ပစိဖိတ်ဒေသအတွင်း တရုတ် သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ရန် အမေရိကန်သည် ၎င်း၏ စစ်အင်အားကို ဖြန့်ကြက်မှုအဖြစ် လာမည့်နှစ်များအတွင်း အမေရိကန် ရေတပ်သင်္ဘော ၆၀ ရာခိုင်နှုန်းအထိကို ပစိဖိတ်ဒေသတွင် တပ်စွဲထားမည်ဟု အမေရိကန် ဒုတိယကာကွယ်ရေး ၀န်ကြီး အက်ရှ်တန် ကာတာက မတ် လ ၈ ရက်တွင် ပြောကြားခဲ့သည်။
လတ်တလောတွင် ပစိဖိတ်ဒေသတွင် အမေရိကန် ရေတပ်သင်္ဘောများမှ ၅၂ ရာခိုင်နှုန်းရှိပြီး လာမည့်နှစ်များအတွင်း လေယာဉ်တင်သင်္ဘော ခြောက်စီးအထိ ဖြန့်ချထားမည်ဖြစ်ကြောင်း Credit Suisse and Mc-Aleese and Associates က ဦးစီးပြုလုပ်သော စက်မှုကွန်ဖရင့်တစ်ခုတွင် ကာတာက ပြောကြားခဲ့သည်။ အမေရိကန် ကြည်းတပ်နှင့် မရိန်းတပ်များသည် အလှည့်ကျစနစ်ဖြင့် ပူးပေါင်းလုပ်ဆောင်နေသည့်အတွက် အာရှ- ပစိဖိတ်ဒေသအတွင်း အမေရိကန် တပ်ဖွဲ့ဝင်အင်အား လျော့နည်းနေမှုကို မြင်တွေ့ရမည် မဟုတ်ကြောင်း ၎င်း က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားက အာရှပစိဖိတ်ဒေသကို အာရုံပြန်စိုက်မည်ဟု ဇန်န၀ါရီလတွင် ကြေညာထားသည်။ အမေရိကန်တပ်များသည် ပြီးခဲ့သောနှစ် ၆၀ အတွင်း ပစိဖိတ်ဒေသတွင်း ပဋိပက္ခများဖြစ်ပွားမှုကို ကာကွယ်ပေးရာတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကာတာက ပြောကြားခဲ့သည်။ ယင်းအခြေအနေကို မိမိတို့ မပြောင်းလဲလိုကြောင်း၊ ယင်းကဲ့သို့ ပါဝင်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဦးဆောင်ပါဝင်မှုမှာ မိမိတို့ ရည်မှန်းချက်ဖြစ်ကြောင်း ကာတာက ပြောကြားခဲ့သည်။http://www.news-eleven.com
0 comments:
Post a Comment