http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012


“အမေ လူထုဒေါ်အမာ”၊ “ဒေါ်ဒေါ်”၊ “လူထုဒေါ်အမာ” ဟု စာပေနယ်မှ စာရေးဆရာများသာမက ပြည်သူလူထုကပါ ချစ်ခင် လေးစားစွာ တရင်းတနှီး ခေါ်ဆိုခဲ့ကြသော စာရေးဆရာမကြီး လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေး ပြည်သူ့ဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။ ဆရာမကြီး လူထုဒေါ်အမာသည် ကွယ်လွန်ချိန်အထိ ပြည်သူအကျိုးပြု စာရေးဆရာ၊ သတင်းစာဆရာမကြီးဖြစ်သည်။

စာရေးဆရာမကြီး လူထုဒေါ်အမာကို မန္တလေးမြို့၊ လက်ဆည်ကန် ဂုန္တာန်ရပ်၌ အဖဦးထင်၊ အမိဒေါ်စုတို့မှ ၁၉၁၅ နိုဝင်ဘာလ ၂၉ ရက် နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၁၂ ယောက်အနက် စတုတ္တမြောက်သမီးဖြစ်သည်။ အမည်ရင်းမှာ “အမာ” ဖြစ်သည်။

၁၉၂ဝ-၂၃တွင် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်း၌ ဒုတိယတန်းအထိပညာသင်ခဲ့သည်။ ၁၉၂၃- ၃၁ တွင် အမျိုးသမီးနေရှင်နယ် ကျောင်း နှင့် အေဘီအမ် ကျောင်း၌ တတိယတန်းမှ နဝမတန်းအထိ ဆက်လက်ပညာသင်သည်။

မန္တလေးဗဟိုအမျိုးသားကျောင်းသို့ ဆက်လက်ပညာသင်ကြားကာ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၃-၃၅ တွင် မန္တလေး ဥပစာကော လိပ်သို့ ဓာတု၊ ရူပ၊ သင်္ချာဘာသာတွဲယူကာ တက်ရောက်သင်ကြားခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘီအေအငယ်တန်းတက်ခဲ့သည်။ အင်းလျားဆောင်သဟာသနှင့် စာဖတ်အသင်း အတွင်းရေးမှူးအဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ အသက်၂ဝ ကပင် နဂါးနီသတင်းစဉ်၊ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့တွင် “ခင်လှဝင်း”၊“မြမဉ္ဇူ”၊ “အမာ”၊ “အင်းလျားဆောင်သူတစ်ဦး” စသည့် ကလောင်ခွဲများဖြင့် ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။

အထူးသဖြင့် “မြမဉ္ဇူ” ကလောင်အမည်ဖြင့် ကြီးပွားရေးမဂ္ဂဇင်းတွင် ဘာသာပြန်ဝတ္တုတိုကလေးများ အများအပြား ရေးသားခဲ့ရာမှ ကြီးပွား ရေးဦးလှ (နောင် လူထုဦးလှ) နှင့် စတင်သိကျွမ်း ခင်မင်ရင်းနှီးခဲ့သည်။ ယင်းနှင့် ပတ်သတ်၍ ဆရာမကြီး လူထုဒေါ်အမာက -

“ဒီဝတ္တုကလေးတွေဟာ တခြားလူတွေအဖို့တော့ “သြော်ဒေါ်အမာ အသက်၂ဝ ကျော် ငယ်ငယ်ကရေးခဲ့တဲ့လက်ရာတွေကိုး” လို့ သာမန်ပဲ အောက်မေ့ပါလိမ့်မယ်။ ကျွန်မအဖို့တော့ ဒါလေးတွေကိုမြင်တော့ စာပေနယ်ထဲကို ကလောင်ကိုင်ပြီး ရဲရဲလှမ်းဝံ့အောင် ဦးလှ အားပေး အား မြှောက်ပြုခဲ့ပုံ၊ လက်တွဲခေါ်ခဲ့ပုံကို ပြန်မြင်ယောင်မိတယ်။ တချို့ဝတ္ထုကလေးတွေကို သူနဲ့ကျွန်မ အသိမိတ်ဆွေဘဝမှာ ရေးပါ၊ ရေးပါ သူ တိုကတွန်းအားပေးလို့ ရေးခဲ့တာလေးတွေပါ။ တချို့ဝတ္ထု က လေးတွေကတော့ သူနဲ့ကျွန်မမိတ်ဆွေနယ်ပယ်ကိုကျော်ပြီး ဝါသနာချင်းတူတယ်၊ အမြင်ချင်းတူတယ်၊ ဘဝကြင်ဖော်အဖြစ် လက်တွဲရရင်ကောင်းမယ်လို့ ကြံစည်စိတ်ကူးပြီး အမြင်ချင်း ညှိကြဆဲ၊ ဖလှယ်ကြဆဲ အချိန်တွေက ရေးပေးခဲ့တာတွေပါ။ တချို့ကတော့ သူနဲ့ အကြောင်းပါပြီးမှ ရေးခဲ့တာတွေပါ။ ဒါကြောင့် ဒီဝတ္ထုတိုလေးတွေကို ပြန်စုပြီးဖတ်ရတဲ့အခါ အဲဒီ ကာလကစပြီး နှစ် ၄ဝ လုံးလုံး စာပေတာဝန်တွေ လက်တွဲပြီးထမ်းခဲ့ကြတာတွေကိုလည်း သတိရတယ်။ ခင်ပွန်းသည်ရဲ့ စာပေကျေးဇူး ကြီး မားပုံတွေကိုလည်း သတိရ ကျေးဇူးတင်ရပါတယ်။” ဟူ၍ ၂ဝဝ၆ ခုနှစ် ဧပြီလထုတ် မြမဉ္ဇူဝတ္ထုတိုများ စာအုပ်အမှာတွင် ရေးသားထားလေသည်။

၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်း နောက်ဆုံးနှစ်စာမေးပွဲကျရှုံးပြီးနောက် ကျောင်းထွက်ခဲ့သည်။ ထို့နောက် မန္တလေးမြို့ ၈၄ လမ်းတွင် “မြန်မာ စက္ကူဆိုင်” ဖွင့်လှစ်သည်။

၁၉၃၈ ခုနှစ်တွင် မောရစ်ကောလစ် (Maurrice Collis) ရေးသားသည့် Trialas in Burma စာအုပ်ကို “မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှု အခင်းများ” အမည်ဖြင့် မြန်မာပြန်ဆို ထုတ်ဝေခဲ့သည်။

၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ တွင် ကြီးပွားရေးဦးလှနှင့်လက်ထပ်ခဲ့သည်။ ၁၉၄ဝ တွင် မောရစ်ကောလစ်၏ Sandanala ကို စန္ဒမာလာ အ မည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။ အဆိုပါစာအုပ်သည် ဗြိတိသျှလူမျိုးအနေနှင့် မြန်မာအဆန်ဆုံး အတွေးအခေါ်နှင့်ရေးထားသော မြန်မာ နောက်ခံဝတ္ထုဖြစ်ပြီး ဝတ္တုတွင် အဓိကဇာတ်ဆောင်များမှာ အိုင်ယာလန်လူမျိုး ပန်းချီဆရာကလေးနှင့် မြန်မာမင်းမျိုးမင်းနွယ် အမျိုးသမီး ကလေးတို့ဖြစ်သည်။ ဤဝတ္တုတွင် စာရေးဆရာသည် ဇာတ်လမ်းကို နှစ်သက်ဖွယ်ဖြစ်အောင်၊ အရေးအသားကို နှစ်ခြိုက်ဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသည့်အပြင် ဗြိတိသျှကိုလိုနီစနစ်နှင့် ဗျူရိုကရေစီကျင့်ထုံးကို ဆန့်ကျင်တိုက်ခိုက်ထားလေသည်။ မြန်မာတို့၏ နှစ်သက်ဖွယ် အလေ့အထများကို ရှေ့တန်းတင်ပေးထား၏။

အဆိုပါစာအုပ်ကို ဘာသာပြန်ခဲ့သော လူထုဒေါ်အမာကလည်း - “စန္ဒမာလာဟာ စိတ်ကူးယဉ်ဝတ္တုအနေနဲ့တော့ ဇာတ်လမ်းက ဆွဲဆောင်မှု တော်တော်ရှိပါတယ်။ ဖတ်မိရင် မချချင်အောင်ဘဲ ကောင်းပါတယ်။ ဒီစာအုပ်မှာ ဝတ္ထုဇာတ်လမ်းထက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက တော့ နယ်ချဲ့သမားရဲ့ ကိုလိုနီယန္တရားလည်ပတ်ပုံ တစ်စိတ်တစ်ဒေသကို ဖွင့်ဟထားတဲ့ အပိုင်းပါပဲ။ နယ်ချဲ့ရဲ့ ကိုလိုနီသူ့ကျွန်ဘဝကို မသိမီလိုက်ဘဲ ကိုလိုနီပုံစံသစ်ကိုသာ ကြားသိနေရတဲ့ လူငယ်လူရွယ်တွေအဖို့ ကိုလိုနီယန္တရားထဲမှာတော့ ပြင်သစ်နဲ့လည်းမတူ၊ ပေါ်တူဂီနဲ့ လည်း မတူ၊ ဒတ်ခ်ျနဲ့လည်း မတူ၊ အမေရိကန်နဲ့ လည်းမတူ၊ အညက်ညောဆုံးလည်ပတ်နိုင်တဲ့ ဗြိတိသျှစနစ်လို့ အမည်ရခဲ့တဲ့ ကိုလိုနီစနစ် ဘယ်လောက်ညစ်ပတ်စုတ်ပဲ့တယ်ဆိုတာကို တွေ့ပါလိမ့်မယ်။ မစ္စတာကောလစ်က သူ့ဇာတ်လမ်းဟာ ဝတ္ထုကောင်းပါ။ တကယ် မဟုတ်ပါ ဘူးလို့ဆိုပေမယ့် သူရေးခဲ့တဲ့ Trials in Burma စာအုပ်ကို ဖတ်မိရင် “စန္ဒမာလာ”ထဲ က ကိစ္စထဲကမျိုးတွေ တကယ်ကြုံတွေ့ရလို့ တနည်းတဖုံ သူက ဝတ္ထုထဲမှာ ခြယ်မှုန်းပြနိုင်တာပဲဆိုတာ သဘောပေါက်နိုင်ပါတယ်။ ပြီးတော့ မစ္စတာကောလစ်က စာအရေးကောင်းတစ် ယောက် မဟုတ်လား။ အဲဒီတော့ ဒီဝတ္ထုဟာ ဖတ်ပျော်တဲ့ဝတ္ထုတစ်ပုဒ်လို့တော့ ဆိုနိုင်ပါသေးရဲ့” ဟု စာအုပ်အမှာ၌ ရေးသားထားလေသည်။

၁၉၄၂-၄၄ ဒုတိယကမ္ဘာစစ်အတွင်း၌ ကပိုင်ရွာသို့ ခေတ္တပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သည်။ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် “လူထုဂျာနယ်” စတင်ထုတ်ဝေသောအခါ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ တစ်ဖက်မှလည်း Ashihel Hino အပိုင်း ၄ မှ Wheat and Soilder ကို “ဂျုံနှင့်စစ်သား” အမည်ဖြင့်လည်းကောင်း၊ Wanada Wasilewska ၏ The Rainbow ကို “သက်တန့်ရောင်” အမည်ဖြင့် မြန်မာပြန်ရေးသားထုတ်ဝေခဲ့သည်။

လူထုဂျာနယ် ထုတ်ဝေပြီး ၉ လနှင့် ၄ ရက်အကြာ ၁၉၄၆ ခုနှစ်၊ ဧပြီလ၁၉ တွင် လူထုသတင်းစာ စတင်ထုတ်ဝေသောအခါ အယ်ဒီတာအဖွဲ့ဝင် အဖြစ် ထမ်းရွက်ခဲ့သည်။ သတင်းစာ၌ “ဖခင်အောင်နိုင်” ကလောင်ခွဲဖြင့် “ဆွေးနွေးခန်း” ကို ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားသည်။ ဤသို့ဖြင့် လူထုသတင်းစာတွင် လူထုဦးလှနှင့်အတူ လွတ်လပ်ရေးအတွက် ဖဆပလအာဘော်တမျှ ရေးသားတိုက်ပွဲဝင်ခဲ့ရာမှ “လူထု ဒေါ် အမာ” ဟူ၍ ထင်ရှားလာခဲ့သည်။

ထိုနှစ်မှာပင် Gunther Stein ၏ The Challenge of Red China စာအုပ်ကို “ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ” အမည်ပေး၍ ဘာ သာပြန်ထုတ်ဝေခဲ့သည်။

ထို့နောက် လူထုသတင်းစာကို ၁၉၅ဝ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန် လည်ထုတ်ဝေခဲ့သည်။ ၁၉၅၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ဒိန်းမတ် နိုင်ငံ ကိုပင်ဟေပင်မြို့၌ ကျင်းပသော ကမ္ဘာ့ဒီမိုကရက်တစ် အမျိုးသမီးညီလာခံသို့လည်းကောင်း၊ ဟန်ဂေရီ နိုင်ငံ၊ ဘူဒါပတ်မြို့၌ ၁၉၅၃ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံသို့လည်းကောင်း၊ ရူမေးနီးယားနိုင်ငံ ဘူခါရက်ခ်မြို့၌ ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နှင့် ကျောင်းသားပွဲသို့လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဆိုဗီယက် အေရိုဖလုတ် လေကြောင်းဖွင့်ပွဲတွင် သတင်းစာဆရာကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရ၍ မော်စကိုသို့သွားရောက်ခဲ့ပြီး အပြန်တွင် အရှေဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယားနှင့် တရုတ်ပြည်သူ သမ္မတနိုင်ငံများသို့ လှည့်လည်ခဲ့သည်။

၁၉၆၃ ခုနှစ်တွင် “ဆိုရှယ်လစ်တိုင်းပြည်များသို့” C.wright Mill ၏ Listen Yankees“အိုယန်းကီးတို့” အမည်ဖြင့်လည်းကောင်း၊ Anna Lewis Strong ၏ Cash “ငွေနှင့်လက်နက်” အမည်ဖြင့်လည်းကောင်း စသည့်စာအုပ်များကို ရေးသားထုတ်ဝေသည်။ “ဆိုရှယ်လစ် တိုင်းပြည်များသို့” စာအုပ်သည် ဆိုဗီယက်၊ အရှေ့ဂျာမနီ၊ ချက်ကိုစလိုးဗက်ကီးယား၊ တရုတ်နိုင်ငံများသို့ နှစ်လနီးပါး ခရီးလှည့်လည်ရာမှ ကြုံတွေ့ခဲ့ရသော ပြည်သူတို့ဘဝ၊ စက်မှုလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ယဉ်ကျေးမှုသဘောထားများကို တင်ပြထားသောစာအုပ်ဖြစ်သည်။

၁၉၆၄ ခုနှစ်တွင် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ကိုထုတ်ဝေရာ ၁၉၆၄ ခုနှစ်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေပထမဆုကို ရရှိခဲ့သည်။ အဆိုပါစာအုပ်တွင် သတင်းကြီးသည့် မင်းသမီး မထွေးလေး၊ ရုပ်သေးမင်းသမီး ဆရာပုကြီး၊ မြခြေကျင်း မငွေမြိုင်၊ ကောလိပ်စိန် ခေါ် မမြလွင်၊ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၊ နန်းတော်ရှေ့ ဆရာတင်၊ အသံမင်းသမီး လေဘာတီ မမြရင်၊ မြို့မငြိမ်း စသည့်အနုပညာသည် ရှစ်ဦးတို့၏ စိတ်ဝင်စားဖွယ်ဘဝဖြစ်စဉ်များကို ယင်းတို့၏သီချင်းများနှင့်အတူ ပူးတွဲဖော်ပြရေး သားထားလေသည်။ ဤအနုပညာသည် ရှစ်ဦးမှာ ဇာတ်၊ ရုပ်သေး၊ အငြိမ့်၊ ဆိုင်းနှင့် သီချင်းရေးဆရာများဖြစ်၍ ခြုံ၍ဆိုရသော် သဘင်နယ်မှ အနုပညာသည်များအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ထိုသို့ ရေးသားရာ၌ ထိုပုဂ္ဂိုလ်များ၏ အနုပညာများကို လုပ်သားပြည်သူတို့က မည်ကဲ့သို့ နှစ်ခြိုက် စွဲလမ်းခဲ့ကြရသည်၊ မည်မျှ ကြည်နူးနှစ်သိမ့်ခဲ့ကြရသည်ကို ဦးစားပေး၍ထားလေသည်။

၁၉၆၆ ခုနှစ်တွင် Edgar Snow ကို The Other Side of The River ကို “ဘဝ ခြင်းမတူသည့် တရုတ်ပြည်” အမည်ဖြင့် ဘာသာပြန်ဆို၍ နှစ်တွဲခွဲထုတ်ဝေခဲ့သည်။

၁၉၆၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် လူထုသတင်းစာ ရပ်စဲခံရသည်။ ထိုနှစ်မှာပင် “အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး” စာအုပ်ကို ရေးသားထုတ်ဝေသည်။ ၁၉၆၉ ခုနှစ်တွင် “ရွှေရိုး၊ ဘကလေး” (နှစ်တွဲ) စာအုပ် ထုတ်ဝေခဲ့သည်။ ၁၉၇ဝ ခုနှစ်တွင် ရွှေမန်းတင်မောင်စာအုပ်ကို ပြုစုထုတ်ဝေသည်။ အဆိုပါ စာအုပ်နှင့်ပတ်သတ်၍ ဆရာမကြီးက “ရွှေမန်းတင်မောင်ကတော့ ကျွန်မရေးသမျှလူတွေထဲက ကျွန်မနဲ့ အရင်းနှီးဆုံး၊ သူ့အကြောင်း အရာကို အသိဆုံးတစ်ယောက်ပေါ့။ နို့ပေမယ့် ဒီလိုသိရုံနဲ့ စာတစ်အုပ်ဖြစ်အောင် ရေးလို့ရတာမဟုတ်သေးဘူး။ သူနဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးကို ခေါ်တွေ့ရသေးတယ်”ဟု ဆိုသည်။

ထို့နောက် ၁၉၇ဝ ခုနှစ်၊ မတ်လ ၃ ရက်နေ့၌ မန္တလေး ကွန်းသာယာ စာတမ်းဖတ်ပွဲ၌ “ဗမာ့ ဖန်ကျီလုပ်ငန်း” စာတမ်းကို ဖတ်ကြားသည်။ ၁၉၇၁ ခုနှစ်တွင် မန္တလေးဓမ္မဗိမာန်၌ “ကနေ့ ဗမာ့သဘင်အခြေအနေ” စာတမ်းကို ဖတ် ကြားသည်။ ၁၉၇၂ ခုနှစ် မန္တလေး နိုင်ငံတကာစာအုပ်နှင့် စာတမ်းဖတ်ပွဲ၌ “ကမ္ဘာ့အကြီးဆုံးစာအုပ်” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသည်။

၁၉၇၃ ခုနှစ်တွင် ‘အငြိမ့်’စာအုပ်ကို နှစ်တွဲခွဲ၍ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် “ရွှေဒေါင်းတောင် ဆောင်းပါးများ” စာအုပ်ကို ထုတ်ဝေသည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလတွင် “ဆရာကြီးသခင်ကိုယ်တော်မှိုင်း” စာအုပ်ကို ရေးသားထုတ်ဝေသည်။ ယင်းနှစ် သြဂုတ် ၁၉ တွင် ဟံသာဝတီသတင်းစာတိုက်၌ ကျင်းပသည့် “စနေစာပေဝိုင်း” စာတမ်းဖတ်ပွဲတွင် “အတ္တုပတ္တိစာပေ” စာတမ်းဖတ်ကြားသည်။

၁၉၇၈ ခုနှစ် Chester Ronning ၏ A memoir of China in Revolution ကို “တော်လှန်တဲ့တရုတ်ပြည် ကျွန်တော်မှတ်မိသမျှ” အမည်ဖြင့် ဘာသာပြန် ရေးသားထုတ်ဝေခဲ့သည်။

၁၉၈၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် နှစ်ပေါင်း ၄ဝ ကျော် ပေါင်းသင်း လာခဲ့သောခင်ပွန်းသည် လူထုဦးလှ ကွယ်လွန် သွားခဲ့သည်။ ၁၉၈၄ ခုနှစ်၊ မတ်လ၄ ရက်နေ့တွင် မန္တလေးမီးကြီးအတွင်း ကြီးပွားရေးစာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူသိုလှောင်ရုံ၊ စာအုပ်သိုလှောင်ရုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြန်သည်။ ဤသို့ လောကဓံတရား၏ ရိုက်ပုတ်မှုဒဏ်ကို ကြံ့ကြံ့ခံရင်း မိမိယုံကြည်မှုပန်းတိုင်ကို ဆက်လက် လျှောက် လှမ်းခဲ့သည်။ ထိုစဉ်က မုဆိုးမဘဝ၌ တစ်ဦးတည်း မိမိယုံကြည်ချက်ကိုမသွေဖီဘဲ မိမိစာပေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သတ်၍ ဆရာမောင်ထင်က သူ၏ “ပုဂ္ဂလအဘိဓာန်” ၌ “ဒေါ်အမာကို ဦးလှနှင့်အကြောင်းပါသည့်နေ့မှစ၍ သိခဲ့ကျွမ်း ခဲ့သည်ဆိုသော်လည်း “စာသိ” သာသိပါသည်။ လူချင်းတော်တော်နှင့် မဆုံမိပါ။ ကျွန်တော်တွေ့ရသောဒေါ်အမာသည် မာမာပါပဲ။ လောက ဓံလေလှိုင်းကြားထဲမှာ သူသည် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ခဲ့သည်။ ဦးလှကို ကျွန်တော်ပေါင်းသင်းခဲ့သည်မှာ ညီအစ်ကိုကဲ့သို့ဖြစ်သည်။ ထို့ ကြောင့် ဒေါ်အမာကို ကျွန်တော်က မောင်နှမကဲ့သို့ခင်သည်။

ထို့နောက် ကာလအတန်ငယ်ကြာသောအခါ ဦးလှသည် ရှုပ်ထွေးပွေလီသော လူဘောင်ကိုကျောခိုင်းသွားသည်။ ဒေါ်အမာက သားသမီး အခြွေအရံ ဆွေမျိုးညာတိ မိတ်ဆွေအခြံအရံတို့ဖြင့် မိမိ၏စာပေလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သည်။ မှတ်မိသလောက်မှာ ရှေးဦးစွာ စာပေ၊ ဂီတ၊ အက၊ ပန်းချီ၊ ကာတွန်း၊ အနုပညာရှင်တို့၏ အကြောင်းများကို တစ်အုပ်စီ တစ်အုပ်စီ ရေးသားထုတ်ဝေသည်။ ရွှေရိုးအမည်ခံ ကာတွန်းပညာရှင်ဦးဘကလေးသည် လောကကြီးကို ရုပ်ပြောင်ဖြင့်ကလိသည်။ ကျွန်တော်တို့ ရယ်ကြသည်။ သို့သော် တကယ်တော့ ရယ် စရာမဟုတ်။ မှတ်သားစရာ ဆင်ခြင်စရာ၊ သံဝေဂရစရာများသာဖြစ်သည်။ ဤသဘောကို ဒေါ်အမာကကျူးရင့်သည်။ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေမန်းတင်မောင် စသောဇာတ်သဘင်အနုပညာရှင်တို့အကြောင်းကို ဖွဲနွဲရင်းနှင့် ယင်းပုဂ္ဂိုလ်တို့၏ အနုပညာဉာဏ်ကို နှောင်းလူတို့နားလည် စေရန် သရုပ်ဖော်သည်။ စာဖတ်သူသည် သူတို့အကြောင်းကိုဖတ်နေတုန်းမှာ သူတို့အသံကို ကြားသိယောင်ယောင်၊ သူတို့အကကို မြင် သည့်ယောင်ယောင်ဖြစ်လာသည်။ မြို့မငြိမ်း၏ရုပ်လွှာကို စာဖြင့်ခြယ်မှုန်းရာ ကြည်ရွှင်မြူးကြွဖွယ်ကောင်းသလောက် လွမ်းဆွတ်တမ်းတဖွယ် လည်း ကောင်းလှပေသည်။

ဒေါ်အမာသည် အနုပညာအရာ၌သာလျှင် ဗဟုသုတဟင်းလေးအိုးကြီးနှင့် တူသည်မဟုတ်၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကိစ္စတို့၌လည်း ဗဟုသုတပြည့်စုံသည်။ အထူးသဖြင့် အမျိုးသမီးလောကထဲတွင် ပေါက်မြောက်အောင်မြင်သော လုပ်ငန်းရှင်များ၏အကြောင်းကို ဒေါ်အမာ ဖော်ပြသည်မှာ မြန်မာအမျိုးသမီးတို့၌ရှိသော မြန်မာ့ဇာတိ၊ စွမ်းရည်သတ္တိကို နှောင်းလူတို့ ဆက်လက်ကြီးပွားတိုးတက်အောင် ကြိုးပမ်းနိုင်ကြပါစေဟူသောဆန္ဒဖြင့် ဖော်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့် မြီးကောင်ပေါက်လုံမလေးများကို သတိပေးသောဆောင်းပါးများကို ကျွန် တော်တို့ ဖတ်ရှုခဲ့ရသည်။ ထို့ကြောင့် ဒေါ်အမာ၏ စာပေဆောင်ရွက်ချက်များကို အကဲခတ်သောအခါ ဒေါ်အမာ၏ ရင်ထဲတွင် ကြီးပွားစိတ်ဓာတ်ကိန်းအောင်းနေသည်ဟု ကျွန်တော်ယူဆသည်”ဟူ၍ ရေး သားထားလေသည်။

၁၉၈၅ ခုနှစ်တွင် ‘ချင်းတွင်းမှပင်လယ်သို့’ စာအုပ်ကို ထုတ်ဝေသည်။ ၁၉၈၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် “ပြည်သူချစ်သော အနုပညာ သည်များ” စာအုပ်၏ ငွေရတုသဘင်ပွဲကို အမရပူရ တောင်လေးလုံး၌ ကျင်းပသည်။ ထိုနှစ်မှာပင် “မြန်မာ့မဟာဂီတ” နှင့် “အာဖရိက ဝတ္တုတိုများ” စာအုပ်ကိုရေးသားထုတ်ဝေသည်။

၁၉၉ဝ ပြည့်နှစ်တွင် လူထုဦးလှနှင့် ပူးတွဲရေးသားသော “ဆေးလိပ်နဲ့ လူသား” စာအုပ်ကိုလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ဓနမဂ္ဂဇင်း၌ လစဉ်ရေးသားခဲ့သော ဆောင်းပါးများကိုစုစည်း၍ “မန္တလေးသူ၊ မန္တလေးသား” အမည်ဖြင့် စာအုပ်ကို လည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် ရနံ့ သစ်မဂ္ဂဇင်းတွင် ဇမ္ဒူဒီပါအောင်ထွန်းကလောင်ကွဲဖြင့် နိုင်ငံတကာရေးရာဆောင်းပါးများကို လည်းကောင်း၊ ထိုင်းဝတ္တုတိုများ (၁) ကိုလည်း ကောင်း ရေးသားထုတ်ဝေသည်။

၁၉၉၃ ခုနှစ်တွင် မဂ္ဂဇင်းများ၌ရေးသားခဲ့သော မန္တလေးဆိုင်ရာ ဆောင်းပါးများကိုစုပေါင်းလျက် “ရတနာပုံမန္တလေး၊ ကျွန်မတို့မန္တလေး” စာအုပ်ကို ထုတ်ဝေခဲ့သည်။ ယင်းနှစ်မှာပင် ထိုင်းဝတ္တုတိုများ (၂) ကိုထုတ်ဝေသည်။ ၁၉၉၄ ခုနှစ်တွင် “သာသနာ့ဝန်ဆောင် ဆရာ တော်ကြီးများ” စာအုပ်နှင့် “ကျွန်မတို့ငယ်ငယ်က” ကိုယ်ရေးအတ္ထုပတ္တိစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

၁၉၉၅ တွင် မန္တလေးမြို့၊ ဗဟိုအမျိုးသားကျောင်း ကျောင်းသားဟောင်းများဦးစီးထုတ်ဝေသည့် “၇၅ နှစ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ်မဂ္ဂဇင်း” တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလတွင် ရှုမဝ၊ ပန်၊ ဓန၊ ရင်ထဲငြိမ်း မဂ္ဂဇင်းတို့၌ ရေးသားခဲ့သော မြန်မာ့ပန်းချီဆိုင်ရာ ဆောင်းပါးများကို စုစည်း၍ “မြန်မာ့ ခေတ်သစ်ပန်းချီ” စာအုပ်ကိုထုတ်ဝေခဲ့သည်။ စာအုပ်ထုတ်ဝေရခြင်း၏ ရည် ရွယ်ချက်ကို ဆရာမကြီးက “ဒီလို မြန်မာပန်းချီဆရာများရဲ့ အကြောင်းတွေကို ကျွန်မလက်လှမ်းမီတာများကို ရေးပြီးစုပေးထားလိုက်တော့ “ကျွန်တော်တို့ မြန်မာပန်းချီဆရာတွေရဲ့ အတ္ထုပထ္တိမှန်မှန်ကန်ကန်မှတ်တမ်းတင်ပြီးသား ရှိသေးတာမဟုတ်ဘူး” ဆိုတဲ့ ဦးအောင်ခင်ရဲ့ ပြောဖူးတဲ့စကားကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းရာလည်း ရောက်ပါတယ်။ ရေးလာတော့လည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလိုပဲ မြန်မာပန်းချီဆရာတွေရဲ့ ပင်မကိုရော အခက်အလက်တွေကိုရော ပါဝင်ရေးသားမိတာများလည်း ပါလာတာပေါ့။

ဥပမာ ကျွန်မတို့ မြန်မာနိုင်ငံကို ခေတ်သစ်ပန်းချီ ၂ဝ ရာစု နှစ်ဦးပိုင်းဆီမှာ စတင်ရောက်ရှိလာတော့ လူတွေက ဒီပန်းချီကို ဘယ်ပုံဘယ်နည်း စတင်လက်ခံခဲ့ကြတယ်။ ဖွံဖြိုးလာအောင် အဲဒီခေတ် စာနယ်ဇင်းများက ဘယ်လိုကြိုးပမ်းပေးကြတယ်။ ဒီပန်းချီမျိုးစေ့ကို စိတ်ကောင်းရှိကြတဲ့ ဗြိတိသျှလူမျိုး အနုပညာသမားသုံးလေးဦးက မြန်မာလူငယ်တွေထဲ ဘယ်လိုချပေးခဲ့ကြတယ်။ သူတို့ ဘယ်လိုပြုစုပျိုးထောင်ပေးကြတယ်ဆိုတာများလည်း ပါလာတယ်လေ။

ဆီဆေးမှာ ဦးဘဉာဏ်၊ ရေဆေးမှာ ဦးဘဇော်တို့ကနေပြီး တပည့်တပန်းတွေ ဘယ်လိုပွားများရှင်သန်လာတယ်ဆိုတာများလည်း ပါလာ တာပေါ့။ မြန်မာကာတွန်းစတင်ရတဲ့ ခေတ်ဦးကာလမှာ ဦးဘဇော်တို့ လက်ရာကလေးများ ဖော် မှုလည်း ပါသေးရဲ့။ ဒီစာအုပ်ဟာ ခေတ်သစ် မြန်မာ့ပန်းချီသမိုင်း အပြည့်အစုံ တော့မဟုတ်ပါဘူး။ နို့ပေမယ့် ပန်းချီသမိုင်းအတွက် တစ်စုံ တစ်ခုသော အထောက်အပံ့တော့ ဖြစ်စေနိုင်မှာပါ” ဟူ၍ စာအုပ်အမှာ၌ ရေးသားထားလေသည်။ ထိုနှစ်၌ပင် မဂ္ဂဇင်းဆောင်းပါးကိုစုစည်း၍ “မေမေ့ရှေးစကား” စာအုပ်ကို ထုတ်ဝေသည်။

ထို့နောက် ဆရာမကြီးသည် “တောင်အာရှပြတင်းပေါက်များ (၁၉၉၉)၊ မေမေ့ရှေးစကား (ဒုတိယတွဲ) (၂ဝဝဝ)၊ ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည် သို့ (၂ဝဝ၁)၊ ဆယ့်နှစ်ပွဲဈေးသည်နှင့် ကျွန်မတို့အညာ (၂ဝဝ၂)၊ လွမ်းသူ့စာ (၂ဝဝ၃)၊ စာအုပ်ဆိုင်က လူဝင်လူထွက် အတွေးအမြင်ဆောင်း ပါးများ (၂ဝဝ၄)” စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။

ဆရာမကြီး လူထုဒေါ်အမာ၏စာအုပ်များနှင့် ပတ်သတ်၍ ဆရာပါရဂူက “လူထုဒေါ်အမာ၏ စာများသည် မလွတ်တမ်း ဖတ်သင့်ဖတ်ထိုက်သော စာများဖြစ်သည်။ လူထုဒေါ်အမာသည် ယခင်က စာကို စာအရေးအသားမျိုးနှင့်ရေးပြီး ထို့နောက် စကားပြောအရေးနှင့်ရေးသည်။ သို့ရာတွင် လူထုဒေါ်အမာ၏စာများသည် စာဖတ်သူအား ဆွဲဆောင်ခေါ်ငင်သွားသည်ဖြစ်၍ စာ၏ဆွဲဆောင်ရာသို့ပါသွားသော စာဖတ်သူသည် စာကို စကားပြေနှင့် ရေးနေသလား၊ စာရေးသလိုရေးနေသလားဟူသည့် အရေးအသား ကွဲပြားခြားနားမှုဆီသို့ပင် အာရုံမရောက်နိုင်တော့ပေ။

ပင်ကိုယ်အလှရှိသော မိန်းမပျိုသည် သနပ်ခါးရေကျဲ လိမ်းလိမ်း၊ နှုတ်ခမ်းနီဆိုးဆိုး လှမြဲလှနေမည်။ လူထုဒေါ်အမာ၏စာတွင် “ပင်ကိုယ် အလှရှိသည်” ဟူ၍ မှတ်ချက်ချထားလေသည်။

မည်သို့ဆိုစေ ၂၆ နှစ်လုံးလုံး မုဆိုးမဘဝဖြင့် စာပေတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့သော ဆရာမကြီးလူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ရာ ဆရာမကြီး၏ နောက်ဆုံးခရီးကို သမီးဖြစ်သူ ဒေါက်တာမြမဉ္ဇူက ၂ဝဝ၈ ခုနှစ်၊ ဇူလိုင်လထုတ် ရွက်နုဝေမဂ္ဂဇင်းတွင် “ကြေ ကွဲဖွယ်ပုံရိပ်များ” ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားထားလေသည်။

“ဒီတစ်ခါ သွေးဝမ်းသွားတာ ရပ်မသွားဘဲ ထပ်ခါထပ်ခါ ပါနေနေတာမို့ သွေးတွေသွင်းရပြီး အကြောဆေးတွေလည်း အချိန်နဲ့ထိုးနေရတာ ကြောင့် အမေ့လက်က သွေးကြောလေးတွေ ထပ်ကာတလဲ ထိုးနေရတာတော်တော်လေးပန်းရှာတယ်။ “သြော် ဇရာဇရာလို့ ငြီးတတ်ပြီး ငါဒီလိုများဖြင့် အသက်မရှည်ချင်ဘူး” လို့လည်းပြောရှာတယ်။ ဆေးရုံတက်ရတဲ့ ၆ ရက်မြောက်တဲ့ညမှာ အမောဖောက်လာတယ်။ တစ်ည လုံး မောရှာတယ်။ အနားမှာရှိနေတဲ့ သားသမီးတွေမျက်နှာ တစ်ယောက်စီရှာပြီး ကြည့်ရှာတယ်။ ဆရာဝန်ဖြစ်တဲ့ကျွန်မ အမေ့မျက်နှာကို မကြည့်ရဲဘူး။ အမေ့ကုတင်နား ဘေးကတန်းလေးပေါ် မျက်နှာဝှက်ထားရတယ်။ ကျွန်မ အမေမောတာပြေအောင် လုပ်မပေးနိုင်ဘူး။ တကယ်တော့ ကျွန်မ အမေ့နားဘေးမှာ မျက်နှာဝှက်ပြီးငိုနေတာပါ။ ဒီအမောကို ဘယ်သူမှပြေအောင် လုပ်မပေးနိုင်ခဲ့ပါဘူး။ တစ်ညလုံး မောပေမယ့် သတိတစ်ချက်မလွတ်ခဲ့ဘူး။ ညနေတိုင်း အတူတူတရားထိုင်ဘက် မဆွေက အဖွားတရားထိုင်ကြစို့ဆိုတော့ ဘယ်နှစ်နာရီ ထိုးပြီလည်းတဲ့။ ငါးနာရီလို့ဆိုတော့ တရားရအောင်ထိုင်ရှာသေးတယ်။ ကျွန်မတို့ပရိတ်တွေ တစ်ညလုံးရွတ်ပါတယ်။ မောနေတဲ့အ သံ ကျယ်ကြီးနဲ့ အမေပရိတ်ဝင် ရွတ်ပါသေးတယ်။

ဧပြီလ ၇ ရက်နေ့ နံနက်လင်းတော့ မောတာအသံပျော့လာပြီး ပြင်းပြင်း ထန်ထန်မောဖို့ အင်အားမရှိရှာတော့ဘူး။ တော်တော်လေးညင် သာလာပြီး နံနက် ၈ နာရီ ၃၇ မိနစ်မှာ ဆုံးရှာတယ်။ လူတိုင်းလျှောက်ရမယ့် အိုခြင်း၊ နာခြင်းကို အမေပင်ပန်းစွာဖြတ်သန်းခဲ့ရတယ်”

သို့ကလို ပြည်သူ့အကျိုးပြုစာများကို ကွယ်လွန်ချိန်အထိ ရေးသား၍ ပြည်သူဘက်မှ အမြဲ ပြတ်ပြတ်သားသား ရပ်တည်ကာ ပြည်သူ့အကျိုးကို ထမ်းရွက်သွားသော စာရေးဆရာမကြီးလူထုဒေါ်အမာသည် ပြည်သူချစ်သောပညာရှင်အဖြစ် ထာဝရကမည်းတွင်နေမည်မှာ မလွဲဧကန်ပင်တည်း။

http://moemaka.blogspot.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif