အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။
ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အမျိုးသား ဒီမိုကရက်တစ်အဖွဲ့ NDI က Peter Manikas နဲ့ နိုင်ငံတကာ ရီပါပလင်ကင်အဖွဲ့ IRI က Johanna Kao တို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ပြောပါတယ်။
ဒါပေမယ့် သူတို့တွေဟာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဆိုတာထက် ရွေးကောက်ပွဲ ဘယ်လိုကျင်းပသလဲ ဆိုတာ ကိုယ်တိုင်မျက်မြင် သွားရောက်ကြည့်ရှုကြမှာ ဖြစ်တယ်လို့ Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။
သူက ဆက်လက်ပြောဆိုရာမှာ- အမေရိကန်က စေလွှတ်မယ့်အဖွဲ့ဟာ ရွေးကောက်ပွဲကို စောင့်ကြည့်တယ်ဆိုတဲ့ အဆင့်မှာတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရက ရွေးကောက်ပွဲကျင်းပမယ့် ရက်ပိုင်းအလိုမှ ဖိတ်ခေါ်ခဲ့တာမို့ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အချက်တွေနဲ့အညီ စစ်ဆေးနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၂၈ ရက်နေ့ ကနေ ဧပြီလ ၃ ရက်နေ့အထိ လေ့လာကြည့်ရှုမှာ ဖြစ်ပါတယ်။
အလားတူပဲ ကုလသမဂ္ဂက စေလွှတ်မယ့် အဖွဲ့နဲ့ ပတ်သက်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးရဲ့ ပြောခွင့်ရအမျိုးသမီး Eri Kaneko က မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို တုန့်ပြန်တဲ့ အနေနဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာပါ၊ အဲဒီအဖွဲ့ကနေ ရွေးကောက်ပွဲ အစီရင်ခံစာကို အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းကို တင်ပြမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ http://www.rfa.org/burmese/news/us-election-observers-03282012204846.html

0 comments:
Post a Comment