http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က


e511
ဒီတစ်ပတ် အောင်မြင်တဲ့ တေးသီချင်း နောက်ကွယ်ကဏ္ဍကနေ တင်ဆက်ပေးမယ့် တေးသီချင်းလေးကတော့ ခေတ်စမ်းကဗျာဆရာကြီး ဆရာဇော်ဂျီရဲ့ကဗျာကနေ တစ်ဆင့် ရုပ်ရှင်ဇာတ်ဝင်တေး၊ ရုပ်ရှင် ဇာတ်ဝင်တေးကနေ တဆင့် ပရိသတ်ရင်ထဲကို ၀င်ရောက်ခဲ့တဲ့ ဗေဒါလမ်းဆိုတဲ့ တေးသီချင်းလေးပဲဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်သားတစ်ဦး ဖြစ်တဲ့ ဆရာဇော်ဂျီဟာ မြစ်ရိုးတစ်လျှောက် အစုန်အဆန် မြင်တွေ့နေရတဲ့ ဗေဒါပန်းတွေရဲ့သဘာဝကို လူသားတွေရဲ့ ဘ၀နဲ့နှိုင်းပြုလို့ ဗေဒါလမ်းကဗျာကို ရေးသားခဲ့ပြီး စာရေးဆရာမကြီး ခင်နှင်းယုရဲ့ ‘ပန်းပန်လျက်ပါ’၀တ္ထုကို ရုပ်ရှင်ပြန်လည် ရိုက်ကူးတဲ့အခါမှာ ဇာတ်ဝင်သီ ချင်းအဖြစ် စန္ဒရားချစ်ဆွေက သံစဉ်ဖြည့်စွက်ခဲ့ပြီး ဗေဒါလမ်း တေးသီချင်း ဖြစ်လာခဲ့ပါတယ်။
၁၉၆၀၀န်းကျင်လောက်က ရုံတင်ခဲ့တဲ့’ပန်းပန်လျက်ပါ’ ရုပ်ရှင် ဇာတ်ကားဟာ ပရိသတ်အားပေးမှု ကြောင့် ၂၅ ပတ်တိတိ ဆက်တိုက် ရုံတင်ခဲ့ရတဲ့ဇာတ်ကား ဖြစ်ခဲ့သလို အငြိမ့်မင်းသမီးလေး မဗေဒါရဲ့ဘ၀ ဖြစ်စဉ်နဲ့လိုက်ဖက်လှတဲ့ မင်းသမီးကြီး ကြည်ကြည်ဌေးသီဆိုခဲ့တဲ့ ဇာတ်ဝင်တေး ‘ဗေဒါလမ်း’ ဟာလည်း ပရိသတ်ရင်ထဲကို မှတ်မှတ်ထင်ထင် ၀င်ရောက်ခဲ့ပြန်ပါတယ်။
“ဗေဒါလမ်းသီချင်းကို ပထမဦးဆုံးဆိုခဲ့တာက မင်းသမီးကြီး ကြည်ကြည်ဌေးပါ။ နောက်တော့ အမေက’ပန်းပန်လျက်ပါ’ဆိုတဲ့ ရုပ်ရှင်ကားရဲ့နာမည်ကိုယူလိုက်ပြီး ‘ပန်းပန်လျက်ပါ’ တေးစီးရီးခွေ ထုတ်တယ်။ အဲဒီမှာ အမေက ဗေဒါလမ်း ကို ကိုယ့်ရဲ့ဟန်နဲ့ အားမာန်ထည့်ပြီး ပြန်ဆိုခဲ့ပါတယ်။ ဒီသီချင်းမှာက  ခံစားချက်က အစုံပါတယ်။ ဥပမာ ဘဲအုပ်ကတစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်တည်းဆိုတဲ့ နေရာမှာ ၀မ်းနည်းသံလေးစွက်တယ်။ နောက်တော့ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ ဆိုတဲ့ နေရာရောက်တော့ အားမာန် ပြန်ပါသွားပြန်ရော။ အဲဒီသီချင်းကို အသံသွင်းစဉ်တုန်းက သံစဉ်ထည့်ခဲ့တဲ့ ဆရာစန္ဒရားချစ်ဆွေ က အမေ့ကို “နင် အမေကြည်ကြည်ဌေးကို မမီရင်တောင် လျော့တော့မလျော့စေနဲ့ဆိုပြီး ငေါက်တာ ခံခဲ့ရဖူးတယ်”လို့ ဗေဒါလမ်း သီချင်းနဲ့ပတ် သက်ပြီးတေးသံရှင် ခင်ညွန့်ရည်က ပြန်ပြောင်းပြောပြခဲ့ပါတယ်။
‘ဗေဒါလမ်း’ နဲ့ ပတ်သက်လို့ ဆရာတိုက်စိုးက မြန်မာစာမိတ်ဖွဲ့ စာအုပ်မှာ ‘ထိုကဗျာစုကို ပကတိသဘောအတိုင်း ဖတ်မည်။ နာမည်ဆိုလျှင်လည်း ကောင်းပါ၏။ လူ့ဇာတ်သွင်းကာ ဖတ်ကြည့် နာကြည့်ပါမူကား အရသာစုံ ခံစားနိုင်မည်ဖြစ်ပေ သည်”လို့သုံးသပ်ခဲ့ပါတယ်။
“ဒီဗေဒါလေးဟာ ဟိုရောက်လိုက်၊ ဒီရောက်လိုက်၊ ဘဲအုပ်နဲ့တွေ့ လိုက်၊ အုန်းလက်နဲ့ တွေ့ရလိုက်နဲ့ နောက်ဆုံးမှာတော့ ဗေဒါပန်းလေးဟာ ဘာကိုမှမကြောက်ဘဲ အံကိုခဲလို့ ပန်းပန်လျက်ပဲ ဆိုသလိုပဲ လူ့ဘ၀ကြီးဟာ တစ်ခါတရံ အင်မတန် ပျော်စရာကောင်းတယ်။ တစ်ခါတစ် ခါကျတော့လည်း စိတ်တွေညစ်၊ မုန် တိုင်းတွေထန်တဲ့အခါရှိတယ်။ ဒီသီချင်းရဲ့ထူးခြားချက်ကလေ အမေ့ အမြင်ပေါ့။ စိတ်တွေညစ်၊စိတ်ဓာတ် တွေ ကျတဲ့အချိန်မှာ ဒီဗေဒါလမ်း သီချင်းလေးကိုဖွင့်ပြီး နားထောင်လိုက်ရင် စိတ်ဓာတ်တွေအားပြန်ပြည့် သွားသလိုခံစားရတယ်”လို့ တေးသံရှင် ခင်ညွန့်ရည်က ပြောပြခဲ့ပါတယ်။
လူရယ်လို့ဖြစ်လာရင် ဘ၀ ခရီးလမ်းတစ်လျှောက်မှာ အစုန် အဆန်၊ အတက်အကျ၊ အနိမ့် အမြင့်အဖုံဖုံနဲ့ လောကဓံ တရားကို ကြုံတွေ့ကြရတာ ဓမ္မတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောကဓံ တရားကို ရင်ဆိုင်ပုံ၊ရ င်ဆိုင်နည်းက တော့ လူတစ်ဦးနဲ့တစ်ဦး တူညီကြမှာ မဟုတ်ပါဘူး။ ဒီဗေဒါလမ်း သီချင်းကတော့ ကြုံတွေ့လာတဲ့ လောကဓံတရားကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်ဖြတ်ရင်း ဘ၀မှာ ဘယ်လို အခက်အခဲတွေပဲ ဖြစ်ဖြစ်၊ အတိုက်အခံတွေနဲ့ပဲ ဆုံတွေ့ပါစေ။ နောက်ဆုံးမှာတော့ ပန်းပန်လျက် ဖြတ်သန်းနိုင်စေဖို့ ညွှန်ပြပေးနေသလိုပါပဲ။
‘ဗေဒါလမ်းကဗျာမှာ ဗေဒါပင်ဟာ ကဗျာအဖွဲ့အနွဲ့၊ သင်္ကေတမျှသာဖြစ်ပြီး သင်္ကေတဗေဒါပင်ရဲ့ နောက်ကွယ်မှာရှိနေတဲ့ လောကဓံလှိုင်း အပုတ်ခံနေရသည့် မနုဿ လူသားဖြစ်တယ်’ လို့ ဆရာကြီး ပါရဂူကဗေဒါလမ်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ရေးသားခဲ့တယ် ဆိုတာ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။ 
http://www.weeklyeleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif