http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

ကမ္ဘာ့အဆင့်(၁)ဖြစ်လာတဲ့ ရွိုင်မက်အီလ်ရွိုင်း

မဝေးသေးတဲ့ တစ်ခေတ်တစ်ခါက ဂေါက်သီးအားကစားကမ္ဘာကို တိုက်ဂါး ၀ုဒ် လွမ်းမိုးကြီးစိုးခဲ့သလိုပါပဲ။ အခု ၂၀၁၂ ကာလမှာလည်း ဂေါက်သီးဂန္ထ၀င်တွေ က ဩချချီးကျူး နေရသလို ဂေါက်သီး ၀ါသနာ အိုးတွေကြားမှာ ရေပန်းစား နေသူကတော့ လူငယ်လက်တက် ဂေါက်သီးစတားလေး ရွိုင်မက်အီလ်ရွိုင်း ပဲလို့ ညွှန်းဆိုရတော့မှာပဲပေါ့။
ပူပူနွေး နွေး ကမ္ဘာ့အဆင့်(၁)နေရာကို လှမ်းတက် လာခဲ့သူ မြောက်အိုင်ယာလန်ချာတိတ် ငယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ပီဂျီအေပြိုင်ပွဲ ရာသီမှာလည်း လက်စွမ်းပြနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်(၂)နေရာကို သိမ်းပိုက်ထား ခဲ့သူ အကျော်အမော်တစ်ဦးပဲဖြစ်ပါ တယ်။
အခုရက်သတ္တပတ်ထဲမှာ ကျင်းပ ပြီးစီးသွားခဲ့တဲ့ ဟွန်ဒါ ကလပ်စစ်ပြိုင်ပွဲမှာ လက်စွမ်းပြ ရိုက်နိုင်ခဲ့ပြီး လေးရက်တာ စုစုပေါင်းရိုက်ချက် ၂၆၈ ချက်နဲ့ ပြိုင်ဘက် တွေကို အနိုင်ယူကျော်လွှားပြီး ချန်ပီယံ ဆုဖလားကို ရယူနိုင်ခဲ့ခြင်းကလည်း အိုင်ယာလန်ပရိသတ်တွေအတွက် တော့ ဂုဏ်ယူဝင့်ကြွားပီတိဖြစ်စရာ ပဲပေါ့။
၂၀၀၇ ကာလမှာ ပရော်ဖက်ရှင်နယ် ဂေါက်သီးကမ္ဘာကို စတင် ခြေချလာသူ အိုင်ယာလန်ချာတိတ်ငယ် မက်အီလ် ရွိုင်းဟာ အသက် ၂၂ နှစ်အရွယ် ပရော်ဖက်ရှင်နယ်ဘ၀ ငါးနှစ်အကြာမှာ ကမ္ဘာ့နံပါတ် (၁) နေရာကို ပိုင်ဆိုင်ခွင့် ရတယ် ဆိုတာကတော့ နောက်တက် လူငယ် ဂေါက်သီးစတား လေးတွေအတွက်တော့ တကယ့်ကို အတုယူ အားကျလေးစားစရာကောင်း နေတာအမှန်ပါပဲ။
အရီဇိုးနားမှာ ကျင်းပတဲ့ ၂၀၀၉ Match Play Championship ပြိုင်ပွဲနဲ့အတူ တောင်အမေရိက မြက်ခင်းစိမ်းစိမ်းကို စတင် နမ်းရှိုက်ခွင့်ရခဲ့သူ အိုင်ယာလန် သားဟာ သာမန်ဂေါက်သီးသမားတွေ အတွက် အိပ်မက်သာဖြစ်တဲ့ ယူအက်စ် အိုးပင်းဆုဖလား အပါအ၀င် ပီဂျီအေ ဆုဖလားခြောက်လုံးရယူထားနိုင်ခဲ့ပြီး ဆုကြေး ၂၅ သန်းကျော်ရရှိထားတာက လည်း လက်ဖျားခါစရာ ကောင်းတာ အမှန်ပဲမဟုတ်ပါလား။
အင်္ဂလန်စတား လုခ်ဒေါ်နယ်က ရက်သတ္တပေါင်း ၄၀ တိတိ ပိုင်စိုးထားတဲ့ ကမ္ဘာ့ချန်ပီယံ ထိုင်ခုံကို ဟွန်ဒါကလပ်စစ်ပြိုင်ပွဲအပြီးမှာ မက်အီလ်ရွိုင်း လွှဲယူနိုင်ခဲ့ပြီး ၁၆ ယောက် မြောက် ကမ္ဘာ့အဆင့်(၁)ဂေါက်သီးစူပါ စတားဖြစ်ခဲ့သလို ဒုတိယအသက် အငယ်ဆုံး ကမ္ဘာ့နံပါတ်(၁)အဖြစ် လည်း မှတ်တမ်းဝင်ခဲ့ပြီပဲဖြစ်ပါတယ်။
တိုက်ဂါးဝုဒ် ကမ္ဘာ့အဆင့်(၁)ဖြစ်ချိန်မှာ အသက် ၂၁ နှစ်သာရှိသေးပြီး ပီဂျီအေ ပွဲပေါင်း ၂၁ ပွဲ နွှဲအပြီးမှာ ၀ုဒ် ကမ္ဘာ့ ချန်ပီယံဖြစ်လာခဲ့ တာဖြစ်ပါတယ်။
အခု အိုင်ယာလန် ချာတိတ်ကတော့ ပွဲပေါင်း ၁၁၅ ပွဲ ကစားအပြီးမှာ တိုက်ဂါးဝုဒ် ခြေရာနင်းနိုင်ခဲ့ပြီး ထိပ်သီးဂေါက်သီး ၀ါရင့်တွေကို စိန်ခေါ်နေပြီပဲလို့ အိုင်ယာ လန်စာစောင်တွေက ကောင်းချီးပေးနေ ကြပါတယ်။
ပူပူနွေးနွေး ကမ္ဘာ့အဆင့်(၁) မက်အီလ်ရွိုင်းဟာ girl-friend ဖြစ်သူ တင်းနစ်မယ်ချောလေး ဝေါ့ဇ်နီယက် စကီးကြောင့်လည်း မီဒီယာကမ္ဘာမှာ တာစားသူ တစ်ဦးပဲ ဖြစ်ပါတယ်။
သူ ပထမဆုံး မေဂျာ ဆု ဖလားရယူ နိုင်ခဲ့တဲ့ ယူအက်စ် အိုးပင်းကို ချစ်သူ ကာရို လင်း အနီးကပ် သွားရောက် အားပေးခဲ့သလို ကာရိုလင်းရဲ့ ပွဲစဉ်တွေကိုလည်း သူ မလစ်ဟင်းခဲ့တာမို့ လိုက်ဖက်ညီတဲ့ အားကစားမောင်နှံပါလို့ ဖွသူတွေက ဖွနေကြခြင်း ပါပဲ။
Madison Square Garden မှာ ကျင်းပတဲ့ တင်းနစ် သရုပ်ပြပွဲမှာ နာမည်ကြီး ရှာရာပိုဗာရော၊ ဝေါ့ဇ်နီယက်စကီးပါ ပါဝင် ကစား ခဲ့ကြသလို မက်အီလ် ရွိုင်းကလည်း ၀င်ရောက် အားပေးခဲ့တာကို အမေ ရိကန်ပရိသတ်တွေက သဘောတွေ့မဆုံးဖြစ်နေ ကြပါတယ်။
ရုရှားအလှမယ် ရှာရာပိုဗာနဲ့ ခေတ္တ၀င်ကစားခဲ့သူ မက်အီလ်ရွိုင်းက "တင်းနစ်ရက်ကက်က ကျွန်တော်နဲ့ မစိမ်းလှပါဘူး။ ကာရိုလင်းရဲ့ လေ့ကျင့်ဖော်က ကျွန်တော်ပဲလေ။ သူ့ကို နိုင်အောင် ဘယ်လိုရိုက်ရမလဲ ကျွန်တော် ပဲသိတယ်။ တင်းနစ်မှာလည်း ရပါတယ်" လို့ အရွှန်းဖောက်ခဲ့တာ ကလည်း စုံတွဲတွေ ကြားမှာ ပြော စရာဖြစ်နေရပါတယ်။
မြောက်အိုင်ယာလန် Holy wood ဇာတိသား မက်အီလ်ရွိုင်းဟာ အိုင်ယာ လန်နဲ့ ဗြိတိန် နှစ်နိုင်ငံသားခံယူထားသူ ဖြစ်ပြီး ပြိုင်ပွဲတွေ ကိုလည်း နှစ်နိုင်ငံ ကိုယ်စားပြု ဆင်နွှဲနေသူပဲဖြစ်ပါတယ်။
အသက် နှစ်နှစ်သားအရွယ်မှာ ဂေါက်ရိုက်တံ မနိုင်တနိုင်ကိုင်လာပြီး ကိုးနှစ်သားမှာ ရိုက်တတ်နေပြီဖြစ်သူ မက်အီလ်ရွိုင်းဟာ အသက် ၁၇ နှစ် အရွယ်မှာ အပျော်တမ်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်(၁)နေရာကို ပိုင်ဆိုင်ခွင့် ရခဲ့ပြီပဲဖြစ်ပါတယ်။
၂၀၀၉ မှာ ဥရောပ ဆုဖလား စတင်ရှိုက်နမ်းခွင့်ရခဲ့သလို ၂၀၁၀ မှာ ပီဂျီအေဆုဖလားနဲ့ ဥရောပ ကိုယ်စားပြု Ryder Cup ထွေးပိုက်ခွင့် ရခဲ့သူဟာ အချိန်ကာလတို အတော အတွင်းမှာပဲ ကမ္ဘာ့ဂေါက်သီးဇာတ်ခုံ ထက်မှာ ၀င်းပလာခဲ့ရတာကိုတော့ ပါရမီရှင်တစ်ယောက်ဖြစ် လို့ပဲလို့ ကောင်းချီးပေးရမှာပဲမဟုတ်ပါလား။
ဂေါက်သီးစူပါစတားတွေ ရူးသွပ်ရတဲ့ မေဂျာဆုဖလားဖြစ်တဲ့ ယူအက်စ်အိုးပင်း ကိုတော့ ၂၀၁၁ ဇွန်မှာ သူရယူနိုင်ခဲ့ ပြန်သလို ၁၉၂၃ မှာ ဘော်ဘီဂျုံးစ် တင်ထားတဲ့ အသက်အငယ်ဆုံး ချန်ပီယံ စံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့တာကတော့ မယုံနိုင်စရာကောင်းလွန်းခဲ့ပါတယ်။
အခုနှစ် မတ်လထဲမှာတော့ ဟွန်ဒါ ဆုဖလားနဲ့အတူ ကမ္ဘာ့နံပါတ်(၁)နေရာ ကို ပိုင်စိုးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
ဂေါက်သီးဝါသနာအိုး ဖခင်ဖြစ်သူရဲ့ စနစ်တကျ သွန်သင်ပို့ချမှုတွေက သူ့ကို အခြေခံအုတ်မြစ်ကောင်းတွေ ရစေခဲ့ သလို Holy wood Golf Club ကလည်း သူ့ရဲ့အောင်မြေပဲလို့ ဆိုရမှာပဲပေါ့။
ပရိသတ်တွေက Rors လို့ ချစ်စနိုး အမည်ပြောင်ပေးထားသူကို အရှေ့ ၀င်နက်ဘီပြည်နယ်တက္ကသိုလ်က စကောလားရှစ်ပေး ခဲ့ပေမယ့် သူကတော့ အားကစားလိုင်းကိုပဲ အားသန်ခဲ့တာ တွေ့ရပါတယ်။
ဒုတိယကျားပေါက်လေး လို့ တင်စားဖို့အချိန်စောသေးပေမယ့် ကမ္ဘာ့အဆင့်(၁)ဟောင်း လုခ်ဒေါ်နယ် ကတော့ အခုလို ကောင်းချီး စကားဆို ခဲ့ပါတယ်။
"ဒီချာတိတ်ကို အနိုင်ရဖို့က တော်တော်လေးအာရုံစိုက်နိုင်မှပါ။ formidable opponent လို့ ဆိုရမယ့် ပြိုင်ဘက်ကောင်းတစ်ဦးပါပဲ။ ဂေါက်သီး ကမ္ဘာမှာ စိန်ခေါ်မှုအားကြီးလာပြီလို့ ဆိုရမှာပဲပေါ့"လို့ အင်တာဗျူးခန်းမှာ အတိအလင်းဆိုခဲ့ပါတယ်။
ကမ္ဘာ့ အဆင့်(၁)နေရာမှာ အိုင်ယာလန် ချာတိတ်ငယ်၊ဘယ်လောက်ကြာရှည် ရပ်တည်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။               http://www.myanmar.mmtimes.com/2012

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif