http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Apr 2012

ကျုံးရေ၊ သံချပ်နဲ့ မန်းသင်္ကြန်


မန္တလေး ကျုံးဘေးတွင် စကတ်အတို အင်္ကျီအပြတ်လေးတွေနှင့် ကာလာစုံ မန်းသူလေးများ သူ့ထက်ငါအပြိုင် ရေကစား နေကြသည်။ ဆောင်းဘောက် မျိုးစုံမှ သီချင်းသံမျိုးစုံကလည်း နားကွဲမထွက် ညံနေသည်။ သံစဉ်နှင့် စည်းချက်လိုက်ပြီး မန္တလေးသူ မန္တလေးသားများ ကိုယ့်မဏ္ဍပ်တွင် လူစည်ရန် လက်ကမ်း ကြော်ငြာများနှင့် ဆွဲဆောင်နေကြသည်။
သင်္ကြန်အကနှင့် မန္တလာသူများ (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)
မဏ္ဍပ်တွင် ရေပက်ကစားရန် တဦးလျှင် စားစရိတ်ငြိမ်း ငွေကျပ် သုံးသောင်းခွဲ။ ဆယ်ဦးဆိုလျှင် တဦး အခမဲ့ စသည့် ၀န်ဆောင်မှုမျိုးစုံနှင့် မန္တလေးသင်္ကြန်ကို အသက်သွင်းနေကြလေပြီ။ ယခုလိုအချိန်ရောက်ပြီဆိုလျှင် မန္တလေးကျုံးဘေးအနှံ့ မဏ္ဍပ်များတွင် တွေ့မြင်နေကြမြဲ မြင်ကွင်းများဖြစ်သည်။ သို့သော်လည်း ယခုနှစ် မန္တလေးသင်္ကြန် ပိုမိုထူးခြား၍ နေသည်ဟု ထင်သည်။
ယခုနှစ် မန္တလေးသင်္ကြန်ကို ကောင်းကင်ပေါ်မှ ပုလဲသီးများ ကြဲချသကဲ့သို့ မိုးသီးများက ကြွေကျကာအရင်ဆုံး ကြိုဆိုခဲ့သည်။ လေပြင်းကလည်း မန္တလေးမြို့ကို ခပ်သော့သော့ ဆော့ရမ်းသွားခဲ့သည်။ အနှစ်နှစ်ကာလ အညစ်ကြေးများကို ဤမိုး ဤလေနှင့် ဖယ်ခွာချပေးပြီး မိုးစက်သစ်များနှင့် အားယူကာ နှစ်သစ်ကို ဖွင့်လှစ်ပေးနေသည်။ မန္တလေးသင်္ကြန်သည် ယခင်နှစ်များနှင့်မတူ ပိုမိုလန်းဆန်း လတ်ဆတ်နေသည်။
မန္တလေးသင်္ကြန်တွင် ဆယ်စုနှစ်နှင့်ချီ၍ ပျောက်ကွယ်နေသည့် သံချပ်တို့ ပြည်လည်၍ သောသောညံတော့မည်။ ဟစ်ပ်ဟော့ သီချင်းများအစား သံချပ်များ အစားထိုး ၀င်ရောက်လာမည်။ သံချပ်၏ ရသဖြစ်သော အသော့အထေ့လေးများက ပြည်သူများ၏ ခံစားချက်များကို ဖွင့်ဟပေးတော့မည် ဖြစ်သည်။
သို့သော်လည်း သင်္ကြန်အတွင်း သံချပ်ထိုးခွင့်ကို ရက်နီးကပ်မှ ပါမစ်ချပေးလိုက်သည့်အတွက် ကျေးရွာ ရပ်ကွက်ရှိ လူငယ်များ အဖွဲ့လိုက် လုပ်ဆောင်ရန် အချိန်မရတော့ဘဲ လူရွှင်တော်အဖွဲ့၊ ကဗျာဆရာအဖွဲ့များမှ စုစည်းကာ သံချပ်အဖွဲ့ကို အမြန်ထူထောင်ပြီး သံချပ်ထိုးကြမည် ဖြစ်သည်။
“ကျနော်တို့က လူရွှင်တော်အဖွဲ့ပါ။ ဟိုးအရင် နှစ်တွေတုန်းကတော့ ဒီလိုသံချပ်မျိုး ကျနော်တို့အဖွဲ့တွေ မထွက်ပါဘူး။ ရပ်ကွက်ထဲက လူတွေပဲ ထွက်တာ။ ခုတော့ ပါမစ်ရတဲ့အချိန်က နီးသွားတော့ ရပ်ကွက်ထဲကလူတွေ မထွက်နိုင်တာကို ကျနော်တို့တွေက ပြန်ဖော်ပေးတဲ့အနေနဲ့ ဒီလို လုပ်လိုက်တာ။ ခုဆို ကျနော်တို့ကို ဖိတ်တဲ့နေရာတွေ များလွန်းနေပါတယ်” ဟု မန္တလေး လူရွှင်တော်များအဖွဲ့ လူရွှင်တော် နှုတ်ခမ်းမွေး ပါပါလေးက ပြောသည်။
ပါပါလေး၏ ခွပ်လိုက်ကြစို့ သူငယ်ချင်း သံချပ်၊ ဒဲ့ပြော ဗြောင်ပြော သံချပ်များကို မန္တလေးပရိသတ်အား ဧည့်ခံဖျော်ဖြေရန် သံချပ်တိုက်နေပြီ ဖြစ်သည်။
“ကျနော်တို့သံချပ်မှာ ပညာရေး၊ လျှပ်စစ်မီးနဲ့ ကျန်းမာရေးတွေကို အဓိကထားပြီး ပြက်ထားတယ်။ သံချပ်ရဲ့ သဘောတရားကိုက လူတွေခံစားနေရတဲ့ လူမှုရေးတွေ၊ စီးပွားရေးတွေကို ဘ၀စုံ ထောင့်စုံယိုင်နဲ့နေတာတွေကို ပြန်တည့်မတ်ဖို့အတွက် ဒီလို သံချပ်လေးတွေနဲ့ တင်ပြကြရတာ။ နှစ်တိုင်း ပထမဆုရတဲ့ သံချပ်ဆရာကြီးတွေ မန္တလေးမှာ ကျန်သေးတယ်။ နောက်နှစ်တွေမှာ သူတို့က လူငယ်တွေကို သင်ပေးလိမ့်မယ်။ သံချပ်တွေက ဒီနှစ် ပါမစ်ရတာ နောက်ကျလို့ ထွက်တဲ့အဖွဲ့ နည်းပေမယ့် နောက်နှစ်တွေဆိုရင် တော်တော်များမယ်လို့ ကျနော်ထင်ပါတယ်” ဟု ပါပါလေးက ပြောသည်။
သံချပ်ထိုးမည့် လူရွှင်တော် နှုတ်ခမ်းမွေး ပါပါလေး သံချပ်အဖွဲ့ (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)
မန္တလေးသင်္ကြန်တွင် သံချပ်များကို စိစစ်ခွင့်ပြုသွားမည်ဟု မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဗဟိုဦးစီးကော်မတီမှ မတ်လ ၈ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။
မန္တလေး စည်ပင်သာယာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဌာနမှူး ဦးလတ်မြင့်သိန်းက ကန့်သတ်ချက်များနှင့် ပတ်သက်၍ “ကျနော်တို့ ချမှတ်ထားတဲ့ အချက်လေးချက်ကလွဲပြီး ကျန်တာဘာမဆို ပြက်လို့ရတယ်။ ကျနော်ကိုယ်တိုင်လည်း သံချပ်ကို အားပေးတယ်။ ငယ်ကတည်းက ကြိုက်ခဲ့တာ။ ကျနော်တို့ ငယ်တုန်းကတော့ ဗိုလ်သခင်ဆရာအဖွဲ့ဆိုတာ နှစ်တိုင်း ပထမကြီးပဲ ဆုရခဲ့တာ။ သိပ်ကောင်းတာ” ဟု ပြောသည်။
သို့သော် မြန်မာနိုင်ငံနှင့် နိုင်ငံအစိုးရ ဂုဏ်သိက္ခာထိပါးမည့် တဖက်သတ် စွပ်စွဲပြောဆိုမှုများ မပါရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်သည့် စာသားများ မပါရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော စာသား၊ ၀တ်စားဆင်ယင်မှု၊ တင်ဆက်မှုနှင့် သရုပ်ပြမှုများ မပါရန်နှင့် ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတခုကို တဖက်သတ် စွပ်စွဲပုတ်ခတ်ခြင်းများ မပြုရန် တားမြစ်ထားသည်။
လက်ရှိ မန္တလေးသင်္ကြန်တွင် သံချပ်အဖွဲ့များ ဖျော်ဖြေရေးအတွက် တရားဝင် တင်ထားသော သံချပ်အဖွဲ့မှာ မတ်လ ၁၀ ရက်နေ့အထိ နှစ်ဖွဲ့သာ ရှိသေးသည်။ ပါပါလေးအငြိမ့်အဖွဲ့၏ ခွပ်လိုက်ကြစို့ သူငယ်ချင်း ပျော်ပျော်ပါးပါး သင်္ကြန်သံချပ်များအဖွဲ့နှင့် မန္တလေးမြို့ စာရေးဆရာ ကဗျာဆရာများ၏ တော်ရိလျော်ရိ သံချပ်အဖွဲ့တို့ ဖြစ်သည်။
မန္တလေးသင်္ကြန်တွင် ယခုနှစ် မဏ္ဍပ်များ များပြားလာသည်။ ကျုံးပတ်လည်တွင် မဏ္ဍပ် ၃၅ ခုရှိပြီး မြို့တွင်းတွင် ၁ ခု၊ တံခွန်တိုင်ဖြတ်လမ်းတွင် ၁ ခု စုစုပေါင်း ၃၇ ခုရှိသည်။ အလှပြယာဉ် ၉ စီးရှိသည်။ နှစ်တိုင်း ထွက်နေကြဖြစ်သော မြို့မအသင်းသည်လည်း သင်္ကြန်သီချင်းများ ကြိုတင်တိုက်လျက်ရှိသည်။
ကျုံးပတ်လည်တွင် မဏ္ဍပ်များရှိသော်လည်း ကန်တော်ကြီး (တက်သေးအင်း) တွင် မဏ္ဍပ်တခုမျှ မရှိပေ။ နှစ်တိုင်း စည်နေကြဖြစ်သော ကန်တော်ကြီးတွင် ယခုနှစ် ရေများ ခန်းခြောက်မှုကြောင့် မဏ္ဍပ်များ မဆောက်ကြခြင်း ဖြစ်ကြောင်း စည်ပင်သာယာဌာန ရေနှင့် သန့်ရှင်းမှုဌာနမှ မကြူကြူမော်က ပြောသည်။
“ကျနော်တို့ နှစ်တိုင်း ကန်တော်ကြီးမှာ ရေပက်ခံထွက်တယ်။ မန္တလေးမှာ ရေပက်ခံထွက်စရာတွေဆိုလို့ ကျုံးတွေနဲ့ ကန်တော်ကြီးပဲ ရှိတာ။ ကျုံးမှာ လူတွေများရင် တော်တော်နဲ့ တိုးမရဘူး။ ဒါ့ကြောင့် ကျနော်တို့က မန္တလေး ကန်တော်ကြီးမှာ အမြဲ ရေပက်ခံထွက်တယ်။ အဲဒီမှာ အဖွဲ့လိုက် ကကြတယ်။ အခုဒီနှစ် ကန်တော်ကြီးမှာ ရေမရှိဘူး။ ဒါ့ကြောင့် မဏ္ဍပ်တွေလည်း မထွက်ဖြစ်ဘူး။ ကန်တော်ကြီး မစည်ကားတော့ဘူး ပေါ့ဗျာ” ဟု မန္တလေး ဒေသခံတဦးက ပြောသည်။
မဏ္ဍပ်များမှာ အသေးစားရေစုပ်စက် သုံးသည့်အတွက် စည်ပင်သာယာ ရေနှင့် သန့်ရှင်းမှုဌာနတွင် ရေစုပ်မော်တော်တလုံးလျှင် ငွေကျပ် ငါးသောင်း သွင်းရသည်။ သင်္ကြန်ရက်အတွင်း ယင်းဌာနမှ ကျုံးပတ်လည်များတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး တရားဝင် တင်ထားခြင်းမရှိဘဲ သုံးစွဲသည်ကို တွေ့ရှိရပါကလည်း နေရာတွင် ငွေကျပ်ငါးသောင်း ဆောင်ခိုင်းမည် ဖြစ်သည်။ အများသုံးစွဲခွင့်ပြုထားသော ကျုံးရေကို ငွေကျပ် ငါးသောင်း ပေးဆောင်ရသည့်အတွက် ဒေသခံများက မကျေမနပ် ဖြစ်နေကြသည်။
ပြီးခဲ့သည့် နှစ်သင်္ကြန်တွင် ရေစုပ်စက်အသေးစား သုံးစွဲသူ ၁၃၈ ဦး ရှိခဲ့သည်။ လက်ရှိ ကျုံးရေအမှတ်မှာ ၈.၅ အထိ ရှိနေသည်။ မန္တလေးသင်္ကြန်တွင် ယခင်နှစ်ကကဲ့သို့ လုံခြုံရေး အထူးကြပ်မတ်မှုများ မရှိဟု ဆိုသည်။ ယခုနှစ်တွင် စီစီတီဗီကင်မရာများကို မဏ္ဍပ်များတွင် မတပ်မနေရ ပုံစံမျိုး ဆောင်ရွက်ခိုင်းခြင်းမရှိသေးဟုလည်း သိရသည်။
ဧပြီလ ၁ ရက်နေ့က ရွေးကောက်ပွဲ ပျော်ရွှင်မှုသည် သင်္ကြန်အထိ ကူးစက်လာကြောင်း၊ ဆယ်စုနှစ်နှင့်ချီ၍ ခံစားနေရမှုများကို ယခုနှစ်သင်္ကြန်ရေနှင့် ဆေးကြောသန့်စင်ကာ ရှေ့ဆက် အကောင်းများနှင့် ကြုံတွေ့ရမည့်နှစ်အဖြစ် ယုံကြည် အသက်သွင်းသွားမည်ဖြစ်ကြောင်း မန္တလေးဒေသခံများက ပြောဆိုလျက် ရှိကြသည်။
ယခုနှစ် မန်းသင်္ကြန်တွင် ကျုံးရေအပြင်၊ သင်္ကြန်အဆိုအကများအပြင် သံချပ်များဖြင့်ပါ မြူးကြပါတော့မည်။
 
burma.irrawaddy.org/archives/8524

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif