http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Mar 2012

ဒေါ်စု အမျိုးသားလွှတ်တော် သွားရောက် လေ့လာ

ကားဖြတ်ရွေးကောက်ပွဲ နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ အပါအဝင် ပြောစရာရှိသမျှကို ဒီလ ၃၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောကြားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ နေပြည်တော်မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တွေနဲ့ တွေ့ဆုံအပြီး ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ သွားရောက် လေ့လာခဲ့တာနဲ့ ပတ်သက်လို့ မစုမြတ်မွန်က ဆက်ပြီး ပြောပြပါမယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ် တွေကို ရုပ်မြင်သံကြား ပေါ်ကနေ ထုတ်လွှင့်နိုင်ဖို့ အတွက် နေပြည်တော်ကို သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ နဲ့ နာရီဝက် စီလောက် တွေ့ဆုံဆွေးနွေး ခဲ့သလို အမျိုးသားလွှတ်တော် ကိုလဲ သွားရောက် လေ့လာခဲ့ပါတယ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို ဘာတွေ ပြောခဲ့လဲဆိုတာကို နေပြည်တော်မှာရှိနေတဲ့ NHK သတင်းဌာနက သတင်းထောက်ကိုသီဟက ခုလို ပြောပြပါတယ်
“အစည်းအဝေး ပြီးလို့ ထွက်လာတဲ့ အခါကျတော့ ဦးရွှေမန်းက အပြင်မှာ စောင့်နေကြတဲ့ သတင်းထောက်တွေကို ကျနော်တို့ ဘာတွေ ပြောလဲ သိချင်ကြမှာပေါ့တဲ့။ တိုင်းပြည်ကောင်းရာ ကောင်းကြောင်းတွေ ပြောတာပေါ့ကွာတဲ့။ အဲဒါတော့ သူပြောတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဘာမှ မပြောပါဘူး။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ နဲ့ နောက်ထပ် ငါးယောက်ပါလာတယ်။ အားလုံးပေါင်း ခြောက်ယောက်ပေါ့နော်။ ဒီ ပြည်သူ့လွှတ်တော် ရဲ့ First session ပေါ့။ ဒီနေ့လုပ်တဲ့ ပထမပိုင်း အစီအစဉ်ကို သူတို့ လေ့လာတဲ့ အပိုင်းရှိတာပေါ့နော်။ ဒီလွှတ်တော်ထဲမှာဘဲ ကျင်းပတဲ့ Meeting room ထဲမှာဘဲ လေ့လာသူတွေ ထိုင်တယ်။ ပြီးတော့ နာရီဝက်လောက် ထိုင် နားထောင်နေတာပေါ့နော်။ ဒီအောက်မှာ ပြောနေတဲ့ အကြောင်းတွေကို ထိုင်နားထောင်တယ်။ ပြီးတော့ ပြန်သွားတယ်ပေါ့။ ပြန်သွားတော့လည်း အားလုံးက ဝိုင်းမေးကြတဲ့ အခါကျတော့ သူ့အနေနဲ့ ခဏလေးဘဲ လွှတ်တော်ကို လေ့လာရတဲ့ အတွက် အများကြီး ပြောစရာ မရှိပါဘူး လို့ ပြောသွားပါတယ်။ ”
လွှတ်တော်ဥက္ကဋ္ဌ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြား ဒုတိယအကြိမ် တရားဝင် တွေ့ဆုံ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ မပြောခဲ့ပေမဲ့ ဒီလ ၃၀ ရက်နေ့ ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှ ပြောမယ်လို့ ဆိုပါတယ်၊
“အဓိက က သူက ဒီ ကနေ့ လာရောက်လည်ပတ်တဲ့ ကိစ္စကို ဘဲ အဓိက မေးကြတာပေါ့နော်။ မေးကြတော့ ဦးရွှေမန်းပြောသလိုပါဘဲတဲ့ တိုင်းပြည်ကောင်းရာ ကောင်းကျိုးတွေ ပြောပါတယ်တဲ့။ နောက်တစ်ခါ ဒီလို လာရောက် လည်ပတ်တဲ့ ကိစ္စတွေကို သူ နောက် ပြောစရာ ရှိတဲ့ အကြောင်းတွေကို နောက်လာမယ့် ၃၀ ရက်နေ့မှာ လုပ်မယ့် သတင်းစာရှင်းလင်းပွဲ မှာ သူပြောပါမယ် ဆိုပြီးတော့ ပြောသွားပါတယ်။ အသေးစိတ်တော့ ဘာမှ ပြောမသွားပါဘူး။”
ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ နီးကပ် လာချိန်မှာ မဲစာရင်း မမှန်ကန်မှုတွေ ရှိတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ရော ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် ပေးပါသလားဆိုတော့
“အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေကို နေရာပေး ဆွေးနွေးခဲ့သလား ဆိုတဲ့ မေးခွန်းကိုတော့ သူမဖြေသွားဘူးဗျ။ မေးတော့ မေးတယ်။ မဖြေသွားဘူး။ သူက လာမယ့် သတင်းစာ ရှင်းလင်းပွဲကျမှ ပြောစရာရှိတဲ့ အကြောင်းတွေကို အားလုံးပြောဖို့ ရည်ရွယ်ပုံရပါတယ်။ သူက ဒီအချိန်မှာတော့ သူ သိပ်ပြောချင်ပုံ မရဘူးခင်ဗျ။ ”
ဒီလ ၁၄ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေမှာ ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့်မှုတွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ မဲဆွယ်စည်းရုံးမှု ၁၅ မိနစ်စာ ထုတ်လွှင့်နိုင်ဖို့အတွက် နေပြည်တော်မှာ အခြေစိုက်တဲ့ မြန်မာ့ရုပ်မြင်သံကြားဌာနမှာ ဒီကနေ့ ကြိုတင်သွားရောက် ရိုက်ကူး၊ အသံသွင်းခဲ့တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောဖို့ အရင် စီစဉ်ထားတဲ့ထဲက တရားဥပဒေစိုးမိုးရေး နဲ့ ပတ်သက်ပြီး ပြောမဲ့ အချက်တချို့ ကို ရွေးကောက်ပွဲ ကော်မရှင်က လက်မခံတဲ့အတွက် ပြင်ဆင်ခဲ့ရပါတယ်၊ April လ ၁ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲတွေ လွတ်လပ် မျှတမှုရှိ မရှိ နိုင်ငံတကာက စောင့်ကြည့် နေတဲ့အချိန်မှာ ခုလို မြန်မာတနိုင်ငံလုံးကို ရုပ်မြင်သံကြားပေါ်ကနေ ပြသမယ့် မဲဆွယ်ပြောကြားမဲ့ စကား တချို့ဆင်ဆာဖြတ်ခံရတာဖြစ်ပါတယ်။                         http://www.voanews.com/burmese/news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif