ပိတ်ကားကို မျက်နှာခဏလွှဲချင်တဲ့စိတ်နဲ့ ဘေးဘီကို ကြည့်မိတော့ တရှုံ့ရှုံ့ ငိုနေတဲ့ ကောင်မလေးကို သူ့ဘေးက ယောကျာ်းလေး မိတ်ဆွေက တစ်ရှူး တစ်ရွက် ထုတ်ပေးလိုက်တာ တွေ့ရတော့မှ ကျွန်မကိုယ်တိုင်လည်း မျက်ရည်ဝဲနေမိတယ်ဆိုတာပိတ်ကားကို သတိထားမိလိုက်တယ်။ ဒီမျက်ရည်တွေဟာ ဆွတ်ပျံ့ ကြေကွဲ ဖွယ်ရာ အချစ်ဇာတ်ကားတစ်ကားကို စိတ် နှစ်ပြီးကြည့်တိုင်းမှာ ခံစားလွယ်ကူသူတိုင်း ကျနိုင်တာပဲ မဟုတ်လား။
စင်ကာပူနိုင်ငံမှာ The Lady ဇာတ် ကား ရုံတင်တယ်ဆိုတော့ သူငယ်ချင်းတွေ က စိတ်ဝင်တစား ကြည့်ချင်တယ်လို့ ပြောလာပါတယ်။ မလေးရှားနိုင်ငံသူ မစ္စ နိုဝယ်လ် ကသူတို့နိုင်ငံသူ မင်းသမီးမီရှယ်ရိုး ကြောင့် စိတ်ဝင်စားတာဖြစ်ပြီး တရုတ်နိုင်ငံ က မစ္စယင်ဟွာကတော့ သူတို့နိုင်ငံမှာ ဒီဇာတ်ကားကို ပြခွင့် မရတဲ့အတွက် ကြည့် ခွင့်ရတုန်း ကြည့်ချင်တာလို့ ပြောပါတယ်။ ကျွန်မရဲ့ အခန်းဖော် အင်ဒိုနီးရှားနိုင်ငံ သူ မစ္စအာရ်နာကတော့ ကျွန်မနဲ့အတူ နှစ် နိုင်ငံ လူထု လှုပ်ရှားမှုတွေအကြောင်း အပြန် အလှန် ဆွေးနွေးဖူးတာဖြစ်လို့ မြန်မာ ပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို ဖော်ပြတဲ့ ဇာတ်ကားတစ်ကားအဖြစ် စိတ် ဝင်တစား ကြည့်ချင်နေတာပါ။ ကျွန်မက ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြပွဲ အကြောင်းသူ့ကိုပြောပြသလို သူကလည်း သူတို့နိုင်ငံက ဆူဟာတို အစိုးရကို ဖြုတ်ချ နိုင်ခဲ့တဲ့ ၁၉၉၈ လူထုအြွုံကမှုအကြောင်း ပြောပြပါတယ်။ အသက်တွေ ဆုံးရှုံးကြရ တာချင်းအတူတူ သူတို့နိုင်ငံကအစိုးရပြုတ် ကျအပြီးမှာ တိုင်းပြည်အပြောင်းအလဲ ဖြစ်ခဲ့ ပေမယ့် ကျွန်မတို့ကတော့ ၂၄ နှစ်ကြာမှ အပြောင်းအလဲကို ရေးရေး စမြင်ရတယ် ဆိုတော့ သူက တော်တော်လေး အံ့ဩပါ တယ်။ ဒါကြောင့် စိတ်ဝင်တစားနဲ့ ၁၉၈၈ ကာလက အနေအထားတွေကို ပြထား တယ်ဆိုတဲ့ The Lady ကိုသူလည်းကြည့် ချင်နေတာပါ။ တကယ်က ဒီဇာတ်ကားကို ကြည့်ဖူး တဲ့ မြန်မာတော်တော်များများရဲ့ မကျေမနပ် ဝေဖန်သံတွေကို ကြားသိထားတဲ့အတွက် ကျွန်မကိုယ်တိုင် ဇာတ်ကားကိုသွားကြည့် ဖို့ ရွံ့နေမိပါတယ်။
သူတို့နဲ့ သွားကြည့် တော့မှ တော်ကြာ မဟုတ်တရုတ်တွေမြင်ရ ရင် မျက်နှာပူရမှာကိုကြိုလန့်နေတာလည်း ပါပါတယ်။ ဒါပေမယ့် ကိုယ်တိုင် မကြည့် ဖူးသေးဘဲနဲ့ သူများအပြောနဲ့တင် ဘာမှ မဆွေးနွေးချင်တာကတစ်ကြောင်း၊ သူတို့ က အားတက်သရောကြည့်ချင်နေတဲ့အချိန် မှာ ကျွန်မက ကိုယ့်နိုင်ငံ အကြောင်း တစ်စိတ် တစ်ဒေသ ရိုက်ပြထားတာကို မကြည့်ဘူး လို့ ငြင်းရမှာမကောင်းတာ တစ်ကြောင်း ကြောင့် သွားကြည့်ဖြစ်ကြတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ် ဆောင်တဲ့ မင်းသမီး မီရှယ်ရိုးနဲ့ သူ့ရဲ့ ခင်ပွန်း ဒေါက်တာ မိုက်ကယ်အဲရစ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား David Thewlis တို့ကိုတော့ ဘာမှအထူးပြောစရာမရှိ ပါဘူး။ မီရှယ်ရိုးဆိုရင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်ပွားလေလားလို့ထင်ရလောက် အောင် တော်တော်လေးကြိုးစားထားတာ တွေ့ရတယ်။ မြန်မာစကားကိုလည်း တတ် နိုင်သလောက်၊ သူ ပြောတတ်သလောက် ပီပီသသ ပြောထားတာကို တွေ့ရပါတယ်။ သူပြောတဲ့ မြန်မာစကားက လေသံအနိမ့် အမြင့် မမှန်ကန်ပေမယ့် အတူကြည့်တဲ့ ကျွန်မ သူငယ်ချင်းတွေကတော့ မသိကြပါ ဘူး။ "သူပြောသွားတာ နင်တို့ မြန်မာတွေ အတိုင်းပဲနော်" ဆိုပြီးတောင် ချီးကျူးကြ ပါတယ်။
ကျန်တဲ့ ဇာတ်ပို့တချို့ရဲ့ မြန်မာ စကားပြော ချို့ယွင်းမှုတွေကိုလည်း သူတို့ မသိကြပါဘူး။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်း ဆောင်ကြီးတွေကို အတွင်းဝန်ရုံးမှာ ဝင် ရောက် သတ်ဖြတ်တဲ့အချိန် ပစ္စတိုသေနတ် ကြီး သုံးသွားတယ်လို့လည်းကျွန်မနဲ့အတူ ရုပ်ရှင်သွားကြည့်တဲ့ ဘယ်သူကမှ မပြော ကြပါဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ဆိုင်းဘုတ်တချို့မှာ 'လုံးကြီးတင်'ကျန်ခဲ့ပြီး 'အမျုးသားဒီမိုကရေစီအဖွဲ့ချုပ်' ဆိုပြီး ဖြစ် နေတာကိုလည်း သူတို့ မသိကြပါဘူး။ မဆလ ဗိုလ်ချုပ်ကြီးဦးနေဝင်း (လို့ ထင်ရ သူ) က အဲဒီကာလမှာ စစ်ဝတ်စုံနဲ့ သူ့ တပည့်တွေကို အမိန့်ပေးသေးလားလို့ လည်း ဘယ်သူကမှမမေးပါဘူး။ ခေါင်း ဆောင်ဟောင်းတွေက ဗေဒင်ယုံတာမှန်ပေ မယ့် ရုပ်ရှင်ထဲက ဗေဒင်ဆရာက အနောက် တိုင်းဆန်နေတာ၊ ဟောထားတဲ့ ဗေဒင်မမှန် လို့ဗေဒင်ဆရာကို ဧည့်ခန်းထဲတင်သေနတ် နဲ့ တစ်ယောက်က ပစ်သတ်လိုက်တာတွေ ကိုလည်း ဘယ်သူကမှ မဝေဖန်ပါဘူး။ နောက်ဆုံး ၂၀ဝ၇ သံဃာ အရေး အခင်းမှာ သံဃာတော်တွေက ဒေါ်အောင် ဆန်းစုကြည်အိမ်ရှေ့ကနေ ဒေါ်အောင် ဆန်းစုကြည် နာမည်ကို ဟစ်အော်တာ၊ ဒေါ်အောင်ဆန်းစုကြည်က သံဃာတော် တွေရဲ့အထက် ခြံစည်းရိုးပေါ်ကနေ ပေါ် လာတာတွေကို မြန်မာနိုင်ငံသားမဟုတ်တဲ့ သူတို့တွေ မဆွေးနွေးကြပါဘူး။
၁၉၈၈ ခုနှစ်ကို သေသေချာချာ ဖြတ်သန်းခွင့်ရခဲ့ တဲ့ ကျွန်မကိုယ်တိုင်တောင် နားမလည်တဲ့ အခန်းတွေ ပါနေတာကြောင့် သူတို့ မဆွေး နွေးတာဘဲ ခပ်ကောင်းကောင်းလို့ ယူဆမိ ပါတယ်။ အဲဒါတွေက ရုပ်ရှင်ကြည့်နေရင်း ကျွန်မတစ်ယောက်တည်း မသိုးမသန့်ဖြစ် ရတဲ့အဖြစ်အပျက်တွေပါ။ ဒါရိုက်တာLuc Besson ကိုယ်တိုင်ကလည်း ဒီဇာတ်ကား က 'မြန်မာတွေအတွက် ရိုက်တာမဟုတ် ဘူး၊ နိုင်ငံတကာ ပရိသတ်အတွက် ရိုက် တာ' လို့ ပြောခဲ့တယ်မဟုတ်လား။ ဒါပေ မယ့် မြန်မာတစ်ယောက်အနေနဲ့ အဲဒီ အချက်တွေကိုမေ့ထားပြီး ကြည့်လိုက်တဲ့ အချိန်မှာတော့ အလွန် ဆွတ်ပျံ့ကြေကွဲ လွမ်းမောဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ထဲ ကို ရောက်သွားပါတော့တယ်။ တကယ်ဆို ဒီဇာတ်ကားကိုThe Lady ဆိုတာထက် The Man လို့ ခေါင်းစဉ်တပ်စေချင်မိတယ်။ ဘာကြောင့် လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေထက် မိန်းမဖြစ်သူရဲ့ အောင် မြင်မှုကို သူ့အောင်မြင်မှုလို ခံစားနားလည် ပေးသူ၊ မိန်းမဖြစ်သူရဲ့ ယုံကြည်ချက်ကို သူ့ယုံကြည်ချက်လို သဘောထားပေးသူ၊ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ မိန်းမ ဖြစ်သူကို အစွမ်းကုန်နားလည်ပေးပြီး သေ မင်းနဲ့ စစ်ခင်းနေချိန်အထိ သဘောထား ကြီးမြင့်သွားသူ စသည်ဖြင့် ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ စွန့်လွှတ်အနစ်နာခံမှု တွေက ဒီဇာတ်ကားမှာ ပိုပေါ်လွင်နေတယ် လို့ ထင်မိလို့ပါ။ ရုပ်ရှင်အပြီးမှာ မျက်ရည်တွေနဲ့ ထွက် လာတဲ့ မလေးရှားနိုင်ငံသူ မစ္စနိုဝယ်လ်က မီချယ်ရိုး သရုပ်ဆောင်တာ အရမ်းကောင်း ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ပုံစံ တည်းတူကြောင်းတွေ ပြောပါတယ်။ တရုတ်နိုင်ငံက မစ္စယင်ဟွာကတော့
"တူးတူးရေ ငါ အစက ဒေါ်အောင်ဆန်း စုကြည်အကြောင်း သေချာမသိဘူး။ ဒီ ရုပ်ရှင်ကြည့်ပြီးတော့သိသွားမယ်ထင်တာ၊ ခုထိဘာ မှန်းမသိသေး ဘူး။ဒေါ်အောင်ဆန်း စုကြည် အကြောင်း ရိုက်ပြတာ မပေါ်လွင် ဘူး ထင်တယ်။ ဒါပေမယ့် ရုပ်ရှင်အနေနဲ့ တော့ ကောင်းပါတယ်။ လွမ်းဖို့ကောင်း တယ်" လို့ ပြောလာပါတယ်။ လွမ်းဖို့ကောင်းရုံပဲလား လို့တော့ ကျွန်မ ဆက်မမေးဖြစ်တော့ပါဘူး။ ကျွန်မ ကိုယ်တိုင်လည်း လွမ်းဖို့ကောင်းတဲ့ ရုပ်ရှင် တစ်ကားလို့ ထင်နေလို့ပါ။ အင်ဒိုနီးရှားသူ မစ္စ အာရ်နာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်းများစွာ အနစ်နာခံမှုတွေကို ဒီထက်ပေါ်လွင်အောင် ရိုက်ပြသင့်တယ်လို့ ပြောပါတယ်။ အတူ သွားကြည့်သူတွေနဲ့ ပြောဖြစ် သလောက်ကတော့ ဒီလောက်ပါပဲ။ စင် ကာပူနိုင်ငံမှာနေတဲ့ မြန်မာသူငယ်ချင်း တချို့ကလည်း ဒီရုပ်ရှင်ဇာတ်ကားကိုသွား ကြည့်ပြီး "ကောင်းပါတယ်၊ မဆိုးပါဘူး" ဆိုတာထက် ပိုမပြောကြပါဘူး။ သူငယ် ချင်းတစ်ယောက်ကတော့ "ဒီဇာတ်ကားမှာ ပေးချင်တဲ့ Message က ဒေါ်အောင်ဆန်း စုကြည်ဟာ မိသားစုအရေးကို မကြည့်ဘဲ တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံ တယ်ဆိုတာကိုပြောတာဖြစ်မယ်"လို့ ဆိုပါ တယ်။ ဒါ လူတိုင်းသိပြီးသားပဲ။ နိုင်ငံတကာ ကကော၊ မြန်မာကကော အားလုံးသိနေ တာပဲ။ The Lady ပြောချင်တာ ဒါပဲလား ဆိုတဲ့မေးခွန်းကို ကျွန်မရင်ထဲမှာ အပြန်ပြန် အလှန်လှန် ထုတ်နေမိတယ်။ အဲဒီမေးခွန်း ရဲ့ အဖြေကို ပေးလိုက်တာကတော့ ဟောင် ကောင်နိုင်ငံက Telesis Consulting Limited ရဲ့ ဥက္ကဋ္ဌ Mr. Cyril Pereira ဆိုသူ ဖြစ်ပါတယ်။
သူက ကျွန်မတို့ကို ဟောင် ကောင် Media Business နဲ့ ကမ္ဘာ့ ပုံနှိပ် မီဒီယာအကြောင်း ရှင်းလင်းပြောကြားသူ တစ်ဦးပါ။ Mr. Cyril Pereira က ကျွန်မ မြန်မာ မှန်းသိတဲ့အတွက် The Lady နဲ့ ပတ်သက် လို့ ဘယ်လိုထင်လဲလို့ မေးခွန်းထုတ်ပါ တယ်။ ကျွန်မက လွမ်းစရာ ဇာတ်လမ်း တစ်ပုဒ်ပဲလို့ ပြောလိုက်တော့ သူက ဒေါသ တကြီးနဲ့ "ဟုတ်တယ်။ တကယ်ကို လွမ်း စရာဇာတ်လမ်းတစ်ပုဒ်ပဲ။ ဒေါ်အောင်ဆန်း စုကြည်ဆိုတာ သာမန်မိန်းမတစ်ယောက် ဖြစ်သွားအောင် ရိုက်ပြထားတဲ့ ဇာတ်ကား ပဲ" လို့ ပြောပါတယ်။ "တကယ်ဆို ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ခင်ဗျားတို့နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ အဓိက အရေးပါတဲ့ လူတစ်ယောက်။ သူ့ကြောင့်သာ မဟုတ် ရင် စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရဆိုတာ ဘယ်တော့မှ ပေါ် ထွက်လာမှာ မဟုတ်ဘူး။ အဲဒါကို ဘာ ကြောင့် သူ့ရဲ့ကိုယ်ရေးကိုယ်တာ အနစ် နာခံမှု ပုံစံလေးဖြစ်အောင်၊ သေးသိမ်အောင် ရိုက်ပြတာလဲ မသိဘူး။ ကျွန်တော် တော် တော် အံ့ဩတယ်" လို့ သူက ဆက်ပြော ပါတယ်။ စင်ကာပူနိုင်ငံမှာ ၁၈ နှစ်အောက် မကြည့်ရဆိုတဲ့ The Lady ဇာတ်ကားဟာ မြန်မာတချို့ ဝေဖန်နေသလို သမိုင်းကို ပြောင်းပြန်လှန်တဲ့ ဇာတ်ကား၊ ဇာတ်ဝင် ခန်းတွေ အမှားမှားအယွင်းယွင်း ဖြစ်နေတဲ့ ဇာတ်ကား ဆိုတာလည်း မှန်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ထားတဲ့ ဇာတ်ကားပါလို့ဆိုထားတာကြောင့် ဒါတွေ က အရေးကြီးပါတယ်။
ဒါပေမယ် The Lady ဆိုတာ ဘာအကြောင်းကို ရိုက်တာ လဲ၊ ဘယ်သူ့အကြောင်းကို ရိုက်တာလဲဆို တာက ပိုအရေးကြီးမယ်ထင်ပါတယ်။ တချို့ရုပ်ရှင်တွေက ကြည့်ပြီး တစ် သက်လုံး တသသ ပြောနေရလောက် အောင် ရင်ထဲစွဲကျန်နေတတ်သလို တချို့ ရုပ်ရှင်တွေကျတော့လည်း ကြည့်ပြီး ရုံ အပြင်ရောက်တာနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါတယ်။ ကျွန်မ အတွက်ကတော့ The Lady ကသတ်သတ်၊ ဒေါ်အောင်ဆန်းစုကြည်က သတ်သတ်လို့ပဲ ခံစားမိပါတော့တယ်။ http://www.yoyarlay.com

0 comments:
Post a Comment