http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

1 Feb 2013

တော်လှန်ရေး ၆၄ နှစ်ပြည့်ချိန် KNU ဘာပြောသလဲ




~

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
မြန်မာအစိုးရနှင့် ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အမျိုးသား အကျိုးအတွက် ဖြစ်သောကြောင့် နောက်မဆုတ်တမ်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့ကျရောက်သည့် ၆၄ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ပြောသည်။

၎င်းက ”စစ်ရေးပဋိပက္ခသည် နိုင်ငံရေးရဲ့ အကျိုးဆက် ဖြစ်တာကြောင့် နိုင်ငံရေး ပြဿနာကို ပြေလည်အောင် ဆွေးနွေးခြင်းက အဓိကကျတဲ့ အကြောင်းရင်းဖြစ်တယ်၊  တွေ့ဆုံဆွေးနွေးခြင်းနှင့် အပစ်အခတ် ရပ်ဆိုင်းရေးဟာ အရှုံးပေးခြင်း မဟုတ်ဘူး” ဟု  လှိုင်းဘွဲမြို့နယ် ကလေးထာ့စခန်းတွင် ပြုလုပ်သည့် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားထုတရပ်လုံး စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆင့်ကဲဆင့်ကဲ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း စောမူတူးစေးဖိုးက ဖြည့်စွက်ပြောကြားသည်

ယနေ့ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို  KNU  တပ်မဟာ ၇ ဌာနချုပ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ တက်ရောက်ပြီး တနိုင်ငံလုံးတွင်စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရ တွင်သာမူတည်သည်ဟု ဆိုသည်။

KNLA စစ်ဦးစီးချုပ်က ”တနိုင်ငံလုံးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမှန်တကယ် လိုချင်ရင် ကရင် တဖွဲ့တည်းနဲ့ ငြိမ်းချမ်းရေး လုပ်လို့မရပါဘူး။
 ကရင်အပြင် ကချင်နဲ့ အခြားတိုင်းရင်းသား အဖွဲ့တွေကိုလည်း အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ လိုတယ်။ ဒါမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တပြည်လုံးမှာ ရရှိမှာဖြစ်တယ်’
ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

နယ်ခြားစောင့်တပ် အရာရှိများနှင့် အတူတွေ့ရသော KNU  စစ်ဦးစီးချုပ်
KNU နှင့်မြန်မာအစိုးရတို့အကြား လက်ရှိပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ပမာဏအဆင့်သာ ရှိပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ စတင် ဆွေးနွေးခြင်းများမရှိသေးကြောင်း အဆင့်များစွာတွေ့ဆုံဆွေး နွေးရအုံးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောဂျော်နီကထပ်လောင်းပြောကြားသည်။
၆၄ နှစ် ရှိပြီ

KNU သည် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခု နှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲလာခဲ့သည်မှ ၆၄ နှစ်ရှိပြီ ဖြစ်သည်။

ယနေ့ တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့ကို KNLA စစ်ဦးစီးချုပ်က စစ်ဆေးခဲ့ပြီး စစ်ရေးပြအခမ်းအနားသို့ ကရင်အမျိုးသားများနှင့်အခြားတိုင်းရင်းသားလူမျိုးများ ၁၀၀၀ ခန့်တက်ရောက်အား ပေးခဲ့ကြသည်။

မယ်လဒုက္ခသည်စခန်းမှ ၁၀ တန်းကျောင်းသူ နော်ကညောဖောက”ကျမတို့ ကရင်အမျိုးသားထုကြားမှာ အဓိက လိုအပ်နေတာက စည်းလုံးညီညွှတ်မှုပဲ။
 ဒီညီညွှတ်မှုကိုမတည်ဆောက်နိုင်သမျှ ကရင်တွေရဲ့မျှော်လင့်ချက်ကတော့ လေထဲအိမ်ဆောက်တာပဲဖြစ်လိမ့်မယ်” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် လှိုင်းဘွဲအခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၅ ၏ တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင်စိန်က
”ကျနော်တို့ကတော့ ကရင်တမျိုးသားလုံးကို စည်းစည်းလုံးလုံးပဲ ဖြစ်စေချင်တယ်၊ အောက်ကျနောက်ကျတဲ့ အခြေအနေမျိုး မဖြစ်စေချင်ဘူး။ အခြားလူမျိုးတွေနဲ့ တန်းတူ အနေအထားမျိုး ဖြစ်စေချင်တယ်” ဟု ဆိုသည်။

http://blog.irrawaddy.org/2013/01/knu_31.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif