http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Apr 2012

တိုင်းပြည်ကို နည်းနည်းပဲငှားပါ


Time မဂ္ဂဇင်း ထဲမှာ ပါဖူးတဲ့ "အိုင်ဒီယာ ဆယ်ပါး" အကြောင်းကို ဖတ်ဖူးတယ်။ ကမ္ဘာအဝန်း ခေတ်နဲ့အညီ ပြောင်းလာတဲ့ အိုင်ဒီယာတွေ အကြောင်းပါ။ ဒီဆောင်းပါး ကိုပဲ ဆရာကြီး မောင်စူးစမ်းက ဘာသာပြန် ထားတာ ကိုလည်း ဟိုတစ်လောက ဂျာနယ် တစ်စောင်မှာ ထပ်ပြီး တွေ့ရတယ်။ အဲဒီ "အိုင်ဒီယာ ဆယ်ပါး" ထဲမှာ စိတ်ဝင်စားစရာ ကောင်းတာ တွေ အများကြီးပါပေမဲ့ ဒီအထဲက "The rent a country" ဆိုတဲ့ တိုင်းပြည်ကို ငှားနိုင်တယ်ဆိုတဲ့ ကိစ္စ က နံပါတ်တစ်ဖြစ်နေတယ်။
တိုင်းပြည်ကို ငှားတယ်ဆိုတာက ရုတ်တရက်ကြည့်လိုက်ရင် ကြောက် စရာကြီးလို့ ထင်ရတယ်။ ကိုယ်နေထိုင် တဲ့ တိုင်းပြည်ကို တခြားတစ်ယောက် ကို ငှားတယ်ဆိုတာ သင့်လျော်ပါ့ မလား။ ဒါပေမဲ့ ဒီခေတ်မှာ တိုင်းပြည် ကို ငှားပြီး စီးပွားရေးလုပ်နေကြတဲ့ ကိစ္စတွေကို အများကြီးတွေ့ရတယ်။ တိုင်းပြည်တစ်ပြည်က မြေကိုငှားပြီး စီးပွားရေးလုပ်ကိုင်ကြတာမျိုးဟာ တိုင်းပြည်ကို ငှားတာပါပဲ။ ချမ်းသာတဲ့၊ အရင်းအနှီးရှိတဲ့ နိုင်ငံတွေက ဆင်းရဲ တဲ့၊ လည်ပတ်ငွေ နည်းပါးတဲ့ နိုင်ငံတွေ ဆီက မြေတွေကို ငှားရမ်းယူပြီး သင့် လျော်တဲ့ စီးပွားရေးလုပ်ကြတာဟာ ဒီနေ့ကမ္ဘာမှာ တွင်ကျယ်နေပါပြီ။
မြေငှားသူဟာ ပြည်ပကဖြစ်နိုင်ပြီး မြေငှားစားသူကတော့ ပင်ရင်းတိုင်း ပြည်ကပဲ ဖြစ်တတ်ပါတယ်။ မြေငှားတယ်ဆိုတာ အဲဒီ မြေကွက်ကြီးကို ပိုင်ရှင်ဖြစ်သူနဲ့ မြေငှားသူတို့ နှစ်ဦးနှစ်ဖက် သဘော တူကြတဲ့ မြေငှားခကို ပေးချေတာ၊ ထွက်ပေါ်လာတဲ့ အကျိုးအမြတ်ကို ခွဲဝေယူတာ၊ သတ်မှတ်သဘောတူ ထားတဲ့ နှစ်ကာလအပိုင်းအခြား အလိုက် လုပ်ကိုင်တာပဲဖြစ်ပါတယ်။ ဒီနေရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သဘောတူညီချက်တွေ ကွဲပြားခြားနား တာ၊ တချို့အချက်အလက်တွေ မတူ တာတွေတော့ ရှိကောင်းရှိနိုင်ပေမဲ့ အတွင်းသဘောကတော့ ကွာမယ် မထင်ပါဘူး။
တိုင်းပြည်ကို ငှားလိုက် တာပါပဲ။ အဲဒီတိုင်းပြည်ကို ငှားတဲ့ ကိစ္စ က အရင်ကတော့ ဒီလောက်မဟုတ် ပေမဲ့ အခုတော့ အတော်ကလေးကို တွင်ကျယ်ခေတ်စားလာခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ဝင်ငွေကို ရှာကြရတယ်။ တချို့နိုင်ငံတွေက စိုက်ပျိုးရေးအတွက် လောက်ပဲ မြေတွေငှားတာဖြစ်ပေမဲ့ တချို့နိုင်ငံတွေကတော့ စက်မှုဇုန်တွေ၊ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေ၊ ပင်လယ်နဲ့ ဆိပ်ကမ်းတွေအထိ ငှား တတ်ကြပါတယ်။
ပိုက်ဆံရှိတဲ့ နိုင်ငံတွေ၊ ချမ်းသာ တဲ့နိုင်ငံတွေက အကြောင်းအမျိုးမျိုးနဲ့ ဆင်းရဲတဲ့၊ ခက်ခဲနေတဲ့ နိုင်ငံတွေဆီ လာပြီး အဲဒီနိုင်ငံတွေမှာ ဘာလုပ်ရင် ကောင်းမလဲ(ဘာလုပ်ရင်ကောင်းမလဲ ဆိုတာက အဲဒီနိုင်ငံကမြေတွေကို ငှားပြီး သူတို့အကျိုးစီးပွားအတွက် ကောင်းကောင်းအသုံးချနိုင်ဖို့ကို ပြောတာပါ)လို့ စဉ်းစားတွက်ချက်စီမံကိန်း ချပြီး လာရောက်ရင်းနှီးမြှုပ်နှံလေ့ ရှိတယ်။ အကျိုးတူပူးပေါင်းဆောင် ရွက်တယ်ဆိုတဲ့ စကားလုံးလှလှလေး နဲ့ အဲဒီနိုင်ငံက ရနိုင်သမျှကို လက် တစ်ဆုံးအထိ နှိုက်ထုတ်ယူငင်သွား တတ်ကြတယ်။
သကြားအုပ်ထားတဲ့ ဆေးခါးကြီး နဲ့တူတဲ့ အဲဒီ အပြောအဆို အပြုအမူ အလုပ်အကိုင် တွေဟာ မကောင်းဘူး ဆိုတာတော့ ဆင်းရဲတဲ့နိုင်ငံတွေက သိကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်က ကုန်းကောက် စရာ မရှိ လောက်အောင် ဆင်းရဲ နုံချာ နေလေတော့ "မချစ်သော် လည်း အောင့်ကာနမ်း"ဆိုသလိုပဲ ကိုယ့်နိုင်ငံရဲ့ အစိတ်အပိုင်းတွေကို ငှားရမ်းကြရတယ်။ ဒီအတွက် ချမ်းသာတဲ့ နိုင်ငံများရဲ့ စားကြွင်း စားကျန် အရိုးအရင်း လောက်တော့ ကိုက်ရတာပေါ့။
ဒါပေမဲ့ မရှိတာ ထက်စာရင် နည်းနည်းလေး ရှိတာက ပိုကောင်း တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လူတွေ ဟာ နည်းနည်းလေး ရှိတာကိုပဲ ကျေ နပ်ပီတိဖြစ်နေတတ်တယ်။ အထူး သဖြင့် ဆင်းရဲတွင်း နက်လှတဲ့ အာဖရိ က နိုင်ငံတွေဟာ ပိုဆိုးတယ်။ ချမ်းသာ တဲ့ နိုင်ငံ၊ ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံ (နယ်ချဲ့နိုင်ငံကြီးတွေ၊ နယ်ချဲ့လက် သစ်နိုင်ငံကြီးဆိုတဲ့ အသုံးအနှုန်းကို တော့ မသုံးလိုက်ပါ)တွေက လူတွေ သူတို့ဆီမှာ ရောက်လာ၊ သူတို့ ကြိုက်နှစ်သက်တဲ့ အရပ်ဒေသက မြေတွေကို ငှားရမ်းပြီး လုပ်ကိုင်ဖို့ အတွက်ပဲ "Welcome" လုပ်နေရ တယ်၊ ကြိုဆိုနေကြရတယ်။
သူတို့လာ အတွေးအမြင်မျိုး သူတို့မှာ ရှိနေကြ တာကိုး။ ချမ်းသာတဲ့ နိုင်ငံများအမြင်မှာ လည်း အာဖရိကနဲ့ တခြားသူတို့ မျက်စိကျနေတဲ့ နိုင်ငံတချို့ဟာ မက်မောစရာ ဝက်သားတုံးကြီးတွေပါ။ အဆီတစ်ထပ် အသားတစ်ထပ်နဲ့ သွားဖုံးမြုပ်အောင် ကိုက်ချင်စရာ တွေပါ။ အဲဒီဒေသတွေမှာ မြေငှားပြီး လုပ်စရာရှိတာတွေကို လုပ်လိုက်ရရင် အချိန်တိုအတွင်း ချမ်းသြွာကယ်ဝ လာနိုင်ပါတယ်။ တချို့နိုင်ငံတွေဟာ ပထဝီအနေအထားအရ သေနင်္ဂဗျူ ဟာကျတဲ့နိုင်ငံတွေ ဖြစ်နေလေတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တောင် ဖြစ်သွားနိုင်ရဲ့။
စီးပွားရေးရော၊ စစ်ရေးရော၊ ဒေသတွင်းဩဇာတည် ဆောက်မှုအတွက်ပါ အင်မတန် အကျိုးရှိနိုင်တယ်လေ။ တိုင်းပြည်တစ်ပြည်ဟာ မတတ် သာလွန်းမှ မြေငှားရတာပါ။ ဖြစ်နိုင် ရင် ကိုယ့်မြေကိုယ့်ရေ ကိုယ့်သယံဇာ တတွေကို ကိုယ့်အရင်းအနှီး၊ ကိုယ့် အတတ်ပညာတွေ အသုံးပြုပြီး အကျိုး ရှိအောင် သုံးနိုင်ဖို့ စဉ်းစားကြမှာပါပဲ။ အကြောင်းကြောင်းသော အကြောင်း ကြောင်း တွေ ကြောင့်သာ မျက်စိမှိတ် ပြီး အခြားတစ်ပါးသော သူတွေကို ငှားရမ်းရတာပါ။
ကိုယ့်ဘိုးစဉ်ဘောင် ဆက် ပိုင်ဆိုင်လာတဲ့ ရေမြေသယံ ဇာတတွေကရမယ့် အကျိုးအမြတ် အများစုကြီးကို ဧည့်သည်က ယူသွားပြီး ပိုင်ရှင်က အစွန်းထွက်ကလေး လောက်ကိုသာ ဝေစုရနိုင်တဲ့ အနေ အထားဟာ စိတ်ပျော်ရွှင်စရာကောင်း မယ် မထင်ဘူး။ F.D.I လို့ခေါ်တဲ့ နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဟာ ကောင်းလှတယ်မဟုတ်ပေမဲ့ ဆင်းရဲတဲ့ နိုင်ငံများအတွက်တော့ ရှောင်လွှဲမရတဲ့ ထွက်ပေါက်တစ်ခု ဖြစ်နေတတ်တယ်။
ကိုယ့်နိုင်ငံထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ခပ်များ များဝင်လာမှ ဆင်းရဲတဲ့ နိုင်ငံတွေအဖို့ အသက်ရှူချောင်ရတာလေ။ တစ်စုံ တစ်ရာ မျှော်မှန်းချက်နဲ့ အသက်ရှင် ခွင့်ရမှာပါ။ အနာဂတ်ကို မျှော်မှန်း စိတ်ကူးယဉ်ခွင့်ရမှာ မဟုတ်လား။ ဒီတော့ ကိုယ့်နိုင်ငံက မြေပေါ်မှာ ဧည့်သည်တွေလုပ်ချင်တာ လုပ်ဖို့ ခွင့်ပြုရတာပဲ။ စာချူပ်စာတမ်းလေးနဲ့တချို့ကိစ္စတွေကို တစ်စုံတစ်ရာ ထိန်းချုပ်ထားပေမဲ့ Ph.D ရထားတဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်တွေကို မူလတန်းလွန်ကလေးတစ်ယောက်က စောင့်ကြည့်နေရသလိုပဲဖြစ်လိမ့်မယ်။
ကြွယ်ဝ ချမ်းသာ လာတဲ့ လူ တစ်ယောက်ဟာ ကြွယ်ဝချမ်းသာဖို့ အတွက် ပညာဗဟုသုတ၊ အတွေ့ အကြုံ၊ အရင်းအနှီး၊ အပေါင်းအသင်း စသဖြင့် ပြည့်စုံနေတတ်တယ်။ အဲဒီလို လူမျိုးကို စာမတတ်ပေမတတ်နဲ့ အလွန်ဆင်းရဲနုံချာတဲ့ အပေါင်း အသင်းမဲ့ လူတစ်ယောက်က ထိန်းနိုင် ပါ့မလား။ မစဉ်းစားဘဲ အဖြေရနိုင်တဲ့ ကိစ္စမျိုးပါ။ ဒီတော့ များများငှားရမ်း မယ့် နေရာမှာ နည်းနည်းပဲ ငှားရမ်း လိုက်ရင် ချမ်းသာတဲ့သူလည်း ထင်သလိုလုပ်မရ၊ ဆင်းရဲတဲ့ တစ်ဖက် လူမှာလည်း စိတ်ဆင်းရဲမှုနည်းသွားပါ လိမ့်မယ်။
အမျိုးမျိုးသော အကျိုးအကြောင်း တွေကြောင့် ကိုယ့်တိုင်းပြည်ကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ငှားစားနေရတဲ့ နိုင်ငံတွေရှိပါတယ်။ ငှားရမလားဆိုပြီး အပြစ်မတင်ပါဘူး။ မြန်မာစကား ရိုင်းရိုင်းနဲ့ ပြောရရင် ]]ခွေးဖြစ်မှတော့ မစင်ကြောက်နေလို့ မဖြစ်ဘူး" လေ။ လက်ငင်းအနေအထားတွေအရ ငှားသင့်သလောက် ငှားပြီး ကိုယ့်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနေရတယ် ဆိုတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အငှားအရမ်းဆိုတာ အလွန် အကျွံဖြစ်သွားရင် မကောင်းပါဘူး။ အန္တရာယ်များပါတယ်။
ဒီတော့ ဆင်းရဲတဲ့ ဘယ်နိုင်ငံမဆို တိုင်းပြည်က မြေတွေကို ငှားတဲ့အခါ အများကြီး မငှားပါနဲ့။ နည်းနည်းပဲ ငှားပါလို့ ပြောချင်ပါတယ်။ တိုက်ခန်းတစ်ခန်းဟာ ဒီနေ့ ပေါက်ဈေးတစ်နှစ်ကို ဆယ်သိန်းရနိုင် တယ်ဆိုပါတော့။ ငါးနှစ်အတွက် ဘယ်လောက်လဲ၊ ဆယ်နှစ်အတွက် ဘယ်လောက်လဲ၊ အနှစ်သုံးဆယ် ဆိုရင် ဘယ်လောက်ရမလဲ။ အချိုး အဆတစ်ခု၊ အတိုင်းအတာတစ်ခု အထိ ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အခန်းကို နောင်ငါးနှစ်၊ ဆယ်နှစ်မှာ ရမယ့် တန်ဖိုးကိုတော့ မှီမယ်မထင် ဘူး။ လတ်တလော အရေးပေါ် ဖြေရှင်းလိုက်တဲ့ကိစ္စတွေဟာ နောင် လာမယ့် အနာဂတ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို လက် ယပ်ခေါ်လာတတ်တယ်။ 
www.yoyarlay.com

1 comments:

  1. ကိုမင်း ရေ စာတွေ လာဖတ်သွားတယ် သတင်းတွေ အရမ်းကို စုံတယ် ဒီထက်မက အောင်မြင်ပါစေ နော် ကိုမင်း

    ReplyDelete

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif