http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2012

သက်တမ်း ၁၀၈ နှစ်ရှိပြီး ၄၈ ဧက ကျယ်ဝန်းသော အလုံ သင်္ဘောကျင်းအား တစ်နှစ် ကျပ်သိန်း ၄၀၀ ဖြင့် ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းထားသည်ဟု သတင်းရရှိ

သင်္ဘောတည်ဆောက် ပြုပြင်ခြင်းမှ ယခုနှစ်တွင် ကျပ်သန်းပေါင်း ၅၀၀၀ ရရှိနိုင်သည့် အလုံ သင်္ဘောကျင်းအား တစ်နှစ် မြေငှားရမ်းခ ကျပ်သိန်း ၄၀၀ ဖြင့် ပုဂ္ဂလိကသို့ BOTစနစ်ဖြင့် ချထားငှားရမ်းလိုက်ကြောင်း သတင်း ရရှိပါသည်။

အလုံသင်္ဘောကျင်းအား တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၈ နှစ်တိုင်ပြီဖြစ်ကြောင်းနှင့် အလုံသင်္ဘောကျင်း၏ မူလအကျယ်အ၀န်းမှာ ၂၈ ဧက၀န်းကျင်ရှိပြီး နောက်ပိုင်းတွင် နုန်းပို့ချလာမှုကြောင့် ဧရိယာ ၄၈ ဧက ၀န်းကျင်အထိ ကျယ်ဝန်းမှုရှိလာကြောင်း သိရသည်။

လက်ရှိ အလုံသင်္ဘောကျင်း၌ ပြည်တွင်းရေကြောင်းတွင် မောင်းနှင်နိုင်သည့် သံကိုယ်ထည် သင်္ဘောသစ်ကြီးများအပြင် ကမ်းရိုးတန်းတွင် ပါသွားလာနိုင်သည့် သင်္ဘောသစ်ကြီးများ၊ ကုန်သင်္ဘောသစ်ကြီးများကို လက်ခံတည်ဆောက်ပေးပြီး ယခုနှစ်တွင် အလုပ် အပ်နှံထားသည့်နှုန်း၊ ထပ်မံ အပ်နှံနိုင်သည့် နှုန်းဖြင့်ဆိုပါက ကျပ်သန်းပေါင်း ၅၀၀၀ အထိ ၀င်ငွေရရှိနိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယခုအခါ အလုံသင်္ဘောကျင်းအား ပုဂ္ဂလိကသို့ တစ်နှစ် မြေငှားရမ်းခ ကျပ်သိန်း ၄၀၀ ၀န်းကျင်ဖြင့် နှစ်ရှည်(ပထမနှစ် ၃၀ နှင့် လုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့်ကို ငါးနှစ်စီ သုံးကြိမ် သက်တမ်းတိုးခွင့် အပါအ၀င် စုစုပေါင်း ၄၅နှစ်) ငှားရမ်းလိုက်ကြောင်း သိရသည်။

မြန်မာ့ အဏ္ဏ၀ါစွမ်းအားရှင်ဂရုပ်(အက်စ်) ကုမ္ပဏီလီမိတက်မှ အလုံ သင်္ဘောကျင်းနေရာအား ရယူလုပ်ကိုင်ခြင်းဖြစ်ပြီး ပို့ဆောင်ရေး ၀န်ကြီးဌာန၏ ၂၀၁၁ ခုနှစ်အတွင်းက ခွင့်ပြုပေးချက်များအရ BOTစနစ်ဖြင့် ရရှိခဲ့သည်ဟု သိရသည်။
မြန်မာ့ အဏ္ဏ၀ါ စွမ်းအားရှင်ဂရုပ် (အက်စ်)ကုမ္ပဏီလီမိတက်မှာ ၂၀၀၃ ခုနှစ်က စက်မှုဝန်ကြီးဌာန မြေပေါ်တွင် မြန်မာ့စက်မှုဆိပ်ကမ်း အမှတ်(၁)နှင့် (၂)ဆိပ်ခံတံတားများ တည်ဆောက်ကာ ဆိပ်ကမ်းဝန်ဆောင်မှု ပေးနေခြင်းဖြစ်ပြီး အဆိုပါမြေများကို ထိုစဉ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရယူလုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆိပ်ခံတံတားအမှတ်(၁)၊(၂)နှင့် တစ်ဆက်တည်း ဆိပ်ခံတံတားအမှတ်(၃)၊ (၄)၊ (၅)ကို တည်ဆောက်ရန်နှင့် ကုန်သေတ္တာ လွင်ပြင် သိုလှောင်စခန်း တည်ဆောက်ရန်အတွက် အလုံသင်္ဘောကျင်းအား ပို့ဆောင်ရေးဝန်ကြီးဌာနသို့ အဆိုပြုလွှာတင်ကာ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြေငှားရမ်း လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ဆိပ်ခံတံတားသစ်များနှင့် ကုန်သေတ္တာလွင်ပြင် သိုလှောင်စခန်းအား တည်ဆောက်မြှုပ်နှံရာတွင်လည်း လက်ရှိ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆိပ်ကမ်း ၀န်ဆောင်မှုလုပ်ငန်းများမှ ရရှိသည့် ၀င်ငွေများဖြင့် မြှုပ်နှံသွားမည်ဟုလည်း သိရသည်။ အလုံသင်္ဘောကျင်း အား ရယူလုပ်ကိုင်သည့်အတွက် အလုံ သင်္ဘောကျင်းအစား အခြား သင်္ဘောကျင်းတစ်ခုကို အစားထိုး တည်ဆောက်ပေးသွားရန်ရှိကြောင်း သိရသည်။

သို့သော် အစားထိုးပြန်ပေးသည့် နေရာမှာ သဲသောင်များပြားပြီး သင်္ဘောဝင်ထွက်ရခက်ခဲသော ပဲခူးမြစ်တွင်း(တိုင်းရင်းသားကျေးရွာအနီး) ဖြစ်နေကြောင်း၊ အဆိုပါ ပဲခူးမြစ်အတွင်း၌ မည်သည့်ခေတ်ကာလကမျှ သင်္ဘော ကျင်းကြီးများ တည်ဆောက်ဖူးခြင်း မရှိခဲ့ကြောင်း၊ ထို့အတွက် သင်္ဘောကျင်း တည်ဆောက်သည်ဆိုပါကလည်း လက်ရှိ အလုံသင်္ဘောကျင်းကဲ့သို့ လွယ်ကူချောမွေ့မည်မဟုတ်ကြောင်း သိရသည်။
''ဆိပ်ကမ်းချဲ့ဖို့နဲ့ ကွန်တိန်နာ သိုလှောင်လွင်ပြင် လုပ်ဖို့အတွက် အလုံ သင်္ဘောကျင်းကို လက်ရှိ မြန်မာ့စက်မှုဆိပ်ကမ်းကို တာဝန်ယူ လုပ်ကိုင်နေတဲ့ မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရုပ်(အက်စ်) ကုမ္ပဏီလီမိတက်ကနေ BOT နဲ့ယူလိုက်တယ်လို့ သတင်းတွေမှာလည်း တွေ့ရတယ်။ အခု သင်္ဘောသစ် တည်ဆောက်တာနဲ့ ပြင်ဆင်တာနဲ့ကနေ ဒီသင်္ဘောကျင်းရဲ့ ၀င်ငွေက တစ်နှစ် ကျပ်သန်း ၅၀၀၀ လောက် ရဖို့ရှိတယ်လို့ တွက်ထားကြတယ်။ ဒီနေရာကို တစ်နှစ်ကျပ်သိန်း ၄၀၀ နဲ့ ငှားတာကတော့ ဘာကြောင့်လဲ။ နောက်တစ်ချက်က ခေတ်မီ ဆိပ်ကမ်းချဲ့ဖို့အတွက် ဆို သီလ၀ါ ဆိပ်ကမ်းနယ်မြေ ရှိတယ်လေ။ သီလ၀ါ ဆိပ်ကမ်းနယ်မြေဟာ ပင်လယ်ဝနဲ့နီးပြီး တကယ့် ဆိပ်ကမ်းကောင်း ဆောက်လုပ်လို့ရသလို ထပ်ထပ်ပြီး ချဲ့ဖို့အတွက်လည်း မြေဧရိယာများစွာ ကျန်သေးတယ်။ ဒါ့အပြင် သီလ၀ါ ဆိပ်ကမ်းဇုန်ဟာ အနာဂတ်မှာ ဆိပ်ကမ်းဇုန်ကြီးအဖြစ်ပါ နေရာ အချက်အချာ ကျတာကို စိစစ်တွေ့ရှိရလို့ အဲဒီအတွက်လည်း သယ်ယူပို့ဆောင်ရေးအတွက် တံတားတွေထိုး၊ လမ်းတွေ ဖောက်လုပ်ထားတယ်။ ဘာကြောင့် အလုံသင်္ဘောကျင်းကိုပဲ ရွေးချယ်တာလဲ။ လက်ရှိ မြန်မာ့စက်မှု ဆိပ်ကမ်းနဲ့ ဆက်စပ်ပြီး ချဲ့ချင်လို့ဆိုရင်လည်း ၄၈ ဧကစလုံးရော လိုအပ်သလား။ အဲဒီလို ပြန်တွေးကြည့်ရင် နိုင်ငံ့အကျိုး ပိုရှိလို့လား၊ ဒါမှမဟုတ် ပုဂ္ဂလိကအနေနဲ့ ပိုကောင်းသွားမလား တွက်ချက်စေချင်တာပါ။ နိုင်ငံအတွက် ပိုကောင်းတယ်ဆိုရင်တောင် နိုင်ငံက ရသင့်ရထိုက်တဲ့ စံနှုန်းနဲ့အညီ လုပ် ကိုင်သင့်တယ်လို့ ထင်ပါတယ်။
သူတို့ကို ငှားရမ်းတာက BOT အရဆိုရင် တစ်နှစ်တည်း မဟုတ်ဘူး၊ နှစ် ၃၀ အပြင် နောက်ထပ် ငါးနှစ်သက်တမ်း သုံးကြိမ်ဆိုတော့ စုစုပေါင်း ၄၅ နှစ် ငှားထားရမှာလေ။ တစ်နှစ် ကျပ်သိန်း ၄၀၀ က ထိုက်တန်တယ်လို့ ယူဆရင် တော့လည်း မပြောတတ်ဘူး''ဟု သင်္ဘောကျင်း လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့ပါသည်။ ''ဆူးလေ ဆိပ်ကမ်းတွေကို စပြီး တည်ဆောက်ပေးတာ ဂျာမနီ၊ အင်္ဂလန်နိုင်ငံက ပညာရှင်တွေက တွက်ချက် တည်ဆောက် တာပါ။ ဂျာမနီ၊ အင်္ဂလန်၊ စင်ကာပူတင်မဟုတ်ဘူး နိုင်ငံတကာမှာ ဆိပ်ကမ်းတွေတကယ် ဖွံ့ဖြိုးတာက နောက်ပိုင်းမှာ ပင်လယ်ဝဘက်တွေချည်းမှာပါပဲ''ဟု ရေကြောင်းနှင့် ဆိပ်ကမ်းဆိုင်ရာ ပညာရပ်များကို နိုင်ငံတကာတွင် ဆည်းပူးခဲ့သူ ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

''ရန်ကုန်မြစ်ထဲမှာ လက်ရှိဆိပ်ကမ်းတွေအပြင် ဆိပ်ကမ်းထပ်ချဲ့ပြီး သင်္ဘောကြီးတွေ ၀င်ဖို့လုပ်မယ်ဆိုတာထက် လက်ရှိ ဆိပ်ကမ်းတွေကို ခက်ခက်ခဲခဲ ရေချိန်စောင့်ပြီးမှ ၀င်နေရတဲ့ တန်ချိန် ၁၅၀၀၀ ပါ သင်္ဘောတွေ အလွယ်တကူ ၀င်ထွက်နိုင်အောင် ရေကြောင်း ပြုပြင် ပြောင်းလဲပေးတာကိုပဲ အဓိက လုပ်သင့်တာပါ။ တန်ချိန် ၃၅၀၀၀၊ ၃၀၀၀၀ ပါတဲ့ သင်္ဘောကြီးတွေကတော့ ဒီဝင်မယ့်အစား သီလ၀ါဆိပ်ကမ်းမှာပဲ ဆိပ်ကမ်းသစ် ဆောက်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ အခုရန်ကုန်မြစ်ထဲမှာ ပင်လယ်ကူးသင်္ဘောကြီးတွေ လှည့်ပတ်ဖို့ မလွတ် ကင်းတဲ့နေရာက များပါတယ်။ အရင်တုန်းက ဖြစ်ဖူးတယ်၊ ပင်လယ်ကူး ကုန်တင်သင်္ဘောကြီးတစ်စီး နစ်တာ တော်တော်နဲ့ ပြန်မဖော်နိုင်တော့ ရေကြောင်းတွေ အချိန်အကြာကြီး ကျပ်ဖူးတယ်''ဟု ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
''BOT ကိစ္စပဲ ပြောချင်တာပါ။ BOT လုပ်တာတွေမှာ ဒီတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ဒီလိုပဲ ကိန်းဂဏန်းအရ တွက်ချက်ရင် ပုဂ္ဂလိကပဲ အသာရတယ်၊ အများနဲ့ဆိုင်တဲ့လုပ်ငန်းတွေဖြစ်တော့ အများကပဲ စိုက်ထုတ်ပေးရတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့ နိုင်ငံပိုင် ပစ္စည်း၊ မြေတွေကိုကျတော့ ထိုက်တန် တဲ့နှုန်းထားတွေ ပြန်မရဘူး။ ဒီလိုပဲ အမြဲကြားလာရတယ်၊ သိလာရတယ်။ အဲဒီအတွက် BOT စနစ်နဲ့ပေးမယ့် နိုင်ငံပိုင်တွေကိုတော့ တကယ့်ကို စိစိစစ်စစ် လုပ်သင့်ပြီလို့ ထင်ပါတယ်။ ပရောဂျက်တွေကတော့ ချပြနေကြမှာပဲ။ ပရောဂျက်တွေကြောင့် ပြန်လာမယ့် အကျိုးဆက်တွေကျတော့ ချပြတာ တစ်ခါမှမရှိဘူး။ BOT ပေးတိုင်း နိုင်ငံအတွက် တကယ်အကျိုးရှိသလား ပုဂ္ဂလိကပဲ ပိုအကျိုးရှိသလား စဉ်းစားသင့်သလို အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို အစိုးရအနေနဲ့ပဲ ကိုင်တွယ်လုပ်ကိုင်လို့ရရင် ကိုင်တွယ်တာ ပိုသင့်တော်မယ်ထင်ပါတယ်''ဟု လမ်းတံတား ဖောက်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင်ပြင် သိုလှောင်စခန်း တိုးချဲ့မည့် အစီအစဉ်အတွက် ရယူထားသည့် မြေဧရိယာထဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်းပိုင် မြေနေရာ အနည်းငယ်ပါဝင်ကြောင်းလည်း သိရသည်။

စုစုပေါင်း ဧရိယာ ၄၈ ဧက ကျော်အတွက် မြေအသုံးချမှု ပရီမီယံကြေးကို ကျပ်သိန်း ၂၄၀၃ ကျော်ပေးသွင်းမည်ဟုလည်း သိရသည်။                          http://www.news-eleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif