၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ် သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။
၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ် ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်းရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။ မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။
၃။၊ ဂရုဏာစိတ်ထားတယ် တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။
၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ် ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။
၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ် ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊ နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင် အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့ အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။
၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ် တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။ ၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ် အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီကမြစ်ဖျားခံတာပဲ။
၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ် အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။
၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ် စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့ ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။
၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ် အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊ ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်။
မည်သူမဆို ညအိပ်ရာဝင်ချိန်၌ အနက်အိပ်ရာထချိန်ထက် နည်းနည်းဖြစ်စေ အသိဉာဏ်ပညာ ပိုရှိနေရမည်၊ သို့မဟုတ်ပါက လူသားတစ်ဦးအနေနှင့် အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ခဲ့ရာရောက်သည် တဲ့။ လီယိုဗတ်စကာဂလီယာကဆိုသည်။ မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ သည်အတွက် ဘယ်လိုလုပ်မည်နည်း။ တစ်နည်းသာ ရှိသည်။ "စာဖတ်ပါ"၊ ဒါပဲ။ နေ့စဉ်ဖတ်ပါ။ စာကောင်းပေကောင်းကို ရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေး ရွေးဖတ်ပါ။ ညအိပ်ရာဝင်ကာနီးတိုင်း သည်ကနေ့ ငါ့မှာ ဘာအသိဉာဏ်ပညာ တိုးသလဲ ကိုယ့်ကိုကိုယ် စစ်ဆေးမေးမြန်းပါ။ တချို့က ပြောသည်။ အလုပ်တွေများလွန်းလို့ စာအုပ်ဆိုတာ ကောက်တောင်မကိုင်နိုင်ဘူးတဲ့။ ဟုတ်ရဲ့လား။ ဘယ်လောက်တောင် အလုပ်များနေလို့လဲ။ ပါမောက္ခ အော်စလာထက်တော့ ပိုမများနိုင်ဘူးထင်သည်။ ပါမောက္ခအော်စလာ (Sir William Osler) (၁၈၄၉-၁၉၁၉) ဟူသည်က ကမ္ဘာ့ဆေးလောကမှာ ကျော်ကြားသည့် ကနေဒါလူမျိုး သမားတော်ကြီး ဖြစ်သည်။ ဆေးပညာ ပါမောက္ခတစ်ဦးအဖြစ် ဆေးပညာရှင် အမြောက်အမြားကိ ကိုယ်တိုင်လေ့ကျင့် ပျိုးထောင်ပေးခဲ့သည်။ သူရေးသားပြုစုသည့် ဆေးကျမ်းများကို ဖတ်ရှု၍ ဆရာဝန်ဖြစ်လာသူတို့ကား ရေတွက်၍ပင် ရမည်မထင်။ သူ့အကြောင်းကို အတ္ထုပ္ပတ္တိဆရာများစွာတို့ ချီးပဂုဏ်တင် ရေးသားခဲ့ကြသည်။ သို့သော် ၎င်းပုဂ္ဂိုလ်တို့သည် သူ့အား ဆေးပညာရှင်တစ်ဦး ဖြစ်ရုံမျှအတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြခြင်း မဟုတ်။ သူသည် ဆေးပညာအရာ၌ ကြီးကျယ်သူဖြစ်သည်မှန်၏။ သို့သော် ပို၍ကြီးကျယ်သည်ကား သူ၏ နက်ရှိုင်းကျယ်ဝန်းလှသော ပညာဗဟုသုတဖြစ်၏။ အော်စလာသည် ဆေးပညာသာမဟုတ် အသိပညာဟူသမျှကို နှစ်ခြိုက်ခုံမင်သူဖြစ်သည်။ ခေတ်အဆက်ဆက် လူတို့ တွေးခဲ့ကြံခဲ့ လုပ်ကိုင်ခဲ့သမျှကို သူသိချင် ကြားချင်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ တန်ဖိုးအရှိဆုံး အတွေ့အကြုံများကို သူမှတ်သားနာယူချင်သည်။ သည်အတွက် အကောင်းဆုံးနည်းသည် စာဖတ်ခြင်းပင်ဖြစ်ကြောင်း သူသိသည်။ သို့သော် သည်ကိစ္စအတွက် သူ့မှာ အခက်အခဲရှိသည်။ အခက်အခဲက သည်ကနေ့ စာဖတ်ချင်လျက် မဖတ်နိုင်ဖြစ်နေရသည်ဆိုသူတွေ ပြောလေ့ရှိကြသည့် အလုပ်မအားခြင်း သို့မဟုတ် အချိန်မရှိခြင်း။ ဆေးကုသရသည်။ ဆေးပညာသင်ကြားပို့ချရသည်။ ဆေးသုတေသန လုပ်ငန်းများ၌လည်း အာရုံစူးစိုက်ရသေးသည်။ တစ်နေ့ ၂၄ နာရီသည် သူ့အတွက် အလွန်နည်းနေခဲ့သည်။ စာဖတ်ချိန်ရချင်လျှင် အိပ်ချိန်ထဲက ဖဲ့ယူရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့။ သို့နှင့် ညအိပ်ရာဝင်တော့မည်ဆိုသည့် အချိန်တွင် စာ ၁၅ မိနစ်ဖတ်သည့် အလေ့အကျင့်တစ်ခု သူအစပြုခဲ့သည်။ ည ၁၁ နာရီ အိပ်တော့မည်ဆိုလျှင် စာအတွက် ၁၅ မိနစ် အချိန်ထပ်ယူ။ ၁၁ နာရီ ၁၅ ကျမှအိပ်။ အလုပ်များ၍ ည ၁၂ နာရီ ထိုးသွားလျှင်လည်း နောက်ထပ် ၁၅ မိနစ်တိုး၊ သန်းကောင်ကျော်ပြီး ၁၅ မိနစ်မှာအိပ်။ အိပ်ကာနီး ၁၅ မိနစ် စာဖတ်သည့် အလေ့အကျင့်ကို လူလတ်ပိုင်းအရွယ် အလုပ်များသော ဆရာဝန်ကြီး ဖြစ်စကာလမှာပင် သူရရှိခဲ့ပြီး ကွယ်လွန်ကာနီးအချိန်ထိ နေ့စဉ်မပျက် ကျင့်သုံးခဲ့ရာ အနှစ် ၇၀ မျှ ရှည်လျားသော သူ့သက်တမ်းကာလအတွင်း စာအုပ်စာတမ်း ကျမ်းပေါင်းများစွာကို ဖတ်ရှုဖြစ်ခဲ့သည်။ ပြီးပြီးရော ဖတ်ရှုခြင်းမျိုး မဟုတ်။ ကိုယ်တိုင်ဖတ်ရုံဖြင့် မတင်းတိမ်၊ နောက်လူများအတွက်ပါ ညွှန်းသွားခဲ့သေး၏။ စာဖတ်ရန်အတွက်နည်းတူ အချိန်ကုတ်ကတ် ရယူကာ သူရေးသားပြုစုခဲ့သည့် သူ၏ စာအုပ်အညွှန်းကျမ်းကြီး၌ စာအုပ်စာတမ်းကျမ်းပေါင်း (၇၇၈၇) အုပ်ကို စနစ်တကျ ညွှန်းဆိုဖော်ပြသွားခဲ့သည်။ အဲဒါ ပါမောက္ခအော်စလာ၏ စာဖတ်နည်း ဖြစ်သည်။ သင်ရော တစ်နေ့မှာ ၁၅ မိနစ်လောက် အချိန်ရှာမရနိုင်ဘူးလား။ အိပ်ရာဝင် မဟုတ်လျှင် အိပ်ရာထ၊ ဒါမှမဟုတ် နံနက်စာမစားမီ၊ သို့မဟုတ် စားပြီး နေ့လည်၊ ဒါမှမဟုတ် ညနေ။ ကိုယ်ဖတ်မည့် စာအုပ်တွေကို သတ်မှတ်ရွေးချယ်ထား။ အိတ်ထဲဆောင်လို့ရတာ အိတ်ထဲမှာ၊ သို့မဟုတ် လွယ်အိတ်ထဲမှာ၊ သို့မဟုတ် ရုံးစားပွဲ အံဆွဲထဲမှာ၊ ဧည့်ခန်းမှာ၊ အိပ်ခန်းမှာ၊ .....။ အဲသလိုထားမည်ဆိုက စာဖတ်ချိန်လေးတွေ ငါးမိနစ်၊ ဆယ်မိနစ်၊ ဟိုနည်းနည်း သည်နည်းနည်း စုပေါင်းကာ တစ်နေ့ ၁၅ မိနစ်မက ရမှာသေချာသည်။ ၁၅ မိနစ်ပဲ ဖတ်နိုင်သည်ထားဦး၊ နေ့စဉ်မှန်မှန်သာဆိုက သင်ရရှိမည့် အကျိုးရလဒ်သည် မသေး။ တွက်ချက်ထားသူတို့ အဆိုအရ တစ်နေ့ ၁၅ မိနစ်ဖတ်လျှင် တစ်လမှာ စာအုပ်ထူထူနှစ်အုပ် ဖတ်ပြီးနိုင်သည်။ တစ်နှစ်မှာ ပျမ်းမျှ ၂၀-၂၅ အုပ် ဖတ်နိုင်လျှင် တစ်သက်တာအတွင်း စာအုပ်ပေါင်း ၁၀၀၀ တော့ သင်ဖတ်ဖြစ်ခဲ့ပေမည်။ တစ်ထောင်ဆိုတာ နည်းသလား။ တစ်ခုပဲ သတိထားဖို့လိုသည်။ တကယ် တန်ဖိုးရှိသည့် စာအုပ်ကောင်းတွေ ရွေးချယ်ဖတ်ရှုမိဖို့ပင်။
(ဖေမြင့် ၏ "စာဖတ်သမား၏ မှတ်စုများ" စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်) http://lawkanat.grou.ps/blogs/item/

0 comments:
Post a Comment