ယခုတစ်ပတ် အောင်မြင်တဲ့ တေးသီချင်းနောက်ကွယ် ကဏ္ဍမှာ တင်ဆက်ပေးမယ့် သီချင်းကတော့ “အရူးမလုပ်ပါနဲ့” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။
‘သွားစမ်းပါကွာ။ နင့်အတွက် အချစ်တွေက ပေါများလွန်းနေရင် ဒီလူကိုဂရုမစိုက်ပါနဲ့’ ဆိုတဲ့ ခပ်ပြင်းပြင်း သံစဉ်စာသားလေးတွေနဲ့ ရေးစပ်သီကုံးထားတဲ့ သီချင်းလေး ကတော့ ၅၀ Ladies show မှာ ပါဝင်တဲ့ တေးရေး၊ တေးဆို L ဆိုင်းဇီ ရဲ့သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
ဒီ “အရူးမလုပ်ပါနဲ့” သီချင်းထဲမှာတော့ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးနဲ့ လုပ်ချင်ရာလုပ်တတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့အကြောင်း ကို အဓိကအခြေခံ ရေးစပ်ထားပေမယ့် မိန်းကလေးတွေရဲ့ အချစ်နဲ့ ပတ်သက်ပြီးပြတ်သားတဲ့ ခံယူချက်တွေ အကြောင်းကို ကိုယ်စားပြု ရေးထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“မိန်းကလေးတွေက ချစ်ပြီဆိုရင် အရာအားလုံးကို စွန့်လွှတ်ပေး ဆပ်ပြီးချစ်ပေမယ့် ကိုယ့်အချစ်ကို တန်ဖိုးမထားလို့ မုန်းပြီဆိုရင်လည်း ပြန်ပြီး လှည့်မကြည့်တတ်တော့ဘူး ပေါ့နော်။ ကိုယ်က ဘယ်လောက်ပဲ ချစ်ချစ် ကွယ်ရာမှာပဲ ကြိတ်ငိုပြီး ဆွေးနေမယ်ပေါ့။ အဲဒီလိုမျိုးပုံစံလေးနဲ့ မိန်းကလေးတွေ ဘက်ကနေ ဒီသီချင်းလေးကို ရေးဖြစ်သွားတာပါ” လို့ Lဆိုင်းဇီက ပြောပြခဲ့ ပါတယ်။
“အရူးမလုပ်ပါနဲ့” သီချင်းကို ၂၀၀၂ခုနှစ်က ရေးခဲ့တာဖြစ်ပြီး လှည့်ကြည့်ပါဦးလား၊ ပြန်လာခဲ့ အစရှိတဲ့ သံစဉ်ချိုချိုအေးအေး သီချင်းလေးတွေနဲ့ ပရိသတ်လက်ခံ အားပေးမှုကို ရရှိခဲ့တဲ့ တေးသံရှင် Lဆိုင်းဇီရဲ့ ကိုယ်တိုင်ရေးသီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ ပရိသတ် အားပေးခဲ့တဲ့ ရှေ့ကသီချင်းနှစ်ပုဒ်ရဲ့ပုံစံကနေခွဲထွက်ပြီး သံစဉ်မြူးမြူးလေးနဲ့ ပရိသတ်ရှေ့ကို ရောက်ရှိလာခဲ့တဲ့”အရူးမလုပ်ပါနဲ့”ဆိုတဲ့ တတိယမြောက် တေးသီချင်းကလည်း Lဆိုင်းဇီကို ဂီတလောကအတွက် ခိုင်မာတဲ့နေရာ တစ်နေရာကို ရရှိ စေခဲ့ပြန်ပါတယ်။
“ဒီသီချင်းကို ရှိုးပွဲတွေတိုင်း မှာဆိုဖြစ်ပါတယ်။ ဒီသီချင်းမှာ ဆိုင်းဇီမူရင်း ရေးထားတာက ဒီထက် ပိုပြီးသွက်တယ်။ ၅၀ Ladies show မှာပါတဲ့ version က နည်းနည်းနှေးနေတာ။ ရှိုးပွဲမှာဆိုရင်တော့ မူရင်းရေးထားတဲ့ အမြန်ပုံစံနဲ့ပဲ ဆိုပါတယ်။ သီချင်းနဲ့ပတ်သက်ပြီး ခံစားချက်ကတော့ အဲဒီသီချင်းရေးတုန်း ကကိုယ်က ငယ်သေးတယ်လေ။ အခု သီချင်းကို ပြန်နားထောင်ရင် ရယ်ချင်တယ်” လို့ “အရူးမလုပ်ပါနဲ့” သီ ချင်းနဲ့ ပတ်သက်ပြီး Lဆိုင်းဇီက သူမရဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
Lဆိုင်းဇီရဲ့ လက်ရှိထွက်ရှိ ထားတဲ့တစ်ကိုယ်တော်စီးရီးဖြစ် တဲ့ 'ဝေခွဲမရပါလား' စီးရီးနဲ့ပတ် သက်လို့လည်း “အခုဗီစီဒီရိုက်ကူး မှုကတော့ အားလုံးပြီးသွားပါပြီ။ သင်္ကြန်အပြီးလောက်မှာ ထွက်ဖြစ် ဖို့စီစဉ်ထားပါတယ်” လို့ ပြောပြခဲ့ ပါတယ်။

သြစတြေးလျနိုင်ငံကနေ နှစ် ပတ်ကြာ ဖျော်ဖြေရေးခရီးစဉ်ပြီးလို့ ပြန်လည်ရောက်ရှိနေတဲ့ Lဆိုင်းဇီ ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု ကတော့ နယ်ရှိုးပွဲတွေကို ဆက် တိုက်လက်ခံထားပြီး အခုလာမယ့် ၂၀၁၂ သင်္ကြန်မှာတော့ မန္တလေး မြို့တော်ဝန်မဏ္ဍပ်မှာ ရှိနေမယ် ဆိုတာ တင်ပြရင်း ဒီတစ်ပတ်ရဲ့ အောင်မြင်တဲ့ တေးသီချင်းနောက်ကွယ်ကဏ္ဍကို အဆုံးသတ်လိုက် ပါတယ်။ http://www.weeklyeleven.com/index.php?option=com_content&view=article&id=13015:2012-03-28-08-50-38&catid=61:local&Itemid=133
0 comments:
Post a Comment