~
ငွေစိန်လှေလှော်ရင်း တကယ့်ကို တက်မကျိုးချင်ပါဘူး။ ရော် ... မကျိုးချင်ဘူးလို့သာ အော်ဟစ်နေရတယ်။ တက်ကများ ကျိုးနေပြီလား။ အင်း ... တက်ကျိုးဆို လှေပေါ်ရောက် တက်ကိုင်ပြီး လှော်မှသာ တက်ကကျိုးရမှာပဲ။ ငွေစိန်ကိုက ကိုယ့်သဘောနဲ့ကိုယ် လှေပေါ်တက်ထိုင် သွားချင်တဲ့ခရီး၊ ရောက်ချင်တဲ့ပန်းတိုင်ကို ကိုယ့်တက်ကို ကိုယ့်ဖာသာကိုင်ပြီးလှော်ခဲ့တာလေ။ အဖော်မပါ တစ်ကိုယ်တည်းလားဆိုတော့ … အင်းလေ ကိုယ်လိုသူလိုချည်း အဖော်များကတော့ ပါ ပါချည်သေးရဲ့။ လှော်တက်လေးမှမပါတဲ့ လှေကြုံလိုက်စီးတဲ့ သူကလည်း ပါပါချည်းသေး။ ငွေစိန်တို့ ဗမာလူမျိုးသဘာဝလေးက လူတိုင်းမှာ ပြိုင်တူချည်းကိုပါကြတာ အားနာပါတယ် … ခေါ်လိုက်ပါဟယ် တို့က ရင်ထဲမှာ ရှိကြပြီးသား။ အဲဒီတော့လည်း လိုက်ခဲ့ကြပါ .. ငါတို့လည်းရှိသားပဲဆိုတဲ့ စကားက တစာစာပေါ့။ လူကြီး ငုတ်တုတ် လှေဝမ်းထဲ အမိန့်သားထိုင်ပြီး လှော်တက်လေးတောင်ကူလှော်ဖော် မရဘဲ စကားတင်းချည်းဆိုနေပြန်သေး။ ကိစ္စမရှိပါဘူး။ ငွေစိန်တို့ကတော့ လှော်တက်ကိုသာ ကျပ်ကျပ်ကြီးကိုင်လို့ မျက်နှာထားက တင်းပြန်သေး။ မာနကြီးတာ မဟုတ်ပါဘူး။ ငွေစိန် မငိုချင်လို့ပါ။
ငွေစိန်အကြောင်းများဆိုလို့ကတော့ အမေတို့၊ အဖေတို့ မျက်နှာလေးများ တန်းမြင်ယောင်ပါရဲ့။ ငွေစိန့် မိဘများက ဘ၀ကို ရိုးရိုးစင်းစင်း ဖြတ်သန်းကြသူများပါလေ။ ဘွဲ့လေးတွေကိုယ်စီနဲ့ အမေက ကျောင်းဆရာမ၊ အဖေက အစိုးရရုံးတစ်ရုံးက ပြန်တမ်းဝင် အရာရှိပေါ့။ အဖေက သားသမီးကို အချစ်ပိုတယ်ဆို ငွေစိန့်အမေမျက်စောင်းက တစ်ထိုးထိုး။ အမေကတော့ လက်တွေ့ကျကျ ချစ်တတ်တယ်လို့ ဆိုရမှာပါလေ။ ပါးစပ်လေးကတော့ ငါတို့လည်းချစ်တတ်သမှ သိပ်ချစ်တတ်ပေါ့ လို့ အမေက ခဏခဏပြောရှာပါတယ်။ တစ်ခုခုဆို ကိုယ်တော်က ပက်လက်ကုလားထိုင်က မထတော့ ကျုပ်ကချည်း ဖတ်သီဖတ်သီ ပြေးရလွှားရဆိုတော့ ကျုပ်အသည်းနှလုံးက မာသတဲ့တော် လို့ အမေက ဆိုဆိုတတ်တယ်။ ငွေစိန်မှတ်မိပါသေးတယ်…… ငွေစိန်တို့ငယ်ငယ်က ကျောင်းအောင်စာရင်းထုတ်တဲ့နေ့ဆို အဖေက မျက်နှာအငယ်သားနဲ့ ကျောင်းလိုက်ဖို့ဝေးစွ။ ကျောင်းက အောင်စာရင်းမသိရမချင်း အိမ်သာ အခါခါတက်နေရှာတာပါပဲ။ ငွေစိန်တို့ မောင်နှမများကတော့ အမေ့လက် ဆွဲပြီး အောင်စာရင်းမော့ရတာလေ။ အဲဒါ လေးတန်းအောင်စာရင်းကို ပြောတာနော်။ ငွေစိန်တို့ ခေတ်က လေးတန်း အစိုးရစစ်ပေါ့။ တစ်ရက်တည်း နှစ်ဘာသာဖြေရတာ ခုထိတောင် မှတ်မိပါသေးတယ်။
ဆယ်တန်းရောက်တော့ အဖေက ငွေစိန်စာကျက်ပြီဆို ဘေးနားခတ်လှမ်းလှမ်းက ငုတ်တုတ်ထိုင်ပြီး စောင့်ရှာတာ ငွေစိန်အိပ်ရာဝင်မှ သူလည်းဝင်တယ်။ ငွေစိန် အိပ်ရာထဲ မ၀င်ခင် မနက်ဘယ်အချိန်နှိုးရမှာလဲဆိုတာကို နေ့စဉ်မပြတ်မေးရှာတယ်။ ငွေစိန့်ကို မနှိုးခင် ကြက်ဥ နှစ်လုံး မကျက်တစ်ကျက်ပြုတ်ပြီးမှ နှိုးရှာတာ ………။ ဒါတွေများ စဉ်းစားရင် အသက်တိုလောက်ပါရဲ့။ လွမ်းလွန်းလို့။
အော် … ငွေစိန်ဆယ်တန်းအောင်တော့ ဂုဏ်ထူးလေးက တစ်ဘာသာ။ ကိစ္စမရှိဘူး … ငါ့သမီးအောင်ရင် အဖေက ပျော်ပြီးသားဆိုတဲ့စကားကို ငွေစိန် မျက်ရည်တွေကြားက နားထောင်ခဲ့တာ။ ဘေးအိမ်က ငွေစိန့်သူငယ်ချင်းမလေးကတော့ ဘာသာစုံကို ဂုဏ်ထူးနဲ့အောင်တာ။ ငွေစိန်ဖြင့် ရှက်လိုက်တာလေ။ အင်း … သူက ဆေးတက္ကသိုလ်တက်ပြီ။ ငွေစိန်ကတော့ …. အဝေးသင် အင်္ဂလိပ်မေဂျာလေးတက်ပေါ့။ တစ်ဖက်က ကွန်ပြူတာသင်တန်းစုံတက်ရင်း စာရင်းကိုင်လေး တွဲလုပ်……..။ အော် အချိန်က ၃နှစ်လောက် ပွန်းသွားပြီ။ အလုပ်ဝင်တော့ လခက နှစ်သောင်းခွဲ။ နောက် ချစ်သူတစ်ဦးက အနားမှာလေ။
ငွေစိန် ထိုင်နေလို့မဖြစ်တော့ဘူးပေါ့။ သူငယ်ချင်းများလားရာလမ်းကို ငွေစိန်လည်း လားချင်လိုက်သမှ မထိန်းနိုင်၊ မသိမ်းနိုင်။ အဲဒီတုန်းက ငွေစိန်တို့ စင်ကာပူက သိပ်ခေတ်မစားသေးတာပဲလား မှတ်ဖြင့် မမှတ်မိတော့ပါဘူး။ အနောက်နိုင်ငံကြီးကို လှမ်းဖို့ပြင်လေရဲ့။ ရော် … ဘဏ်တိုက်မှာ ငွေကဖြင့် ဘယ်ရွေ့ဘယ်မျှရှိသင့်တယ်ဆိုတော့ ငွေစိန်ဖြင့် ဖင်ထိုင်ရက်ကိုလဲကျမသွားတာ ကံကောင်းပါ့ရှင်။ အမေ့ဘဏ်စာအုပ်ထဲ မယ် ငွေသားက နှစ်သိန်း မပြည့်တစ်ပြည့်ဆိုတာ ငွေစိန်မှတ်မိပါသေးရဲ့။ ငွေစိန်လက်ထဲ လှော်တက်စရောက်လာတာ အဲဒီ့အချိန်ပဲပေါ့။ ငွေစိန့်ချစ်သူ ကတော့ လှေဝမ်းတော့ လိုက်ပါရဲ့။ လှော်တက်ကလေးတောင် မကိုင်ချင်တဲ့လူမျိုး။ ငွေစိန် လှော်ရာနောက်ကို လိုက်မယ်ဆိုတော့ အား ဟားဟား ငွေစိန်ဖြင့် ကိုယ့်ကိုကိုယ် အထင်ကြီးသား။ ကိုယ့်ချစ်သူကိုလည်း စိတ်မပျက်တဲ့အပြင် ငါ့ချစ်လှချည်ရဲ့ပေါ့။ အဲဒီတုန်းက လှော်တက်လေးတောင် မကိုင်ချင်မှန်းကို မသိတာပါ။
ဘဏ်တိုက်ထဲ ငွေရှိဖို့က လမ်းကြောင်းရှိတယ်ဆိုပဲ။ အင်း … အမေ့စိန်နားကပ်လေး ကယ်လိုက်တာ ဘဏ်စာရင်းလေး ဖြစ်လာတာပေါ့။ အော် … ကျောင်းသား ဗီဇာဆို မိဘ၀င်ငွေပြရမယ် ဆိုပြန်သေး။ အမေ့ဝင်ငွေနဲ့ အဖေ့ဝင်ငွေလေးပေါင်းမှ ဒေါ်လာ ငါးရာ မပြည့်တစ်ပြည့်။ ဒါတောင် အမေ့ ကျုရှင်က ကောင်းလို့နော်။ ငွေစိန်တို့ ကြံရဖန်ရတာ…….. အဲလေ အမေကြံလိုက်ဖန်လိုက်တာ ၀င်ငွေက ကောင်းကောင်းကြီးပြလိုက်နိုင်တာက အမေ့တပည့်တွေ ကောင်းမှုပေါ့။ ဗီဇာဝင်တော့ ငွေစိန်တို့ ဂုဏ်တော်တစ်ထောင်မက စိပ်လိုက်ရတဲ့ ပုတီးတွေ…… ခုတော့ သရဏဂုဏ်တောင် မှန်မှန် မဆိုဖြစ်တော့ပါဘူး။ ခြေတောင့်အောင် ငွေစာရင်းကောင်တာရှေ့မှာ မပြုံးချင်ဘဲ ပြုံး၊ ဂွဒ် မမောနင်းချင်ဘဲ မောနင်းနေရတာ၊ ကောင်းသောတစ်နေ့တာဖြစ်ပါစေလို့ ပြောလိုက်ရင်း တောင့်တင်းနေတဲ့ ခြေသလုံးကြွက်သားဆီ စိတ်ရောက်ရင်းက မချိတချိ ပြုံးရင်း ညနေခင်းအသုတ် တစ်ယောက်ယောက်များ မလာရင် အိုဗာတိုင်လေးများရကောင်းရဲ့ ဆိုတဲ့အတွေးက အင်း …… ငွေစိန် လှော်တက် ကိုင်မိမှတော့ လှော်ပြန်ဦးတော့ပေါ့။
ငွေစိန်တို့များ တိုင်းတစ်ပါးရောက်တော့ လက်ဆေးဖို့ရာ ရေဘုံဘိုင်ခေါင်းတောင် ဘယ်ကလှည့်ရမှန်းမသိတဲ့အဖြစ်။ ကျောင်းဆီရောက်တော့ စဉ်းစားထားတဲ့ အ၈င်္လိပ်စကားက ကြက်ပျောက်ငှက်ပျောက်။ တော်သေးရဲ့ ငွေစိန်တို့နေတဲ့အိမ်က ဗမာမို့လေ။ ညညဆို စီလိုက်စဉ်လိုက်ရတဲ့ အင်္ဂလိပ်စကား။ လက်ထဲပါလာတဲ့ငွေကိုများ မကုန်အောင်မန်းမှုတ်တတ်ချင်လိုက်တာများ ပြောမပြနိုင်အောင်ပါပဲ။ အလုပ်လုပ်ရင်းကျောင်းတက်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့မို့ ရှာလိုက်ရတဲ့အလုပ်လေ။ သူတို့နိုင်ငံသားမှ အလုပ်ကရမယ်ဆိုလားပဲ။ နောက်ဆုံးတော့ ငွေစိန် အလုပ်ကလေးတစ်ခု ရလိုက်တယ်။ ထမင်းချက်။ တစ်ပါတ် နှစ်ရက် သွားချက်ရတာလေ။ တော်ပါသေးရဲ့ ငွေစိန် ထမင်းချက်တဲ့အိမ်က အဖိုးကြီး၊ အဖွားကြီးက ဗမာတွေ။ သားတွေသမီးတွေရှိပါရဲ့။ တစ်ယောက်မှ သူတို့နဲ့မနေဘူးလေ။ အင်း …. အိမ်မှာ ထမင်းချက်ဖို့ဝေးစွ။ ငွေစိန်တို့ ထမင်းတောင် ခူးမစားဘူး။ လှော်တက်ကလေးကမြဲပါရဲ့နော်……….။
အင်း ……… အဖွားကြီးအဆက်အသွယ်နဲ့ ငွေစိန်နောက် အလုပ်တစ်ခုရလိုက်ပြန်ရဲ့။ ဆူရှီးဆိုင်မှာ။ ငွေစိန် မနက်ငါးနာရီမထိုးခင်ထပြီး လုပ်လိုက်တဲ့ အလုပ်ဟာ ညနေ ၇ နာရီထိလေ။ ကျောင်းရောက်ပြန်တော့ ငွေစိန့်မျက်လုံးနှစ်ဖက်က စင်းရုံမက ပိတ်နေလောက်ပြီ၊ ပညာလေးတော့ တတ်အောင်သင်သမီးရေလို့ အဖေ့စကားက ကွယ်လိုက်ပျောက်လိုက်ပေါ့။ လှော်တက်ကိုမြဲအောင် ကိုင်ထားတဲ့ လက်ကလေးက လက်အံသေလုမတတ်။ လက်ပြောင်းချင်လို့ ချစ်သူလက်တစ်ဖက် ဆွဲမလို့ကြံကာရှိသေး ရော် သူ့လက်တစ်ဖက်မှာ ငွေစိန်မဟုတ်တဲ့ လက်ကလေးနဲ့တွဲလို့ပြန်ပါရောလား။ မျက်ရည်တစ်ပေါက်မကျခင်မှာဘဲ အံသွားနှစ်ဖက်စလုံးက ကြွေကျပြီလား အောက်မေ့ရပါတယ်။ ဆူရှီးဆိုင်ပိုင်ရှင် ဂျပန်မမကြီးရဲ့ လက်တစ်ဖက်နဲ့ ချစ်သူက သမုဒ္ဒရာကို ကူးဖြတ်မယ် ဆိုပါသေး။ ငွေစိန်ကတော့ လှော်တက်ကြီးကိုင်ရက်ပါပဲ။ လှေဝမ်းထဲလိုက်သူ ကိုချစ်သူက တက်ကျိုးနေပါရော့လား။
ချစ်သူကို လွမ်းမအား။ ကျောင်းလခလေးမှ မသွင်းနိုင်လို့ကတော့ ပြန်တော်ပြန်ရပြီလေ။ နှစ် နှစ်ဆိုတဲ့အချိန်အတွင်းမှာ ငွေစိန် နေထိုင်ခွင့်အတွက် ကျောင်းလခသွင်းပြီး ကျောင်းတက်ရင်းက ရပ်ပစ်လိုက်ရတာ။ အတန်းတွေ လျှော့ပစ် လိုက်ရတာ…….။ ချစ်သူက အနားကထွက်ပြေးသွားတာ …… အော် …… စဉ်းစားရပြန်သေးတော့ လက်တွဲဖော်ကလေး တစ်ဦးတွေ့ပါရဲ့။ လူပျိုလူလွတ်ဆိုတာလေးရယ်…. အဲဒီ့နိုင်ငံသား ခံယူထားသူဆိုတာရယ်နဲ့ မျက်စိကိုမှိတ်၊ ခေါင်းကိုညိတ်တော့ …… ပြန်တော်ပြန်ခရီးက ဝေးပြီပေါ့။ အဖော်လေးနဲ့ဆို အမေ စိတ်ချရတာပေါ့ဆိုတဲ့ စိတ်သက်သာရာစကားနဲ့ နေထိုင်ခွင့်အတွက်လား။ နားခိုချင်လို့လား။ ရေးရေးရယ်မသိ။ သားကိုပွေ့ကာ၊ သမီးကိုပိုက်ကာ ဆူရှီးလိပ်ရင်း အမေ ….. စိန်နားကပ်လေး လှပါရဲ့လား… ။ ငွေစိန့်လက်ထဲက ပညာရေးလှော်တက်ကလေးကျိုးသွားပေမယ့် ဘ၀လှော်တက်လေး တစ်ခုရောက်လာတယ် ……. လက်အံသေလုရင် ကူလှော်ပေးမယ့် လူသားတစ်ဦး ရှိနေပြီ……ဒါပေမယ့် ငွေစိန် ခဏခဏစဉ်းစားတယ် ..ငွေစိန်လှေလှော်ရင်း တက်မကျိုးချင်ဘူးလို့။
0 comments:
Post a Comment