http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2012

ဒေါ်အောင်ဆန်းစုကြည်အား ရှပ်ပြေးယာဉ် မငှားရမ်းရန် အာဏာပိုင်များက တားမြစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတ်လ ၂၄၊ ၂၅ ရက်နေ့ မြိတ်ခရီးစဉ်များအတွင်း အသုံးပြုရန်အတွက် ရှပ်ပြေးယာဉ်များအား ငှားရမ်းခြင်း မပြုရန် အာဏာပိုင်များက ရှပ်ပြေးယာဉ်ပိုင်ရှင်များအား ဖိအားပေးထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဲဆွယ်မှု ခရီးစဉ်အဖြစ် မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့များတွင် မြိတ်ကျွန်းစုကျေးရွာများသို့ သွားရောက်ရန်၊ ထိုကျေးရွာများတွင် လူထုနဲ့ တွေ့ဆုံကာ ဟောပြောပွဲများ ပြုလုပ်ရန် စီစဉ်နေစဉ် ရှပ်ပြေးယာဉ်ပိုင်ရှင်များအား အာဏာပိုင်များက ဖိအားပေးကာ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသုံးပြုမယ်ဆိုရင် ရှပ်ပြေးယာဉ်များကို အခမဲ့ သုံးစွဲခွင့်ပေးမယ့် ရှပ်ပြေးယာဉ်ပိုင်ရှင်များ ရှိကြောင်း၊ အာဏာပိုင်များက ပိတ်ပင်ထားတဲ့အတွက် လောလောမှာ အခက်အခဲ ရှိနေကြောင်း၊ ငှားရမ်း အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်ဘွယ်ရှိတဲ့ ကိစ္စများ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

မြန်မာအာဏာပိုင်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန်၊ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲ မဲဆွယ်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်တ၀ှမ်းတွင် လူထုတွေ့ဆုံမှုများ ပြုလုပ်ဖို့ သဘောတူခဲ့ကြောင်း ယခင် ကြားသိရတဲ့ နိုင်ငံရေးသတင်းရပ်ကွက်သတင်းများအရ သိရပါတယ်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထုရဲ့ ယုံကြည် ကိုးစား အားပေး ထောက်ခံမှုများကို မျက်ဝါးထင်ထင် မြင်လာတဲ့နောက်မှာတော့ အစိုးရအဖွဲ့ ၀န်ကြီးများအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံမှုတွေကို ကန့်သတ်သင့်တယ်ဆိုတဲ့ တွေးတောချက်တွေ များပြားလာဟန်ရှိတယ်လို့ နိုင်ငံရေးအကဲခတ်တဦးက ပြောပါတယ်။ အခြားတဦးကတော့ အချို့ဖြစ်စဉ်တွေကို ထောက်ပြပြီး ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အခြေအနေတခုမှာ အာဏာသိမ်းသင့်တယ်ဆိုတဲ့စကားမျိုးအထိ ၀န်ကြီးအဆင့် တာဝန်ရှိသူက ပြောဆိုတာတွေ ရှိနိုင်ကြောင်း သုံးသပ်ပြပါတယ်။

လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေဟာ စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်စေလိုခြင်း၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးစနစ်၊ ငွေကြေးစနစ်၊ စီးပွားရေးစနစ် ပြုပြင်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ အကူအညီကို ရယူလိုခြင်း၊ မြန်မာပြည်သူတွေအပေါ် တဖြေးဖြေး ပိလာတဲ့ တရုပ်နိုင်ငံရဲ့ ၀န်ထုတ်ဝန်ပိုးကို ဖြေလျော့လိုခြင်း စတဲ့ အကြောင်းတွေကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံများကို ပြန်လည် ချဉ်းကပ်လာတာ ဖြစ်ကြောင်း၊ အနောက်နိုင်ငံများရဲ့ အကူအညီကို ရယူလိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံပြခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနဲ့ တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေး ရယူခြင်းများ ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ တကယ့် စိတ်ရင်းစေတနာမှန်ကတော့ တိုင်းသူပြည်သားများအတွက် ပြောင်းလဲမှု ပြုလုပ်ချင်တဲ့ ဆန္ဒ မဟုတ်ဘဲ ယခင် စစ်အစိုးရများရဲ့ လက်ကျန် အမွေဆိုးများကို ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာတို့ရဲ့ အကူအညီနဲ့ ဖြေရှင်းလိုခြင်းဟာ ဖြစ်ကြောင်း စတဲ့ သုံးသပ်ချက်များကိုလည်း လေ့လာ တွေ့ရှိနေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အား ကန့်သတ်မှုတွေ လုပ်နေခြင်းနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာအစိုးရ၀န်ကြီးများထဲမှာ ၂၀၀၃ မေ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအနီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူများကို တိုက်ခတ်ခဲ့မှုတွင် တာဝန်ရှိတယ်လို့ သံသယရှိသူများ ပါဝင်နေကြောင်း၊ ထိုပုဂ္ဂိုလ်များအနေနဲ့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်များကို လုံးဝ သဘောကျမှာ မဟုတ်ကြောင်း၊ ဥပမာအနေနဲ့ မန္တလေးမြို့ အောင်ပင်လယ်ကွင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်ရန် ခွင့်ပြုခဲ့တဲ့ မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် (အငြိမ်းစား ဗိုလ်မှူးချုပ်) ကို ချက်ခြင်းပဲ ရာထူးက ထုတ်ပယ်လိုက်တာကို ကြည့်ရင် သိနိုင်ကြောင်း စသည်ဖြင့် ဝေဖန်မှုများလည်း ရှိနေပါတယ်။    http://burmatoday.net/news.php?news_ID=152

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif