http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Jan 2013

သမ္မတရဲ့ နှစ်သစ်ကူး ရေဒီယို မိန့်ခွန်း အပြည့်အစုံ



သမ္မတ ဦးသိန်းစိန် ၊ ဓာတ်ပုံ- သမ္မတရုံး အင်တာနက်စာမျက်နှာ

ယနေ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို 
ရေဒီယိုကတဆင့်  နှစ်သစ်ကူး မိန့်ခွန်းတရပ်ပြောဆိုခဲ့ပါတယ်။ အဆိုပါ မိန့်ခွန်း အပြည့်အစုံကို သမ္မတရုံး အင်တာနက် စာမျက်နှာမှတဆင့် ကူးယူပြီး ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

မိဘ ပြည်သူများ ခင်ဗျား- 

ယခုလို နှစ်သစ်ကူး အခါ သမယမှာ မိဘပြည်သူ တစ်ရပ်လုံး ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံ ပါစေလို့ ဆုတောင်း မေတ္တာပို့သ ပါတယ်။ 

အခုလို ကျွန်တော့် အနေနဲ့ မိဘပြည်သူ တို့ကို ရေဒီယိုကနေ တစ်ဆင့် တိုက်ရိုက် စကားပြောဆို ခွင့်ရတဲ့ အတွက်လည်း ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယို ကနေ တစ်ဆင့် ပြည်သူ လူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ လိုအပ်နေ တဲ့ ကွက်လပ်တစ်ခု ဖြစ်တဲ့ အစိုးရနဲ့ ပြည်သူ အကြား တိုက်ရိုက် ဆက်ဆံရေး လမ်းကြောင်းသစ် တစ်ခုကို အစပြု လိုက်ခြင်းပဲ ဖြစ်ပါတယ်။ 

ဒါဟာ ဘာကြောင့်လဲ ဆိုရင် မြန်မာ့ဒီမို ကရေစီ အသွင် ကူးပြောင်း ရေး အောင်မြင်ဖို့ အတွက် အရေးကြီး ဆုံး လိုအပ်ချက် တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူ အကြား အပြန်အလှန် ယုံကြည်မှုကို ကျွန်တော်တို့ ပြန် လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်က စတင်ပြီး ပြည်သူ လူထုနဲ့ အစိုးရ အကြား အပြန် အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန် လာစေဖို့၊ ပွင့်လင်း မြင်သာတဲ့ ဆက် သွယ်ရေး လမ်းကြောင်း များ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ 

ကျွန်တော့် အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာကနေ တစ်ဆင့် ထုတ် အခါအခွင့် သင့်တိုင်း ကျွန်တော့ အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက် များကို မီဒီယာများ ကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ 

သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော် အပါအဝင် ကျွန်တော်တို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အနေနဲ့လည်း သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ် ကျင်းပပြီး ပြည်သူလူထု ထံသို့ သတင်း အချက်အလက်များ စီးဆင်းစေ ခဲ့ပါတယ်။ 

အခုလို မီဒီယာ မျိုးစုံနဲ့ ဖွံ့ဖြိုး တိုးတက်နေတဲ့ ခေတ် ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိ မိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှု ရှိပြီး တစ်နိုင်ငံလုံးက ပြည်သူအများစု အားထားရတဲ့ သတင်း ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်တဲ့ အတွက် ရေဒီယို မိန့်ခွန်းများ စတင် ပြောကြားရန် ဆုံးဖြတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ 

ယခင်နှစ် အတွင်း ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင် ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှု များကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်စ ပြုခဲ့ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ မိဘပြည်သူများ နဲ့ ကျွန်တော်တို့ အစိုးရ အထူး သတိပြု ရမယ့် ကိစ္စရပ် ကတော့ ပြည်သူ တို့ရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရ ယန္တရားရဲ့ ဖြည့်ဆည်း နိုင်စွမ်း အကြားမှာ ရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ 

ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုး ရ အနေနဲ့ ကြိုးစားရမယ် ဆိုတာ ကျွန်တော့ အနေနဲ့ လေးလေးနက်နက် ယုံကြည်ထား ပါတယ်။ ပွင့်လင်း လွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန် ဆန်ခဲ့ ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ ပြုပြင်စရာ၊ ပြောင်းလဲ စရာတွေနဲ့ ပြည့်နက် နေတာကို ကျွန်တော် တို့ အားလုံး သိရှိကြပါတယ်။ 

ကျွန်တော်တို့ အနေနဲ့ ယခုလို ပြုပြင် ပြောင်း လဲရေး ကာလမှာ အကောင်းဆုံး အခြေအနေကို မျှော် လင့်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ အကောင်းဆုံး မျှော်လင့်တာ သဘာဝကျတဲ့ ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ အတွက် ဆန္ဒ ထုတ်ဖော် တောင်းဆို ပိုင်ခွင့်လည်း ရှိကြပါတယ်။ 

ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အတွက် အရေးကြီး ဆုံးကတော့ အခု လက် ရှိ ဖော်ဆောင် နေတဲ့ ပြုပြင်ပြောင်းလဲ မှုများက တစ်ဆင့် သေချာ ရေရာတဲ့ အနာဂတ် ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ 

လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှု တွေကို ဖြေ ရှင်းတဲ့ နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘော ဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦး နှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေး ဓလေ့မျိုး အစွန်း မရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါ တယ်။ 

မြန်မာ နိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာ ကောင်းလောက်အောင် နိုင်ငံရေး ဖြစ် ထွန်းမှုများ ဖြစ်ပေါ် ခဲ့ပါတယ်။ 

ကျွန်တော်တို့ လူ့အဖွဲ့ အစည်းရဲ့ နေ့စဉ် လူမှု စီးပွား ဘဝကို မြှင့်တင်နိုင်ဖို့ အတွက် လိုအပ်တဲ့ နိုင်ငံရေး စနစ် တစ်ခုကို ကျွန်တော်တို့ အတူ အုတ်မြစ်ချ နိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင် ပြောင်းလဲ မှုများရဲ့ အသီးအပွင့် တွေကို ပြည်သူ တစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့် ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ်ပြီး ဆောင် ရွက် နေပါတယ်။  

ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ် များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည် ချက်တွေ၊ လုပ်ဆောင်ချက် တွေ ကို ပြည်သူ လူထုကြီးထံကို စဉ်ဆက် မပြတ် ပြောကြား ပေးသွားမှာ ဖြစ်ပါတယ်။ 

မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာ တစ်ခုကို ပြည်သူလူ ထုကြီးကို မျှဝေ လိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့ အစည်း အနေနဲ့ လွတ်လပ်ရေး ရယူစဉ်က စုစည်း နိုင်ခဲ့တဲ့ ညီညွတ်မှု အင်အား အတိုင်း နိုင်ငံသား တစ်ဦးချင်း၊ တစ်ယောက်ချင်း စီက လက်တွဲ လုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့ နေရတဲ့ အပြောင်း အလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲ မသွေ ကျော်လွှားနိုင်မယ် ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။  

ပြည်သူ လူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့ အတွက် ကျွန်တော်တို့နဲ့ အတူ လက်တွဲ ဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။ မိဘပြည်သူ တစ် ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ 
http://blog.irrawaddy.org/2013/01/blog-post.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif