ရထားဝန်ကြီး ဦးအောင်မင်း (ယာ) ပဒို မန်းငြိမ်းမောင် (အလယ်) နှင့် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီတို့ကို မတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - KIC)
ပဒို မန်းငြိမ်းမောင်သည် ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ကာလအတွင်း KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးနှင့် ပတ် သက်ပြီး အကူအညီများ ပေးခဲ့သည်ဟု သိရသည်။
အစိုးရက ပဒို မန်းငြိမ်းမောင်ကို လွှတ်ပေးလိုက်သည့်အပေါ် KNU က ကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် ချောမွေ့စေရေး အတွက် တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကိုလွှတ်ပေးရန် တိုက်တွန်းကြောင်း စောဒေးဗစ် တာကဘောက ဆက်ပြောသည်။
အပြစ်အခတ် ရပ်စဲရေးခိုင်မာစေရေး၊ ဆက်လက်၍ ယုံကြည်မှု တည်ဆောက်ရေးမှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက် လုပ်ရမည်ဖြစ်ကြောင်း၊ ပဒို မန်းငြိမ်းမောင် ပြန်လည်လွတ်ခြင်းသည် ယုံကြည်မှုတည်ဆောက်ရေးတွင် ကောင်းမွန်သည့် ခြေ လှမ်းဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်တိုးတက်လာမှသာလျှင် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်လာ ကာ တတိုင်းပြည်လုံး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်း က ပြောဆိုသည်။
မတ်လ ၂၄ ရက်နေ့က မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး သံတမန် တဦးဖြစ်သည့် ၀န်ကြီး ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ တို့က သမ္မတ အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့သည့် ပဒို မန်းငြိမ်းမောင်ကို ထိုင်း နိုင်ငံ၊ မဲဆောက်မြို့တွင် KNU တာဝန်ရှိသူများထံ လာရောက် အပ်နှံခဲ့သည်။
ထိုသို့အပ်နှံရာတွင် ယခင် စစ်အစိုးရ လက်ထက်ကတည်းက မတရား ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ်ခံထားရသော တိုင်းရင်း သား နိုင်ငံရေး အကျဉ်းသား များစွာတွင် ကရင် တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား ၆၀ ကျော် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေးသည် အရေး အကြီးဆုံး ခြေလှမ်းဖြစ်ကြောင်း KNU က ပြောဆိုခဲ့သည်ဟု သိရသည်။
ထို့အပြင် မီဒီယာ လွပ်လပ်ခွင့်၊ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့် ၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေး တို့တွင် ကဏ္ဍအလိုက် တာဝန်ခွဲဝေ လုပ်ကိုင်မှုရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အရေး များဆိုင်ရာနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်စရာများရှိကြောင်းလည်း စောဒေးဗစ် တာကဘောက ပြောဆိုသည်။
ပဒို မန်းငြိမ်းမောင်ကို မြန်မာ အစိုးရက နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁၊ တရားမ၀င် အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ စွပ်စွဲချက်များဖြင့် မတ်လ ၁၃ ရက်နေ့က တစ်သက်တစ်ကျွန်း အပြင် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ကို တရားသူ ကြီး ဦးလှဝင်းက အင်းစိန်အကျဉ်းထောင်တွင်း တရားရုံး၌ အမိန့် ချမှတ်ခဲ့သော်လည်း မတ်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာ အမိန့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
မဲဆောက်မြို့သို့ ရောက်ရှိလာသော မန်းငြိမ်းမောင်က သတင်းထောက်များကို မြန်မာနိုင်ငံတွင် ယခုကဲ့သို့ နိုင်ငံရေးပြုပြင် ပြောင်းလဲရေး လုပ်နေချိန်၌ ၄င်းကို ပြန်လွှတ်ပေးခြင်းသည် နိုင်ငံ့ခေါင်းဆောင် တဦးအနေဖြင့် အမြော်အမြင်ရှိသည့် လုပ်ရပ်ဖြစ် ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မဲဆောက်မြို့ရောက် အစိုးရ မိးရထား ၀န်ကြီး ဦးအောင်မင်းကလည်း သတင်းထောက်များကို သူပေးခဲ့သည့် ကတိစကား တည်ကြောင်း ပြောဆိုခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ပဒို မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း KNU ခေါင်းဆောင်များအား ဦးအောင်မင်းက ပြောဆိုခဲ့ဖူးသည်။
KNU အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် မကြာမီ ရန်ကုန်နှင့် နေပြည်တော်မြို့များသို့ သွားရောက် ရန်ရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့်ပတ်သက်၍ KNU အဖွဲ့အတွင်း သဘောမတူမှုများ ရှိသည်ဟူသော ပြောဆို ဝေဖန်မှုများကိုလည်း မဟုတ်မှန်ကြောင်း စောဒေးဗစ် တာကဘောက ငြင်းဆိုသည်။
“သဘောမတူတာတော့ မရှိပါဘူး။ ငြိမ်းချမ်းရေး လုပ်ဖို့ကတော့ အားလုံးက သဘောတူပါတယ်။ ဒါပေမယ့် လုပ်နည်း လုပ် ဟန် နဲ့ပတ်သက်လို့ကတော့ အမြင်အမျိုးမျိုးရှိတာပေါ့ဗျာ၊ အဲဒါကို ပြန်ပြီး စုစည်းရမှာပေါ့ဗျာ။ စုစည်းပြီး ဆက်ပြီးဆောင်ရွက် သွားဖို့ ရှိပါတယ်”ဟု သူက ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာနှင့် ငြိမ်းချမ်းရေးရရှိရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) အနေ ဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် မဟာမိတ်များအတွင်း ဘုံ လိုအပ်ချက်များ ဆွေးနွေးညှိနှိုင်းပြီး တဆင့်ချင်း အကောင်အထည် ဖော်ဆောင်သွားကြမည် ဖြစ်သည်ဟုလည်း KNU က ဆိုသည်။
“ကချင်ဘက်မှာ စစ်ပြုနေမယ်။ ဒီဘက်မှာ ငြိမ်းချမ်းရေးယူမယ်။ ဒါဆိုရင် ကျနော်တို့တချိန်တုန်းက ခံရသလိုပေါ့ဗျာ။ ကရင် ကို အထီးကျန်လုပ်ပြီး စစ်ရေးအရ ချေမှုန်းမယ်ဆိုတာမျိုး၊ အခု ကချင်ကို အထီးကျန်လုပ်ပြီး စစ်ရေးအရ ချေမှုန်းနေတာ လား၊ အဲလိုဆိုရင်ရိုးသားပါ့မလား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးက မှန်မှန်ဖြစ်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့ဗျာ” ဟု စောဒေးဗစ် တာကဘောက ပြောဆိုသည်။ http://burma.irrawaddy.org/archives/7638
0 comments:
Post a Comment