http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

ဗြိတိန်ဝန်ကြီးချုပ် မြန်မာပြည် သွားမည်၊ ဒေါ်စုနှင့် တွေ့မည့် ပထမဆုံးသော အနောက်တိုင်းနိုင်ငံ့ခေါင်းဆောင် ဖြစ်လာမည်

AP photo

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် မြန်မာပြည်သို့ ယခုတပတ် အတွင်း သွားမည်ဟု အစိုးရအရာရှိတို့က တနင်္လာနေ့တွင် ပြောသည်။ နှစ်ပေါင်းများစွာအတွင်း မြန်မာပြည်သို့ သွားရောက်သည့် အဆင့်အမြင့်ဆုံး အနောက်တိုင်း ခေါင်းဆောင် ဖြစ်လာမည် ဖြစ်သည်။

ဒေးဗစ်ကင်မရွန်းသည် သောကြာနေ့တွင် သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့မည်ဟု အစိုးရ အရာရှိတဦးက ပြောသည်။

အခြား အရာရှိတစ်ဦးကလည်း ခရီးစဉ်နှင့် ပတ်သက်ပြီး အတည်ပြု ပြောကြားသော်လည်း အသေးစိတ် အစီအစဉ်များကို အဆုံးသတ်ညှိနှိုင်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်တစ်ဦးကလည်း ဒေါ်စုနှင့် ဒေးဗစ်ကင်မရွန်းတို့ သောကြာနေ့ ရန်ကုန်တွင် တွေ့ဖွယ်ရှိသည်ဟု AFP ကို ပြောသည်။
ပြီးခဲ့သည့် ၂၂ နှစ်အတွင်း ၁၅ နှစ်ကြာ ထိန်းသိမ်းခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ထိုရွေးကောက်ပွဲမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အလွန် အရေးပါသည့် အဆင့်တခု ဖြစ်သည်ဟု အနောက်နိုင်ငံတို့က ဆိုထားကြသည်။

ဒေါ်စု၏ NLD ပါတီက ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာတွင် အနိုင်ရခဲ့ရာ စစ်တပ်နှင့်နိုင်ငံရေးမဟာမိတ်များကြီးစိုးထားသည့်လွှတ်တော်တွင် NLD က အဓိက အတိုက်အခံ အင်အားစု ဖြစ်လာသည်။

တနင်္လာနေ့သတင်းများအရ ဒေါ်စုသည် ဧပြီ ၂၃ တွင် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတက်မည်ဟု ဆိုသည်။

ယခင်တပတ်ကလည်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်က ဒေါ်စု၏ ရွေးကောက်ပွဲမှ လွှတ်တော်သို့ ရောက်ရှိခြင်းသည် မြန်မာပြည်သားတို့၏ "သမိုင်းတွင်သည့်ရလဒ်" ဖြစ်သည်ဟု ဆိုလိုက်သည်။ ဦးသိန်းစိန်ကိုလည်း ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ကိုင်ရန် တိုက်တွန်းလိုက်သည်။

မြန်မာပြည် ဟန်ပြ အရပ်သားအစိုးရက ပြီးခဲ့သည့်နှစ်အတွင်း ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံတို့အား ပင်မရေစီးနိုင်ငံရေးလမ်းကြောင်းအတွင်း ၀င်ရောက်ရန် လမ်းဖွင့်ပေးခြင်း စသည့် အံ့အားသင့်ဖွယ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ထုတ်ပြန်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် စစ်တပ်၏ပါတီအနိုင်ရခဲ့သည့် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရက အရပ်သားပုံစံစစ်အုပ်စုသို့အာဏာအပ်အပြီး မြန်မာပြည်သို့ သွားရောက်သည့် ပထမဆုံးသော အနောက်တိုင်းမှ နိုင်ငံ့ခေါင်းဆောင် ဖြစ်သည်။

မြန်မာပြည်အပေါ်ထားရှိသည့် ဒဏ်ခတ်ပိတ်ဆို့မှုတို့အား လျှော့ချရန် ဥရောပ သမဂ္ဂက ကြားဖြတ်ရွေးကောက်ပွဲအပြီး စဉ်းစားနေချိန်တွင် ဤခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့မှု အားလုံး ပယ်ဖျက်ရန် တောင်းဆိုနေချိန်တွင် ဗြိတိန်နှင့် ဥရောပနိုင်ငံတို့ကမူ ပြုပြင်ပြောင်းလဲမှုများ သေချာပေါက် ဆက်လက်ဖြစ်ပေါ်ရေးအတွက် တဆင့်ပြီးတဆင့် ဆောင်ရွက်သည့် နည်းလမ်းကို ကျင့်သုံးလျက်ရှိသည်ဟု ဥရောပ သံတမန်တို့က ပြောသည်။

အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂက ယခုနှစ်အတွင်း ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဖျက်သိမ်းပြီးဖြစ်သည်။ လာမည့် ၂၃ ရက်နေ့ လူဇင်ဘတ်နိုင်ငံတွင် ပြုလုပ်မည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ဖွယ်ရာများကို ဆုံးဖြတ်မည် ဖြစ်သည်။
moemaka.blogspot.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif