http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

5 Apr 2012

ဂုဏ်သိက္ခာရှိတဲ့ ပြိုင်ဆိုင်မှု



ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ၊ အားကစား အစရှိတဲ့ နယ်ပယ်အသီးသီးမှာ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေရှိတာကြောင့် မကြာခဏ စိတ်လှုပ်ရှားဖွယ် အရှုံး အနိုင်သတင်းဖြစ်ရပ်တွေ ကမ္ဘာ့သတင်းလောကမှာ တွေ့ရလေ့ရှိတယ်။ ဥပမာ - အမေရိကက ပါတီကြီးနှစ်ခုရဲ့ ပါ တီတွင်းနှင့် သမ္မတရွေးကောက်ပွဲ ပြိုင်ဆိုင်မှုသတင်းတွေလိုပေါ့။ ပြင်းထန်တဲ့အယူအဆရေးရာ၊ ဝါဒကွဲပြားမှုတွေတင်မက တခါတလေ ပု ဂ္ဂိုလ်ရေးပြိုင်ဆိုင်မှုတွေအထိပါရှိတတ်လို့ သတင်းဖြစ်စဉ်တလျောက် လေ့လာစောင့်ကြည့်ရတာ စိတ်ဝင်စားဖွယ်ကောင်းသလို၊ နောက်ဆုံး အရှုံး၊ အနိုင်ပေါ်တဲ့အချိန်ရောက်တော့လည်း စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်တွေနဲ့ နိဂုံးချုပ်လေ့ရှိတယ်။

ဂုဏ်သိက္ခာကိုအခြေပြုတဲ့ နိုင်ငံရေးအသိုင်းအဝန်းဆိုတော့ ယှဉ်ပြိုင်တဲ့အချိန်မှာ တဘက်နဲ့တဘက် အနိုင်ရလိုမှုနဲ့ အားသွန်ခွန်စိုက်ကြိုးပမ်း လေ့ရှိကြပေမယ့် အဆုံးရလဒ်သိတဲ့အချိန်မှာ နှစ်ဘက်စလုံး လေးစာမှုအပြည့်နဲ့ အနိုင်၊ အရှုံးကို လက်ခံလေ့ရှိကြတယ်။ အမြင်မတူတာတွေကို ဝေဖန်ထောက်ပြကြပေမယ့် တူတာတွေကိုလည်း တွဲလုပ်ကြဖို့ ဝန်မလေးကြဘူး။ ဥပမာ - ဟီလာရီကလင်တန်ဟာ ဒီမိုကရက်တစ်ပါတီ တွင်း သမ္မတလောင်းရွေးပွဲမှာ အိုဘားမားကိုရှုံးပေမယ့် နောက်ပိုင်း ပါတီမဲဆွယ်ပွဲတလျောက် အိုဘားမားဘက်ကထောက်ခံပေးပြီး ခု အို ဘားမားရဲ့အစိုးရအဖွဲ့မှာလည်း အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူး တာဝန်ယူပေးတယ်။ အဲ့ဒါဟာ ပါတီအကျိုးစီးပွားကြောင့်ပါလို့ ဆို ချင်ရင် ဆိုနိုင်ပေမယ့်၊ အနည်းဆုံး အမြင်မတူပေမယ့် အလုပ်တွဲလုပ်နိုင်တယ်ဆိုတာကို သာဓကဖြစ်စေတယ်။

အတွေးအခေါ်မတူ၊ အယူအဆကွဲပေမယ့် နောက်ဆုံး သမာသမတ်ကျ၊ မျှတမှုရှိရှိ အနိုင်ယူသွားတယ်ဆိုရင် ကျေကျေနပ်နပ်လက်ခံလေ့ရှိ တယ်ဆိုတဲ့ အစဉ်အလာကောင်းတွေ အမေရိကန်ရွေးကောက်ပွဲသမိုင်းမှာ တွေ့ရလေ့ရှိတယ်။ ၂၀၀၀ အမေရိကန်သမတရွေးကောက်ပွဲ၊ အယ်လ်ဂိုးနဲ့ ဂျော့ဘွရှ် (အငယ်) တို့ပြိုင်ကြတုန်းကဆို သမိုင်းဝင် ဗဟိုတရားရုံးအထိတက်ပြီး အရှုံး၊ အနိုင်ဆုံးဖြတ်ခဲ့ရပေမယ့် နောက် ဆုံးတရားရုံးအဆုံးအဖြတ်ကို ရှုံးနိမ့်သူ အယ်လ်ဂိုးက ကျေကျေနပ်နပ်လက်ခံတယ်။ နောက်ပိုင်း အယ်လ်ဂိုးက ဘွရှ် (အငယ်) အစိုးရအဖွဲ့ကို အာဖဂန်စစ်ပွဲနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမယ့် ဒါက သူနဲ့အမြင်သဘောထားမတူလို့ သူယုံကြည်တဲ့ဘက်ကနေ ရိုးရိုးသား သားနေပြီး ဝေဖန်တာသာဖြစ်ပြီး သူ့ကိုအနိုင်ယူသွားသူရဲ့အစိုးရအဖွဲ့ဖြစ်လို့ဝေဖန်ခဲ့ခြင်းမျိုး မဟုတ်ဘူး။ ဒီနေရာမှာ သတိပြုရမှာက အယ် လ်ဂိုးဟာ ဂျော့ဘွရှ် (အငယ်) ရဲ့ဖခင် ဂျော့ဘွရှ် (အကြီး) ဦးဆောင်တိုက်ခဲ့တဲ့ ပထမပင်လယ်ကွေ့စစ်ပွဲ (၁၉၉၀) တိုက်ဖို့ဆုံးဖြတ်ချက်ကို လွှတ်တော်မှာထောက်ခံခဲ့တဲ့ လက်တဆုပ်စာ ဒီမိုကရက်အမတ်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တယ်။ ၁၉၉၀ တုန်းက အီရတ်က အားနည်းတဲ့ ကူဝိတ်ကို ကျူးကျော်ခဲ့လို့ အားနည်းတဲ့ မဟာမိတ်ဘက်က (ရေနံကြောင့်လည်း ပါတာပေါ့) ဝင်ကူတိုက်ရမယ်ဆိုတာဟာ မှန်တယ်ဆိုပြီး ထောက်ခံခဲ့တယ်။ ၂၀၀၂ အာဖဂန်စစ်ပွဲက အမေရိကန်အတွက် မလိုအပ်ဘူး။ အကျိုးမဲ့တယ်လို့ယူဆလို့ ကန့်ကွက်ခဲ့တယ်။ ဆိုလိုချင်တာ ပါတီစွဲ၊ ပုဂ္ဂလိက ပြိုင်ဆိုင်မှု၊ အငြိုးအတေး၊ အာဃာတ စတာတွေထက် အယူအဆရေးရာကွဲလွဲမှုကြောင့်သာ ထောက်ခံတာ၊ ဝေဖန်တာ တွေဟာ ဖြစ်လေ့ရှိတယ်ဆိုတာကိုပါ။

စီးပွားရေး နဲ့ နည်းပညာ ပြိုင်ဆိုင်မှုတွေမှာဆိုလည်း ဘီးလ်ဂိတ် (စ်) (Microsoft) နဲ့ စတိပ်ဂျော့ (Apple) တို့ဟာ တစ်ဦးနဲ့တစ်ဦး အမြင်မ တူလို့ ဝေဖန်ထောက်ပြတာတွေ ရှိခဲ့ပေမယ့်လည်း နှစ်ဦးနှစ်ဘက်လေးစားမှု၊ နှစ်ဦးစလုံးရဲ့ လူသားတွေအပေါ်၊ နည်းပညာအပေါ် အကျိုးပြု စေတဲ့လုပ်ရပ်တွေကို အပြန်အလှန်အသိအမှတ်ပြုမှုတွေကို အမြဲတမ်းပြသနိုင်ခဲ့ကြတယ်။

အဲ့သလို ဂုဏ်သိက္ခာရှိတဲ့ ပြိုင်ဆိုင်မှုတွေ၊ ရှုံးနိမ့်မှုတွေ ကမ္ဘာ့သတင်းဖြစ်ရပ်တွေမှာ အများအပြားရှိပေမယ့် ကျနော့်ရင်ကို ထည်ထည်ဝင်ဝင် ထိခိုက်စေပြီး အမြဲစွဲထင်ကျန်ရစ်စေခဲ့တဲ့ သတင်းမြင်ကွင်းလေးတစ်ခုကတော့ အားကစားပွဲတစ်ခုမှာဖြစ်သွားခဲ့တာပါ။ ၂၀၀၉ ခုနှစ် သြစ တေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ ရော်ဂျာဖက်ဒရယ် (ဆွစ်ဇာလန်) နဲ့ ရာဖယ်လ်နာဒယ်လ် (စပိန်) တို့ပြိုင်တဲ့ နောက်ဆုံးဗိုလ်လုပွဲ ဆုပေးပွဲ အခမ်းအနားလေးတစ်ခုပါ။

ပထမဆုံးအနေနဲ့ ဆုပေးပွဲတာဝန်ရှိသူက ဆုရတဲ့ကစားသမားနှစ်ဦးဟာ စံနမူနာပြုထိုက်တဲ့ အားကစားသမားကောင်းတွေ ဖြစ်တဲ့အကြောင်း မိတ်ဆက်ပြီး ဒုတိယရသွားတဲ့ ရော်ဂျာဖက်ဒရယ်ကို ဆုယူဖို့ဖိတ်ရင်း အမှတ်တရ စကားပြောစေတယ်။ ဗိုလ်လုပွဲမှာ ငါးနာရီနီးပါးကြာ အ ကြိတ်အနယ်ယှဉ်ပြိုင်ပြီး နောက်ဆုံး အဆုံးအဖြတ် (၅) ပွဲမြောက်မှာ နာဒယ်လ်ကိုရှုံးခဲ့တဲ့ ရော်ဂျာဖက်ဒရယ်ဟာ ကြေကွဲဝမ်းနည်းလွန်းလို့အမှတ်တရစကားပြောထွက်ဖို့ အတော်ကြိုးစားရတယ်။ ဒီပွဲမှာနိုင်ခဲ့ရင် အရင်တင်းနစ်သမိုင်းရဲ့ သူရဲကောင်း ဆမ်းပရပ်စ် (အမေရိကန်) တင်ခဲ့တဲ့ အဓိကပြိုင်ပွဲကြီး (Grand Slam) တွေမှာ (၁၄) ကြိမ်ဗိုလ်စွဲတယ်ဆိုတဲ့စံချိန်ကိုရစေမှာဖြစ်တဲ့အတွက် အခုလိုရှုံးသွားရတာဟာ သူ့ အတွက် အထိနာစေခဲ့တယ်။ ဒါ့အပြင် သြစတေးလျအိုးပင်းဟာ သူပိုင်နိုင်ကျွမ်းကျင်တဲ့ (နာဒယ်လ် မကျွမ်းကျင်၊ စိတ်ကြိုက်မဖြစ်တဲ့) ကွင်း မာ (Hard Court) (မြေစေးကွင်း Clay Court မဟုတ်တဲ့) ဖြစ်တဲ့အတွက် သူ့ရဲ့ရှုံးနိမ့်မှု၊ တနည်းအားဖြင့် နာဒယ်လ်ရဲ့အားသာလာမှုက ပိုပြီး သိသာလာစေခဲ့တယ်။

အဲ့သလို နောက်ခံအခြေအနေမလို့ လေးလုံးခြောက်ဖက်ရှိတဲ့ ယောင်္ကျားရင့်မာကြီး ဖက်ဒရယ်ဟာ ကမ္ဘာ့ပရိသတ်အလယ်မှာ စကားမပြော နိုင်ဘဲ မျက်ရည်စက်လက်နဲ့ ခြုံးပွဲချ ငိုရရှာတယ်။ အဲ့တော့တာဝန်ရှိသူက ဖက်ဒရယ်ပြန်ပြီး စကားပြောနိုင်အောင် အချိန်ပေးတဲ့အနေနဲ့ ခဏနားစေပြီး ပထမဆုယူဖို့ နာဒယ်လ်ကိုဖိတ်တယ်။ အနိုင်ရသူ နာဒယ်လ်ကလည်း ဖက်ဒရယ်မျက်ရည်စက်လက်ဖြစ်နေတာကိုကြည့်ပြီး မျက်ရည်တွေဝဲနေတယ်။ ဆုယူဖို့ စင်မြင့်ကိုတက်တဲ့လမ်းမှာ (အနိုင်ရသူ) နာဒယ်လ်က လေးစားချစ်ခင်မှု၊ အားပေးမှုပြတဲ့အနေနဲ့ (ရှုံးနိမ့် သူ) ဖက်ဒရယ်ရဲ့ခြေထောက်ကို ထိပြီးနှုတ်ဆက်တယ်။ ပြီးတော့မှ ပထမဆုကိုယူတယ်။ အဲ့အချိန်မှာပဲ ဖက်ဒရယ်က သူကြိုးစာပြီး စကား ထပ်ပြောကြည့်မယ်ဆိုပြီး စကားစပြောတယ်။ မျက်ရည်တွေကြားထဲက ဖက်ဒရယ် ပထမဆုံးစပြောတဲ့စကားက “နာဒယ်လ်ဟာ ထိုက် ထိုက်တန်တန် အနိုင်ယူပြီး ဒီဆုကိုရသွားတာပါ” ဆိုတာဖြစ်တယ်။ နာဒယ်လ်ကိုဂုဏ်ပြုစကား လှိုက်လှိုက်လှဲလှဲဆိုပြီး နောက်နှစ်တွေမှာ သူပိုကြိုးစားမယ့် အကြောင်းဆက်ပြောတယ်။ နာဒယ်လ်စကားပြောဖို့ အလှည့်ရောက်တော့လည်း ဖက်ဒရယ်ဟာ ကမ္ဘာ့တင်းနစ်သမိုင်းမှာ အကြီးကျယ်ဆုံးထဲက တယောက်ဖြစ်ပြီး သူဘယ်လို လေးစားအားကျခဲ့ရတယ်ဆိုတာတွေကို ထောင်လွှားမာနမပါဘဲ (အပေါ်ယံမဟုတ်တဲ့) ရင်ထဲရှိတဲ့အတိုင်း ထုတ်ဖော်ချီးမွမ်းခဲ့တယ်။

၂၀၀၀ ခုနှစ်များရဲ့ အလယ်နှစ်တွေကစခဲ့တဲ့ ရော်ဂျာဖက်ဒရယ်နဲ့ နာဒယ်လ်တို့ရဲ့ ပြင်းထန်တဲ့ တင်းနစ်ကွင်းထဲကပြိုင်ဆိုင်မှုတွေဟာ တစ်ဦး နဲ့ တစ်ဦးနဲ့ လေးစားမှု၊ အသိအမှတ်ပြုမှုတွေ ဝေဆာနေတဲ့ သိက္ခာရှိတဲ့ပြိုင်ဆိုင်မှုတွေဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ အင်တာဗျူး မေးမြန်း ခန်းတွေကိုကြည့်ရင် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစား၊ အသိအမှတ်ပြုမှု၊ တစ်ဦးရဲ့အရည်အချင်းက တစ်ဦးကို အထောက်အကူပြုမှု စတဲ့ အတုယူထိုက်တဲ့ အပြုအမူ၊ အပြောအဆိုတွေကို တွေ့ရတယ်။ ဖက်ဒရယ်ဟာ တင်းနစ်မှာ ကမ္ဘာ့နံပါတ်တစ်နေရာကို အချိန်အကြာကြီး ယူနိုင်ခဲ့တာဟာ နာဒယ်လ်ရဲ့ ပြင်းထန်တဲ့၊ ကြိုးစားတဲ့ ပြိုင်ဆိုင်မှုကြောင့်ပါဆိုတာ အမြဲလိုလို ဝန်ခံလေ့ရှိတယ်။ နာဒယ်လ်ကလည်း သူ နောက်ပိုင်း နံပါတ်တနေရာကို ယူနိုင်ခဲ့တာဟာလည်း ဖက်ဒရယ်ကိုနမူနာထားပြီး ကြိုးစာခဲ့လို့ပါဆိုတာ အမြဲဖွင့်ဟလေ့ရှိတယ်။

ရော်ဂျာဖက်ဒရယ်ဟာ အထက်ကပြောခဲ့တဲ့ ၂၀၀၉ သြစတေးလျ အိုးပင်းမှာ ရှုံးခဲ့ပေမယ့် နောက်နှစ် ၂၀၁၀ သြစတေးလျအိုးပင်းမှာ ဗိုလ် စွဲနိုင်ခဲ့လို့ ဆမ်းပရပ်စ်ရဲ့ စံချိန်ကိုမှီခဲ့ရုံမက နောင်အခြားအဓိကပြိုင်ပွဲကြီးတွေမှာပါ ဗိုလ်စွဲနိုင်ခဲ့လို့ အမျိုးသားတဦးချင်း အဓိကပြိုင်ပွဲကြီး (Grand Slam) (၁၆) ကြိမ်ဗိုလ်စွဲတဲ့ စံချိန်တင်ထားနိုင်တယ်။ ရာဖယ်လ်နာဒယ်လ်ကလည်း “မြေစေးကွင်းဘုရင်” ဆိုတဲ့ဂုဏ်ပုဒ်နဲ့အတူ ၂၀၀၈ အိုလံပစ် ရွှေတံဆိပ်၊ စံချိန်တင် ပြင်သစ်အိုးပင်း (၆) ကြိမ်အပါအဝင် အဓိကပြိုင်ပွဲကြီး(Grand Slam) (၁၀) ကြိမ် ဗိုလ်စွဲထားနိုင်တယ်။

မိတ်ဆွေတို့ရဲ့ ညီငယ်၊ ညီမငယ်၊ ဒါမှမဟုတ် သားသမီးတွေကို လောကမှာ စံနမူနာပြုစရာ စံပြပုဂ္ဂိုလ် (Role Model) အနေနဲ့ ခိုင်းနှိုင်းညွှန် ပြပြောဆိုဖို့ သာမန်သူလို၊ငါလိုထဲက ထူးချွန်၊ ထက်မြက်၊ ထင်ရှားလာပြီး အကျင့်စာရိတ္တပါ ကောင်းမွန်ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေပြပါဆိုရင်တော့ (ကျနော့်အနေနဲ့) ဖက်ဒရယ်နဲ့ နာဒယ်လ် နှစ်ယောက်ကိုညွှန်းချင်တယ်။ အားကစားကွင်းအတွင်းအောင်မြင်မှု၊ အားကစားသမားစိတ်ဓာတ် အပြည့်အဝရှိမှု၊ လူကြီး၊ လူကောင်းဆန်မှု၊ စိတ်သဘောထားကြီးမြတ်မှုတွေသာမက အားကစားကွင်းပြင်ပ နေထိုင်၊ ပြောဆို၊ ပြုမူ ဆက်ဆံတဲ့ လူနေမှုပုံစံတွေကပါ လူငယ်တွေအတွက် အတုယူစရာကောင်းတယ်။ ရော်ဂျာ်ဖက်ဒရယ်ဟာ ကမ္ဘာမှာ လူအယုံကြည်ရဆုံး၊ အလေးစား၊ ချစ်ခင်မှု အခံရဆုံး ပုဂ္ဂိုလ်စာရင်းမှာ တောင်အာဖရိကသမ္မတဟောင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလားရဲ့နောက်က ဒုတိယချိတ်ထားတယ်။ အဲ့သလိုပဲ ရာဖယ်လ်နာဒယ်လ်ကလည်း ငယ်ရွယ်၊ ပိုက်ဆံချမ်းသာ၊ အောင်မြင်နေတဲ့ လူဖြစ်ပေမယ့် အများသူငါ အောင်မြင်တဲ့ လူငယ်တွေလို ဟော့ဟော့ရမ်းရမ်းမနေဘဲ သူ့နာမည်နဲ့ ဖောင်ဒေးရှင်းတစ်ခုထောင်ထားပြီး လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကမ္ဘာ့လူသား အကျိုးပြုလုပ်ငန်းတွေမှာ တက်တက်ကြွကြွဆောင်ရွက်နေတယ်။

နိဂုံးချုပ်အနေနဲ့တော့ အခုလို မြေစမ်း၊ ခရမ်းပျိုး အဆင့်ပဲရှိသေးတဲ့ ဒီမိုကရေစီပွင့်သစ်စ ကျနော့်တို့လိုနိုင်ငံမှာ လွတ်လပ်မျှတတဲ့ လူဘောင် အဖွဲ့အစည်းတခုကိုသွားချင်ရင် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ အားကစား အစရှိတဲ့ တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးမှာ သမာသမတ်ကျ မျှတတဲ့ အတွေးအခေါ်တွေ ဖွံ့ဖြိုးစေပြီး အပြန်အလှန်လေးစားမှုရှိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ ပြိုင်ဆိုင်မှုတွေကို အားပေးတဲ့ ရေပြင်ညီကစား ကွင်းတွေ ပိုမိုဖော်ဆောင်ဖို့လိုအပ်ပါတယ်။ ပိုမိုဖော်ဆောင်နိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။

ဓာတ်ပုံ - ၂၀၀၉ ခုနှစ် သြစတေးလျအိုးပင်းဗိုလ်လုပွဲတွင် အနိုင်ရသူ နာဒယ်လ်က ရှုံးနိမ့်သူ ဖက်ဒရယ်ကို အားပေးနှစ်သိမ့်နေစဉ်။ (ဂါးဒီးယန်း - ယူကေ) 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif