http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

လှိုင်သာယာရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ ရပိုင်ခွင့်နှင့် ပတ်သက်၍ ၀ါဏိဇ္ဇခုံရုံးက ဆုံးဖြတ်ပေး

လှိုင်သာယာမြို့နယ်ရှိ တိုင်ရီဖိနပ်စက်ရုံ ပိုင်ရှင်အပေါ် အလုပ်သမား များ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဇခုံရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တင်ပြခဲ့ရာ မတ်လ ၁ ရက်နေ့တွင် ခုံရုံးက ဆုံးဖြတ် ချက်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါနေ့ ညနေအချိန်တွင် အလုပ် သမားများထံ ရောက်ရှိခဲ့သော အဆိုပါ ခုံရုံးဆုံးဖြတ်ချက်စာလွှာတွင် အလုပ် သမားများ၏ တောင်းဆို မှုများကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်း ဆောင်ရွက်ပေးထား ကြောင်းသိရသည်။
"အလုပ်သမားတွေရဲ့ တစ်နာရီလုပ်ခ ကျပ် ၁၂၀ ဖြစ်ဖို့ ဆုံးဖြတ်ထားခဲ့ပြီး အခြေခံလစာကလည်း ကျပ် ၅၁, ၀၀၀ အထိဖြစ်ဖို့ ပါရှိထားပါတယ်" ဟု တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်း ဆိုမှုများနှင့်ပတ်သက်၍ ဥပဒေရေးရာ များ လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးအောင်သူရိန်ထွန်းက ယခုလ ၁ ရက်နေ့က ပြောကြားသည်။
"ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မရမ်း ကုန်းမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီရုံး က ဒီကိစ္စကို ခုံရုံးဖွဲ့ စစ်ဆေးခဲ့ပါတယ်။ ကြုံခဲ့ဖူး သမျှထဲမှာ တရားမျှတမှုအရှိဆုံး နဲ့ သမာသမတ်အကျဆုံး၊ ဆုံးဖြတ်ချက် အကောင်းဆုံး ခုံရုံးကို တွေ့ခဲ့ရတာပါပဲ" ဟု ၎င်းက ပြောကြားသည်။
ယခင်အလုပ်သမားများ၏ အခြေခံ လစာမှာ တစ်လလျှင် ကျပ် ၄၀,၀၀၀ ဖြစ်ပြီး အချိန်ပိုကြေးမှာ တစ်နာရီလျှင် ကျပ် ၇၀ ဖြစ်ကြောင်း သိရသည်။
အလုပ်သမားများအနေဖြင့် မိမိတို့၏ အခြေခံလစာကို ကျပ် ၆၀,၀၀၀ မှ ၈၀,၀၀၀ အထိ တိုးမြှင့်သတ်မှတ်ပေးရန် နှင့် အချိန်ပိုကြေးကို တစ်နာရီလျှင် ကျပ် ၁၅၀ သတ်မှတ်ပေးရန်တို့အပြင် အခြား သော ဒဏ်ကြေးဆိုင်ရာကိစ္စရပ်တို့ကို လျှော့ပေါ့ပေးရန် တောင်းဆို ထားခြင်း ဖြစ်သည်။
ကျန်အလုပ်သမားများမှာ ၀ါဏိဇ္ဇခုံရုံး မှ ဆုံးဖြတ်ချက်မကျမချင်း နေ့စဉ် လုပ်အားခပေးရန် သဘောတူညီချက် ဖြင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အားလုံး အလုပ်ပြန်ဆင်းခဲ့ကြသည်။
အလုပ်သမားများ၏ တောင်းဆိုချက် များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ အတွင်းက စက်ရုံပိုင်ရှင်နှင့် ဆွေးနွေးမှု ငါးကြိမ်ထိ ရှိခဲ့သော် လည်း အလုပ်သမားများဘက်မှ ကျေနပ်နိုင်သည့်ရလဒ်အထိ မရှိခဲ့သည့်အတွက် အလုပ်သမားကိုယ် စားလှယ် ၄၅ ဦးက တရားလိုပြု၍ ၀ါဏိဇ္ဇ ခုံရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။                http://www.myanmar.mmtimes.com/2012/news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif