http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Jan 2013

ဓားထောက် လုယက်မှု အကြိမ်ကြိမ်ဖြစ်နေ



 ဓာတ်ပုံများ- ဂျွန်ချစ်ငြိမ်း ( တောင်ကြီး)/ဧရာဝတီ

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~ 

ရှမ်းပြည်နယ် အောင်ပန်းမြို့ ၊မြို့လယ်ပိုင်းတွင် ပြီးခဲ့သည့် ၂ လအတွင်း အိမ်ပေါ်တက်၊ ဓားထောက် ၊ငွေတောင်း ၊ လုယက်မှုများ ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းမြို့ခံများက ပြောသည်။ 

ဓားထောက် အိမ်ပေါ်တက် ငွေတောင်းခံမှု၊ ဖောက်ထွင်းမှုများသည် သီးနှံကုန်စည် ကူးသန်းရောင်းဝယ်ရာ အဓိကနေရာဖြစ်သည့် ညောင်ပင်ထောင်ရပ်ကွက်တွင်ရက်ခြားဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများကပြောသည်။ 

ညပိုင်းတွင်သာမက နေ့ခင်းပိုင်း၊ ညနေပိုင်းများတွင်ပါ အတင့်ရဲစွာ ပြုမှုလာသည့် အတွက် ဒေသခံ ပြည်သူ များမှာ စိုးရိမ် ထိတ်လန့်နေကြောင်း ညောင်ပင်ထောင်ရပ်မှ ဒေါ်ဘေဘီက ပြောသည်။ 



ဦးယုမောင်ထွေး၏ နေအိမ် 

ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ညောင်ပင်ထောင်ရပ် ၊ပြည်ထောင်စု လမ်း ပေါ်ရှိ အိမ်အမှတ်၊ ညပထ/ ၃၈တွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ၊ အိမ်အောက်ထပ်ပြတင်းပေါက် ကိုဖျက်ဝင်ပြီး နှစ်ယောက် က အိမ်အောက်ထပ်တွင်စောင့်နေကြောင်း၊ ပြတင်းဖျက်ဝင်လာသူက ဓားထောက်ချိန်းခြောက်ပြီး ငွေကျပ် (၂ ) သိန်း ယူဆောင်သွားကြောင်း အိမ်ရှင်ဖြစ်သူ ဦးယုမောင်ထွေးက ပြောသည်။ 

အခင်းဖြစ်ပွားစဉ်က ဇနီး နှင့် ကလေးသာရှိကြောင်း၊ ဓားထောက် ဓားပြများ အားလုံး အ၀တ်ဖြင့် မျက်နှာ
အောက်ပိုင်းကို စည်းထားကြောင်း စုစုပေါင်း ( ၃ ) ဦးဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသည်။

 ဒေါ်အေးအေးသန်း၏ နေအိမ် 

နိုဝင်ဘာ ( ၅ )ရက်နေ့ ၊ ည ၇း၃၀ မိနစ်အချိန်တွင် ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာဈေး၊ အိမ်အမှတ် ညပထ/၅၃၀ တွင် အမျိုးသမီး နှစ်ဦးတည်း နေထိုင်သည့် နေအိမ်တွင်လည်း ဓားထောက် လုယက်ခြင်းခံခဲ့ရကြောင်း အိမ်ရှင် ဖြစ်သူ ဒေါ်အေးအေးသန်း (ခ) မဟန်မီက ပြောသည်။ 

မိမိသည် အမဖြစ်သူ ဘေဘီစံ နှင့် နှစ်ဦးတည်းသာနေထိုင်ကြောင်း ၊ဖြစ်ပွားပုံမှာ ဈေးသိမ်းပြန်ပြီး အိမ်တွင်း သို့ရောက်ရှိပြီး အိမ်နောက်ခန်းရှိ ရေချိုးခန်းတံခါးဖွင့်ဝင်ပြီး ရေခတ်နေစဉ် ဓားပြတဦးရောက်လာကြောင်း၊ ထိုသူက နောက်မှ ဆောင့်တွန်း သဖြင့် မိမိလဲကျသွားကြောင်း ၊ လဲကျစဉ် ဓါးဖြင့် လည်ပင်းကို ထောက်ပြီး ....မအော်နှင့် ၊ငွေပေး၊ ထောင်ထွက်၊ အော်ရင် သတ်ပစ်မည် ဟုဆိုကြောင်း၊ လက်ကိုကြိုးဖြင့် နောက်ပြန် စည်းနှောင်ပြီး ဓားဖြင့်ထောက်ကာ အစ်မဖြစ်သူ ဒေါ်ဘေဘီစံ ရှိရာ အိမ် အပေါ်ထပ်သို့ ခေါ်ဆောင် သွားကြောင်း၊ ဒေါ်ဘေဘီစံက အသက်အန္တရာယ် ကိုစိုးရိမ် သဖြင့် ဈေးသိမ်းရောင်းချ လာသည့် ပိုက်ဆံ အိတ်ကို ဓားထောက်ထားသည့်သူအား ပေးအပ်လိုက်ကြောင်း သိရသည်။ 

ဓားကိုင်ထားသူက ဒေါ်ဘေဘီစံ၏ မျက်နာကို ဓါးဖြင့်လွဲကာ မွန်းလိုက်ကြောင်း၊ မျက်ခွံတွင် ပျက်ရှ ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ငွေအိတ် လုယူပြီး အိမ်တွင်းမှ အလျင်မြန် ထွက်ပြေးသွားကြောင်း၊ ငွေသား ( ၁၀ )သိန်း 
ကျော် ပါရှိသွားကြောင်း ယင်းက ထပ်လောင်းပြောကြားသည်။ ယခုလိုဖြစ်ပွားခဲ့သည့်အတွက် ယနေ့တိုင် စိုးရိမ် ထိတ်လန့်နေရကြောင်း ၊လုံခြုံမှုမရှိ သကဲ့သို့ ခံစားနေရကြောင်း ၊ တရားခံ အလျင်မြန်မိစေ လိုကြောင်း ဒေါ်အေးအေးသန်း (ခ) မဟန်မီက ပြောသည်။ 

ဦးစိုးကျော်ထွန်း၏ နေအိမ် 

နိုဝင်ဘာ ( ၂၈ )ရက်နေ့ကလည်း ပြည်သာယာဈေးအနီး ညောင်ပင်ထောင်ရပ်၊ အိမ်အမှတ် ညပထ /၅၉၁ ဦးစိုးကျော်ထွန်း နှင့် ဒေါ်ပိုကဲတို့၏ နေအိမ်တွင်လည်း ဓားပြတိုက်ခံရသည်။ 

ည ( ၉ )နာရီ မိနစ် အချိန်၊ ၀န်းတံခါးပိတ်စဉ် လူနှစ်ဦး ၀င်ရောက်ပြီး ဦးစိုးကျော်ထွန်းကို တံမျက်စည်းရိုးဖြင့် ရိုက်၊ ဒေါ်ပိုကဲ၏လည်ပင်းကို ဓားဖြင့်ထောက်ပြီး ရွှေနားကပ် (၂) ရံ ၊ရွှေလက်စွပ် ( ၁) ကွင်း ၊ဆွဲကြိုးအပါ အ၀င် ငွေသား လေးသောင်း ကျော်ခန့် ယူသွားကြောင်း အိမ်ရှင်ဖြစ်သူ များက ပြောပြသည်။ 

ဒေါ်ရီရီပွင့်၏ အရောင်းဆိုင် 

ဒီဇင်ဘာ ( ၁၃ )ရက်နေ့ ည ၇း၄၅ မိနစ်အချိန်ခန့်ကလည်း ညောင်ပင်ထောင် ရပ်ကွက် ၊ပြည်သာယာဈေး လမ်းရှိ ဦးမှတ်ကြီးရောင်းဝယ်ရေး ဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ရီရီပွင့် နှင့် သမီးဖြစ်သူ အဋ္ဌမတန်း ကျောင်း သူ တို့ ၂ ဦးတည်း ရှိနေစဉ် လုယက်မှု ဖြစ်ပွားခဲ့သည်။ 

ဆိုင်တွင်းသို့ ပြေးဝင်လာသူတဦးက စားပွဲပေါ်ရှိ ပီနံအိတ် အမည်းဖြင့် ထည့်ထားသော အထုတ်ကို လု ယူပြီး မလှမ်းမကမ်း အမှောင်တွင်း ရပ်ထားသည့် ဆိုင်ကယ်ကို စီးပြီး ထွက်ပြေးသွားကြောင်း၊ ထိုသူက မျက်နှာတွင် အမည်းရောင်မျက်နှာဖုံး တပ်ဆင်ထားကြောင်း ပီနံအိတ်တွင်း စာရင်းစာအုပ်၊ ဘောက်ချာများ သာ ပါသွားကြောင်း ဒေါ်ရီရီပွင့် က ပြောကြားပါသည်။ 


ဦးမိုးသား၏ နေအိမ် 

ဒီဇင်ဘာ ၁၉ ရက်နေ့၊ နေ့လယ်က ပြည်သာယာဈေးအနီး၊ ညောင်ပင်ထောင်ရပ်ရှိ ဦးမိုးသား၊ ဒ်ါသန်းသန်းအေးတို့၏ နေအိမ်တွင်းသို့ အိမ်အကူ တဦးတည်းရှိနေစဉ် လုယက်မှု ဖြစ်ပွားခဲ့သည်။ 

လုယက်သူက အိမ်အကူဖြစ်သူကို ရိုက်နှက်ပြီး လည်ပင်းကို ဓားဖြင့်ထောက်ကာ အိမ်ပေါ်ထပ် သို့ ခေါ်ဆောင်သွားကြောင်း၊ အခန်းတခုအတွင်းရှိ ပိုက်ဆံအိတ်တအိတ် ယူဆောင်ထွက်ပြေးသွားကြောင်း ၊ငွေသား (၁ သိန်း ၇ သောင်း)ပါသွားကြောင်း အိမ်အကူအမျိုးသမီးက ပြောပြသည်။ 

ထိုသူမှာ မျက်နာကို မိမိအား ဓားဖြင့်ထောက် ခေါ်ဆောင်လာစဉ် မျက်နှာဖုံး စွတ်လိုက်ကြောင်း ၊မိမိ လက် အား နာက်ပြန် ကြိုးဖြင့် ချည်နှောင်ကြောင်း၊ ယနေ့တိုင် စိုးထိတ်ကြောက်ရွံ့နေဆဲ ဖြစ်ကြောင်း ၄င်း က ပြော သည်။ 

ရဲ နှင့် ဒေသခံတို့၏ ပြောပြချက် 

ထူးခြားချက်အနေဖြင့် အခင်းဖြစ်ပွားသည့်နေအိမ်များသည် သက်ကြီး ရွယ်အိုနှင့် မိန်းမသားများသာ ရှိသည့် အချိန်အတွင်းသာ ဖြစ်ပွားခဲ့ကြောင်း ညောင်ပင်ထောင် ရပ်ကွက်နေ ပြည်သူများက ပြောသည်။ 

လုယက်ခံရသူများအနက် ဒေါ်ဘေဘီစံ တို့ညီအမ နှစ်ဦးက အမှုဖွင့် တိုင်ကြားထားသည်။ 

အောင်ပန်းမြို့ ရဲစခန်းအား ဆက်သွယ်စုံစမ်း မေးမြန်းရာ ကာယကံရှင် အများစုက အမှုဖွင့် တိုင်ကြားခြင်း မရှိကြောင်း၊ ရဲလုပ်ထုံး လုပ်နည်း ၊ရဲလုပ်ငန်းတာဝန် အရ စုံစမ်းစစ်ဆေး မေးမြန်းနေကြောင်း အောင်ပန်း ရဲစခန်းမှုး ဖြစ်သူ ရဲအုပ် ဦးကျော်ရင်က ပြောကြားသည်။ 

ယမန်နေ့က အောင်ပန်းမြို့ရှိ ပန်းချီဆရာတဦး၏ အကူအညီဖြင့် ပြစ်မှုကျူးလွန်သူ၏ ပုံကို ခန့်မှန်းရေး ဆွဲပြီး ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ 
http://blog.irrawaddy.org/2013/01/blog-post_4462.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif