http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Apr 2013

လယ် သိမ်း မှုကြောင့် မိ ခင် တ ဦး အ ဆိပ်သောက် ခဲ့ တဲ့ဖြစ် ရပ်


မန္တလေးတိုင်း ဒေသကြီး  မတ္တရာမြို့နယ် စလေကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ ဧက ၁,ဝဝဝ ကျော် လယ်မြေများကို တပ်မတော် စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းထံမှ  ပြန်လည် ရယူလိုကြောင်းကို စလေနယ်ရှိ ဒေသခံ ၁၀၀ ကျော်တို့က မန္တလေးမြို့ မြ၀တီ စာသင်တိုက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

အင်္ဂါနေ့က ပြုလုပ်သည့် ယင်းသတင်းစာရှင်းလင်းပွဲတွင် ၁၉၉၂ခုနှစ်က တပ်မတော်စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းမှ သိမ်းဆည်းထားသည့် မြေဧကများမှာ တောင်သူပိုင်မြေ (၁၃၆၂.၂၁)ဧကဖြစ်ပြီး  ပြန်လည်ပေးရှိအောင် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။


ရှင်းလင်းပွဲတွင် မေတ္တာကမ်ပိန်း ပဓာနနာယကဆရာတော် ဦးအရိယ၀ံသာဘိဝံသ (သ.စ.အ ဓမ္မာစရိယ၀ဋံသကာ)က အဖွင့်မှာစကားပြောကြားခဲ့ပြီး  စလေနယ်ရှိ ဒေသခံများက ၄င်းတို့၏ ခံစားချက်များကို ရင်ဖွင့်ခဲ့ကြသည်။

ဒေသခံတောင်သူများ၏ မြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး ဦးစံမောင်က

“ကျွန်တော်တို့ ရွာမှာ ကျေးရွာတောင်သူ (၂၅၇)ဦး ရှိပါတယ်။ ကွင်းအမှတ် (၁၆၇)၊ (၁၆၈)၊(၁၆၉) အကွက်တွေမှာ စုစုပေါင်း မြေဧက ၁၃၆၂.၂၁ ဧက ရှိတယ်။
ဒါကို တစက ၂ (တပ်မတော်စိုက်ပျိုးရေး သင်တန်းကျောင်း)က ၁၉၉၂ခုနှစ်မှာ သိမ်းဆည်းခဲ့ပါတယ်။
 မြေတွေကို သိမ်းဆည်းပြီး နောက်ပိုင်းမှာ တောင်သူတွေက သီးစားခများ ပေးသွင်းပြီး လုပ်ကိုင်ခဲ့ကြရပါတယ်။
နိုင်ငံတော်က ပေးတဲ့ စိုက်ဘဏ်ချေးငွေများကို ထုတ်ယူလို့ မရခဲ့ပါဘူး။ အဲလို အသိမ်းခံရပြီးနောက်မှာ တောင်သူတွေဟာ လုပ်ကိုင်စားစရာမြေမရှိတော့အတွက်
သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ဘာသာရေးတွေ ဆုံးရှုံးနစ်နာခဲ့ရပါတယ်။
တချို့ တောင်သူတွေဆိုရင် ကိုယ့်ကိုယ်တောင် သတ်သေခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်” ဟု ပြောသည်။


သိမ်းဆည်းစဉ်က သတ်သေခဲ့ဖူးသည့် ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရဖူးသည့် ဒေသခံတစ်ဦးကလည်း ယခုလို ပြောပြခဲ့သေးသည်။

 “ကျွန်တော့်အမေက မုဆိုးမကြီးပါ။ ကျွန်တော်တို့ မောင်နှမ လေးယောက်ကို ဒီလယ်မြေတွေနဲ့ လုပ်ကိုင် ကျွေးမွေးခဲ့တာပါ။
လွန်ခဲ့တဲ့ ၁၃နှစ်က ဒီလယ်မြေတွေကို စစ်တပ်က သိမ်းလိုက်ပြီဆိုတော့ ကျွန်တော့်အမေ မုဆိုးမကြီး ဘယ်လိုမှ လုပ်ကိုင်မစားတတ်တဲ့အတွက် သူ့ကိုယ်သူ အဆိပ်သောက်ပြီး သတ်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော့် အသက် ၇နှစ်သားလောက်ဘဲ ရှိပါသေးတယ်” ဟု ယင်းဖြစ်ရပ်နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသည့် စလေဒေသခံ အသက်၂၀ကျော်ရှိ လူငယ်တစ်ဦးက ပြောသည်။

စလေတောင်ရွာ၊ စလေမြောက်ရွာ၊ ဈေးဟောင်းကျေးရွာ၊ အင်ကြင်းမြိုင်ကျေးရွာတို့တွင် ကွင်းအမှတ် (၁၆၇-၁၆၈နှင့် ၁၆၉)ရှိ တောင်သူများပိုင်ဆိုင်သည့် မြေများကို တပ်မတော် စိုက်ပျိုးမွေးမြူရေးသင်တန်းက သိမ်းယူခဲ့ကြောင်း၊  ယခုအခါ ထိုလယ်မြေများကို ၁၀၁၄ လေကြောင်းကာကွယ်ရေးတပ်က ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရသည်။


လယ်မြေရှင်များက တပ်မတော် အစိုးရလက်ထက် ၁၉၉၂ခုနှစ်မှ စတင်ကာ ၂၀၁၂ခုနှစ်ထိ ဌာနဆိုင်ရာ အဆင့်ဆင့်သို့ အသနားခံစာ တင်ပြခဲ့ကြောင်း၊  တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိကြောင်း သိရသည်။

သိမ်းဆည်းထားသည့် မြေများကို စစ်တပ်က  သီးစားပြန်လည်ချထားပေးခြင်း၊   ငါးမွေးကန် ဆောက်လုပ်ခြင်း၊  သရက်ခြံ စိုက်ပျိုးခြင်း စသည်ဖြင့် ပြုလုပ်နေကြောင်း ဒေသခံများက ရှင်းလင်းပြောကြားခဲ့သည်။   


0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif