http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

“--- ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီ အဖိုးရေ --- ”

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆- ၁၉၆၄) ရဲ့ မွေးရပ်ဇာတိ၊ ဝါးလည်ကျေးရွာမှာ “ဆရာလွန်းစာကြည့်တိုက်” ဆောက် လုပ်ရန် အလှူငွေနဲ့ စာအုပ်စာစောင်များလှူဒါန်းတဲ့သတင်း  မြန်မာ့အလင်းသတင်းစာ (၆ ဧပြီ ၂၀၁၂) မှာ ဖတ်ရတယ်။
စာကြည့်တိုက်ဆောက်တယ်ဆိုတာ တကယ့်လူသာဓု၊ နတ်သာဓုခေါ်ရမယ့်ကိစ္စ၊ ကြိုဆိုရမယ့်ကိစ္စကောင်းပါ။
သတင်းစာက သတင်းခေါင်းစဉ်တပ်ထားရာမှာတော့ “သခင်ကိုယ်တော်မှိုင်းစာကြည်တိုက် ဆောက်လုပ်ရန် အလှူငွေနှင့် စာအုပ်စာစောင်များလှူဒါန်း” လို့ရေးထားပါတယ်။ သတင်းအပြည့်အစုံကိုဖတ်ကြည့်တော့ သတင်းခေါင်းစဉ်တတ်ထားသလို စာကြည့်တိုက်နာမည်က သခင်ကိုယ်တော်မှိုင်း အမည်နဲ့မဟုတ်ဘူး။ “ဆရာလွန်း” အမည်နဲ့ ဖြစ်နေပါတယ်။
ဆရာလွန်းဟာ သခင်ကိုယ်တော်မှိုင်းမဟုတ်ဘူးလား။ သခင်ကိုယ်တော်မှိုင်းဟာလည်း ဆရာလွန်းဘဲမဟုတ်ဘူးလားလို့ အငေါ်တူးပြီးမေးချင်မေးနိုင်ပါလိမ့်မယ်။ အဲဒီလိုမေးတာကိုယ်၌က မေးတဲ့သူ့ရဲ့စိတ်နေသဘောထားပေါ်ပါတယ်။
“ဆရာကြီးသခင်ကိုယ်တော်မှိုင်း”  စာကြည့်တိုက်လို့ မသုံးဘဲ “ဆရာလွန်း” စာကြည့်တိုက်လို့ ဒီလို တော်စွလျော်စွသုံးတာကို လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအနေနဲ့ တည့်မတ်ပေးသင့်ပါလျက် အခုတော့ အလိုတူအလိုပါလုပ်နေပါတယ်။ မသိကျိုးကျွံပြုနေပါ တယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာကြည့်တိုက်လို့ မသုံးဘဲ ဆရာလွန်း စာကြည့်တိုက်လို့သုံးတာဟာ၊ ဒီလိုသုံးစွဲနေတာကို အလိုတူအလိုပါလုပ်ပြီး မသိကျိုးကျွံပြုနေတဲ့ သဘောထားဟာ  ၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ (ဖဆပလ) အစိုးရက ဆရာကြီးကို “အလင်္ကာကျော်စွာဘွဲ့”ပေးတဲ့ သဘောထားမျိုးနဲ့ထပ်တူဆင်တူဖြစ်ပါတယ်။
သမိုင်းနဲ့အစဉ်အလာကို ဖုံးကွယ်တဲ့၊ ဖျောက်ဖျက်တဲ့သဘောထားနဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လက်ပိုက်ကြည့်နေဖို့မသင့်ပါ။
ရွှေစင်၊ ရွှေဖလားကို စိန်နားကွပ်သင့်ပါလျက်နဲ့ တော်စွလျော်စွလုပ်တဲ့သဘောထားမျိုး၊ အလေးမထား စော်ကားတဲ့သဘော သက်ရောက်ပါတယ်။ အဲဒီဆုနဲ့ပတ်သက်ပြီးဆရာကြီး အခုလိုပြောတယ်လို့ မှတ်သားဖူးပါတယ်။
“မောင်နု (ဝန်ကြီးချုပ်ဦးနု) က ငါ့ကို နှဲမှုတ်တဲ့ လူတွေကိုပေးတဲ့ ဆုပေးတယ်”တဲ့။ (မှတ်မိသလိုပြန်ရေးပြတာပါ)
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ တိုင်းပြည်မှာ နေလိုလလိုထင်ရှားခဲ့သူပါ။
 စာရေးဆရာကြီး ဆရာဇော်ဂျီက ဆရာကြီးရဲ့ ဂုဏ်ပုဒ်ကို အခုလိုဖေါ်ထုတ်တာဖတ်ရဖူးပါတယ်။
“နိုင်ငံရေးခေါင်း ဆောင်တို့ သည် လောလောဆယ်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကို အရယူပေးခဲ့ကြသည်မှာမှန်ပါ၏။ သို့ရာတွင် ဆရာကြီးက သူ၏ကဗျာ များဖြင့် တိုင်းပြည်၏ဆန္ဒကိုစည်းရုံးပေးသော ကြောင့်ဖြစ်သည်” ဆိုခဲ့ပါတယ်။ 
မောင်ဇေယျာ ကလည်း ဆရာကြီးရဲ့တန်ဖိုးကို အခုလို အကဲဖြတ်ပါတယ်။
 “၂၀ ရာစု မြန်မာနိုင်ငံ၏ အကျိုးကို ထူးခြား ပြောင်မြောက်စွာ ထမ်းရွက်ခဲ့သူများတွင် ထိပ်ဆုံးမှာပါဝင်သည်၊ ကွယ်လွန်သည့်တိုင် ကိုယ်ကျိုးစွန့်၍ တိုင်းပြည်နှင့် လူမျိုးအကျိုးကို  အနစ်နာခံသယ်ပိုးခဲ့သည့်  ကဗျာစာဆိုစာရေးဆရာ စာပေပညာရှင် ငြိမ်းချမ်းရေးဖခင်ကြီး အဖြစ်ထင်ရှားသည်”
ဒါ့အပြင် တိုင်းပြည်မှာ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးတောင်လောင်ချိန်မှာလည်း ရဟန်းရှင်လူပြည်သူများကို စည်းရုံးပြီး ပြည်တွင်းငြိမ်းရေးရအောင် ရှေ့ဆောင်ခဲ့သူဖြစ်ပါတယ်။
 မကွယ်လွန်မီနောက်ဆုံးအချိန်အထိ
“ဆရာတို့စေတနာက ကိုယ်မသေခင်လေးမှာ ပေါ့လေ၊ အဲ --- တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးအစစ်ကို တွေ့မြင်ကြားတွေ့သွားချင်တယ်”
ဆိုပြီး တမ်းတသွားခဲ့သူဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့သူဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆန္ဒ(တိုင်းပြည်မှာ  တကယ့်ငြိမ်းချမ်းရေးအစစ်ရရှိလိုတာ)အခုထိ မပြည့်မဝသေးပါ။ ပြည်တွင်း စစ်မီးဆက်လက်လောင်မြိုက်နေဆဲဖြစ်ပါတယ်။  ကချင်ပြည်နယ်မှာ သေနတ်သံတွေပေါ်ထွက်နေဆဲပါ။ အများပြည်သူက တောင်းဆိုနေ တဲ့ တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆိုတာပင် မဖြစ်မြောက်သေးပါ။
ဆရာကြီးတောင်းဆိုခဲ့တဲ့ငြိမ်းချမ်းရေးက အုပ်စိုးသူအဆက်ဆက်က တစ်ဖက်သတ် အပေါ်စီးယူပြီးအနိုင်ကျင့် ပြန်ပေးဆွဲတဲ့ “ငြိမ်းချမ်းရေး”မျိုးမဟုတ်ပါဘူး။ တကယ့်တန်းတူရည်တူရှိတဲ့၊ သိက္ခာရှိတဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ်ကနေအဖြေရှာယူတဲံ  တကယ့်ငြိမ်း ချမ်းရေး မျိုးဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က တင်ပြချက်ထဲမှာ ငြိမ်းချမ်းရေးကို ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး အခုလိုဖေါ်ပြထားပါတယ်။
 “--- ဒီနေရာမှာ အချို့ကပြောကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တရားဝင် တည်ရှိခွင့်ပေးရင် ဝင်လာကြဖို့ဆိုတဲ့သဘောထားနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးလားလို့ ပြောကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယခင် သတင်းစာ ကွန်ဖရင့်မှာ ကျွန်တော်တို့ပြောပြခဲ့ဘူးပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တရားဝင်တည်ရှိခွင့်ဆိုတဲ့အချက် ၂ ချက်ကို စဉ်းစားပါတယ်။ ဒီ ၂ချက်နဲ့ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်နိုင်ပြီလို့ မယူဆပါ။ ဒီ ၂ ချက်ဟာ သူပုန်များမြေပေါ်ရောက်ရေးလောက်သာ ဖြစ်နိုင်ပါတယ်။
သူပုန်များမြေပေါ်ရောက်ရေးနဲ့ ငြိမ်းချမ်းရေးဟာကွာလှမ်းနေပါသေးတယ်။ ငြိမ်းချမ်းရေးရဖို့အဓိက ကတော့မြေပေါ်ရောက်ရေး လောက်နဲ့မပြီးပါ၊ မြေပေါ်ရောက်ပြီး ဘယ်လောက်လက်တွေ့အားဖြင့် နိုင်ငံရေးဆက်ပြီး လုပ်ကိုင်ခွင့်ရှိတယ်၊ မရှိဘူးဆိုတဲ့ အပေါ်မှာ တည်နေပါတယ်။ မြေပေါ်ရောက်ပြီးတဲ့နောက် သူတို့ယုံကြည်တဲ့ အမျိုးသားရေး - နိုင်ငံရေးလမ်းစဉ် လုပ်ငန်းများ ကို ဆောင်ရွက်ခွင့် ဘယ်လောက်ရရှိတယ် -  မရှိတယ် အပေါ်မှာ ငြိမ်းချမ်းရေးဟာ အဓိကတည်ရှိနေပါတယ်။
 ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဆိုင်းဘုတ်တရားဝင်တင်ခွင့်ကြောင့် မဟုတ်သေးဘူးလို့ ယူဆပါတယ်” တဲ့။
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီးလည်း
“--- ယခုပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဟာ ပွဲစားမဟုတ် ၊ နှစ်ဘက်ကြားက ဆောင်ရွက်တဲ့ အဖွဲ့လည်းမဟုတ်၊ ပြည်သူလူထုအကျိုးဆန္ဒနဲ့ကိုက်ညီတဲ့ ငြိမ်းချမ်းရေးကို ရရှိစေဘို့ ပြည်သူလူထုကို အခြေခံပြီး ဆောင်ရွက်သွားမယ့်အဖွဲ့ဖြစ်ပါတယ်”
လို့ ပြတ်သားတည်ကြည်စွာဖေါ်ပြခဲ့ပါတယ်။
ဒီလိုရပ်တည်ချက်၊ သဘောထားနဲ့ ဖြေရှင်းနည်းကို ဒီကနေ့ “အလွတ်သဘော၊ ပဏာမအဆင့်၊ပြည်ထောင်စုအဆင့်၊ ထာဝရ ငြိမ်းချမ်းရေး၊ ပင်လုံကဲ့သို့”စသဖြင့် “ငြိမ်းချမ်းရေးစကား” ပြောနေကြသူတွေ၊ “ငြိမ်းချမ်းရေးအကျိုးဆောင်”ဆိုသူတွေ၊ “တွေ့ဆုံဆွေး နွေးရေး”လုပ်နေကြသူတွေ၊ ပါတီ၊ အဖွဲ့အစည်းတွေအနေနဲ့ ထည့်သွင်းစဉ်းစားကြည့်ကြဖို့ဖြစ်ပါတယ်။ နှိုင်းယှဉ် သုံးသပ်ကြည့်ကြဖို့ဖြစ်ပါ တယ်။ “ဒိုင်ယာလော့ယဉ်ကျေးမှုမရှိသော”လို့ဆိုတဲ့“ပညာရှင်ဆိုသူ” များလည်း လေ့လာကြည့်ဖို့ပါ။
ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ကိုလည်း “တပ်မတော်နေ့” အဖြစ်ပြောင်းခဲ့ပြီ။
(ဗကသ) ကို (မကသ)ဆိုပြီး သွေးတိုးစမ်းခဲ့ကြပြီ။ (ဗကသ) ကို (မကသ) လို့အပြောင်းမခံကြနဲ့။
သခင်ကိုယ်တော်မှိုင်း ကို “ဆရာလွန်း” လို့ အပြောင်းမခံကြပါနဲ့။
ဒါကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုတဲ့ ဂုဏ်နဲ့ဒြပ်ကို ဟပ်မိစေဖို့ စာကြည့်တိုက်ဖွင်ရေးကိုရိုးသားစွာကြိုးစားကြတဲ့ အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်ပုဂ္ဂိုလ်များအနေနဲ့လည်း လေးလေးနက်နက်စဉ်းစားပြီးဆောင်ရွက်သင့်ပါတယ်။ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့ ဦးစီးနေတာပါ။ ဘုန်းကြီးခေါင်း ခေါက်ပြီးမှ ကန်တော့တာမျိုး မလုပ်သင့်ပါဘူး။အစိုးရငြိုငြင်မှာကိုကြောက်ပြီး ငုံ့ခံနေဖို့မသင့်ပါဘူး။

 “--- ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီ အဖိုးရေ --- ”
“--- သခင်အောင်ဆန်း နိုင်ငံတော်လည်းသွေးစွန်းခဲ့ပြီ အဖရေ --- ”
လို့ ဆိုခဲ့ကြတဲ့  ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ သီချင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ညွန်း
-       ပြည်တွင်းငြိမ်းချမ်းရေးသဘောထား၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော၊ (အောင်မျိုးစာပုံနှိပ်တိုက်)
-       ပြည်တွင်းငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆ -၁၉၆၄) - မောင်ဇေယျာ (ပြည်သူ့ခေတ်ဂျာနယ်။ အတွဲ ၂ အမှတ် ၈၇၊ စာမျက်နှာ ၃၀) 
http://moemaka.blogspot.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif