787 Dreamliners ဘိုးရင်း ဂျက်လေယာဉ်ကြီးတွေမှာ နည်းပညာပိုင်း ဆိုင်ရာ ပြဿနာတချို့ ပေါ်လာတဲ့အတွက် ဒီလေယာဉ်ကြီးတွေ ပျံသန်းတာကို နိုင်ငံတကာမှာ နားလိုက်ကြပါပြီ။
ပြဿနာတချို့ဖြစ်ပေါ်ခဲ့တာကြောင့် အမေရိကန်လေကြောင်းလိုင်း အားလုံး ဒီအမျိုးအစားလေယာဉ်များ ယာယီ နားထားဖို့ အမေရိကန်အစိုးရရဲ့ လေကြောင်း စီမံရေးရာဌာန (FAA) က မနေ့ကပဲ ပြောလိုက်တာပါ။
အဲဒီနောက်မှာတော့ တခြားနိုင်ငံများမှာလည်း ဒီလေယာဉ်တွေ ပျံသန်းခွင့် ရပ်ခဲ့ပါတယ်။
ဖြစ်ခဲ့တဲ့ ပြဿနာတွေထဲမှာ မီးထတောက်မှု၊ ဆီစိမ့်မှု စတာတွေ ပါဝင်ကြောင်း သတင်းများမှာ ရေးထားပါတယ်။
ဘိုးရင်းကုမ္ပဏီကတော့ နာမည်ကောင်းပြန်ရဖို့ အသည်းအသန် ကြိုးစားနေတယ်လို့ သိရပါတယ်။
787 Dreamliners က ဘာထူးခြားသလဲဘိုးရင်းရဲ့ 787 Dreamliners လေယာဉ်များဟာ တခြားသောပြိုင်ဘက်များထက် ဆူညံမှု ပိုနည်းတယ်၊ ဆီစား သက်သာတယ်လို့ ဆိုတယ်။
နိုင်ငံတကာလေကြောင်းလိုင်း ၈ ခုမှာ ဒီလိုအမျိုးအစား ဂျက်လေယာဉ်ကြီးတွေ သုံးနေတာ စုစုပေါင်း စီးရေ ၅၀ လောက် ရှိပါတယ် တဲ့။
ဒီလိုလေယာဉ်မှာ ဒီလိုပြဿနာတချို့ ဖြစ်ခဲ့ပေမယ့် ဘိုးရင်းကုမ္ပဏီအတွက် ရေရှည်ထိခိုက်မှုတွေ ရှိမယ် မဟုတ်ဘူးလို့ လေကြောင်းပိုင်းဆိုင်ရာကျွမ်းကျင်သူများက ပြောဆိုကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာ အွန်လိုင်းမှာ ရေးထားပါတယ်။
"၂ နှစ်လောက်ကြာရင် ဒါကို လူတွေ မေ့သွားကြမှာပါ" လို့ ခရီးသွားစာမျက်နှာ Airfarewatchdog.com ကို တည်ထောင်သူ George Hobica ရဲ့ မှတ်ချက်ပြုတာကို အဲဒီ သတင်းစာမှာ ရေးထားပါတယ်။
"တိုင်တန်းနစ် နစ်သွားပေမယ့် ပင်လယ်ကူးသင်္ဘောတွေကို ခရီးသည်တွေ စီးနေကြတုန်းပါပဲ" လို့ သူက ဆိုပါတယ်။
တခြား ကုမ္ပဏီကထုတ်တဲ့ ဂျက်တွေမှာလည်း ပြဿနာ ကိုယ်စီနဲ့ပါပဲ။ Airbus ကုမ္ပဏီရဲ့ A380 အမျိုးအစားတွေလည်း ၂၀၁၁ မှာ အတောင်ပံအက်ကြောင်းထတဲ့ ပြဿနာ တက်ခဲ့ကြောင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဘိုးရင်းကုမ္ပဏီဝက်ဆိုက်မှာ ရေးထားချက်အရ ဆိုရင် သူတို့ဆီကနေ 737, 747, 767, 777 လေယာဉ်ကြီးတွေလည်း ထုတ်ထားတယ်၊ နိုင်ငံတကာမှာ သူ့လေယာဉ် ၁၂,၀၀၀ နီးပါး ပျံနေတယ်လို့ ဆိုပါတယ်။
အခု ပြဿနာတက်နေတဲ့ 787 Dreamliners တွေမှာ 8 နဲ့ 9 ဆိုပြီး အမျိုးအစား ၂ ခု ရှိပါတယ် တဲ့။ 8 မှာ ခ/ရီးသည် ၂၅၀ အထိ တင်နိုင်တယ်၊ 9 မှာတော့ ၂၉၀ အထိ တင်နိုင်တယ်လို့ ဆိုတယ်။
ဒီအရွယ်ဂျက်လေယာဉ်တွေချင်း ယှဉ်ရင် သူက ဆီစာ ၂၀% သက်သာပါတယ် တဲ့။
ဒီအမျိုးအစားဂျက်တွေ ထုတ်လာတာ ၉ နှစ် ရှိလာပါပြီ။
အခုလို 787 Dreamliners လေယာဉ်တွေ ကွင်းထဲ ထိုင်နေရတဲ့အတွက် ထုံးစံအတိုင်း ခရီးစဉ်တွေ ကသောင်းကနင်းဖြစ်၊ ခရီးသည်တွေ လေဆိပ်မှာ သောင်းတင်ရ စတဲ့ ပြဿနာတွေ နောက်ဆက်တွဲ ပေါ်ပေါက်နေကြာင်း သိရပါတယ်။
http://blog.irrawaddy.org/2013/01/787.html







0 comments:
Post a Comment