http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

AFC Cup ဗွေဆော်ဦး နိုင်ပွဲ ရယူနိုင်ခဲ့သည့် ဧရာဝတီ ယူနိုက်တက်

ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ဧရာဝတီ ယူနိုက်တက်နှင့် မလေးရှား ကလပ် ကီလင်တန်တို့၏ AFC Cup အုပ်စု (H) ပွဲစဉ်တွင် အိမ်ရှင် အသင်းက အနိုင်ရရှိခဲ့ကာ ၎င်းတို့အတွက် AFC Cup ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် ဧရာဝတီ ယူနိုက်တက် အသင်းက ဂျူပီတာ တစ်ဦးတည်းအား အထောင် တိုက်စစ်မှူး ထားကစားခဲ့ကာ အဓိက တိုက်စစ်မှူး မင်းမင်းသူ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။ ကီလင်တန် အသင်းကလည်း ၎င်းတို့၏ နိုင်ငံခြားသား ၃ဦးအား ပွဲထွက် လူစာရင်းတွင် ထည့်သုံးခဲ့သည်။ ၃မိနစ်တွင် ယခုပွဲစဉ်၏ ပထမဆုံး အခွင့်အရေး အဖြစ် ကီလင်တန် အသင်း၏ လက်ဘနွန် တိုက်စစ်မှူး ဂါဒါ ဧရိယာအတွင်း ထိုးဖောက် ၀င်ရောက်ကာ အဝေးထောင့်သို့ လှမ်းကန်ချက် ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။ ပွဲချိန် ၅မိနစ်တွင် ဧရာဝတီတို့ အဖွင့်ဂိုး စတင်ရရှိခဲ့သည်။ ယင်းဂိုးအား ညာခြမ်းမှ ဂျူပီတာ ဖြတ်တင်ပေးမှု ဂိုးရှေ့တွင် ပိတ်မည့်သူ မရှိခဲ့သော်လည်း ဘယ်ခြမ်းမှ စိုင်းသန်းအောင် ပြန်တင်ပေးသည့် ဘောလုံးအား ကီလင်တန် နောက်ခံလူ အိုဘီနာ စိုးရိမ်တကြီး ဖျက်ထုတ်ရာမှ ကိုယ့်ဂိုး ကိုယ်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အိမ်ရှင် ဧရာဝတီတို့ ပွဲအား ဦးဆောင် နိုင်ခဲ့သည်။

၁၃မိနစ်တွင် ဂါဒါ ဧရိယာ အပြင်မှ ကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း ကန်ချက်ပျော့၍ ဂိုးသမား သီဟစည်သူ အသာအယာ ဖမ်းမိခဲ့သည်။ ၁၇မိနစ်တွင် ညာခြမ်းမှ ဖြတ်တင် ပေးမှုအား ဂါဒါပင် အပိုင်ပိတ်သွင်းခွင့် ရခဲ့သော်လည်း ကန်ချက်ချော်ကာ ဘေးထွက်ခဲ့၍ ဧရာဝတီ အသင်း သက်သာရာ ရခဲ့သည်။ ၁၉မိနစ်တွင် ဧရာဝတီ ဂိုးဧရိယာ အပြင်အစပ်မှ မလေးရှား ကလပ်အသင်း ဖရီးကစ် ကန်ခွင့်ရခဲ့ပြီး ဘာဒါရီ၏ ကန်ချက် သီဟစည်သူ ကာကွယ် သွားနိုင်ခဲ့သည်။

၂၅မိနစ်တွင် မီရို၏ ကိုက် ၃၀ခန့်မှ ဖရီးကစ် ကန်ချက် အတော်လေး လှပသော်လည်း ကီလင်တန် ဂိုးသမား အစွမ်းပြ ကာကွယ် သွားခဲ့၍ ထောင့်ကန်ဘော အဖြစ်သာ အဆုံးသတ်ခဲ့ရသည်။ ၂၆မိနစ်တွင် ဘယ်ခြမ်းမှ နန္ဒလင်းကျော်ချစ် ပြန်ချိုးပေးသည့် ဘောလုံးအား မီရို အဆုံးသတ် ကန်သွင်းချက် ကောင်းမွန်သော်လည်း နောက်ခံလူ ခြေနှင့်ထိကာ အနည်းငယ် လမ်းကြောင်း ပြောင်းသွားခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့ပြန်သည်။


ထို့နောက်တွင် ကီလင်တန် အသင်းဘက်က ချေပဂိုး ရရှိရေး ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး နောက်ခံလူများ ကစားပုံ ကောင်းနေခဲ့၍ ထောင့်ကန်ဘော များသာ ဖြစ်ခဲ့သည်။ မိနစ် ၄၀တွင် ကီလင်တန် အသင်း အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပြီး ဧရိယာအတွင်းသို့ အန်တ၀ီ ထိုးဖောက် ကန်သွင်းချက် သီဟစည်သူ အသည်းအသန် ပုတ်ထုတ် ခဲ့ရပြီး နောက်ခံလူများ အချိန်မီ ရှင်းခဲ့ရသည်။ ယင်းဘောလုံးမှ တစ်ဆင့် ဧရာဝတီ အသင်းက တန်ပြန် ထိုးစစ်ဆင်ခဲ့ရာ အောင်ကျော်မျိုး နောက်ခံလူ တစ်ဦးအား ဧရိယာ အတွင်း လိမ်ခေါက် ကန်သွင်းခဲ့ရာမှ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် ဧရာဝတီ ယူနိုက်တက် အသင်းက ၂ဂိုးအသာဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် ကီလင်တန် အသင်းက ချေပဂိုး ရရှိရေး ပိုမို ကြိုးပမ်းလာခဲ့ပြီး ဧရာဝတီ နောက်ခံလူများ အလုပ်များခဲ့သည်။ ၄၈မိနစ်တွင် ဂျူပီတာ အပိုင် အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပြီး ညာခြမ်းမှ ထိုးဖောက် ကန်သွင်းချက် ဂိုးသမား ကာကွယ် သွားနိုင်ခဲ့သည်။ ၅၇မိနစ်တွင် ဂါဒါ တစ်ကိုယ်တော် ထိုးဖောက် ၀င်ရောက်မှု နောက်ခံလူနှင့် ဂိုးသမားတို့ အသည်းအသန် ကြိုးပမ်း ကာကွယ်ခဲ့ရသည်။ ထို့အတူ ၅၉မိနစ်တွင် ဂါဒါ ထိုးဖောက်မှုအား ဧရာဝတီ နောက်ခံလူ တားဆီးရာမှ လဲကျသွားခဲ့ပြီး ကီလင်တန် အသင်းက ပင်နယ်တီ တောင်းဆိုမှုအား ဒိုင်ဖြစ်သူက ငြင်းဆန်ခဲ့သည်။ သို့သော် ၆၃မိနစ်တွင် အန်တ၀ီ ထိုးဖောက်မှုအား ကျော်ဇေယျာမင်း တားဆီးရာမှ ပြစ်ဒဏ် ကျူးလွန်မိ၍ ပင်နယ်တီ ပေးခဲ့ရကာ အ၀ါကတ်ပြ ခံခဲ့ရသည်။ ယင်းပင်နယ်တီအား ဂါဒါက ကန်သွင်းခဲ့ရာ သီဟစည်သူ အစွမ်းပြ ပုတ်ထုတ် နိုင်ခဲ့သော်လည်း ဂါဒါကပင် ထပ်မံ ပိတ်သွင်း ကီလင်တန်တို့ ဂိုးရရှိခဲ့သည်။

ထို့နောက်တွင် ကီလင်တန် အသင်းက တိုက်စစ် ဆက်လက် ဖွင့်ကစားခဲ့ကာ ဧရာဝတီ နောက်တန်း ပျာယာခတ် နေခဲ့ရသည်။ ၆၉မိနစ်တွင် အန်တ၀ီအား အဖျက်ကြမ်းသည့် ထွန်းလင်းအောင် အ၀ါကတ် ပြခံခဲ့ရသည်။ မိနစ် ၇၀တွင် ကီလင်တန်က လူစားလဲမှု နှစ်ခုအား တပြိုင်တည်း ပြုလုပ်ခဲ့သည်။ ၇၆မိနစ်တွင် ဂျာမီရူဒင် အ၀ါကတ်ပြ သတိပေး ခံခဲ့ရပြီး ဧရာဝတီ ယူနိုက်တက် အသင်းက စိုင်းသန်းအောင် နေရာတွင် နိုင်လင်းဦးအား ၀င်ရောက် ကစားစေခဲ့သည်။ ၈၁မိနစ်တွင် ဧရာဝတီ ယူနိုက်တက် နောက်တစ်ဂိုး ရခဲ့သည်။ ယင်းဂိုးအား ဘယ်ခြမ်းမှ နန္ဒလင်းကျော်ချစ် ဖြတ်တင် ပေးရာမှ ဂျူပီတာက ဧရိယာအတွင်း တစ်ချက်တားက အပြင်းကန်သွင်းပြီး ရယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ကီလင်တန် အသင်းက ချေပဂိုး ပြန်လည် သွင်းယူနိုင်ခြင်း မရှိတော့ဘဲ ဧရာဝတီ ယူနိုက်တက် အသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခြား ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဟောင်ကောင်ကလပ် စီတီဇင်နှင့် ရန်ကုန် ယူနိုက်တက် ပွဲစဉ်ကိုမူ မြန်မာ စံတော်ချိန် ညနေ ၆နာရီခွဲတွင် MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။                                 http://www.soccermyanmar.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif