http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Apr 2012

ဒီပဲယင်းတွင် ဒေါ်စုကို ကယ်ခဲ့သည်ဟု ဦးခင်ညွန့် ပြောကြားခဲ့ခြင်းမရှိဟု ဦးဝင်းမောင်မောင် ငြင်း


 


Envoy News သတင်းဂျာနယ် CEO ဗိုလ်မှူးဟောင်း ဦးဝင်းမောင်မောင်

ဧပြီလ ၈ ရက်နေ့ထုတ် ဘန်ကောက်ပိုစ်သတင်းစာပါ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နှင့် တွေ့ဆုံမေးမြန်းရာတွင် ဒီပဲယင်းကိစ္စ ထုတ်ဖေါ်ပြောကြားခဲ့ခြင်းမရှိကြောင်း ဗိုလ်မှုးဟောင်း ဦးဝင်းမောင်မောင်က ယနေ့ နေ့လည် ရန်ကုန်ပြည်ထဲရေးဝန်ကြီးဌာနရုံးဟောင်း တွင်ကျင်းပပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲ၌ ငြင်းဆိုလိုက်သည်။

" ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းကိစ္စမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဒီတွေ့ဆုံပွဲမှာ ပြောဆိုခြင်းလုံးဝမရှိခဲ့ဘူးဆိုတာငြင်းချက်ထုတ်ကြောင်း စာနယ်ဇင်းဆရာများကို အသိပေးတင်ပြလိုပါတယ်" ဟု ဦးဝင်းမောင်မောင်က ပြောသည်။

ထောက်လှမ်းရေး တပ်မှုးဟောင်းတစ်ဦးဖြစ်ကာ Envoy News သတင်းဂျာနယ် ၏ CEO တစ်ဦးလည်း ဖြစ်သူ ဗိုလ်မှုးဟောင်း ဦးဝင်းမောင်မောင်မှာ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း ဦးခင်ညွန့်၏ မီဒီယာကိစ္စများကို အဓိက တာဝန်ယူ ဖြေရှင်းပေးနေသူဖြစ်သည်။

ယခုလ ၈ ရက်နေ့ထုတ် ဘန်ကောက်သတင်းစာ တွင်ပါရှိသော ၀န်ကြီးချုပ်ဟောင်းဦးခင်ညွန့် နှင့် အင်တာဗျူးတစ်ခုတွင် ၂၀၀၃ မေလ ၃၀ က ဒီပဲယင်းအရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန်အတွက် ထောက်လှမ်း ရေးတပ်ဖွဲ့ဝင်တစ်ချို့အား စေလွတ်ခဲ့ပြီး နီးစပ်ရာတပ်စခန်း ကိုရွှေ့ပြောင်းပေးခဲ့ကြောင်း အသားပေး ဖေါ်ပြထားသည်။

"လုံးဝမှားတဲ့အချက်တစ်ချက်ကို မှန်ကန်နေတဲ့ဟာလေးနဲ့ ရောထည့်လိုက်တဲ့ အခါ ဒီသတင်းဟာမှန်ကန်သယောင်ဖြစ်သွားပါတယ် " ဟု ဦးဝင်းမောင်မောင်က ဆက်လက်ပြောကြားခဲ့သည်။

ဘန်ကောက်ပို့ သတင်းစာပါ အင်တာဗျူး ရေးသားသူ ဦးမြင့်ရွှေ နှင့် မတ်လ ၁၀ ရက်နေ့က အလွတ်သဘော ၁ နာရီ ၅၅ မိနစ်ကြာတွေ့ဆုံခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးဝင်းမောင်မောင်က ပြောဆိုခဲ့ပြီး ပြည်တွင်းသတင်းထောက်တစ်ဦးက အဆိုပါ တွေ့ဆုံမှု အသံဖိုင်အား ပေးနိုင် မပေးနိုင် တောင်းဆိုရာတွင်မှု လတ်တလော အဆင်သင့် မဖြစ်သေးကြောင်း ဦးဝင်းမောင်မောင်က ငြင်းဆန်သည်။

ဒီပဲယင်းအဖြစ်အပျက်မှာ ၂၀၀၃ ခုနှစ်မေလ ၃၀ ရက်နေ့ ညဦးပိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးနှင့် အန်အယ်လ်ဒီပါတီထောက်ခံသူ အများအပြားပါသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို ဒီပဲယင်းမြို့နယ် ကျည်ရွာ အနီး စစ်အစိုးရက စေလွှတ်ထားသည်ဟု ယူဆရသည့် ဓါးတုတ်၊ လက်နက်ကိုင် လူအုပ်က ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

ယင်းအဖြစ်အပျက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ကာ အန်အယ်လ်ဒီထောက်ခံသူ ၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟု သီးခြား အတည်မပြုနိုင်သည့် သတင်းများက ဆိုသည်။ နအဖ အစိုးရကမူ ၄ ဦးသာသေဆုံးခဲ့သည်ဟု ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။ ။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif