် တယောက်ပေါ်ထွန်းချင်မှ ပေါ်ထွန်းပါမည်။

ထို့ပြင် ရသစာပေရေးသားခြင်း ဆိုသည်က အခက်တကာ့ အခက်ခဲဆုံး အလုပ်ထဲက တခု ဖြစ်၏။
ယင်းအခက်အခဲကို ကျော်ဖြတ်ကာ နတ်မောက်သား မင်းဒင်သည် ဖူးကက်ကျွန်းမှတဆင့် အွန်လိုင်းမှ စတင်ပေါ်ထွန်းပြီး ယခုအခါ စာပေလောကထဲတွင် အထင်ကရ ကလောင်တချောင်းအဖြစ် အောင်မြင်ခဲ့ပေပြီ။
ယင်းသို့ အောင်မြင်လာခြင်းမှာ အလွယ်တကူ အောင်မြင်လာခြင်းတော့မဟုတ်။ ဤစာအုပ်ကို သုံးနှစ်သုံးမိုး အပတ်တကုတ် ရေးသားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတွင်းက စာရေးဆရာများကဲ့သို့ ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာရေးဆရာများကဲ့သို့ စာအုပ် ထုတ်ဝေရန်လည်း ကနဦးက တင်ကူး ရည်ရွယ်ချက်ရှိ၍လည်း မဟုတ်။ သူ့ရင်ဘတ်ထဲတွင် အောင်းနေသော သက်ခိုင်ကို မွေးဖွားခဲ့ခြင်းသာ ဖြစ်သည်။

လူများစွာတို့သည် ပိုက်ဆံရသော အလုပ်များကိုတောင် နှစ်ရှည်လများ ဇွဲနပဲနှင့်မလုပ်ဘဲ မျောက်လွှဲကျော်ပမာ ဟိုက သည်ကူး သည်ကဟိုကူးဖြင့် ကျင်လည်နေကြ၏။
ကုန်သွယ် စီးပွားအလုပ်ကို လုပ်နေသူ ကုန်သည် ကိုမင်းဒင်အဖို့မှာတော့ တဘက်က အရောင်းအဝယ်လုပ်ရင်း ကျန်သည့် အချိန်တိုင်းတွင် သက်ခိုင်ကို ဖန်တီးနေခဲ့သည်။

ထို့ကြောင့်ထင်၏။ ချင်းမိုင်တွင် ပြုလုပ်သော မြန်မာ့သတင်းသမဂ္ဂ ညီလာခံသဘင်တွင် သူ့ကို တနှစ်တာ အကောင်းဆုံး ရသစာပေ ကလောင်ရှင်အဖြစ် ဆုပေးကာ ဂုဏ်ပြုခဲ့ပါသည်။ ထို့ထက် ကြီးမားသော ဆုတခု ကျန်ပါသေးသည်။ ယင်းကား အခြားမဟုတ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်  ကိုယ်တိုင် ´မင်းဒင်ရဲ့ သက်ခိုင်´ကို ဖတ်ချင်သည် ဆို၍ ရန်ကုန်မြို့ကို ရောက်အောင် ပို့ပေးခဲ့ရခြင်း ဖြစ်သည်။
ယင်းစာအုပ်ကို ရန်ကုန်သို့သွားမည့် ဗိုလ်မှူး သောင်းထိုက်လက်သို့ ဘန်ကောက်မြို့ စယမ် မိုးပျံရထားဘူတာတွင် ကျနော်ကိုယ်တိုင် ထည့်ပေးခဲ့ပါသည်။

(စ)
ဖူးကက်မြို့မှ အာမခန်အရပ်သည် ဆိတ်ငြိမ်ရပ်ကွက်တခု ဖြစ်၏။ စီးပွားရေး ပြေလည်သူများနေသည့် အရပ်ဖြစ်သောကြောင့် လူသွားလူလာနည်းပါးကာ တခါတရံ ကားနှင့် ဆိုင်ကယ်များ ဖြတ်မောင်းသွားသည့် အသံမှလွဲ၍ နေ့ခင်း နေ့လည်များဆိုလျှင် တိတ်တိတ်ဆိတ်ဆိတ် ရှိလှသည်။

သူသည် ယင်းဆိတ်ငြိမ်ရပ်ကွက်အတွင်းရှိ နှစ်ထပ်တိုက်အိမ်၏ အပေါ်ထပ်တွင် အွန်လိုင်းပြတင်းပေါက်ကတဆင့် ကမ္ဘာအနှံ့မှ မိတ်ဆွေများနှင့် စကားပြောနေသည်။
မင်းဒင်ရဲ့သက်ခိုင်ကား ယခုစာရေးနေချိန်တွင် ပဉ္စမအကြိမ်မြောက် ရိုက်နှိပ်နေလေပြီ။ စာပေဝေဖန်ရေး ဂုရုကြီး ဆရာအောင်သင်းကလည်း မင်းဒင်ရဲ့ သက်ခိုင်ကို အားရလှသည် ဟု ဆိုသည်။ တက္ကသိုလ်စိန်တင်လိုပုဂ္ဂိုလ်မျိုးကလည်း မြန်မာစာကို ချောမွေ့ပြေပြစ်အောင် ရေးနိုင်စွမ်းသူဟု ဆိုပြန်သည်။
 မင်းဒင်ရဲ့ သက်ခိုင်အပေါ် ချီးကျူးကြသည့် ရီဗျူးများ ပြည်တွင်းထုတ် မဂ္ဂဇင်းဂျာနယ်များတွင် နေရာယူနေလျက်ရှိနေပြီ။
သူ၏ ဒုတိယမြောက် လုံးချင်းလက်ရာ ဖြစ်ပျက်ရှာပုံတော်ခရီးသည်ကို ထုတ်ဝေနိုင်ခဲ့ပြီ။

သူသည် ကျနော့်အား မထင်မှတ်ဘဲ အလုပ်ကြီးတခုကို လုပ်မိလျက်သား ဖြစ်နေပြီဟု ဆိုခဲ့သည်။
သို့သော် ယင်းအလုပ် ကား နှယ်နှယ်ရရမဟုတ်။ သူ့ဘဝကိုလည်း အောင်မြင်သော စာရေးဆရာဖြစ်စေခဲ့သလို ကိုယ်တိုင် ဖြတ်သန်းခဲ့သော ခေတ်ပြိုင်သမိုင်းကိုလည်း နောင်အခါ ဂန္ထဝင်တင်ခံရမည့် စာအုပ်တအုပ်ကို ရေးမိလျက်သား ဖြစ်နေခဲ့ခြင်းပင်တည်း။  


ဧရာဝတီ Facebook / ဧရာဝတီ Twitter

ဂျပန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

  
 
 
မြန်မာနိုင်ငံကို ၃၆ နှစ်အတွင်း ပထမဆုံး လာရောက်တဲ့ ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်   ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ချက်ထရီယံ ဟိုတယ်မှာ ယနေ့ တွေ့ဆုံခဲ့ကြပါတယ်။ 



အဲဒီလိုတွေ့ဆုံမှုမှာ အသေးစိပ်ဘာတွေ ဆွေးနွေးတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် မြန်မာ့လူမှု စီးပွား ဖွံ့ဖြိုးရေး  ဂျပန်က ကူညီမယ့် ကိစ္စအပါအ၀င် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှု့ပ်နှံမှုတွေ ပိုတိုးပြီးလုပ်မယ့်ကိစ္စတွေ ပါဝင်မှာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးမီက ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းမှာလည်း  ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

ဂျပန်ဝန်ကြီးချုပ်၊ ဇနီးတို့နှင့်အတူ ဂျပန် စီးပွားရေး လုပ်ငန်းရှင်ကြီး ၃၀ ကျော်တို့လည်း လိုက်ပါလာကြတာဖြစ်ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ်နဲ့ ဇနီးဟာ ယနေ့ နံနက်ပိုင်းက အာဇာနည်ကုန်းကို သွားရောက်ကာ အာဇာနည်ကြီးများကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။ ဒီနောက် သီလ၀ါ ရေနက်ဆိပ်ကမ်းကိုလည်း ဂျပန်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ သွားရောက်လေ့လာခဲ့ပါတယ်။ 

ဂျပန်-မြန်မာ စီးပွားရေး ကုမ္ပဏီကြီးတွေ ပူးပေါင်းပြီး သီလ၀ါ အထူးစီးပွားရေးဇုံ ပူးပေါင်းဆောင်ရွက်သွားဖို့ လည်း ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါသေးတယ်။ 

ခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း ၂ နိုင်ငံ အကျိုးတူ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ဂျပန် သတင်းတွေက ရေးသားဖော်ပြနေကြပါတယ်။ 

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ကမ္ဘာဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် တို့ကိုပေးရန် ရှိတဲ့ ကြွေးမြီ
ဒေါ်လာ ဘီလျံနဲ့ ချီပြီး ယာယီပေးဆပ်ခဲ့ပါတယ်။ 

ဂျပန်နိုင်ငံကလည်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆက်လက် အားပေးသွား မှာဖြစ်သည့်အပြင် တချို့ သတင်းတွေ အဆို အရ မြန်မာ့ကြွေးမြီတွေကို လျှော်ပစ်ရန် စဉ်းစားမှုတွေ ရှိတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဖော်ပြနေကြပါတယ်။ 
http://blog.irrawaddy.org/2013/05/blog-post_60.html#more

ဈေးကွက်ဝင် ကချေသည်များ

 
    Dancer လို့ ခေါ်ကြတဲ့ ကချေသည်တွေ တဖြည်းဖြည်း ပေါ်ပြုလာဖြစ်လာသလို၊ အနောက်တိုင်းကလာတဲ့ မြူးမြူးကြွကြွ ကခုန်တဲ့ပညာအထွေထွေကို သင်ယူချင်သူတွေလည်း များလာတယ်။
အခုနောက်ပိုင်းမှာတော့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တာတွေ ရှိလာပြီး   တော်တော်များများက စိတ်ဝင်စားလာကြတာပါ။

အိပ်မက်ဆုံရာ အစီအစဉ်ကနေ ထုတ်လွှင့် ပြသတဲ့ အကကို  စောင့်ကြည့်ပြီးတော့ လိုက်ကတဲ့ သူတွေ ရှိတယ်လို့ သိရပါတယ်။


ရန်ကုန်က နာမည်ကျော် Uranium အဖွဲ့က ခေါင်းဆောင် ဖြစ်တဲ့ ကိုဇေယျာက...
“ကျွန်တော်တို့တွေ အဲလိုပွဲတွေမှာ ပါဝင်ခွင့် ရလာတာတွေကလည်း လူပိုသိလာတာမျိုး ဖြစ်လာစေပါတယ်” လို့ ပြောပါတယ်။

Chanal 7 လို ဖျော်ဖြေရေးရုပ်သံလိုင်း တွေကနေ ပြသနေတဲ့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲတွေကြောင့်လည်း အကအဖွဲ့တွေ  နာမည်ကြီးလာကြတာလို့   ကိုဇေယျာက သုံးသပ်ပါတယ်။

“မှန်ပါတယ်၊ ကျွန်တော်တို့က ရှိုးပွဲတွေမှာပါပြီးဖျော်ဖြေတယ်၊ ဥပမာ စိုင်းစိုင်းရိုးပွဲတွေမှာ ပါတယ်၊ ဒီလိုလူအများစိတ်ဝင်စားတဲ့ပွဲတွေမှာ ပါဝင်တာကြောင့် ပရိုမိုးရှင်းဖြစ်တယ်။
ရုပ်သံတွေက ထုတ်လွှင့်ပြသတဲ့ အက ပြိုင်ပွဲတွေမှာလည်း လူငယ်တွေက သူတို့နည်း သူတို့ဟန်နဲ့ ကကွက် အသစ်အဆန်းတွေ ထွင်ပြီး ၀င်ရောက် ယှဉ်ပြိုင်လာကြတာ တွေ့ရပါတယ်” လို့ ကိုဇေယျာက ပြောပါတယ်။

“အကပညာဟာ ရန်ကုန်တင် မဟုတ်ဘဲ နယ်က လူငယ်တွေပါ စိတ်ဝင်တစား ဖြစ်လာတာကို  ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသတဲ့ ပြိုင်ပွဲ အစီအစဉ်တွေ ကြည့်ရင် သိနိုင်ပါတယ်။
ကကွက်တွေက ပရိသတ်ကို ပိုဆွဲဆောင်နိုင်တယ် ဆိုတာ  သိလာတာကြောင့်လည်းပါတယ်” လို့ ကိုဇေယျာက ရှင်းပြပါတယ်။
 
ဒီကနေ့ ဆိုရင် ကချေသည်အလုပ်နဲ့ ဘဝရပ်တည်နေသူတွေကို တွေ့နိုင်မှာပါ။

လူငယ်အကအဖွဲ့ အရေအတွက်က  အရင်ကထက်များလာပါပြီ။
အထင်ကရအဖွဲ့ရော၊ အပျော်တမ်းသဘောမျိုး လှုပ်ရှားနေတဲ့အဖွဲ့တွေရော ပေါင်းလိုက်ရင် အနည်းဆုံး အဖွဲ့ လေးဆယ်လောက်တော့ ရှိပါလိမ့်မယ်။

အက အဖွဲ့တွေ တိုးပွားလာသလို  အကသင်တန်းကျောင်းတချို့လည်း ဖွင့်လာတာ တွေ့ကြရမှာပါ။ 

ကုန်ပစ္စည်း မိတ်ဆက်ပွဲ၊ ဖက်ရှင်ရှိုးတွေမှာ အကအဖွဲ့တွေကို မဖြစ်မနေ တွေ့နေရပါပြီ။

 တေးသီချင်း ဗီစီဒီ ရိုက်ကူးကြရာမှာလည်း   အကအဖွဲ့တွေကို သုံးလာကြတာ ကာလှအတန်ကြာပါပြီ။ 

ဈေးကွက်ဝင်လာတဲ့၊ လူကြိုက်များလာတဲ့ သူတို့ရဲ့ ကခုန်မှုတွေဟာ ပြည်တွင်းဖြစ်တော့ မဟုတ်ပါဘူး။

နိုင်ငံခြားကလာတဲ့ ယဉ်ကျေးမှု ဆိုပေမယ့် မြန်မာပြည်က ကချေသည်တွေက နိုင်ငံခြားထက် ပိုပြီး ကြိုးစားရတာ ရှိနေတယ်လို့ ဆိုရပါမယ်။

ကချေသည်တွေ ပြောတာကတော့ အကမျိုးစုံ ကခုန်တတ်အောင် လေ့ကျင့်ထားရပါတယ် တဲ့။

ပြည်ပ အကအဖွဲ့တွေဟာ မတူခြားနားတဲ့ ခေတ်ပေါ်ကခုန်မှုပုံစံမျိုးစုံကို ကကြမယ် မထင်ပါ။
အက အမျိုးအစားများစွာ ရှိတဲ့အနက် သူတို့နှစ်သက်ရာ၊ သူတို့ ပိုမို ကျွမ်းကျင်ရာကိုပဲ ကကြမယ် ထင်ပါတယ်။

မြန်မာပြည်မှာတော့ အထက်မှာဆိုခဲ့သလိုပဲ အကမျိုးစုံ ကခုန်တတ်အောင် လေ့ကျင့်ထားကြတာပါ။
ဒါမှလည်း ဈေးကွက်ဝင်တဲ့ အကအဖွဲ့ဖြစ်မယ်၊ အဆိုတော် ဂီတသမားမျိုးစုံနဲ့ တွဲပြီး တင်ဆက်ဖျော်ဖြေနိုင်ကြမှာ ဖြစ်ပါတယ်။
http://blog.irrawaddy.org/2013/05/blog-post_26.html#more

25 May 2013

မြန်မာအသင်း ပါလက်စတိုင်းကို ၉ ဂိုး သွင်း

 
 
 မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် ပါလက်စတိုင်း အမျိုးသမီးအသင်းကို ၉ ဂိုး -
ဂိုးမရှိနဲ့ နိုင်သွားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အွန်လိုင်းမှာ ရေးထားပါတယ်။ 
"ပါလက်စတိုင်းအသင်း မှာ ခန္ဒာကိုယ်ကြံ့ခိုင်တောင့်တင်းမှုရှိသော်လည်း တစ်ဦးချင်း ခြေစွမ်းအရ မြန်မာကစားသမားများကို ယှဉ်မကစားနိုင်ခဲ့ပေ" လို့ အဲဒီမှာ ရေးပါတယ်။

မနက်ဖြန် ထိုင်ဝမ်ကို နိုင်ရင်  မြန်မာအသင်း အာရှချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်တွေကို တက်မယ်လို့ သိရပါတယ်။
အားကစားသတင်းတွေ၊ ဆောင်းပါးတွေကို ဧရာဝတီ အားကစား စာမျက်နှာမှာလည်း ပုံမှန် ဖော်ပြနေပါတယ်။ လိပ်စာက http://burma.irrawaddy.org/archives/category/all2/allsports ဖြစ်ပါတယ်။
ပါလက်စတိုင်း ခြေစွမ်း နဲ့ သူ့ပရိသတ်
၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုပွဲတွေ ပါလက်စတိုင်းမှာ ကန်နေတာပါ။ ဆိုခဲ့သလိုပဲ အိမ်ရှင်အသင်းက ခြေစွမ်း အားနည်းပါတယ်။ သူတို့ဆီမှာ လူဦးရေနည်းပါးတဲ့အတွက် ဘောလုံးဝါသနာပါသူ၊ ကစားလိုသူ နည်းပါးတာကြောင့် ဒီလိုအခြေအနေ ဖြစ်နေပုံပါပဲ။ ကန်သူ နည်းတဲ့အပြင် ဘောလုံးပွဲကြည့်သူလည်း နည်းပါတယ်။ အထူးတန်းပွဲကြည့်စင်မှာပဲ လူခပ်ကျဲကျဲ ရှိနေတာကို ဓာတ်ပုံများထဲ တွေ့ရမှာပါ။
ဒါတောင်မှ ကိုယ့်အသင်းကန်တဲ့အခြေအနေပါ။ ကိုယ့်အသင်း မပါတဲ့ပွဲတွေဆိုရင် ပရိသတ်အရေအတွက် ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းကြည့်ပါတော့။
အထူးတန်းပွဲကြည့်စင်မှာ ရှိတဲ့ ပရိသတ် နည်းနည်းလေးဟာ ပါလက်စတိုင်း ပရိသတ်မဟုတ်ဘဲ ထိုင်ဝမ်၊ အိန္ဒိယအသင်းက ကစားသမားတွေ၊ နည်းပြတွေလည်း ဖြစ်နိုင်ပါတယ်

ဂိုးမိုး

မြန်မာအသင်းနည်းပြက သူ့ကစားသမားတွေဟာ ပါလက်စတိုင်းကို ၆ ဂိုး ထည့်မယ်လို့ ကြုံးဝါးခဲ့တာ ဒီလိုအခြေအနေတွေကို သိလို့ ပြောရဲဆိုရဲခဲ့တာဖြစ်ပါလိမ့်မယ်။  အခုတော့ ၉ ဂိုး ထည့်လိုက်ပါပြီ။


ဗုဒ္ဓဟူးနေ့ကလည်း ထိုင်ဝမ်အသင်းက ပါလက်စတိုင်းကို ၆ ဂိုး ထည့်ခဲ့ပါတယ်။

နိုင်ငံက အသစ်၊ လူဦးရေလည်း နည်းပါးတဲ့ ပါလက်စတိုင်းရဲ့ အမျိုးသမီးအသင်းက ဒီလိုအနေအထား ဖြစ်နေတာ မထူးဆန်းပါဘူးလို့ ဆိုရပါမယ်။

ပါလက်စတိုင်းရဲ့ လူဦးရေက ၄ သန်း ဝန်းကျင်ပဲ ရှိပါတယ်။

မြန်မာက သန်း ၆၀၊ တရုတ်တိုင်ပေ လို့ ဆိုကြတဲ့ ထိုင်ဝမ်က ၂၃ သန်း အသီးသီး ရှိကြပါတယ်။


လင်မယားနှစ်ယောက်ကိုအုတ်ခဲနဲ့ထုတဲ့ပုသိမ်ကဗိုလ်ကြီး



 နေအိမ်ရှေ့မှာ ကားရပ်လို့ဆိုပြီးတော့ ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းက ဗိုလ်ကြီး ဖြိုးပြည့်အောင်က ကားပိုင်ရှင်လင်မယားကို ပါးရိုက်၊
ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပုသိမ်မြို့ ဘူတာဈေးအနီးမှာ ဒီကနေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ပါတယ်။

 ပုသိမ်မြို့ ဗွက်ကြီးတန်းလမ်းထဲမှာ ဖွင့်ထားတဲ့ “မျိုး” စားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေဟာ ဒီနေ့မနက် ၈ နာရီလောက်က သူ့ဇနီးနဲ့အတူ ဘူတာဈေး (အောင်ဧရာဈေး) ကို ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။

 ဦးမျိုးဝေဟာ ဘူတာဈေးနားရောက်တော့ ဒေါက်တာ အောင်ငြိမ်းရဲ့နေအိမ်ရှေ့ ကားလမ်းဘေးမှာ ကားကိုရပ်ခဲ့ပါတယ်။ နေအိမ်နဲ့ ကားရပ်ထားတဲ့နေရာဟာ အနည်းဆုံး ပေ ၂၀ လောက် အကွာအဝေး ရှိတယ်လို့ ဦးမျိုးဝေက ဧရာဝတီကိုပြောပါတယ်။

 “ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။
 ၁၀ မိနစ်လောက် နေတော့ အဲဒီအိမ်ထဲကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကို ကားရွှေ့ပေးပါတဲ့။ မင်းဆိုင်ကယ်ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြောတယ်”

 “အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင်ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့်ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ၊
မင်းကားထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ပြောရော သူက ဆဲပြီးတော့ ပါးကို ၁ ချက် စရိုက်တယ်
  “ပါးကိုရိုက်ပြီး သူတို့အိမ်ရှေ့မှာ စိုက်ထားတဲ့အပင်အောက်က အုတ်နီခဲတွေ သွားယူတယ်။ ကျနော်လည်း ကားပေါ်ကဆင်းလိုက်တော့ အုတ်နီခဲနဲ့ ၂ ချက် ပစ်တယ်။ ပထမ ၁ ချက်ပစ်တာ
 ရှောင်လိုက်တော့ လွတ်သွားပြီးတော့မှ နောက် ၁ ချက် ထပ်ပစ်တော့ မလွတ်တော့ဘူး။ ခေါင်းကိုထိပြီး မူးလဲသွားတယ်။ အဲဒီမှာ ခြေထောက် ၂ ချောင်းကို ဆွဲထားပြီးတော့ ရင်ဘတ်ကို တက်နင်းတယ်။ ကန်တာတွေလုပ်တယ်” လို့ ရိုက်နှက်ခံခဲ့ရတဲ့ ဦးမျိုးဝေက ပြောပါတယ်။

 ခင်ပွန်းဖြစ်သူကို ထိုးကြိတ် ကန်ကြောက်နေလို့ ဦးမျိုးဝေရဲ့ဇနီး ဒေါ်သူဇာက ၀င်ရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။ 

 ဗိုလ်ကြီး ဖြိုးပြည့်အောင်က ဒေါ်သူဇာကိုပါ အုတ်နီခဲနဲ့ပေါက်၊ ဗိုက်ကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တယ်၊  ဗိုလ်ကြီး ဖြိုးပြည့်အောင်ရဲ့ဖခင် ဒေါက်တာ အောင်ငြိမ်းကလည်း သံပိုက်လုံးနဲ့ ၀င်ရိုက်ခဲ့တယ်လို့ ဈေးအနီးမှာနေထိုင်တဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီလိုရိုက်နှက်နေတာကို ဈေးသွားဈေးလာတွေနဲ့ ဈေးသည် ၃၀၀ လောက်က ၀ိုင်းအုံ ကြည့်ရှုနေကြပါတယ်။

“ကျမတို့က ၀င်မဆွဲရဲဘူး။ ၀င်ဆွဲရင် ကိုယ်ပါ အရိုက်ခံရနိုင်တယ်။ ဈေးနားက လူတယောက် ၀င်ဆွဲတာတောင် သူ့ကိုရန်ပြုမယ်လုပ်လို့ မဆွဲတော့ဘဲ ပြန်သွားတယ်”လို့ ဈေးသည်အဒေါ်ကြီးတဦးက ပြောပါတယ်။

 ဗိုလ်ကြီးတို့သားအဖရဲ့ လက်ချက်ကြောင့်   ဦးမျိုးဝေနဲ့ ဇနီး ဒေါ်ခင်သူဇာတို့မှာ ဒဏ်ရာအသီးသီးရခဲ့ပြီး ပုသိမ်ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ တက်ရောက်ကုသနေရကြောင်း သိရပါတယ်။

 ရိုက်နှက်ခံရသူတွေရဲ့ တိုင်တန်းမှုကြောင့် ဒေါက်တာ အောင်ငြိမ်းနဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်တို့ကို ပုသိမ်မြို့ အသည်ကြီးရဲစခန်းက  ပြစ်မှုအမှတ် (၉၉/၂၀၁၃)
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု)၊
၃၂၅ (နာကျင်ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု) နဲ့
၃၅၄ (ကာယအိနြေ္ဒပျက်စီးသည်အထိ လက်ရောက်မှု) တို့နဲ့ အမှုဖွင်အရေးယူထားကြောင်း သိရပါတယ်။

သားအဖ ၂ ဦးကို ရဲက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးထားတယ်၊ သူတို့အိမ်နားမှာတော့   ရဲတပ်သားတွေ လုံခြုံရေးယူကာ စောင့်ကြပ်နေကြောင်း သိရပါတယ်။

ရိုက်နှက်ခံရသူတိုရဲ့ ဆွေမျိုးတွေကတော့ အခုကိစ္စကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း ပြောပါတယ်။

 ပုသိမ်လေတပ်စခန်းဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်ဟာ အသက် ၂၇ နှစ်ရှိပြီး ကိုယ်ပိုင်အမှတ် (လေ - ၃၂၆၂) ဖြစ်ကြောင်း သိရပါတယ်။

ဗိုလ်ကြီး ဖြိုးပြည့်အောင်က အရင်တုန်းကလည်း သူ့အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်တဲ့လူ၊ ဈေးရောင်းတဲ့လူတွေကို ရန်စ စော်ကားရိုက်နှက်တဲ့လုပ်ရပ်တွေ ကျူးလွန်တာ ၄ ကြိမ် ရှိပြီလို့ ဘူတာဈေးက ဈေးသည်တွေက ပြောပါတယ်။

 “သူတို့အိမ်ရှေ့မှာ ဈေးသည်က သခွားသီးတွေခင်းရောင်းနေတာကို ကားနဲ့တက်ကြိတ်ပစ်တယ်။ အဲဒါနဲ့ ဈေးသည်က သူ့ပစ္စည်းတွေသိမ်းနေတုန်း ပြန်ရောက်လာပြီး မြန်မြန်မဖယ်ဘူးလား လူပါတက်ကြိတ်ပစ်လိုက်ရမလား ဆိုပြီး ပြောတယ်။
အဲဒီလို ဥပဒေမဲ့ရမ်းကားနေတဲ့လူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”လို့ ဘူတာဈေးက ကုန်စိမ်းရောင်းသူဈေးသည်တဦးက ပြောပါတယ်။


24 May 2013

ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီ

လွှတ်တော်ကနေ စုံစမ်းရေး ကော်မတီဖွဲ့ခဲ့ရပြီး လူအများ စိတ်ဝင်စားနေကြတဲ့ ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာ ဖော်ထုတ်နိုင်ပါပြီ။ 

  ဒေါက်တာ ဆိတ်ဖွား ကလောင်နဲ့ ရေးသားခဲ့တဲ့ ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား ဆိုတဲ့ ဆောင်းပါး


မကြာခင်မှာပဲ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ အများသူငါ သိကြရပါတော့မယ်။


လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ဝေဖန်မှုများ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲခံထားခဲ့ရတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုသူကို ဖော်ထုတ်နိုင်ပြီ ဖြစ်ပြီး စုံစမ်းမှု ရလဒ်ကို လာမယ့် လွှတ်တော်မှာ တင်ပြပါတော့မယ်။ 

ဒေါက်တာဆိတ်ဖွားကလည်း နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ၀န်ခံသွားပါပြီဆိုတဲ့ သတင်းဖြစ်တာ  ကြားမိကြပါလိမ့်မယ်။

ဒေါက်တာ ဆိတ်ဖွား ဆိုသူဟာ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်နဲ့ အွန်လိုင်း ဘလော့ဂ် စာမျက် နှာ တခုမှာ ရေးခဲ့လို့ ပြည်ထောင်စု လွှတ်တော်ကြီးကတော့ ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင် ဖွဲ့ခဲ့ရတာ မဟုတ်ပါလား။ 

ဒါကြောင့် စုံစမ်းရေး ကော်မရှင်က ဌာနဆိုင်ရာ အရာရှိတွေနဲ့ ပြည်တွင်းက မီဒီယာတချို့ကို ခေါ် ယူ
မေးမြန်းမှုတွေ လုပ် ခဲ့ပြီးမှာ အခုတော့ ဖော်ထုတ်နိုင်ပြီလို့ ဆိုလာတာပါ။ 

 စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “စုံစမ်းမေးမြန်းမှု အကုန်ပြီးသွားပြီ၊ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း နာယကကြီးကို တင်ပြပြီးပြီဆိုတော့ ဇွန်လ ၂၅ ရက်နေ့မှ လွှတ်တော်တွေ ပြန် စ မယ် ဆိုတော့ အဲဒီအခါ ကျရင်တော့ ကျနော်တို့ ကော်မရှင် ဥက္ကဋ္ဌ ဦးမြငြိမ်းက ဖတ်ကြားနိုင်ပါတယ်။ ပြီးမှသာ ရှေ့ ဆက် အရေးယူ မယူဆိုတာကို သိရမှာပါ” ဟု ဧရာဝတီကို ပြောပါတယ်။ 

ဒီတော့ ဒေါက်တာ ဆိတ်ဖွားဆိုသူနဲ့ပတ်သက်တဲ့ သတင်းကိုတော့ ဧရာဝတီ မြန်မာပိုင်းက ခင်ဦးသာ
ရေးသား တင်ပြထားတဲ့ ဒေါက်တာ ဆိတ်ဖွား စုံစမ်းမှုရလဒ် လာမည့် လွှတ်တော်တွင် တင်ပြမည် ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ် နိုင်ပါပြီ။ 
 http://blog.irrawaddy.org/2013/05/blog-post_5693.html#more