ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ယခင်က အိမ်ရာအဖြစ် ချထားပေးခဲ့သည့် မြေကွက်များအား စက်မှုလယ်ယာ စံပြမြေ အထူးစိုက်ပျိုးရေး ဇုန်အတွင်း ပါဝင်သည်ဟုဆိုကာ မြေကွက် ချထားပေးမှုအား ပယ်ဖျက်လိုက်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မှ သိရှိရသည်။
အဆိုပါ မြေကွက်ပိုင်ရှင်များအား မူလပေးသွင်းခဲ့သည့် မြေကွက်ဖိုးငွေများအား မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ မြေကွက်များမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အင်းဝလမ်း၏ အရှေ့ဘက်ခြမ်း၊ မြေတိုင်း ရပ်ကွက်အမှတ် (၁၂၁)၊ (၁၂၂)၊ (၁၂၃)၊ (၁၂၆)၊ (၁၂၇)၊ (၁၂၈)၊ (၁၂၉)၊ (၁၅၇)၊ (၁၅၈)၊ (၁၅၉)၊ (၁၆၀) ရပ်ကွက်များတွင် ချထားပေးခဲ့သည့် မြေကွက်များ ဖြစ်ကြောင်းလည်း သိရှိရသည်။
အစိုးရ၀န်ထမ်း အနေနဲ့ နှစ်တွေ အများကြီးလုပ်ပြီး နိုင်ငံတော်က တရားဝင်ရထားတဲ့ မြေကွက်လေးကို အစိုးရစီမံကိန်းကြောင့် ပြန်သိမ်းမယ်ဆိုတော့ . . . |
မြေကွက်များအား တန်ဖိုးငွေ ပြန်ထုတ်ပေးမည့် စာရင်းအရ အဆိုပါမြေကွက်များ၌ ၀န်ကြီးဌာန အလိုက် မြေတိုင်းရပ်ကွက် ၁၁ခုမှ မြေကွက်ပေါင်း ၈၀၇၉ ကွက်ရှိကြောင်း၊ အဆိုပါ မြေကွက်များအား အစိုးရ၀န်ထမ်း လုပ်သက် ၂၀ နှစ်နှင့် အထက်ရှိသူများအား ချထားပေးခဲ့သည့် မြေကွက်များ ဖြစ်ကြောင်းလည်း သိရှိရသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ မြန်မာနိုင်ငံက မြေယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေက ၁၈၉၉ခုနှစ်လောက် က ဥပဒေတွေပါ။ ဒါကြောင့် အဲဒီ ဥပဒေတွေဟာ ဒီခေတ်နဲ့ ဆီလျော်ချင်မှ ဆီလျော်မယ်။ Land Use နဲ့ ပတ်သက်ရင် စိုက်ပျိုးမြေကို လူနေမြေ အဖြစ်ပြောင်းနိုင်သလို လူနေမြေကိုလည်း စိုက်ပျိုးမြေအဖြစ် ပြောင်းတာလည်း ရှိတယ်။ Land Policy က လိုအပ်သလို ပြောင်းလဲတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ Loss and Gain ဆိုတာရှိမှာပါပဲ”ဟုလည်း ပြောကြားခဲ့သည်။
“၁၉၅၁ခုနှစ်က မြန်မာနိုင်ငံမှာ လူဦးရေ၁၈သန်းပဲ ရှိပေမယ့် ၂၀၁၀ မှာ သန်း၆၀လောက် ဖြစ်လာတယ်။ နှစ်၆၀အတွင်းမှာ သုံးဆလောက် တက်လာတယ်။ အဲဒီလူတွေအတွက် မြေလိုအပ်တာတော့ အမှန်ပဲ။ ၂၀၀၈ ခုနှစ်၊ နာဂစ်ဖြစ်တုန်းက ဧရာဝတီ ကို recover လုပ်ဖို့ဆိုပြီး ဒီနေရာကို လုပ်ခဲ့တာ။ ဒီနေရာက လူတွေနေ ထိုင်ဖို့လုပ်ခဲ့တာ။ မြို့ပြအတွက် မြေလိုအပ်ချက်အတွက် လုပ်ခဲ့တာ။ အခု အချိန်မှာ စိုက်ပျိုးမြေအတွက် သုံးတော့မယ်ဆိုပြီး ခုလိုမျိုးပြန် ဆောင်ရွက်တာ”ဟုလည်း မြို့ပြစီမံကိန်း ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
အဆိုပါ မြေကွက်ဖိုးငွေများ ပြန်လည်ထုတ်ယူနိုင်ရန် အတွက် မြေချပါမစ်မူရင်း၊ မြေငှားစာချုပ် မူရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ၀န်ထမ်းကတ်များ ယူဆောင်၍ ၂၀၁၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၃၁ ရက် နေ့အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ည နေ ၄ နာရီအတွင်း ပြန်လည်ထုတ် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
၂၀၁၂ခုနှစ်၊ မတ်လ၃၁ရက် နေ့ အထိ လာရောက်၍ စာရွက်စာတမ်း အထောက်အထားများ တင်ပြနိုင်ခြင်း မရှိသော မြေကွက်ပိုင်ရှင်များ၏ မြေချပါမစ်များ၊ မြေငှားစာချုပ်များ အား စာရင်းမှ ပယ်ဖျက်ပြီး မြေကွက်တန်ဖိုးများအား နောင်တွင် ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မှ သိရှိရသည်။
“အစိုးရ၀န်ထမ်း အနေနဲ့ နှစ်တွေအများကြီး လုပ်ပြီး နိုင်ငံတော်က တရားဝင်ရထားတဲ့ မြေကွက်လေးကို အစိုးရ စီမံကိန်းကြောင့် ပြန်သိမ်းမယ်ဆိုတော့ ဘယ်နှုန်းနဲ့ ပြန်ပေးမှာလဲ။ အရင်သွင်းထားတဲ့ နှုန်းအတိုင်း ဆိုရင် ကျပ်တစ်သောင်း ကျော်ကျော် ပဲရှိတယ်။ မြေကွက်အသစ်လည်း ပြန်မပေးဘူး။ လက်ရှိမြေကွက် ပေါက်ဈေးဆိုရင်တော့ ခုသာခံသာ ရှိသေးတယ်။ အရင်တုန်းက နှုန်းအတိုင်းဆိုရင်တော့ သွားထုတ်မနေတော့ဘူး။ ဒီကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တချို့ မြေကွက်ပိုင်ရှင် ချို့တဲ့နွမ်းပါးတဲ့ ၀န်ထမ်းတွေ အတွက် စဉ်းစားပေး စေချင်ပါတယ်” ဟုလည်း မြေကွက်ရရှိပြီး အသိမ်းခံခဲ့ရသည့် အငြိမ်းစားဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။
“ အရင် လွန်ခဲ့တဲ့ငါးလလောက်က တချို့မြေကွက်တွေက ဆယ်ဆလောက် ဈေးမြင့်တက်ခဲ့တယ်။ အဲဒီတုန်းက တချို့က ရောင်းတယ်။ တချို့က မရောင်းဘဲ ဆက်ပြီး ဈေးတက်ဦးမလား ဆိုပြီးစောင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာတဲ့သူတွေ အများကြီးပဲ။ ဈေးတက်တဲ့အချိန်မှာ ၀ယ်လိုက်တဲ့သူ တွေလည်း နစ်နာသလို မရောင်းဘဲ နဲ့ စောင့်နေတဲ့ မြေကွက်ပိုင်ရှင်တွေလည်း ပိုပြီးနစ်နာတယ်”ဟုလည်း အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အတွင်းရှိ မြေကွက်အချို့ ၂၀၁၁ခုနှစ် စက်တင်ဘာလ အတွင်းမှစ၍ တဖြည်းဖြည်း မြင့်တက်ခဲ့ကြောင်း၊ ယင်းတို့ အနက် အချို့မြေကွက်များမှာ ပေ ၄၀ x ပေ ၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၇၀ မှ ၁၀၀ ၀န်းကျင် အထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ အလားတူ လူနေထူထပ်သည့် မြေကွက်အချို့မှာမူ သိန်း၂၅၀ ၀န်းကျင်အထိ ပေါက် ဈေးရှိခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှ စ၍ ၀ယ်လက်များ ပျောက်သွားခြင်း၊ ၀ယ်လိုအား ရပ်သွားခြင်းနှင့် အတူ ဈေးထက်ဝက်ခန့် ပြန်ဆင်းခြင်း၊ အချို့ လယ်မြေကွက်များအား လက်ညှိုးထိုး ရောင်းထားသည့် မြေကွက် များ မူလတန်ဖိုးသို့ ပြန်လည်ကျဆင်းခြင်းများ ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့တွေဟာ ၀န်ထမ်း လုပ်သက် ၂၅ နှစ်ရှိမှ ဒီလိုမြေကွက် လေးရတာပါ။ ၂၀၀၂ ခုနှစ်က အဲဒီ မြေကွက်အတွက် ငွေသွင်းရတာ ၁၂၀၀၀ ကျပ်၊ အခု ၂၀၁၂ မှာ ကျွန်မတို့ကို ပြန်ပေးမယ့်နှုန်းက အရင် ကျွန်မတို့သွင်းထားတဲ့ အတိုင်း ပြန်ပေး မှာ၊ အခု ၁၂၀၀၀နဲ့အရင် ၁၂၀၀၀နဲ့ က တန်ဖိုးမှ မတူတာ။ အဲဒီနှုန်းပဲပေးမယ် ဆိုရင်တော့ သွားထုတ်မနေတော့ဘူး၊ အဆုံးပဲ ခံလိုက်တော့မယ်။ လူတွေက အဲဒီပိုက်ဆံကို ပြန်လိုချင်တာ မဟုတ်ဘူး၊ သူတို့ရဲ့လုပ်အားနဲ့ တရားသဖြင့်ရခဲ့တဲ့ မြေကွက်ကိုပဲ ပြန်လိုချင် ကြတာပါ”ဟုလည်း ပညာရေးဝန်ကြီး ဌာနတွင် ၂၅ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ဒေါ်ချိုချိုက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က သစ်လုပ်ငန်း မှာ လုပ်သက်၂၈နှစ်လုံးလုံးလုပ်ပြီး မှ ဒီမြေကွက်ကိုရခဲ့တာ။ အခုက ပင်စင်ယူထားပြီး မီးစာကုန်ဆီခန်း ဖြစ်နေတဲ့အချိန်မှာ ကျွန်တော့် အိုစာမင်းစာအတွက် မျှော်လင့်ချက်က ဒီ မြေကွက်လေးပဲရှိတယ်။ အဲဒါကို ဒီလိုခေတ်ကြီးထဲမှာ အာဏာရှင်ဆန်ဆန် သိမ်းမယ်၊ နောက်ပြီး ပုဂ္ဂလိက ကုမ္ပဏီကြီးတွေကို လုပ်ကိုင်ခွင့်ပေးမယ်ဆိုတော့ တကယ်ရော ပြည်သူတွေအတွက် အကျိုးရှိမှာလား၊ လက်တစ်ဆုပ်စာ လူတစ်စုကောင်းစားဖို့ အတွက် လုပ်ပေးနေတာလား၊ ဒီကိစ္စ ကို ၀န်ထမ်းတွေစုပြီး သမ္မတကြီးကို အသနားခံစာ တင်မယ်ဆိုရင်လည်း မတ်လ၃၁ ရက်နေ့ နောက်ဆုံးဆိုပြီး အချိန်ကပ် ကြေညာတော့ ကျွန်တော် တို့မှာ အချိန်လုံးဝမရှိဘူး”ဟု လည်း သစ်တောရေးရာဝန်ကြီးဌာနတွင် လုပ်သက် ၂၈ နှစ်ကြာလုပ်ကိုင်ခဲ့သည့် အငြိမ်းစား ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးအောင်ကြည်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကို ဒီမြေကွက်ချပေးတုန်းက ပါမစ်ရဲ့အနောက်မှာ စည်းကမ်းချက်တွေအများကြီးပါ တယ်။အဲဒီအထဲမှာ တစ်လအတွင်း မဆောက်ဘူးဆိုပြီး သိမ်းမယ်ဆိုပြီး ပါတယ်။ အဲဒီအချိန် အဲဒီအခြေအနေ က မဆောက်ရင်သာ သိမ်းမှာ၊ ဆောက်ရင်လည်း ရေလည်းမရှိ၊ မီးလည်းမရှိ၊ပြီးတော့ လယ်ကွင်းကြီးထဲ မှာဆိုတော့ သွားနေဖို့ကလည်း အဆင်မပြေသေးတော့ မဆောက်ကြသေးတာပါ။ ဒီလို ထောက်ပံ့မှုတွေ မပေးဘဲ အခုမှလာပြီး ဖိအားတွေပေးပြီး သိမ်းတော့ ကျွန်တော်တို့လုံးဝ မခံနိုင်ပါဘူး”ဟု မြန်မာ့သစ်လုပ်ငန်းတွင် ၂၈နှစ်ကြာလုပ်ကိုင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြော ကြားခဲ့သည်။
“၂၀၀၈ ခုနှစ်လောက်ကတည်း ကဒီမှာနေလာခဲ့တာပါ။ သားအဖသုံးဦး နေကြပြီး ကျွန်တော်က ဘုရင့်နောင် ပွဲရုံဘက်မှာ အလုပ်လုပ်ပါတယ်။ ၀န်ထမ်းတစ်ဦးဆီကနေ ၀ယ်ပြီးတော့ နေလာခဲ့တာပါ။ ဒီနေရာက မိုးတွင်း ဆိုရင် ရေအမြဲတက်လို့ ကိုယ့်ခြံဝင်းကို နှစ်တိုင်းလိုလို မြေဖို့ခဲ့ရတယ်။ အခုကုန်းမြေက နည်းနည်းမြင့်လာရုံ ရှိသေး၊ ဒီကိစ္စတွေဖြစ်လာတယ်။”ဟု ဒဂုံ(အရှေ့)မြို့နယ်၊ ၁၂၃ ရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။
“ဒီမှာ နေလာခဲ့တာ ၉ နှစ်လောက် ရှိပါပြီ။ မိုးတွင်းဆိုရင် ရေပြင်ကြီး ဖြစ်ပြီး ဒူးခေါင်းလောက်ထိ ရေမြုပ်တယ်။ ဟိုအရင်တုန်းကဆိုရင် ဒီနေရာက ကျွဲတွေ နွားတွေပဲရှိပြီး လူတွေတောင် မရှိပါဘူး။ အဲဒီလိုမျိုး ဒုက္ခခံပြီး နေလာခဲ့ကြရတာပါ။ အခု မြေဈေးတွေ ကောင်းလာတဲ့အချိန်ကျ မှ ဒီလိုမျိုးလုပ်တာကတော့ လုံးဝ အဓိပ္ပါယ်မရှိဘူး”ဟု ၁၂၃ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
“၂၀၀၇ ခုနှစ်က စ၀ယ်ပြီးနေ ခဲ့တယ်။ မီးမရှိ ရေမရှိဘဲ ရေပြင်ထဲ မှာ သွားလာပြီး နေခဲ့ရတာပါ။ အိမ်ဆောက်ပြီးမှ နာဂစ်နဲ့ကြုံလို့ ပျက်စီးခဲ့ရတယ်။ အိမ်ဆိုရင် ခဏခဏပြန် ပြင်ဆောက်ခဲ့ရတာပါ။ မြေကွက် ၀ယ်တုန်းက စာချုပ်တွေ ပါမစ်တွေ ခုထိ သေချာသိမ်းထားပါတယ်။ သန်းခေါင်စာရင်းလည်း ရှိတယ်။ ၄၀ထ၆၀ မြေကွက်ကို တစ်ဝက်ဝက်ပြီး ၂၀ထ၆၀ ၀ယ်နေခဲ့တာပါ။ အဲဒီတုန်း က ကျပ် ၃ သိန်းခွဲနဲ့ ၀ယ်ခဲ့တယ်။ ဟိုတလော က ၄၀ထ ၆၀ မြေကွက်တစ်ကွက်က မြေချည်းသက်သက်ကို ကျပ်သိန်း ၆၀ လောက်ထိဖြစ်လိုက်သေးတယ်။ အခုတော့ အဲဒီလောက် ဈေးမရှိတော့ပေမယ့် အရင်တုန်းက ထက်တော့ ဈေးက အများကြီး ကွာသွားပါပြီ။ ကျွန်မတို့ကို အိုးမဲ့အိမ်မဲ့ဖြစ်အောင် လာလုပ်နေသလိုမျိုးပဲ ခံစားရတယ်” ဟု ၁၂၆ ရပ်ကွက်တွင် နေထိုင်သူ မစောသက်က ရင်ဖွင့်ခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ ဦးဇင်းသီတင်းသုံးနေတဲ့ ကျောင်းနေရာကို ၅၅ သိန်းနဲ့ ၀ယ်မလို့ဆိုပြီး လာကမ်းလှမ်းသေးတယ်။ အခုတော့ ဒီသတင်းထွက်လာတယ်”ဟု ၁၂၆ ရပ်ကွက်မှ ဦးဇင်းတစ်ပါးက မိန့်ကြားခဲ့သည်။
“အုတ်ကျင်းက စက်မှု ၁ ဂုန်နီစက်ရုံမှာ ၀န်ထမ်းလုပ်ခဲ့ပြီး အခုအငြိမ်းစား ဖြစ်ပါတယ်။ ၂၅.၁.၂၀၀၂ နေ့မှာစနေခဲ့တာပါ။ အိမ်ဆောက်တိုင်း ဓာတ်ပုံလာရိုက်ပြီး တားမြစ်လို့ ပြီးစီးအောင် မဆောက်ခဲ့ရဘူး။ ဆောက်တော့မယ်ဆို လာလာပြီး တားနေလို့ မိုးမလုံ လေမလုံပဲ နေခဲ့ရတယ်။ ပိုကောင်းတဲ့နေရာ ရမယ်လို့လည်း နှစ်သိမ့်ခဲ့ပြီးတော့ ဘာမှလည်းမဟုတ်ဘူး။ ဒီမြေအတွက်ကို ၀န်ထမ်းဘ၀တုန်းက တစ်လ ၂၀၀ ကျပ်အဖြတ်ခံရပြီး ကျပ် ၁၂၀၀၀ ပြည့်အောင် သွင်းခဲ့ရတယ်။ အဲဒီတုန်းက ၀န်ထမ်းလစာက တစ်လကို ၃၀၀ ကျပ်လောက်ပဲ ရတာပါ။ ၂၀၀၃ မှာ ပင်စင်ယူခဲ့တယ်။ ခုအခြေအနေကတော့ ကယ်တင်ရှင်ရှာနေရတယ်။ ဒီမှာမနေလို့ဘယ်မှာမှ သွားနေစရာလည်း မရှိဘူး”ဟု အငြိမ်းစား ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးတိုးက ရင်ဖွင့် ပြောကြားသည်။
“၁၂၃ ရပ်ကွက်နဲ့ ၁၂၆ ရပ်ကွက်နှစ်ခု ပေါင်းရင် အိမ်ခြေက ၃၀၀ ကျော်လောက် ရှိတယ်။ ဒါကို သူတို့က ဟိုးအရင်တုန်းက ဓာတ်ပုံ တွေနဲ့ အိမ်ခြေ ၇ လုံး၊ ၈ လုံးပဲရှိ သယောင်ယောင် တင်ပြကြတယ်။ စိမ်းစိုနေတဲ့ လယ်ကွင်းတွေကို ဓာတ်ပုံရိုက်ပြီးတော့လည်း စိုက်ပျိုးမြေလိုလို ဘာလိုလိုတင်ပြကြတယ်။ ဒီမြေ နေရာက ဘာမှမစိုက်တော့ဘဲ လူနေရပ်ကွက်လိုမျိုး ဖြစ်လာတာ ကြာပါပြီ။ ဒါကို လူကြီးတွေကလည်း ကိုယ်တိုင် ကွင်းမဆင်းဘဲနဲ့ မသိနိုင်ပါဘူး။ အိမ်ခြေ ၅၀ ကျော်တယ် ဆိုရင်ပဲ လူနေရပ်ကွက်လို့ သတ်မှတ်နိုင်ပြီ ထင်ပါတယ်။ ခုချိန်မှာ ဒီမှာနေတဲ့သူတွေ က ကောက်ရိုးတစ်မျှင် လိုက်ဆွဲနေရတဲ့ အခြေအနေမျိုးဖြစ်ပြီး တချို့လည်းစားမ၀င် အိပ်မပျော်ဖြစ်၊ တချို့လည်း ရူးချင်သလိုလိုတောင် ဖြစ်နေကြတယ်။ အလုပ်အကိုင်တွေလည်း ပျက်ကုန်ပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကုန်ကြတယ်”ဟု ကြေညာချက်တွင် ပါဝင်သည့် မြေကွက်တွင် နေထိုင်သူတစ်ဦးက ရင်ဖွင့်ပြောပြခဲ့သည်။
“အစိုးရအဆက်ဆက်က နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတွေကို ပေးခဲ့တာတွေကို အစိုးရ အစဉ်အဆက်က လေးစားရမှာပါ။ မလေးစားဘူးဆိုရင် ဒါဟာ အစိုးရတစ်ရပ် အနေနဲ့ မဖြစ်သင့် မဖြစ်ထိုက်ဘူးလို့ ထင်ပါတယ်။ ၀န်ထမ်းတွေရဲ့ ရပိုင်ခွင့်ကို လေးစားသင့်ပါတယ်။ အစိုးရ ယန္တရားမှာ ပါဝင်မယ့် ၀န်ထမ်းတွေအနေနဲ့ ဘယ်အစိုးရတက်တက် သက်ဆိုင်ရာအစိုးရကို သစ္စာရှိမှာပါ။ သူ တို့ရဲ့ ရပိုင်ခွင့်တွေကိုလည်း အစိုးရတွေအနေနဲ့ အသိအမှတ်ပြုရပါမယ်။ အရင် အစိုးရပေးခဲ့တာကို နောက် အစိုးရက ပယ်ဖျက်တာမျိုးဟာ အဓိပ္ပာယ်မရှိပါဘူး။ မလုပ်သင့် မလုပ်ထိုက်ပါဘူး”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
မြေကွက်များအား တန်ဖိုးငွေ ထုတ်ပေးမည့် စာရင်း စဉ် | မြေတိုင်းရပ်ကွက် | မြေကွက်စုစုပေါင်း | ၀န်ကြီးဌာန |
၁ | ၁၂၁ | ၄၉၁ကွက် | ကျန်းမာရေး |
၂ | ၁၂၂ | ၁၁၄ကွက် | လယ်ယာစိုက်ပျိုးရေး |
၃ | ၁၂၃ | ၇၇၅ကွက် | ဘဏ္ဍာ/အခွန် |
၎ | ၁၂၆ | ၅၆၀ကွက် | |
၅ | ၁၂၇ | ၈၅၁ကွက် | ကာကွယ်ရေး၊ ပြည်ထဲရေး |
၆ | ၁၂၈ | ၅၈၂ကွက် | ပြည်ထဲရေး |
၇ | ၁၂၉ | ၅၆၄ကွက် | နယ်စပ်၊သာသနာရေး၊ ယဉ်ကျေးမှု |
၈ | ၁၅၇ | ၁၃၅၈ကွက် | ပြည်ထဲရေး၊ သာသနာရေး၊ လူမှုဝန်ထမ်း၊ လ .၀ .က၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တော |
၉ | ၁၅၈ | ၆၃၉ကွက် | သစ်တော၊ လယ်/ဆည်၊ မွေး/ရေ၊ စီမံ/စီးပွား၊ ဘဏ္ဍာ/အခွန်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး |
၁၀ | ၁၅၉ | ၆၆၇ကွက် | ပို့ဆောင်ရေး၊ မီးရထား ၊ဆောက်လုပ်ရေး ၊ပြန်ကြားရေး၊ |
၁၁။ | ၁၆၀ | ၁၄၇၈ကွက် | ပြန်ကြားရေး၊ နိုင်ငံခြားရေး၊ စက်မှု(၁)၊ စက်မှု(၂)၊ စွမ်းအင်၊ စီးပွား/ကူးသန်း၊ဟိုတယ်/ခရီး၊ သမ၀ါယမ၊ သတ္တုတွင်း၊ အလုပ်သမား၊ နယ်စပ်၊ စည်ပင်၊ အားကစား၊ သိပ္ပံနည်းပညာ |
0 comments:
Post a Comment