တီဗွီ ကြော်ငြာ ခေတ်ဦးရဲ့ ဘုရင်မ တစ်ပါး ဖြစ်ခဲ့တဲ့ ပြည်သူချစ် အနုပညာ ရှင် အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ မွေးနေ့ မင်္ဂလာပွဲကို မေလ (၈)ရက်နေ့ ညနေ (၆)နာရီက မန္တလေး ကန်တော်မှာ ရှိတဲ့ "ကုက္ကိုလ်ကျွန်း"မှာ ကျင်းပ ပြုလုပ် ခဲ့တာပါ။
ထက်ထက်မိုးဦးရဲ့မွေးနေ့ပွဲကို ကမကထ လုပ်ကာ စီစဉ်ဆောင် ရွက်ပေးသူက ပန်းအလှပြင် ခင်မောင်ဝင်း(မယ်ကင်း)ဖြစ်တာကြောင့် မန္တလေးမြို့က မာမီနိုးအပါအဝင် မာမီတွေကို မွေးနေ့ပွဲ မစတင်မီ ကတည်းက တွေ့နေရပါတယ်။ ည(၇)နာရီ ဝန်းကျင်မှာတော့ ထက်ထက်ရဲ့ မန္တလေးနဲ့ အမရပူရက ချစ်မိတ်ဆွေတွေ တဖွဲဖွဲရောက် လာကြပါတယ်။
ပွဲစီစဉ်တဲ့ မာမီကင်းက ထက်ထက်ရဲ့မွေးနေ့ပွဲကို မိတ်ဆွေအနည်းအကျဉ်းနဲ့ ထက်ထက်တို့မိသားစုနဲ့အတူဆင်နွှဲဖို့ စီစဉ်ထားပုံရပါတယ်။ ဒါပေမယ့် တကယ့်တကယ် မွေးနေ့ပွဲတက် ရောက်ချီးမြှင့်ကြတဲ့ မိတ်ဆွေတွေက ထင်တာထက် ပိုများလာတာမို့ စားပွဲဝိုင်းတွေ တစ်ဝိုင်းပြီး တစ်ဝိုင်း ထပ်တိုး လိုက်တာ ကုက္ကိုလ်ကျွန်း က မြက်ခင်းပြင် ပြည့်လုနီးနီးပါပဲ။
မာမီနိုးကလည်း မီဒီယာတွေနဲ့ ဧည့် သည်တွေကို ခရီးဦးကြိုပြုလို့။ မာမီကင်း လည်း မမောနိုင် မပမ်းနိုင်ပဲ မွေးနေ့ရှင်ထက်ပိုပျော်နေပုံရပါတယ်။ဇူးထက်မြက်နဲ့ထက်ထက်မိုးဦး တို့ ရောက်လာပြီ ဆိုတာနဲ့ စားပွဲဝိုင်းတွေဖက်က သမင် လည်ပြန် ကြည့်ပြီး အပြုံးတွေကိုယ်စီ ခရီးဦးကြိုပြုသလို (၆၁)နှစ်ကို (၁၆)နှစ်လို့ အမှတ်မှားရလောက်တဲ့မာမီနိုးနဲ့ မာမီကင်းတို့ ကလည်း အပြေးအလွှား ထက်ထက်ကို ခရီးဦးကြိုဆိုခဲ့ကြတာမြင်ရပြန်တော့ ပျော်ရွှင်ကြည်နူး စရာကောင်းတဲ့ မွေးနေ့ ပွဲလေးဆိုတာ အပိုထူးထွေပြီးပြောဖို့လိုမယ် မထင်ပါဘူး။
မိမိနဲ့အတူမီဒီယာအဖွဲ့ကလည်းထက်ထက်တို့မိသားစုလိုက်လံ နုတ်ဆက်တဲ့ စားပွဲဝိုင်းတွေကို ဓာတ်ပုံရိုက်ပြီး ခရေပင်ငယ်လေးရဲ့ အောက်မှာ ချထားတဲ့ ခုံလေးတွေပေါ်မှာ ထိုင်နေလိုက်ကြပါတယ်။ မြက်ခင်းပြင်ပေါ်ကြွေကကျနေတဲ့ ခရေပန်းလေးတွေကိုမြင်တော့ လေးငါးဆယ်ပွင့်လောက်ကောက်ယူကာ မိမိရဲ့ အိတ်ထောင်ထဲကို ထည့်လိုက်ပါတယ်။
အိပ်ထောင်ထဲက ခရေပန်းလေးတွေရဲ့မွှေးရနံ့ နဲ့ အတူ ပင်ယံမြင့်က ခရေးပန်းလေးတွေရဲ့ ရနံ့ကလည် ကြိုင်ကြိုင် သင်းလို့။ မွှေးမွှေးကြူလို့။ ရနံ့ထုံသင်းပျံ့မွှေးကြိုင်နေတဲ့ ညကလေး နဲ့ မြက်ခင်းပြင်ပေါ်က မွေးနေ့ပွဲလေးက ရိုးရှင်းစွာ လှပနေပါတယ်။ မာမီကင်း ကစီစဉ်ထားတဲ့ စားပွဲဝိုင်းကို လက်ညှိုးညွှန်ပြနေတာ ကိုမြင်တော့ အားလုံးနဲ့ အတူ စားပွဲဝိုင်းမှာ နေရာယူရင်း ရှေ့နားက မွေးနေ့ကိတ်ခွဲမယ့်အစီအစဉ်ကို စောင့်နေကြပါတယ်။
မာမီကင်းက တော့ စိုးမြတ်သူဇာတို့ ၂၁မိုင်ရောက်နေပါပြီ၊ အဲဒီကရင် "ဟက်ပီးဘတ် ဒေး ဒူးယူ" လုပ်မယ်ဆိုပြီး တော်တော်လေးအကြာမှာ မစိုးကြီးတို့ ရောက်လာကြပါတယ်။ သင်္ကြန်ကိုဇွဲကောင်းကောင်း ဆင်နွှဲတဲ့ တေးသံ ရှင် နေရဲမာန်လည်းပါလာပါတယ်။ ထက်ထက်က ခရီးဦးကြို ပြု စကားစမည်ပြောပြီး မကြာခင်မှာပဲ အစီစဉ်ကြေငြာသူက မွေးနေ့ ကိတ်ရှိရာကို ကြွရောက်လာကြဖို့ဖိတ်ခေါ်နေပါပြီ။
မိမိတို့မီဒီယာအဖွဲ့ တွေလည်းစားပွဲဝိုင်းကနေထပြီးဓာတ်ပုံရိုက်ဖို့နေရာယူပြီး ထက်ထက် ရဲ့မိသားစု၊ ထက်ထက်ရဲ့ မိတ်ဆွေတွေနဲ့ အတူ ဟက်ပီးဘတ်ဒေး လုပ်လိုက်ကြပါတယ်။ ထက်ထက်ရဲ့ မွေးနေ့မှအစပြုကာထက်ထက်ရဲ့မိသားစု၊ ထက်ထက်ရဲ့ချစ်မိတ်ဆွေတွေနဲ့အတူထာဝရပျော်ရွှင်ချမ်းမြေ့ ပါစေကြောင်း ဆုမွန်ခြွေလိုက်ရပါတယ်။
www.yoyarlay.com
0 comments:
Post a Comment