http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Mar 2012

ရိုးရိုးနဲ့ မှန်တာကိုပြောမည်

တစ်နေ့ကပေါ့.. ဆရာ နန္ဒာသိန်းဇံ ရဲ့ စာအုပ်တစ်အုပ် ပြန်ဖတ်မိတယ်။ နာမည်က ‘နောင်တကင်းရာသို့’ တဲ့… အခေါက်ခေါက် လည်း ဖတ်ဖူးပါတယ်။ ဖတ်မိတိုင်းလည်း အတွေး မျိုးစုံ ဝင်လာသလို နောင်တတွေ ထပ်ပြီး မရဖြစ်အောင် သတိထားမိ လာစေပါတယ်။ နောင်တ လုံးဝ ကင်းအောင် မဖြစ်နိုင်သေးတဲ့ အချိန်မှာ နောင်တ အကြီး ကြီးတွေ မရနိုင်တော့အောင် အဲဒီ စာအုပ်လေး ဖတ်တိုင်း အသိတရား ရစေပါတယ်။
လူ ဆိုတာ ကလည်း ဘယ်သူသိသိ၊ မသိသိ ကိုယ့်အကြောင်း ကိုယ်အသိဆုံး မဟုတ်လား။ အမှားအယွင်း တစ်ခု လုပ်မိတိုင်းလည်း ‘ဘယ်သူ အမှားနဲ့ ကင်းလို့တုံး’ လို့ တိတ်တဆိတ် ဆင်ခြေတက် မိတယ်။ အမှားနဲ့ မကင်း နိုင်တာ မှန်ပေမယ့် အမှားနည်းအောင် အားထုတ်သင့်တယ် ဆိုတာမျိုး စိတ်ထဲမှာတော့ ရှိနေပေမယ့် (များသော အားဖြင့်) ဘယ်သူမှ သတိမထားဘူး။ ကျွန်မလည်း အဲဒီလို လူမျိုးပါပဲ။ ဒါကြောင့် လက်တစ်ကမ်းမှာ စာကောင်းပေမွန် တွေကို မပြတ်ထား ထားရတာ မိမိကိုယ် ကို နှိပ် ကွပ်ဖို့ ပါ။ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေတာကလည်း ကိုယ်ကိုယ်တိုင်ပဲလေ။
၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ၃ဝရက်က MCC မှာ ကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေပွဲမှာ သီချင်းဆို ခဲ့ပါတယ်။ NLD က ကျင်းပတဲ့ပွဲပါ။ ပွဲက အောင်မြင်သလို အလှူငွေတွေလည်း တော်တော်ရတာမို့ ပါဝင်တင်ဆက်ခဲ့သူ တစ်ယောက် အနေနဲ့ အလွန်ပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အဲဒီလိုနဲ့ ၂ဝ၁၂ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က ဒီပွဲမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်၊ အတတ်ပညာရှင် များနဲ့ အလှူရှင်များ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပွဲလေး ကျင်းပပေးခဲ့ပါတယ်။ အေးချမ်းတဲ့ ညခင်းလေး မှာ အောင်မြင်မှု အထိမ်း အမှတ်နဲ့ ကျင်းပတဲ့ ပွဲလေးကို စုံစုံညီညီနဲ့ တက်ရောက်လာတဲ့ လူတိုင်းမှာလည်း ပီတိ အပြုံးတွေ ကိုယ်စီနဲ့ပါပဲ။ အဲဒီပွဲလေးမှာ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ခြံထဲက မြက်ခင်းပြင်မှာ ကျင်းပခဲ့တာပါ။ အင်းယား ကန်ရေပြင်ပေါ် ကနေ ဖြတ်တိုက်လာတဲ့ လေတွေကလည်း တဖြူးဖြူး နဲ့ အေးနေတာပဲ။
အဲဒီညက လွတ်လပ် ပေါ့ပါးနေတာ လူတိုင်းလူတိုင်း ပါပဲလေ။ ညစာနဲ့ ဧည့်မခံခင် အမေစုက ကျေးဇူးတင် စကားပြောပါတယ်။ မြက်ခင်းပြင်မှာ ဆောက်ထားတဲ့ Stage အသေးလေးပေါ် ကနေပါ။ အဲဒီ ညခင်းအချိန် အခါလေးနဲ့ ကိုက်ညီလောက်အောင်ပဲ အလွန်ပေါ့ပါး သွက်လက်တဲ့ ကျေးဇူးတင် စကားကို ဆိုခဲ့တာကြောင့် ဒီပွဲမှာ ရှိနေသမျှ လူတိုင်းဟာ လွတ်လပ် aပါ့ပါးတဲ့ ခံစားမှုကို ရခဲ့ပါတယ်။
အဲဒီပွဲလေးရဲ့အပြင်အဆင် ကတော့ ရိုး ရိုးရှင်းရှင်းပါပဲ။ ဘာပကာသနမှ ရှိမနေပါဘူး။ မြက်ခင်းပြင်ပေါ်မှာ စားပွဲဝိုင်းတွေ ခင်းထား တယ်။ မြက်ခင်းရဲ့ ဘေးအစွန်မှာ ဘူဖေး စားဖို့ စီစဉ်ပေးထားပါတယ်။ မီးလုံးလေး တွေကလည်း မြင်သာထင်သာ ရှိပြီး လုံလောက်ရုံပါပဲ။ ဒါပေမဲ့ ပွဲမစခင် ရောက်ခါစမှာ မြက်ခင်း ရဲ့တစ်ဖက်အစွန်း က stage အသေးလေးနဲ့ Keyboard တစ်လုံးကိုမြင်တော့ အမှန်အတိုင်း ပြောရရင် စိတ်ပျက်သွားပါတယ်။ စိတ်ပျက်တယ် ဆိုတာက အဲဒီညပွဲမှာ တက်ရောက် လာတဲ့ သူတွေ အားလုံးဟာ ကိုယ့် မောင်နှမ အဆိုတော်တွေချည်းပဲ ဖြစ်နေတာမို့ တစ်ယောက်နဲ့ တစ်ယောက် သီချင်းဆိုပြကြ ဖို့ လိုမှ မလိုတာလေ။ ဒါကြောင့်ပါ။ သြော် ဒါနဲ့ စင်ပေါ်မှာ Keyboard အပြင် ၁၂၅ သိန်း နဲ့ လေလံတင် ထားခဲ့တဲ့ တီရှပ်လေး ကလည်း နေရာယူ ထားပါတယ်။ တီရှပ် ပိုင်ရှင် ကိုလည်း ဂုဏ်ပြုပွဲမှာ ဖိတ်ထားပါတယ် ။ စေတနာ ကောင်းပြီး၊ ကျက်သရေ ရှိတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားတဲ့ ‘မမာလာ’ ရဲ့ အလှကလည်း ဒီပွဲလေး နဲ့ လိုက်ဖက်ပါတယ်။ ဒါကတော့ အဲဒီ ညခင်းလေး ရဲ့ အဆင် အပြင်ပေါ့။
အဲဒီညက ပြောခဲ့တဲ့ စကားတိုင်း နီးပါးကို မှတ်မိနေပါတယ်။ အဲဒီအထဲကမှ မှတ်မှတ်ရရ သဘောကျခဲ့တဲ့ စကားလေး အကြောင်း ပြန်ပြောပြချင်ပါတယ်။ လိုရင်း က လည်း အဲဒီ စကားလေးပါပဲ။ အမေစုက တော့ အဲဒီပွဲလေးမှာ အယဉ်ဆုံး၊ အလှဆုံး၊ ကျက်သရေ အရှိဆုံး နဲ့ အားလုံး အတွက် ပေါ့ပါးမှုတွေကိုလည်း ဖန်ဆင်း ပေးခဲ့ပါ တယ်။ တိုတိုရှင်းရှင်း နဲ့ ဖော်ရွေစွာ ကျေးဇူးတင် စကား ကိုဆိုခဲ့တဲ့ အမေစု ရဲ့ စကားအဆုံးမှာ ကျွန်မရဲ့ ညစ်နေတဲ့ စိတ်ကို ပေါ့ပါး သွားစေခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေစုက ”ဒီပွဲမှာ အဆိုတော်တွေကို ဂုဏ်ပြုဖို့ ဖိတ်ထားတာပါ။ ခိုင်းစားဖို့ မဟုတ်ပါဘူး” တဲ့။ ဆိုလိုတာက  ကျွန်မ သီချင်း မဆိုချင်လို့ ညစ်နေတဲ့ အချိန်မှာ အမေစု က Keyboard ကြီးကို လှမ်းကြည့်ရင်း ပြောတာပါ။ ပြီးတော့ အမေစုက ”ဒီသီချင်း ဆိုဖို့ အစီအစဉ်ဟာ ကျွန်မ စီစဉ်တာ မဟုတ်ပါဘူး၊ ဆိုချင်စိတ် ရှိမှ၊ ဆိုချင်တဲ့ သူမှဆိုပါ။ မဆိုချင်လည်း ရပါတယ်”လို့ ပြောလိုက်တော့မှ သက်ပြင်းချသူချ၊ ရယ်သူရယ်နဲ့ အဲဒီပွဲလေး ရဲ့အဖွင့်က လှခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီညက သီချင်းဆိုချင် စိတ် မရှိတဲ့ ကျွန်မတောင် ပျော် ပြီး သီချင်းတစ်ပုဒ်ဆို ဖြစ်ခဲ့ပါတယ်။ (အမေ့ ရဲ့စကားတွေဟာ နွေးထွေးပြီး အနှောင်အဖွဲ့ ကင်းလှပါတယ်။ လွတ်လပ် မျှတခြင်း ဆိုတာလည်း ဒါမျိုးပဲလို့ ထင်ပါတယ် အမေ)
ဒီနေရာမှာ အဲဒီညရဲ့ အခမ်းအနား အစီအစဉ်လေး အတိုချုပ်ပြောရရင် အခမ်းအနား အစီအစဉ်မှူးက အခမ်းအနား အစီအစဉ် ကြေညာ၊ ပြီးတော့ အမေစုက ကျေးဇူး တင် စကားပြော၊ ပြီးတော့ လေလံ တီရှပ်မှာ အနုပညာ သမားတွေ လက်မှတ် အပြင် အမေစု လက်မှတ်ပါ ထပ်ပြီးတော့ထိုး၊ ပြီးတော့ လေလံ ပိုင်ရှင်ထံ ဂုဏ်ပြု ပေးအပ် ပြီး ပွဲလေးကို စတင်ပေး ခဲ့ပါတယ်။ အဲဒီညက အများစု သော သူတွေဟာ မြန်မာ အမျိုးသား ဝတ်စုံကိုသာ ဝတ်ဆင် လာခဲ့ပါတယ်။ ကျွန်မ ကိုယ်တိုင် လည်း ထဘီဝတ် လာခဲ့ပါ တယ်။ ဘာဝတ်ပါလို့ ကန့်သတ် မထားပေမယ့် အမြဲတမ်း မြန်မာလို ဝတ်ခဲ့တဲ့ အမေ့ကို ဂုဏ်ပြုတာပါ။ ဒါကြောင့် အမေ့ဆီ သွားတိုင်း ဘောင်းဘီ အလွန်ကြိုက်တဲ့ ကျွန်မ က ထဘီပဲ အမြဲဝတ်သွားပါတယ်။
အဲဒီညက တစ်ယောက် တစ်လှည့်နဲ့ သီချင်းတွေ တစ်ပုဒ်စီ ဆိုခဲ့ကြပါတယ်။ ကျွန် မကတော့ ထဘီကလည်း ဝတ်ထားတာက တစ်ကြောင်း၊ အမေစု အတွက် တစ်ခုခု လုပ်ပေးချင်တာက တစ်ကြောင်းကြောင့် မဆိုဖူး တဲ့ သီချင်းတစ်ပုဒ်ကို ရွေးဆိုခဲ့ပါတယ်။ သီချင်းနာမည်က ‘ဆရာမ’ပါ။ ဗိုလ်ချုပ်က အမေကြီး ဒေါ်ခင်ကြည် ကို ပိုးခဲ့တဲ့ သီချင်း လေးပါ။
ဗိုလ်ချုပ်တစ်ချိန်က ဆိုခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ကို ကျွန်မတို့ လေးစားချစ်ခင်ရတဲ့ ဗိုလ်ချုပ်ရဲ့ သမီးရှေ့မှာ ဆိုပြရတာ တော်တော်ကို အရသာ ရှိလှပါတယ်။ ဆိုရင်းနဲ့ လည်း စာသားလေးတွေကို သတိထားပြီး တွေးနေမိပါတယ်။ အကြိုက်ဆုံး စာသားလေး ကတော့ ‘ရိုးရိုးနဲ့ မှန်တာကိုပြောမည်… တကယ်စိတ် ကအတည်. .ဘယ်မိန်းမ မှ မချစ်ခဲ့သည်.. သဒ္ဓါက ပိုသည်..ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်’ တဲ့လေ။ ချစ်တာ ကြိုက်တာတောင် ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား၊ ယဉ် ယဉ်  ကျေးကျေးလေး ဆိုခဲ့တာပါ။ ဘာအရောင် မှမပါ၊ ဘာလှည့်ဖြားမှုမှ မရှိ၊ ဘယ်လောက် မြတ်နိုးစရာ ကောင်းတဲ့ သီချင်းလေး ပါလိမ့်နော်။
ကျွန်မ အခု ရေးနေတဲ့ စာစုလေးရဲ့ခေါင်းစဉ် ကိုလည်း အဲဒီ သီချင်းစာသားလေး အတိုင်း ဂုဏ်ပြုပြီး ခေါင်းစဉ်တင် ထားတာပါ။ ဟုတ်ပါတယ်။ ရိုးရိုးနဲ့ မှန်တာ ပြောဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ တကယ်တမ်း ကျွန်မကိုယ်တိုင်လည်း အမြဲတမ်း ကြိုးစားနေခဲ့ ရတာပါ။ အများအားဖြင့် အဲဒီလို ရိုးရိုးနဲ့မှန်တာ ကိုပြော တဲ့အခါတိုင်း မှာ လွတ်လပ်ပေါ့ပါးမှု ဆိုတဲ့ အကျိုးအမြတ်ဟာ အမြဲတမ်း ခံစားခဲ့ရပါတယ်။
အဲဒီ သီချင်းလေးကို ဆိုရင်း ဗိုလ်ချုပ်က ဘယ်လိုဆိုခဲ့တယ်။ အမေကြီး ဒေါ်ခင်ကြည် က ဘယ်လို နားထောင်နေခဲ့ လိမ့်မလဲလို့ ပုံဖော်ပြီး စဉ်းစားနေမိ ပါတယ်။ အင်းလေ ရိုးရိုးလေးတွေပဲ ဖြစ်နေမှာပါ။
ဒီသီချင်းလေးနဲ့ ဆက်စပ်ပြီး ကျွန်မ ဥာဏ်မီသလောက် စဉ်းစားမိတာ တစ်ခုရှိပါတယ်။ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေကို ပြန်ဖတ်၊ ပြန်နားထောင်မိတဲ့ အခါမှာ ဗိုလ်ချုပ်ရဲ့ရိုးသား မှုနဲ့ ဗိုလ်ချုပ် လိုချင်ခဲ့တဲ့ လမ်းစဉ်ဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ လမ်းစဉ်ဆိုတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ် မျှော်မှန်းခဲ့သလို လွတ်လပ်ရေးကြီး ရခဲ့ပါပြီ။ ဗိုလ်ချုပ် ကတော့ ရှိမနေတော့ပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့ စွမ်းဆောင်မှု ကြောင့် လွတ်လပ်ရေးကြီး ကတော့ ရခဲ့ပါတယ်။ ဒီအတွက်လည်း ဗိုလ်ချုပ် အောင်ဆန်း ဟာ ပြည်သူတွေ ရဲ့နှလုံးသားထဲမှာ အမြဲ ရှိေ ခဲ့တာပါ။ အမြဲ ထာဝရလည်း ရှိနေဦးမှာပါ။
အခုလည်း ဗိုလ်ချုပ် ဖော်ဆောင်ချင်တဲ့ ဒီမိုကရေစီ လမ်းစဉ်ကြီးဟာ စတင်လာနေပါပြီ။ ရိုးရိုးနဲ့ မှန်တာကို ပြောခဲ့တဲ့ ဗိုလ်ချုပ်ဟာ ရိုးရိုးနဲ့ မှန်မှန်ချီတက်ခဲ့သူပါ။ ဒီမို ကရေစီ ဆိုတာလည်း အရာရာဟာ မျှတ လွတ်လပ် ပွင့်လင်းတဲ့ စနစ်တစ်ခု၊ ပြည်သူ့ဆန္ဒနဲ့ တည်ဆောက်မယ့် စနစ်တစ်ခုလို့ ဥာဏ်မီသလောက် စဉ်းစားမိပါတယ်။ (ကျွန်မ မှားနေရင်၊ လိုနေရင်လည်း ဖတ်မိတဲ့လူကြီးမင်းများ သင်ပြပေးပါရှင်) ဒီမိုကရေစီ နဲ့ ရိုးသားခြင်း၊ မှန်တာကိုပြော၊ ဆို၊ လုပ်ကိုင်ဝံ့ခြင်းဟာ ဆက်စပ်နေတယ် လို့ ကျွန်မ ထင်ပါတယ်။
အခု ဗိုလ်ချုပ် တည်ဆောက်ချင်ခဲ့တဲ့ လမ်းစဉ်၊ ဒီမိုကရေစီ လမ်းစဉ်ကြီးဟာ စပါပြီ။ အခုတစ်ခါ ကြားဖြတ် ရွေးကောက်ပွဲကြီးမှာ လည်း ရိုးသား မှန်ကန်စွာ နဲ့ ပျော်ရွှင်ရ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကြားဖြတ်ရွေး ကောက်ပွဲမှာ ဒီမိုကရေစီ ကို လိုလားသူတိုင်း ရိုးရိုးနဲ့ မှန်တာကို ပြောနိုင်တဲ့ အခွင့်အရေး တစ်ခု ရလာပါပြီ။ ရဲရဲဝံ့ဝံ့နဲ့ သာ ကိုယ့်ဆန္ဒကို ဖော်ထုတ်ကြပါ။ မဲပေးကြပါ။ သာယာလှပတဲ့ တိုင်းပြည် အနာဂတ်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေနဲ့ တည်ဆောက်ကြပါ လို့ မေတ္တာ ရပ်ခံ ချင်ပါ တယ်။
ရိုးမှန်စွာ ဖြတ်သန်းခဲ့တဲ့၊ တည်ဆောက်ခဲ့တဲ့ လွတ်လပ်ရေးရဲ့ ဖခင်ကြီး၊ ကျွန်မတို့ အားလုံးရဲ့ အဘိုး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဆန္ဒတွေ ဟာလည်း တဖြည်းဖြည်း ချင်း ပြည့်ဝတော့ မယ်လို့ ယုံကြည်ပါတယ်။
ပြည်သူတွေရဲ့ စွမ်းအားဟာ ပြည်သူတွေထဲမှာပဲ ရှိပါတယ်။ ပြည်သူတွေ လိုချင်သမျှ ပြည်သူတွေကပဲ ဝိုင်းဝန်း တည်ဆောက် ယူရမှာပါ။ ရိုးရိုးနဲ့ မှန်တာ ကို ပြောကြပါ စို့။ ပျော်ရွှင်စရာ အနာဂတ်ကို လှလှပပ မဲပေးရင်း တည်ဆောက်ကြပါစို့။
သျှီ                                     http://popularmyanmar.com/mpaper/archives/39713

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif