http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

မြန်မာ့ ဘောလုံးချစ် ပရိသတ်တွေ သိပ်စိတ်မ၀င်စားတဲ့ AFC Cup ဘောလုံးပွဲ (ဧရာဝတီယူနိုက်တက် ၃-၁ ကီလင်တန် ))

ဒီနေ့ညနေမှာ  ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်းကြီးထဲမှာ AFC ဖလားပြိုင်ပွဲအဖြစ် အုပ်စု H ရဲ့ ဧရာဝတီယူနိုက်တက် အသင်းနဲ့ မလေးရှားနိုင်ငံအခြေစိုက် ကီလင်တန် အသင်းတို့ ယှဉ်ပြိုင် ကစားမှာမို့ စာရေးသူလည်း မတ်ဖန်ကပရိသတ်တွေ အတွက် မတူတဲ့ ရှုထောင့်ကနေ သတင်းတင်ပြနိုင်ရေး ကြိုးပမ်းခဲ့ပါတယ်။

 မတူတဲ့ ရှုထောင့်ဆိုတဲ့နေရာမှာ မီဒီယာသမားတွေ ၀င်တဲ့အပေါက်ကနေ၀င်၊ ကွင်းတွင်းကနေ သတင်းရယူတင်ပြနိုင်တာမျိုး မဟုတ်ဘဲ ပရိသတ်တွေနဲ့ တန်းတူ သွားရောက်ကြည့်ရှုရင်း ပရိသတ်တွေနဲ့အတူ ထိုင်ကြည့်ကာ ပရိသတ်တစ်ယောက်ပုံစံနဲ့ သတင်းယူတင်ပြဖို့ ဖြစ်ပါတယ်။

 ဒါ့ကြောင့်လည်း နေ့လည် ၂ နာရီခွဲ အချိန်မှာ သုဝဏ္ဏကွင်းကို တစ်ဦးတည်း အရောက်သွားခဲ့ပါတယ်။ ကွင်းအပေါက်ဝကို ၀င်လိုက်တာနဲ့ အရင်တုန်းက နိုင်ငံတကာပွဲတွေ ကျင်းပတဲ့အခါ မြင်နေကျ မြင်ကွင်းမျိုးမဟုတ်ဘဲ ခြောက်ခြောက်ကပ်ကပ်နဲ့ ပရိသတ် အရမ်းနည်းနေတာကို အရင်ဆုံး သတိပြုခဲ့မိတာပါ။ စာရေးသူ နောက်ဆုံး သတင်းသွားယူခဲ့တာက ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ- အိုမန်ပွဲဖြစ်ပါတယ်။ အဲ့ဒီပွဲတုန်းက ဘောလုံးအဖွဲ့ချူပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံမှုတွေကြောင့် လက်မှတ်ရှိသူတွေလည်း ကွင်းထဲ ၀င်ခွင့်မရ၊ ဘောလုံးအားကစားကို ချစ်မြတ်နိုးလှစွာသော မြန်မာ ပရိသတ်တွေလည်း လုံခြုံရေး တာဝန်ကျတွေက ရန်သူလို ဆက်ဆံခဲ့တာလေး နဲ့ နောက်ဆုံး ပရိသတ်ကိုသာ စည်းကမ်းမရှိဘူးလို့ မှတ်ချက်ပေးခဲ့တာတွေကို ပြန်လည် အမှတ်ရနေမိပြီး ဒီနေ့ မြင်ကွင်းနဲ့ အရမ်း ကွာခြားသွားတာဟာ အဲ့ဒီလို စီမံမှု ညံ့ဖျင်းခဲ့ခြင်း၊ ပရိသတ်ကို မလေးစားခြင်းတွေရဲ့ အကျိုးဆက်ဖြစ်လိမ့်မယ်လို့ မှတ်ချက်ချလိုက်မိပါတယ်။

 

 မြန်မာ Vs အိုမန်ပွဲစဉ် အတွင်း ပရိသတ်များ လာခဲ့စဉ်က လက်မှတ်ရှိသူများကိုပါ ပေးမ၀င်ခဲ့သော သုဝဏ္ဏကွင်းဂိတ်ပေါက်
 

 ယနေ့ ကစားခဲ့သော ဧရာဝတီယူနိုက်တက် Vs ကီလင်တန်အသင်း ပွဲစဉ် သုဝဏ္ဏကွင်းဂိတ်ပေါက်မြင်ကွင်း

လက်မှတ်ရောင်းတဲ့ နေရာလေး မတွေ့တာနဲ့ နှစ်ထောင်တန်လက်မှတ်ကို တစ်ထောင့်ငါးရာနဲ့ ရောင်းနေတဲ့ မှောင်ခို လက်မှတ်ပွဲစားဆီကနေ ၀ယ်ပြီး ကွင်းထဲဝင်လိုက်တယ်ဆိုရင်ဘဲ လုံခြုံရေးအရ အစစ်ဆေးခံရတဲ့ နေရာမှာ ကင်မရာအိတ်ကို ဖွင့်ပြလိုက်တဲ့အခါ မီဒီယာသမားတွေ ၀င်တဲ့အပေါက်က မ၀င်ဘူးလား ဆိုတဲ့ ရဲအရာရှိရဲ့ အပြုံးနဲ့ ဆီးကြိုမေးတာကို ပုခုံးတွန့် ပြန်လည် ရီပြရင်း ကွင်းထဲကို တန်းတန်းမတ်မတ် ၀င်ခဲ့ပါတော့တယ်။ ကွင်းထဲကို ၀င်သွားမိတယ် ဆိုရင်ဘဲ ဧရာဝတီယူနိုက်တက်အသင်း ၀တ်စုံကို ၀တ်ဆင်ထားတဲ့ ပရိသတ်လေးငါးခြောက်ယောက်က ဘင်တွေနဲ့ ခေါင်းစီးတွေနဲ့ မြင်တွေ့လိုက်ရပါတယ်။ ကွင်းထဲမှာတော့ နှစ်ဖက် ကစားသမားတွေ သွေးပူလေ့ကျင့်ခန်း လုပ်နေကြပါတယ်။ ဧရာဝတီယူနိုက်တက် အသင်း ကစားသမားတွေက အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကီလင်တန် အသင်း အားပေးသူတွေကတော့ အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားတာ မြင်ရပါတယ်။

 စာရေးသူရောက်ပြီး သိပ်မကြာခင်မှာ ပရိသတ်အချို့ ထပ်မံရောက်လာတာကြောင့် အထူးတန်းပွဲကြည့်စင်ရဲ့ ငါးပုံတစ်ပုံလောက်တော့ လူရှိတယ်လို့ ဆိုနိုင်ပါတယ်။ သုံးနာရီခွဲ အချိန်မှာတော့ နှစ်ဖက် ကစားသမားတွေက ကွင်းထဲဝင်ရင်းပွဲကို စတင်ခဲ့ပါတယ်။ ပွဲစတင်တာနဲ့ ဧရာဝတီယူနိုက်တက် အသင်းက ဖိကစားထားပြီး ကီလင်တန်  အသင်းကတော့ ဧရာဝတီယူနိုက်တက် အသင်းရဲ့ ကစားပုံကို စမ်းကစား နေတဲ့ပုံနဲ့ ခံစစ်ကို ကျစ်ကျစ်လစ်လစ်လုပ် ကစားနေပုံပါဘဲ။ ဧရာဝတီယူနိုက်တက် အသင်းနည်းပြ ဦးတင်မြင့်အောင်ဟာလည်း အတွေ့အကြုံရင့် မြန်မာနည်းပြတစ်ယောက် ဖြစ်တာနဲ့အညီ ပွဲကို ဖတ်တဲ့နေရာမှာ အတော်လေး ကောင်းမွန်တာမို့ ကစားပုံ ကစားကွက်တွေဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ အထောင်တိုက်စစ်မှူးအဖြစ် ကစားတဲ့ အာဖရီကန် ကစားသမား ဂျူပီတာ  ကလည်း အတော်လေး လှုပ်ကစားနိုင်သလို သူ့ကို ထိန်းချူပ်ကစားသွားတဲ့ ကီလင်တန် အသင်းက လူမဲ ကစားသမားတွေကလည်း အတော်လေးကောင်းမွန်တာတွေ့ရပါတယ်။

 

 ဧရာဝတီယူနိုက်တက် အမာခံပရိသတ်အချို့..









 မြန်မာအသင်း အထလေးနေတာကို ကီလင်တန်အသင်းက အခွင့်ကောင်းယူဖို့ စတင်ကြိုးစားခဲ့တာက ပွဲချိန် ၃ မိနစ်ကျော်သာသာမှာပါ။ ကီလင်တန် အသင်းရဲ့ နိုင်ငံခြားသား တိုက်စစ်မှူး ဂါဒါ က လျှင်လျှင်မြန်မြန် နဲ့ ဧရာဝတီယူနိုက်တက်အသင်း ညာဖက်ပင်နယ်လ်တီ ဧရိယာထောင့်ကနေ ပင်နယ်လ်တီ ဧရိယာထဲအထိ လွတ်လွတ်ကျွတ်ကျွတ် ဆွဲလာပြီး ဂိုးသမားနဲ့ နှစ်ယောက်ချင်း ကန်ခွင့်ရခဲ့တာမှာ ဂိုးသမားရဲ့ အဝေးတိုင်ကို ကန်လိုက်တာ ဂိုးသမားကို ကျော်သွားပေမယ့် တိုင်ဘေးကနေ ပွတ်ထွက်သွားတာမို့ မြန်မာပရိသတ်တွေ ဟာကနဲ ဟင်ကနဲ ဖြစ်ခဲ့ရပါသေးတယ်။

 အဲဒီနောက်တော့ ဧရာဝတီယူနိုက်တက်အလှည့်လို့ ဆိုရမှာပါ။ ဧရာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး ဂျူပီတာက မလေးရှားလိဂ် ချန်ပီယံ ကီလင်တန်အသင်း ညာဖက်ကနေ ဆွဲလာပြီး ဂိုးရှေ့ကို ဖြတ်ပို့လိုက်တာမှာ ပိတ်မဲ့သူ မရှိဘဲ ဒီတိုင်းထားရင်တောင် ဂိုးဝင်မှာ မဟုတ်တဲ့ဘောလုံးကို ကီလင်တန်အသင်း နောက်ခံလူ အိုဘီနာက ဖြတ်တားပြီး ဖျက်ထုတ်လိုက်ရမှာ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသလို ဖြစ်သွားခဲ့ပါတယ်။ အချောင်ဂိုး တစ်ဂိုးကြောင့် သုဝဏ္ဏကွင်းထဲက ပရိသတ်တွေလည်း အော်ဟစ် ဆူညံရင်း ဘင်သံကလည်း ပိုမိုကျယ်လောင် လာခဲ့ပါတော့တယ်။

 

 လာမည့်နှစ် ဆယ်တန်းကျောင်းတက်နိုင်ရေးအတွက် မိသားစုလိုက် ဈေးလာရောင်းနေသော ကျောင်းသူလေး နှင့် မိသားစု









 ရာသီဥတု ပူတဲ့ဒဏ်ကို မလေးရှားသားတွေ သိပ်မခံနိုင်ပုံရပြီး ကစားအားလည်း တက်လာခြင်း မရှိဘဲ ဧရာဝတီယူနိုက်တက်အသင်းရဲ့ ကစားကွက်အောက်မှာသာ ပိနေတဲ့ ကီလင်တန်အသင်းဟာ ဧရာဝတီယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် သီဟစည်သူဆီကို ဘောလုံးရောက်အောင်တောင် မနည်းကစားနေရပုံရပါတယ်။ ကန်ချက်တွေကလည်း ပျော့နေပြီး ထိေ၇ာက်တဲ့ ခြိမ်းခြောက်နိုင်မှုတွေလည်း များများစားစား မလုပ်နိုင်ခဲ့ပါဘူး။

 ပထမပိုင်းရဲ့ ၄၂ မိနစ်လောက်မှာတော့ ဧရာဝတီအသင်းအနေနဲ့ အကောင်းဆုံး တိုက်စစ်ပုံစံနဲ့ ဒုတိယမြောက်ဂိုး ရရှိခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ တစ်ဦးတည်း ဘောလုံးကျွမ်းကျင်မှုကို သုံးပြီး ကီလင်တန် ဂိုးပေါက်ဆီ တန်းဆွဲသွားတဲ့ အောင်ကျော်မျိုးဟာ အနီးကပ်ဘဲ ဂိုးသမားနဲ့ ကန်ခွင့်ရခဲ့ရာမှာ ဂိုးသမားရဲ့ ညာဖက် အပေါ်ထောင့်တည့်တည့်ကို ကန်သွင်းပြီး ဒုတိယမြောက်ဂိုးနဲ့အတူ ပထမပိုင်း ပြီးသည်အထိ မြန်မာဘောလုံးချစ် ပရိသတ်တွေကို ပျှော်ရွှင်စေခဲ့ပါတယ်။

 

 ဧရာဝတီယူနိုက်တက် Vs ကီလင်တန် အသင်း ပွဲမစတင်မီ

 ဒုတိယပိုင်းမှာတော့ နေကလည်း အေးသွားပြီး ဖြစ်သလို အရှုံးဂိုးတွေ ပေးထားရတာမို့ ကီလင်တန် အသင်းဟာ ကစားအားတင်ကစားခဲ့သလို တိုက်စစ်မှူး ဂါဒါ ဟာလည်း ပိုမိုသွက်လက် လာခဲ့ပါတယ်။ အရပ်အမောင်းကောင်းတဲ့ ဂါဒါဟာ ထိလိုက်တိုင်းလဲပြီး ဒိုင်ဗင်ထိုးမှုတွေ အကြိမ်ကြိမ် လုပ်နေသလို ကွင်းဘေးက နည်းပြဆရာကလည်း စတုထ္ထဒိုင်ကို ဖိအားပေးနေခဲ့တာမို့ ကွင်းလယ်ဒိုင်တစ်ယောက် ဖိအားဝင်နေပုံရပါတယ်။ ဧရာဝတီယူနိုက်တက်အသင်း နောက်ခံလူတွေကလည်း ဂါဒါ ကို မထိန်းနိုင်ဖြစ်နေခဲ့ပြီး ခံစစ်သက်သက် ပိတ်ကစားနေသလို ဖြစ်ခဲ့ရပါတယ်။ ပွဲချိန် ၆၃ မိနစ်လောက်မှာတော့ ညာတောင်ပံကနေ ဘောလုံးရာသွားပြီး ပင်နယ်လ်တီ စည်းထဲကို အလျှင်အမြန်ဆွဲပြေးဝင် သွားတဲ့
အန်တ၀ီ ကို ဧရာဝတီယူနိုက်တက် နောက်ခံလူတွေက ထိမိသလို ဖြစ်သွားတာမို့ ပင်နယ်လ်တီ သတ်မှတ်ပေးလိုက်ခြင်း ခံလိုက်ရပါတယ်။

 











 


 ရရှိလာတဲ့ ပင်နယ်လ်တီကို ဂါဒါက ကန်သွင်းခဲ့တာမှာ ဂိုးသမားသီဟ စည်သူရဲ့ ဘယ်ဖက်အောက်ထောင့်ကို ဘောလုံးရောက်လာသလို သီဟစည်သူက တားဆီးနိုင်ခဲ့ပေမယ့် ဆက်လက် ပြေးဝင်လာတဲ့ ဂါဒါရဲ့ ဒုတိယမြောက် ကန်သွင်းချက်ကိုတော့ ဂိုးသမား သီဟ စည်သူတစ်ယောက် ဘယ်လိုမှ တားဆီးနိုင်ခြင်း မရှိတော့ဘဲ ချေပဂိုးတစ်ဂိုး ပေးလိုက်ရပါတော့တယ်။ ရိုက်လာတဲ့ ကင်မရာက ဗွီဒီယိုကလစ်ကနေ တဆင့် ဒီဂိုးကို ပြန်လည် ကြည့်မိတဲ့အခါ ဧရာဝတီယူနိုက်တက် ကစားသမားတွေဟာ ပင်နယ်လ်တီကန်သွင်းချိန်မှာ ကွင်းထဲကို ပြေးဝင်ကြခြင်းမရှိဘဲ ၇ပ်ကြည့်နေတာကို မြင်တွေ့ခဲ့ရတာမို့ သီဟစည်သူကိုပင် သနားနေမိပါတယ်။

 ခြေပဂိုးတစ်ဂိုး ပေးလိုက်ရပြီးမှ ပြန်လည် လန်းဆန်းလာတဲ့ ဧရာဝတီယူနိုက်တက် အသင်းဟာ ထိုးဖေါက်မှုတွေ ထပ်မံပြုလုပ်လာခဲ့ရင်း ပွဲချိန်  မိနစ် ၈၀ မှာတော့ နန္ဒလင်းကျော်ချစ်ရဲ့ အင်မတန် လှပတဲ့ ဖြတ်တင်ဘောကို ဂျူပီတာက ဖမ်းတားလိုက်ပြီးမှ အပိုင်ပိတ်သွင်းပြီး တတိယမြောက်ဂိုးသွင်းယူပေးခဲ့ပါတယ်။ လှလှပပ ချပေးလိုက်တဲ့ နန္ဒလင်းချစ်က ဂျူပီတာ ဆီကို ပြေးမသွားဘဲ လာခဲ့ လာခဲ့ ဆိုပြီး လှမ်းခေါ်ပြီး သူ့နဲ့အတူ ပရိသတ်နားမှာ အောင်ပွဲခံသွားပုံဟာလည်း ကြည်နူးစရာ မြင်ကွင်းတစ်ခုပါဘဲ။

 

 










  ဒီလို ပြတ်သားတဲ့ အဖြေဖြစ်သွားစေမယ့် တတိယဂိုးသွင်းပြီးတဲ့နောက်မှာတော့ ကီလင်တန်အသင်းဟာလည်း စိတ်ဓါတ်ကျသွားပြီး ဧရာဝတီအသင်းရဲ့ ကစားကွက်အောက် ရောက်သွားခဲ့ပြီးနောက် ပရိသတ်တွေ ပျော်ရွှင်စေမယ့် ရလဒ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတော့တယ်။

 ဒီပွဲကို ခြုံငုံ သုံးသပ်ရရင်တော့ ဘောလုံးကွင်းထဲ ပရိသတ်တွေ အ၀င်နည်းသွားတာဟာ စိုး၇ိမ်စရာ တစ်ခုအဖြစ် ရှုမြင်မိသလို ပရိသတ်ကို နောက်တစ်ကြိမ် ရန်သူလို သဘောမထားဖို့ အင်မတန် လိုအပ်နေပြီ ဆိုတာကို မီးမောင်းထိုးပြနိုင်တဲ့ အနေအထား တစ်ရပ်လည်း ဖြစ်နေပါပြီ။ ဘောလုံးအသင်းပိုင်း ဆိုင်ရာအနေနဲ့ကတော့ ဧရာဝတီအသင်းရဲ့ စည်းကမ်းကောင်းမွန်မှု နည်းပြရဲ့ အကောင်းဆုံး အခင်းအကျင်းတွေဟာလည်း အထင်ကြီးစရာဖြစ်သလို မလေးရှားမှာ ထပ်မံ ကစားရမယ့် ဒုတိယအကြော့ ပွဲစဉ်မှာတော့ အရှုံးမဖြစ်စေဘဲ ထိန်းကစားနိုင်ဖို့ လိုအပ်တယ် ဆိုတာလေး တင်ပြလိုက်ရပါတယ်။

 
 ဘောလုံးချစ် ပရိသတ်များ

 

 

 



 
  
 ဖခင်က ဘောလုံးပွဲကြည့် သမီးများက ဈေးရောင်း၊ ဈေးမရောင်းနိုင်သည့် အရွယ်ကလေးငယ်က အိပ်

 
 တတိယ ပွဲသိမ်းဂိုး သွင်းယူအပြီး အောင်ပွဲခံနေသော ဧရာဝတီယူနိုက်တက် ကစားသမားများ

 
 ဧရာဝတီယူနိုက်တက် ကစားသမားတစ်ဦး ထိခိုက်ဒဏ်ရာရသွားစဉ်

 
 ပရိသတ်က အောင်ပွဲခံနေစဉ်


 ပရိသတ်များ အောင်ပွဲခံနေစဉ်

 သုဝဏ္ဏကွင်း အိမ်ပြန်လမ်း
Written by : ဇော်ဇော်    2012-03-21 21:50:46  

 

http://mutdfan.com/index.php/readmore/post/41913

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif