ကေအိုင်အို(ကချင်လွတ်မြောက်ရေးအဖွဲ)နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ရွှေလီမြို့က သုံးရက်ကြာ ဆွေးနွေးပွဲမှာ အချက် ၅ ချက် သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်မှတ် ရေးထိုးတာမျိုး မရှိသေးဘဲ ဒီသဘောထားထုတ်ပြန်ချက်နဲ့ နောက်ပိုင်းမှာ ရက်သတ်မှတ်ပြီး ဆက်လက်တွေ့ဆုံဖို့ ရှိတယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။
“အချက် ၅ ချက်မှာ အရေးအကြီးဆုံး အချက်က ပြဿနာ ဖြစ်ပွားနိုင်တဲ့ ဒေသများရှိရင် နှစ်ဖက်ဂိတ်စောင့်များကို နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိသည်အထိ ဆွေးနွေးပြီးမှ ရရှိပြီးသော သဘောတူညီချက်များကို ရက်သတ်မှတ်ပြီး ဆောင်ရွက်သွားရန် ဖြစ်သည်။ ”
မတ်လ ၁၀ ရက်နေ့မှာ ပြီးဆုံးသွားတဲ့ အဲဒီဆွေးနွေးပွဲမှာ နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အားရကျေနပ်မှုရှိခြင်း၊ ဆွေးနွေးပွဲတွေကို တကြိမ်ထက်တကြိမ် ပိုမိုတိုးတက်ဖြစ်ထွန်းပြီး ယုံကြည်မှုများ ပိုမို တည်ဆောက်နိုင်ခဲ့ခြင်း၊ ဆွေးနွေးမှုတွေကတဆင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရလဒ်အရ စစ်ရေးအရှိန်များ လျော့ချသွားရေး စတဲ့အချက်တွေ သဘောတူညီခဲ့ကြပါတယ်။
နှစ်ဖက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး ကေအိုင်အိုဘက်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် ယုံကြည်မှုရှိဖို့အကြောင်းနဲ့ ဆုတ်ခွာပေးရမယ့်တပ်တွေအကြောင်းကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဒီဆွေးနွေး ပွဲမှာ သူတို့ (အစိုးရ)တပ်ပိုင်းဆိုင်ရာက ဆုံးဖြတ်နိုင်တဲ့သူတွေ ပါမလာဘူး။ အဲဒါကြောင့် ဒီသဘောထား ထုတ်ပြန်ချက်ကို ထုတ်ထားပြီး နောက်တခါ ဆွေးနွေးတဲ့အခါ ဒီကိစ္စကို အကျေအလည် ဆွေးနွေးသွားဖို့ သဘောတူထားပါတယ်။”
ကေအိုင်အိုနဲ့ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။ နောက်တကြိမ် ဆွေးနွေးပွဲကို ရက်သတ်မှတ်ထားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
ကေအိုင်အိုနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးဟာ ၁၉၉၄ ခုနှစ်ကတည်းက လက်မှတ်ထိုးပြီးသားဖြစ်ပြီး စစ်အစိုးရ မဖျက်သိမ်းခင်မှာ အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းတာ၊ လက်နက်ချခိုင်းတာတွေ ဖြစ်ခဲ့အပြီးမှာ အပစ်ရပ်သဘောတူညီချက်ပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
ဆွေးနွေးမှု တွေ ပြုလုပ်နေပေမယ့်လည်း ကေအိုင်အို နယ်မြေအတွင်း တိုက်ပွဲချိုကြား ဖြစ်ပွားနေသေးတယ်လို့ ဦးလနန်းက ပြောပါတယ်။ http://burmese.dvb.no/archives/22429
0 comments:
Post a Comment