http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

နောက်ကျဂိုးကြောင့် ဟောင်ကောင်တွင် ရှုံးပွဲ ကြုံခဲ့ရသည့် ရန်ကုန်

ယနေ့ ညနေပိုင်းက ဟောင်ကောင်တွင် ယှဉ်ပြိုင် ကစားခဲ့သည့် AFC Cup အုပ်စု (G) ပွဲစဉ် စီတီဇင်နှင့် ရန်ကုန် ယူနိုက်တက်တို့ ပွဲစဉ်တွင် နောက်ကျမိနစ် သွင်းဂိုးကြောင့် ရန်ကုန်တို့ ရှုံးပွဲ ကြုံခဲ့ရသည်။

ရန်ကုန်အသင်းက ၎င်းတို့၏ အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက် လာခဲ့ပြီး တိုက်စစ်တွင် မီလန်၊ မလာဒန်၊ ကြည်လင်း၊ ရာဇာဝင်းသိန်း စသဖြင့် ကစားခဲ့ကြသည်။ ပွဲစစချင်း ကြည်လင်းက ညာခြမ်းမှ ဆွဲပြေး ကန်သွင်းကာ အိမ်ရှင် ဂိုးပေါက်အား ခြိမ်းခြောက်ခဲ့ သော်လည်း ကန်ချက် ဘေးထွက်ခဲ့သည်။ ၇မိနစ်တွင် ရန်ကုန်အသင်း ယခုပွဲစဉ်၏ ပထမဆုံး ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သော်လည်း နောက်ခံလူများ ရှင်းထုတ်ခဲ့သည်။ ပွဲချိန် ၁၀မိနစ်ခန့် ကြာသည်အထိ ဧည့်သည် ရန်ကုန် အသင်းကပဲ ကွင်းလယ် ကစားကွက်အား စိုးမိုး ထားနိုင်ခဲ့ကာ စီတီဇင် နောက်တန်းအား ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။

၁၃မိနစ်တွင် ရာဇာဝင်းသိန်း ထိုးဖောက်မှုအား စီတီဇင် ကွင်းလယ်လူ တားဆီးရာ ပြစ်ဒဏ် ကျူးလွန်သဖြင့် ရန်ကုန်အသင်း ဖရီးကစ် ကန်ခွင့် ရခဲ့သည်။ ယင်းဖရီးကစ်အား ကြည်လင်း ကန်သွင်းခဲ့ရာ ဘေးထွက် သွားခဲ့သည်။ ၁၅မိနစ်တွင် စီတီဇင် ကစားသမား နာကာမူရာ ဂိုးကန်သွင်းမှု ပြုလုပ်ခဲ့ သော်လည်း ဧရိယာ အပြင်မှ ကန်ချက် အပေါ်ထောင် သွားခဲ့သည်။ ၁၆မိနစ်တွင် ရန်ကုန်တို့ ဒုတိယ တစ်ကြိမ် ထောင့်ကန်ဘော ရရှိခဲ့ပြီး စီတီဇင် အသင်းကပင် ရှင်းထုတ်နိုင်ခဲ့သည်။

ပွဲချိန် ၂၂မိနစ်တွင် ဒေးဗစ်ထန် ညာခြမ်းမှ ဖြတ်တင်ပေးရာမှ မလာဒန် အနီးကပ် ကန်ခွင့်ရခဲ့သော်လည်း ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ ၂၆မိနစ်တွင် ရန်အောင်ကျော် အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ထို့နောက်တွင် ရန်ကုန်တို့ ၃ကြိမ်ဆက်တိုက် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သော်လည်း ဂိုးမရရှိခဲ့ပေ။ ၃၂မိနစ်တွင် ညာတောင်ပံမှ ရရှိသည့် ပြစ်ဒဏ်ဘောအား မျိုးမင်းထွန်း ကန်တင်ပေးရာ နီကိုလာ အပိုင် ခေါင်းတိုက်ခဲ့ သော်လည်း ဂိုးဘား ကျော်သွားခဲ့သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် ပထမပိုင်း ပွဲချိန် အတော်များများအား ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ကစားနေ နိုင်ခဲ့ပြီး စီတီဇင် နောက်ခံလူနှင့် ဂိုးသမားတို့ အမှားအယွင်း မရှိ ဖျက်ထုတ် နေခဲ့သည်။ ပထမပိုင်း ၄၅မိနစ် ကုန်ဆုံး၍ နာကျင် အချိန်ပိုတွင် ရန်ကုန် အသင်း နှစ်ကြိမ်ဆက် ထောင့်ကန်ဘော ရခဲ့ပြန်သည်။ သို့သော် ထောင့်ကန်ဘော များမှ တစ်ဆင့် ရန်ကုန်အသင်း ဂိုးရရှိရေး ကြိုးပမ်းမှု များအား နောက်ခံလူများ အကောင်းဆုံး တားဆီးခဲ့ကာ ပထမပိုင်း မပြီးဆုံးမီတွင် ဟောင်ကောင် ကလပ်အသင်းက ၎င်းတို့၏ ပထမဆုံး ထောင့်ကန်ဘောအား ရရှိခဲ့ကာ ဂိုးမရှိ သရေဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် ပွဲမှာ အတန်ငယ် အေးနေခဲ့ပြီး ၄၉မိနစ်တွင် ဒေးဗစ်ထန် ညာခြမ်းမှ တင်ပေးသည့် ဘောလုံးအား ဧရိယာ အတွင်းရှိ မီလန် ရရှိခဲ့သော်လည်း တုံ့ဆိုင်း နေခဲ့၍ နောက်ခံလူများ ဖျက်ထုတ်ခဲ့သည်။ ပွဲချိန် ၅၁မိနစ်တွင် အိမ်ရှင် အသင်း အဖွင့် ဦးဆောင်ဂိုး ရရှိခဲ့သည်။ ယင်းဂိုးအား ဘယ်တောင်ပံမှ ရရှိသည့် ပြစ်ဒဏ်ဘောမှ တစ်ဆင့် ဂွန်ကာလက်ဖ်က အပိုင် ခေါင်းတိုက်ခဲ့ရာ ဂိုးသမား နိုင်ဇေယျာထွန်း မည်သို့မျှ ကာကွယ်နိုင်ခြင်း မရှိခဲ့ဘဲ ဂိုးခွင့်ပြု ခဲ့ရသည်။

ပထမပိုင်းတွင် အိမ်ရှင် အသင်းအနေဖြင့် ရန်ကုန်ဘက်သို့ ထိရောက်သည့် ဂိုးပေါက် ခြိမ်းခြောက်မှုမျိုး လုပ်နိုင်ခြင်း မရှိခဲ့သော်လည်း ဒုတိယပိုင်း အစ ဦးဆောင်ဂိုး ရရှိခဲ့မှုနှင့် ရန်ကုန် နောက်တန်းအား ပိုမို ခြိမ်းခြောက် လာနိုင်ခဲ့သည်။ ရန်ကုန် အသင်းကလည်း ချေပဂိုး ရရှိရေး အတွက် ပြန်လည် ဖိကစား နေခဲ့ကာ စီတီဇင်က ကောင်တာ ချောင်းကစား နေခဲ့သည်။ ၅၉မိနစ်တွင် ကြည်လင်း ညာခြမ်းမှ တစ်ကိုယ် အစွမ်းဖြင့် ဖြတ်တင်ပေးမှု ကောင်းမွန် သော်လည်း နောက်ခံလူများ ရှင်းထုတ်ခဲ့ပြီး ဒေးဗစ်ထန် ပြန်တင်ပေးသည့် ဘောလုံးအား မီလန် အပိုင် တိုက်ခွင့် ရရာ ဘားကျော် သွားခဲ့သည်။ မိနစ် ၆၀ကျော်တွင် ကြည်လင်း ဧရိယာ အတွင်းမှ ကန်ချက် နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။

ပွဲချိန် ၆၅မိနစ်တွင် မလာဒန် ဖန်တီး ပေးရာမှ တစ်ဆင့် မီလန်က အံ့အားသင့်ဖွယ် ကန်ချက်မျိုးဖြင့် တိုက်စစ်မှူး မီလန်က ချေပဂိုး သွင်းယူပေးခဲ့သည်။ ၆၈မိနစ်တွင် ရန်ကုန်တို့ နောက်တစ်ဂိုး ရရှိရန် နီးစပ်ခဲ့ပြီး နောက်ခံလူ ရှင်းထုတ် ခဲ့သဖြင့် ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ရန်ကုန် အသင်းက မလာဒန် နေရာ ရန်အောင်ဝင်း ထည့်သွင်း ကစားခဲ့သည်။ ၇၁မိနစ်တွင် ခင်မောင်လွင် ဘယ်ခြမ်းမှ ကန်ခွင့် တစ်ကြိမ် ရခဲ့ပြီး ဘေးထွက်ခဲ့သည်။ ၇၅မိနစ်တွင် ရန်အောင်ဝင်း ကန်သွင်းချက် နောက်ခံလူ ထိထွက်ခဲ့ကာ ထပ်ဆင့် ပိတ်သွင်းချက် ဘေးထွက်ခဲ့သည်။

ရန်ကုန် အသင်းသည် စီတီဇင် အသင်းဘက်သို့ ဆက်တိုက် ဖိကစား နေခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်း နေခဲ့၍ ဂိုးမရခဲ့ပေ။ အိမ်ရှင် အသင်းက ကောင်တာ ချောင်းကစား နေခဲ့ပြီး ၈၅မိနစ်တွင် လောချောင်ဘောင်း ကန်ချက် နိုင်ဇေယျာထွန်း ကာကွယ် နိုင်ခဲ့သော်လည်း မိနစ် ၉၀တွင် အိမ်ရှင်အသင်း တန်ပြန် ထိုးဖောက်မှုကိုမူ တားဆီးနိုင်ခြင်း မရှိဘဲ ဂိုးပေးခဲ့ရသည်။ ယင်းဂိုးအား ဘိုင်စီက ကွင်းလယ်မှ ဆွဲပြေး ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ရန်ကုန်တို့ ကောင်းစည်သူအား ထည့်သွင်းကာ ချေပဂိုး ရရှိရေး ကြိုးပမ်းခဲ့ သော်လည်း ပြန်လည် ချေပနိုင်ခြင်း မရှိတော့ဘဲ ၂-၁ ရလဒ်ဖြင့်ပင် ရှုံးနိမ့်ခဲ့ရသည်။                     http://www.soccermyanmar.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif