http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 May 2012

မြန်မာ့ စီး ပွားရေး တိုး တက် မှုနှုန်း မြင့် မား လာနိုင် လို့ IMF ခန့် မှန်း


မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ လက်ရှိ ပုံစံအတိုင်းသာ ရှေ့ဆက်ပြီး တည်တည်ငြိမ်ငြိမ် သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း အမြင့်မားဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အစီရင်ခံစာက ခန့်မှန်းဖော်ပြလိုက်ပါတယ်။
ငွေကြေး လဲလှယ်မှုနှုန်းကို ပြောင်းလဲလိုက်တာ အပါအ၀င် တခြား သင့်တော်တဲ့ စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတွေကို အစပျိုးပြီး လူနေမှု အဆင့်အတန်းကိုပါ မြှင့်တင်လိုက်နိုင်မယ်ဆိုရင် တခြားအာရှက စီးပွားရေး တိုးတက်တဲ့နိုင်ငံများ နည်းတူ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။
အနာဂတ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ပမာဏကြီးတဲ့ စီးပွားရေး စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ အဆင့်တိုင်းမှာ သတိကြီးကြီးထားဖို့ လိုအပ်ကြောင်းနဲ့ စီးပွားရေး တည်ငြိမ်မှုကို အလေးပေးသင့်ကြောင်း ပြောထားပါတယ်။
အရင်တုန်းက တိုင်းပြည်ရဲ့ ဘဏ္ဍာရေး လိုငွေပြမှုကို ဖြေရှင်းဖို့အတွက် ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတဲ့ နည်းလမ်း သုံးခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှုနှုန်းထားဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ၃၃% အထိ ရှိခဲ့ကြောင်း၊ လက်ရှိ ပြောင်းလဲမှုတွေကြောင့် ၂၀၁၁ ခုနှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှု နှုန်းထားဟာ ၈% ကျော်လောက်သာ ရှိတော့တဲ့အတွက် စီးပွားရေးအရ ကောင်းတဲ့ဘက်ကို ဦးတည်လာနေပြီလို့ အိုင်အမ်အက်ဖ် အစီရင်ခံစာက ဆိုပါတယ်။
လက်ရှိ အခြေအနေမှာ ငွေကြေး လဲလှယ်နှုန်းထားတွေ ပြောင်းလိုက်ပြီ ဆိုပေမယ့် အားလုံးကို စုစည်းပြီး နှုန်းထား တစ်ခုတည်းဖြစ်အောင် တည်ငြိမ်ဖို့ အချိန်လိုသေးကြောင်း၊ တခြားနိုင်ငံတွေမှာလည်း အလားတူ အတွေ့အကြုံတွေ ရှိခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှာတော့ လာမယ့် ၂၀၁၃ ခုနှစ် ကုန်ပိုင်းလောက်မှာ ငွေကြေးဈေးကွက် တည်ငြိမ်မှု စတင်ရလာနိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ 
RFA

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif