http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

5 Jun 2012

မြန် မာ စ ကား အေ ကြာင်း တစေ့ တေ စာင်း-


အချိန်နှင့်တစ်ပြေးညီကျစ်ကျစ်လျစ်လျစ်
စကားလုံးတွေကို ပူးတွဲသုံးနိုင်သော မြန်မာစကား၏ သဘာဝနှင့်အညီ ၂လုံးတွဲမှ စကားလုံး အများကြီး တွဲသုံးသည် အထိ သုံး လေ့ရှိ ပုံများကို တင်ပြခဲ့ဖူးပါသည်။ နေ့စဉ် သုံးနှုန်းရာတွင် တစ်လုံးတည်းနှင့် အဓိပ္ပာယ် ပြည့်စုံသော စကားလုံးများကို ၂လုံးတွဲပြီး သုံးလေ့ ရှိသည့် အတွက် ယနေ့မြန်မာစကား ထဲမှာ ၂လုံးတွဲကလေးတွေ အများ အပြား ရှိနေပါသည်။ များသောအားဖြင့် အဓိပ္ပာယ်တူ စကားလုံးများ၊ အဓိပ္ပာယ် ဆက်စပ် သော စကားလုံးများကို တွဲသုံးလေ့ရှိပါသည်။
အချိန်အခါ၊ လမ်းခရီး၊ အသက် အရွယ်‘ ဆိုသော စကား ၂လုံးတွဲများကို ကြည့်ပါ။ အဓိပ္ပာယ် တူသော၊ နီးစပ်သော စကား၂လုံး တွဲသုံးထား ခြင်းဖြစ်ပါသည်။ ‘ဒီအချိန်မှာ’ ဟုပြော၍ ရပါလျက် ‘ဒီအချိန် အခါမှာ’ဟု ပြောလိုက်ရမှ ပြည့်စုံသလို ထင်တတ်ကြပါသည်။ ‘အသက်ကြီးပြီ ဆိုတော့’ဟု မပြောဘဲ ‘အသက်အရွယ် ကြီးရင့်ပြီး ဆိုတော့’ ဟုပြော လျှင် ပိုပြီး လေးလေးနက်နက်၊ ခံ့ခံ့ညားညား ရှိသည်ဟု ထင်တတ်ကြပါသည်။
မြန်မာ စကားထဲသို့ပါဠိ၊ သက္ကတ စကားလုံးများ မွေးစား စကားလုံး အဖြစ် ဝင်လာသော အခါ၂လုံး တွဲတွေ ပိုပြီး တွင်ကျယ်လာပါသည်။ ‘အလှူဒါန၊ အကျင့်သီလ၊ ဆင်းရဲဒုက္ခ၊ အမြဲထာဝရ၊ ကုသိုလ် ကောင်းမှု’ စသည် ဖြင့်တွဲသုံး ကြပါသည်။ ‘ဘေးဥပဒ်၊ မာန်မာန၊ ဂိုဏ်းဂဏ၊ လာဘ်လာဘ’ စသည်ဖြင့် ပါဠိမှ ယူသော စကားလုံး ချင်း တွဲ သုံးခြင်းမျိုးလည်း အများအပြား ရှိပါသည်။ အားလုံးနာမ် စကားလုံးတွဲ များဖြစ်ပါသည်။
ကြိယာ စကားလုံးတွဲ များလည်း ရှိပါသည်။ ‘ရေးသား၊ ငိုကြွေး၊ မေးမြန်း၊ ဖွင့်လှစ်၊ ဆင်းသက်၊ တားမြစ်၊ ဖမ်းဆီး၊ သွားရောက်၊ ပြောကြား၊ ဝင်ရောက်၊ ပေါက်ကွဲ၊ ဆင်းသက်’ စသည် စသည်ဖြင့် ၂ လုံးတွဲတွေ သုံးမကုန်နိုင် အောင် များပါသည်။ ဤသို့ တွဲသုံးဖန်များ သောအခါ အသားကျသွားပြီး တစ်လုံးတည်း ခွဲသုံးလျှင်ပင် တစ်ခုခု လိုနေသလို စိတ်ထဲမှာ ထင်တတ်ပါသည်။ ကျေးဇူးတင်ကြောင်း ပြောလို၊ ရေးလိုလျှင် ‘ကျေးဇူးတင်ပါတယ်’ ဟုပြောလျှင်၊ ရေးလျှင် လုံလောက်ပါလျက် ‘ကျေးဇူး ဥပကာရတင်ရှိပါတယ်’ ဟုရေးမှ ပြည့်စုံသလိုလို၊ ‘ကျေးဇူးတင်ပါတယ်‘ ဟု ရေး လျှင်ပဲ ပေါ့နေသလိုလိုထင်တတ်ပါသည်။ အနည်းဆုံးတော့ ‘ကျေးဇူးတင်ရှိပါသည်‘ ဟု ‘ရှိ’ ကလေးထည့်ပြီး ရေးချင်တာမျိုးပါ။ ‘ရောက်လာသည်’ ထက် ‘ရောက်ရှိလာသည်’ ဟုရေးမှ ပိုခံ့ညားသလိုလို၊ ‘ပြောသည်’၊ ‘မေးသည်’ ဟုရေးမည့် အစား ‘ပြောကြားသည်’၊ ‘မေးမြန်းသည်’ ဟုရေးမှ ပြည့်စုံသလိုလို ထင်တတ်ပါသည်။ ‘ဆောင်းပါးများ ရေးနေသည်’ ဟုမရေးဘဲ ‘ဆောင်းပါးများ ရေးသားနေသည်’ ဟုရေးလျှင် ပိုခံ့ညား သလိုလို ထင်တတ်ပါသည်။
မူလတုန်းက တစ်လုံးတည်းနှင့် အဓိပ္ပာယ် ပြည့်စုံ လုံလောက်သည်ဟုဆိုနိုင် သော သာဓက များတွေ့ရပါသည်။ ပုဂံခေတ် ကျောက်စာ၊ မင်စာများနှင့် အင်းဝခေတ် စာပေ များမှာတွေ့နိုင်ပါသည်။ ‘သစ်သီးဖြင့် စမ်း၏၊ မင်းကြီးအားပုန်အံ့၊ ဟောတော်မမူနှင့် ဦးဟုမြစ်၏၊ တိုက်တာလှစ်၍’ စသော အရေး အသားမျိုးဖြစ်ပါသည်။ ယခုခေတ် အသုံးဖြင့် ရေးလျှင် ‘စမ်းသပ်၏၊ ပုန်ကန်အံ့၊ တားမြစ်၏၊ ဖွင့်လှစ်၍’ ဟု ၂ လုံး တွဲရေးမည်မှာ သေချာ ပါသည်။ ၂ လုံးမတွဲဘဲ တစ်လုံးတည်းသုံး သဖြင့် အဓိပ္ပာယ် မထွေပြား ဘဲ ထိထိရောက် ရောက်ရှိပါသည်။
ထိုသို့သော ၂ လုံးတွဲများကို မူလက တစ်လုံးတည်း သုံးကြောင်း ထိုသာဓကများက ဖော်ပြနေပါသည်။ ထို့ပြင် အသံထွက်တို့၊ စကား အသုံးအနှုန်းတို့ ကွဲပြားသော ဒေသိယ စကားများတွင် ယခု ၂ လုံးတွဲ သုံးသည့်စကား များကို တစ်လုံးတည်း သုံးကြောင်း တွေ့ရပါ သည်။ ရှေးကျသော လက္ခဏာကို ထိန်းသိမ်း ထားခြင်း ဖြစ်ပါသည်။ ယခင် တင်ပြခဲ့သည့် အတိုင်း အောင်း (ပုန်းအောင်း)၊ ညံ့ (နူးညံ့)၊ စော် (နံစော်)၊ (လောက်င)၊ သွက် (အာသွက်)၊ နှက် (ရိုက်နှက်)၊ ကျောက် (ကန်ကျောက်)၊ ဝါ (ကြွားဝါ)၊ မိုက် (မှောင် မိုက်) စသည့် စကားများ ဖြစ်ပါသည်။ ထို၂ လုံး တွဲများမှ ဒေသိယ စကားနှင့် အသုံးမတူသော ကျန်တစ်လုံး ကိုဖြစ်စေ၊ ၂ လုံးတွဲပြီး ဖြစ်စေ ရန်ကုန်လို၊ ပုသိမ်လို နေရာမျိုးတွေမှာ သုံးလေ့ရှိ ပါသည်။ ဒေသိယစကားမှာ ‘ဘောလုံး ကျောက်တယ်’ ဟု သုံးသည်ကို ကျွန်တော်တို့ က ‘ဘောလုံးကန်တယ်’ ဟု သုံးသလို ‘ခြေနှင့် ကန်ကျောက်သည်’ ဟုလည်း သုံးပါသည်။ ရှေး စာများတွင်လည်း ‘ခြေနှင့်ကျောက်သည်’ ဟု သုံးပါသည်။ရှေးကျသော ထိုအသုံး မှာဒေသိယ စကားထဲတွင် အသုံးတွင် နေဆဲဖြစ်သော် လည်း ရန်ကုန်လို၊ ပုသိမ်လို နေရာမျိုးမှာ အသုံး မတွင်တော့ပါ။ ၂ လုံးတွဲပြီး ‘ကန် ကျောက်’ ဟုသုံးမှ ပြည့်စုံ သလိုဖြစ်နေပါပြီ။ ထိုအသုံး များမှာလည်း ထိုသဘော အတိုင်းပင် ဖြစ်ပါသည်။
ယခု ၂ လုံးတွဲ သုံးသော စကားများတွင် ၂ လုံးစလုံး အဓိပ္ပာယ် ထင်ရှားသော ၂ လုံးတွဲ များ ရှိသကဲ့သို့ တစ်လုံးက အဓိပ္ပာယ်မထင်ရှား သော ၂ လုံးတွဲ များလည်း ရှိပါသည်။ ‘ပြောဆို၊ ထူးဆန်း၊ ဆင်းသက်၊ တားမြစ်၊ ပေါက်ကွဲ’ စသည့် ၂ လုံးတွဲ များမှာ ပါဝင်သော စကား ၂ လုံးစလုံး အဓိပ္ပာယ် ထင်ရှားပါသည်။ ‘ဆန်းကြယ်၊ ခေါ်ဝေါ်၊ ကယ်ဆယ်၊ ကူညီ၊ ငှားရမ်း၊ ညီညာ’ တို့မှ ‘ဆန်း၊ ခေါ်၊ ကယ်၊ ကူ၊ ငှား၊ ညီ’ တို့မှာ အဓိပ္ပာယ် ထင်ရှားသော် လည်း ‘ကြယ်၊ ဝေါ်၊ ဆယ်၊ ညီ၊ ရမ်း၊ ညာ’ တို့မှာ အဓိပ္ပာယ် ငုပ်နေပါပြီ။ မူလတုန်း ကတော့ အဓိပ္ပာယ် တစ်ခုခု ရှိပါလိမ့်မည်။ ဤသို့ အဓိပ္ပာယ် မထင်ရှားတော့သော စကားလုံးမျိုးကို ရှေးစာများတွင် တစ်လုံး တည်း သုံးသည့် သာဓကမျိုး တွေ့ရလျှင်တော့ အဓိပ္ပာယ် ထင်းခနဲ ပေါ်လာတတ်ပါသည်။ ပုဂံဝိနည်းဓိုရ် ဘုရားအတွင်း နံရံရှိ ဗုဒ္ဓဝင် ပန်းချီကားတစ်ခုတွင် ဘုရားရှင် နှင့်ရှင်မဟာ ကဿပ တို့ ဒုကုဋ် သင်္ကန်းချင်းလဲ ဝတ်ကြပုံကို ရေးဆွဲထား သော ပန်းချီကား၌ ‘ဒုကုဋ်ကြ၏’ ဟု မင်စာရေး ထိုးထားပါ သည်။ ထိုစကားလုံးမှာ ယခု ခေတ်တွင် တစ် လုံးတည်း မသုံးတော့သော်လည်း ‘ဖလှယ်’ ဟူ၍ ၂ လုံး တွဲသုံးလျက် ရှိရာ ‘ဖ’ နှင့် ‘လှယ်’ မှာ အဓိပ္ပာယ် တူကြောင်း၊ လဲလှယ်သည် ဟူ၍ အဓိပ္ပာယ်ရကြောင်း ထင်းခနဲ ပေါ်လွင် လာပါ သည်။
တစ်လုံးတည်း သုံးလျှင် အဓိပ္ပာယ်တိကျပြီး ကျစ်လျစ်မှု ရှိသည်ဟု ဆိုနိုင်ပါသည်။ တစ်လုံးတည်း အဓိပ္ပာယ်ပြည့်စုံပါလျက် ၂ လုံး တွဲသုံးလျင် မလိုအပ်ဘဲ စကားဖောင်း ပွနေသည့် အတွက် မသုံးသင့်ဟုလည်း ယူဆနိုင်ပါသည်။ တစ်ဖက်က ကြည့်လျှင် အစဉ်အဆက် တွဲသုံးနေကျ ဖြစ်ပြီး အသုံးတွင်နေပြီ ဖြစ်သည့် အတွက် ၂ လုံးတွဲ ကလေး များမှာ လက်ခံနိုင် သော အသုံးများ ဖြစ်ပါသည်။ သုံးသည့် ရည်ရွယ် ချက်ကို မူတည်ပြီး သုံးနေကြခြင်း ဖြစ်ပါသည်။
မလိုအပ်ဘဲ ၂ လုံးတွဲ သုံးခြင်းနှင့် ပတ်သက်၍ ဆရာကြီးရွှေဥဒေါင်းက မှတ်သားဖွယ် မိန့်ဆိုဖူးပါသည်။ ‘သွားရောက်လိမ့်မည်’ ဟူသော အသုံးတွင် သွားပင် မသွားရသေး မီ ‘သွားရောက်’ ဟု သုံးသည့် အတွက် ‘ရောက်’ မှာ အပိုဖြစ်နေကြောင်း၊ တကယ် မသွားဖြစ် လျှင် ‘ရောက်’ မှာ အပိုဖြစ်ရုံမက မှားပင် မှားသေးကြောင်း မိန့်ဆို ထားခြင်းဖြစ်သည်။ ‘လူတစ်ယောက်ကို ဖမ်းဆီးသည်’ ဆိုသော အသုံးတွင်လည်း ‘ ဖမ်းသည်‘ ဟု တစ်လုံးချင်း ရေးလိုက်လျှင် အဓိပ္ပာယ် ပြည့်စုံရုံ သာမက ‘နားထဲတွင် သာ၍ပေါ်လွင်သော အသံထွက် ရှိသည်ဟု ထင်၏’ ဟု မိန့်ဆိုထားပုံ မှာလည်း မှတ်သားဖွယ် ဖြစ်ပါသည်။
အချိန်နှင့် တစ်ပြေးညီ သိစရာတွေ များပြားလှသော ယခုခေတ်တွင် မဖောင်းပွဘဲ ကျစ်လျစ်မှု ရှိသော၊ တိုတိုနှင့် လိုရင်းရောက် သော အသုံးအနှုန်း မျိုးကို လိုလား အပ်သည် ကား အမှန်ပင်။
မောင်ခင်မင် (ဓနုဖြူ) 
popularmyanmar.com/mpaper/archives/43646

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif