http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 May 2013

မိုးသည်းထန် လေပြင်းတိုက်၍ လူနေအိမ်များ ပျက်စီး၊ သေဆုံး ဒဏ်ရာရမှုများရှိ




ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ကျေးရွာတချို့အပါအ၀င် မြန်မာနိုင်ငံ အထက်ပိုင်း၌ မိုးသည်းထန်၍ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးပြီး သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မေလ ၁ ရက် ညနေ ၁၁ နာရီခန့်တွင် ကလောမြို့အတွင်းရှိ တောင်ဘက်ရွာ၊ ညောင်ကုန်းရွာ(ပလောင်ရွာ)နှင့်အနီး ၀န်းကျင်မှ ကျေး ရွာတချို့တွင် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် လူ ၁၇ ဦး ၀န်းကျင်သေဆုံးပြီး ဆယ်ဂဏန်း ဒဏ်ရာ ရရှိကြောင်း၊ လူနေအိမ် အများအပြားလည်း ပျက်စီးသွားကြောင်း ညောင်ကုန်းရွာ ဆရာတော် က ဧရာဝတီကို မိန့်သည်။
“ရွှေတူးဖော်ရေး လုပ်နေတဲ့ ကုမ္ပဏီတချို့ ပြောဆိုတာကတော့ ၁၇ ဦးသေတယ်လို့ ပြောသံကြားတယ်၊ အတိအကျတော့ မသိရ သေးဘူး၊ ကုမ္ပဏီနဲ့ အာဏာာပိုင်တွေ ပြောတဲ့စာရင်းပဲ သိရသေးတယ်”ဟု ဆရာတော် က မိန့် သည်။
လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့်ပတ်သက်၍ ကလော မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ခံအရာရှိ တဦးကမူ မြို့နယ် တာဝန်ရှိသူများ အနေဖြင့် သွားရောက် စစ်ဆေးနေဆဲဖြစ်၍ သေဆုံးသူ ဦးရေစာရင်း အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဧရာဝတီ ကိုပြောသည်။
၎င်းက“တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးနေတုန်းပါ၊ ကျနော်တို့ဆီကိုလည်း ဘာသတင်းအချက်အလက်မှ မရောက်သေးပါဘူး၊ သေဆုံးသူ စာရင်းကလည်း အမျိုးအမျိုး ပြောနေကြတာပါ”ဟု ဆိုသည်။
အခင်းဖြစ်ရာဒေသများသို့ ကလောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့်ဒေသဆိုင်ရာ အာဏာပိုင်များသည် ယနေ့ နက်ပိုင်းတွင် လာရောက် စစ်ဆေးနေကြသည့်တိုင် အကူအညီ တစုံတရာ လုပ်ဆောင်ပေးမှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသွားသူအများစုသည် ထိုဒေသ၌ ရွှေတူးဖော်ရန် ရောက်ရှိနေသည့် တခြားဒေသများမှ ဖြစ်ကြောင်း၊ သေဆုံးသူဦးရေ တိုးလာနိုင်ခြေ ရှိသေးကြောင်းလည်း သိရသည်။
ကလောမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိကာ ၄ ဦး ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။
လေမုန်တိုင်းကြောင့် ကလောဒေသရှိ ရွှေမင်းဖုန်း ရွှေတူးဖော်ရေး လုပ်ငန်းမှ ဈေးဆိုင်များ ရေထဲမျောပါပြီး လူတချို့လည်း ရေထဲ မျောပါသွားကြောင်း၊ သေဆုံးသူများမှာ ရွှေတွင်းလုပ်သားများနှင့် ရွှေတွင်းကို အမှီပြု၍ ဈေးရောင်းနေသူများ ဖြစ်ကြောင်း၊ တောင် ကျရေ ပြင်းထန်ခြင်းကြောင့်၊ သစ်ပင်များပြိုလဲခြင်းနှင့် ဈေးဆိုင်များရေထဲမျောပါ သွားခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြော သည်။
ထို့အတူ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကသာမြို့နယ် ထီးချိုင့်မြို့နယ်နှင့် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် တို့တွင်လည်း မေလ ၁ ရက်နေ့တွင် မိုးသက်လေပြင်း ကျရောက်ခြင်း၊ မိုးသီးကြွေခြင်း ဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ်များ ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲခြင်း တို့ ဖြစ်ပွားခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစားများ၌ ဖော်ပြထားသော်လည်း ကလော ကိစ္စနှင့်ပတ်သက်၍ ရေးသား ဖော်ပြ မှု မရှိသေးပေ။
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့်မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးဆက်လက် ရွာသွန်းမည် ဟုလည်း သတင်းစာများ၌ ရေးသားထားသည်။ 
http://burma.irrawaddy.org/archives/38825

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif