http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

သမိုင်းကြောင်း လှနေပါစေ

အလုပ်သွားရင် ဦးနှောက်ကို ယူသွား ပါ။ အလုပ်ပြန်ရင် စိတ်ကို ယူလာခဲ့ပါ’ ဒီစကားရပ်ဟာ စာပေ ပညာရှင် တစ်ဦး ရဲ့စကားလုံးပါ။ ကျွန်တော် ဒီစကားရပ်နဲ့ ဘယ်သူ့ကို ရည်ညွှန်း တာလဲ၊ ဘယ်အဖွဲ့ကို ရည်ညွန်းတာ လဲဆိုတာ… အောင်မြင်မှု တစ်ခုအတွက် မဖြစ်မနေ လုပ်ရမယ် ဆိုရင် မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ် က ပြင်းပြင်း ထန်ထန် ရှေ့ဆုံးက ရှိနေတာပါ။ ရုပ်ရှင်လောကမှာ ရေပန်းစားနေတာ ကတော့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား အကြောင်းပါပဲ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင် အနုပညာရှင် များကို ဖိတ်ကြား တွေ့ဆုံပြီး၊ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးလိုကြောင်း၊ ၂ဝ၁၅ ခုနှစ်မှာ နှစ်၁ဝဝပြည့် ဖြစ်လို့ သုံးနှစ်တာ အချိန်တိုကာလ အတွင်း ပြီးစီးလိုကြောင်း၊ ဥပမာ အနေနဲ့ အိန္ဒိယနိုင်ငံရဲ့သမိုင်းဝင်မှတ်တမ်း ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ MAHATMA GANDI လွတ်လပ်ရေး တိုက်ပွဲ ဝင်ခဲ့တဲ့အကြောင်းကို အနီးစပ်ဆုံး လုပ်ကိုင် နိုင်အောင် ပြောသွားတာပါ။ အဲဒီလောက်နဲ့ပဲ ကျွန်တော်တို့ ရုပ်ရှင် အနုပညာ ရှင်တွေရဲ့မျက်နှာ လန်းဆန်းရုံမက တအားကို စိတ်ဓာတ် တက်ကြွသွားတယ်။ အန်တီစု ဆက်ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို သုတေသန ပြုမယ် ဆိုရင် ၁နှစ်မျှ ကြာမှာပါ။ အချိန်က ၃နှစ်ပဲ ရတာဆိုတော့ ပြီးနိုင်ပါ့မလား လို့ စိတ်ပူမိကြောင်း။ ဒါဆို လုပ်ငန်းကို မနက်ဖြန်ပဲ စတာပေါ့ လို့ ဆိုလိုက်တဲ့ ကိုဇင်ဝိုင်းရဲ့ အသံကြောင့် အန်တီစု အားတက်သွားပုံ ရတယ်။ အဲဒီနေ့ကပဲ ယာယီ ကော်မတီ ဖွဲ့လိုက်ပါတယ်။ ပြီးတော့ အန်တီစုက ဆက်ပြောပါသေးတယ်။ အရင်ခေတ် လွတ် လပ်ရေး တိုက်ပွဲဝင်စဉ် ကာလက တေးသီချင်းတွေ အသုံးပြုရာမှာ စာသားယူပြီး အခုခေတ် တေးဂီတနဲ့ ကနေ့ လူငယ်အဆိုတော် များကို ပြန်လည် တီးခတ် သီဆိုစေ လိုကြောင်း၊ ရုပ်ရှင်နဲ့ ဂီတကို တွဲဖက်ပြီး စည်းလုံးစွာ ကြိုးပမ်းကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ အန်တီစုက လူငယ်တွေ အားကိုယူလိုကြောင်း လူငယ်တွေ ကို နေ ရာပေးနိုင် ကြောင်း၊ အထပ်ထပ်အခါခါ ပြောပါတယ်။ ဒါဆို လူငယ်တွေ မီးကုန် ယမ်းကုန် ကြိုးစားရ မှာပါ။ တကယ်တော့ အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဂဃနဏ သိတဲ့လူ အလွန် နည်းပါတယ်။ အန်တီစုက ဖခင် အကြောင်း စုံစုံလင်လင် ပြောတာနဲ့ပဲ ခန့်မှန်း လို့ရတာက ဖခင် ဗိုလ်ချုပ် အကြောင်းကို အန်တီစု လောက် သိမယ့်လူ ဒီတွေ့ဆုံပွဲထဲမှာ ခပ်ရှားရှားပါ။ အဲဒီနေ့က ကျွန်တော်ဘာကို သတိထားမိလဲ ဆိုရင် အန်တီစု အချိန်တိကျတာကိုပါ။ ၃နာရီလို့ ဖိတ်ကြားထားတဲ့ အတွက် နေ အိမ် ခြံဝင်း ထဲက တွေ့ဆုံပွဲလေး ရှိရာကို နေအိမ်ထဲ ကနေ အန်တီစု ၃နာရီ အတိအကျ ထွက်လာတာပါ၊၊ ရောက်ရှိနေတဲ့ အနုပညာရှင်တွေကို နှုတ်ဆက်ပြီးပြောစရာ ရှိတာ ကိုပြောသွားပါတယ်။ ၅မိနစ်၊ ၁ဝမိနစ်၊ ၁၅မိနစ်လောက် နောက်ကျပြီး ရောက်လာတဲ့ သူတွေလည်း ရှိပါတယ်။ အန်တီစု ဖခင် ဗိုလ်ချုပ်အကြောင်း ပြောရင်းက… ”နောက်ကျပြီး ရောက်လာတဲ့ သူတွေကို မစောင့်ဘဲ အစီအစဉ်ကို စမိတဲ့အတွက် တောင်းပန်ပါတယ်” လို့ ရုတ်တရက်ပြော လိုက်တာကို ကျွန်တော် သတိထားမိလိုက် တယ်။ အဲဒါအချိန်ကို လေးစားဖို့၊ တိကျဖို့ ပြောတာလို့ ကျွန်တော် နားလည် လိုက်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပါလို့ အန်တီစု ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေမှာ ကျွန်တော် နားထောင်ခဲ့ ဖူးပါတယ်။ ကျွန်တော်တို့ ရုပ်ရှင် အနုပညာရှင်တွေ မှ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါ အချိန်ကို လေးစား တိကျဖို့လို မယ်လို့ သိရှိခဲ့ရတာပါ။ ဒါကိုလေးစား လိုက်နာဖို့ လိုပါမယ်။ ပြည်သူ တစ်ရပ်လုံးက ဒီမိုကရေစီ အရေးမှာ အန်တီစုကို အားကိုးလို့၊ အန်တီစု က လူထုခေါင်းဆောင် ဖြစ်အောင်၊ ထူးချွန်ထက်မြက်အောင် ကြိုးစားခဲ့ပါရင်.. ”အန်တီစုက အဖေဖြစ်သူ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ အကြောင်း ရုပ်ရှင် ရိုက်ချင်လို့ပါ ဆိုရင် ကျွန် တော်တို့ အနုပညာရှင်တွေနဲ့ ပြည်သူများ၊ လူငယ်များ စည်းစည်းလုံးလုံး၊ ညီညီညွတ် ညွတ်နဲ့ ကြိုးစား အားထုတ်ပေးရမှာ မဟုတ်ဘူးလား။ ကျွန်တော် ဒီလိုပြော တာ အကြောင်း ရှိပါတယ်။ အန်တီစုနဲ့ တွေ့ဆုံတဲ့နေ့က ယာယီ ကော်မတီလို့ အမည်တပ်လိုက်တဲ့ အတွက် ပါဝင်လုပ်ဆောင်မယ့် သူတွေ တာဝန်ကြီး သွားသလို၊ အမည် အတပ်မခံရသူ တချို့ စိတ်မကောင်းကြပါဘူး။ နောက်ကွယ်မှာတော့ ဘာညာဘာညာ ပေါ့၊ဒါကိုက ဒီမိုကရေစီပဲ မဟုတ်လား။ ထောက်ခံတာရော၊ မထောက်ခံတာရော ဒီမိုကရေစီ ပဲပေါ့။ ကျေနပ်တာ၊ မကျေနပ်တာဟာ ဒီမိုကရေစီပါပဲ။ ဒါဆို ရှင်းပြရမယ်၊ ညှိနှိုင်းရမယ်။ သဘောပေါက်အောင် ပြောရမယ်။ ဒါ ဒီမိုကရေစီ ပဲလေ ။ ဖြစ်မြောက်ရေး ကော်မတီက ရုံးထိုင်ပြီး လုပ်ငန်းစတင် လုပ်နေပါပြီ။ ဒီလူတွေ အချိန်ပြည့် အလုပ်လုပ်နေတာပါ။ ကိုယ်ကျိုးလည်း စွန့်ရမှာပါ။ ဒါရိုက်တာဝိုင်း ပြောသ လိုပဲ၊ တာဝန်ယူထားတဲ့ အနုပညာရှင် တွေဟာ သုံးနှစ် အတွက် ပေးဆပ်ဖို့ ကိုယ့်ရှိတဲ့ အလုပ်တွေ ရပ်နားထားမှ ဖြစ်မယ် ဆိုသလိုပေါ့။ တကယ်လည်း ဟုတ်ပါတယ်။ အဲဒီလို ကိုယ်ကျိုးစွန့် ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် စကားနဲ့ ပြောရရင် အချင်းချင်း ချိန်ခွင်လျှာ ညီညီမျှမျှ လုပ်ကိုင်နေဖို့ပဲ လိုတယ်။ ကိုဇာဂနာ နဲ့အဖွဲ့က လည်း ပြည် ပနိုင်ငံ ထွက်ပြီး လေ့လာရေးတွေ လုပ်ခဲ့ပါပြီ။ ဒါ ကြိုးစား အားထုတ်မှုပါ။ ဗိုလ်ချုပ်အောင်ဆန်း၊ ဇနီးဒေါ်ခင်ကြည်၊ အဲဒီခေတ်အခါက ဗိုလ်ချုပ် အောင်ဆန်း နဲ့လက်တွဲခဲ့ တဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီး တွေ၊ သမိုင်းကြောင်း ရှိသူတွေ၊ အာဇာနည် ခေါင်းဆောင်တွေ စတဲ့ပါဝင်နိုင်သူများ အတွက် တူညီတဲ့ သရုပ်ဆောင် ရှာဖွေရတာ မလွယ်ပါ ဘူး။ အဲဒီ ရွေးချယ်ရေး အလုပ်ကိုလည်း သတင်းစာ ထဲထည့်ပြီး ခေါ်နေပါပြီ။ ခုလုပ်နေတဲ့ အလုပ်က သိပ်ကို ကျယ်ပြန့်ပါတယ်။ ဒါကြောင့် ဖြစ်မြောက်ရေး ကော်မတီမှာ ပဲ တာဝန်ရှိတယ်လို့ မယူဆစေချင် ဘူး။ အနုပညာရှင်တွေ တင်မကဘူး။ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်တဲ့၊ လေးစားတဲ့ ပြည်သူလူထု မှာလည်း တာဝန် ရှိပါတယ်။ ကိုယ့်မှာ ရှိတဲ့ အင်အားကို အများအတွက် မသုံးရင် ဘာမှ တန်ဖိုးမရှိဘူးလို့ အန်တီစု ပြောခဲ့တာပါ။ ကျွန်တော် ပြောချင်တာက ကျွန်တော် တို့မှာရှိတဲ့ အင်အားကို လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများ အတွက် အသုံးမပြုဘူး ဆိုရင် အနုပညာရှင် တွေအဖို့ ဘာမှ တန်ဖိုးရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အားလုံး ပါဝင်ကြဖို့ လိုမယ်လို့ ပြောပါရစေ။ ဥပမာ.. ဗိုလ်ချုပ်အောင်ဆန်း မြို့တော်ခန်းမ ပေါ်ကနေ လူထု ဟောပြောပွဲ လုပ်တာကို ရိုက်ရင် တက်ရောက်မယ့် လူထုထောင်သောင်း ချီပြီး လိုမယ်။ အဲဒီမှာ တက်ရောက်ပေးမယ့် လူထုကရော ဗိုလ်ချုပ် အတ္ထုပ္ပတ္တိအတွက် ပါဝင် ကူညီပေးတာပဲပေါ့။ ဒါဆို တာဝန်ရှိ သွားပြီလေ။ ကူညီမယ့်သူ အားလုံးမေတ္တာကို ရှေ့ထားပြီး လုပ်ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေးဟာ တကယ်တော့ လွယ်မယောင် နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်ပါ တယ်။ လောလောဆယ် သုတေသန လုပ်ဖို့၊ စာတမ်း ပြုစုဖို့ ကိစ္စက အလွန် အရေးကြီးတာ ပါ။ အဲဒီအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး စာတစ်ကြောင်း ပဲရရ၊ စာတစ်ပိုဒ် ပဲရရ၊ နှိုက်နှိုက်ချွတ်ချွတ် ပြောတာပဲဖြစ်ဖြစ်၊ ထူးခြား ဖြစ်စဉ်ပဲ ဖြစ်ဖြစ်၊ ကူညီကြ၊ ပါဝင်ကြရင် ဝမ်းမြောက်စရာပါပဲ။ ခုချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေး ကော်မတီရုံးခန်းကို လည်း ဖွင့်ခဲ့ပါပြီ။ ရုံးထိုင်ပြီး အလုပ်လည်း လုပ်နေကြပါပြီ။ (ကို)ကျော်သူ (နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ) ကလည်း အမျိုးသား ရုပ်ရှင် ထုတ်လုပ်ရေးကို လှူဒါန်းခဲ့ပါပြီ။ သာဓုခေါ်ပါရစေ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးစိန်တင်နဲ့ ဇနီးကလည်း ရုံးခန်းဖွင့်ပွဲ အခမ်းအနား မှာပဲ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေး စာချုပ်စာတမ်း များကို လက်မှတ်ထိုး လွှဲပြောင်းပေးတာလည်း ဂုဏ်ယူပါတယ်။ ထို့အတူ အလှူရှင်တွေ ပါဝင်နေတာ တွေ့ရ လို့လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားကြီး အတွက် တာဝန်ယူ လုပ်ကိုင် သူများကို ကျွန်တော် အဖြူစင်ဆုံး ဆန္ဒတစ် ခုပြုချင်ပါတယ်။ ရွေးချယ် ခံရတဲ့ သရုပ်ဆောင်များ၊ ပါဝင်တာဝန်ယူ လုပ်ကိုင်သူများဟာ သမိုင်းကြောင်း ရှိဖို့လိုမယ်။ သမိုင်းကြောင်းကောင်း ဖို့လိုမယ်။ အကျင့် စာရိတ္တကောင်း သူလည်းဖြစ်၊ စာဖတ်သူလည်းဖြစ်၊ အတတ်ပညာအရာ မှာ တော်တဲ့သူ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူ၊ စွန့်လွှတ် အနစ်နာခံသူ၊ ကိုယ်ကျိုးစွန့်သူ အစ ရှိတဲ့ အရည်အသွေး အားလုံး မဟုတ်ရင်တောင် အတိုင်းအတာ တစ်ခုထိ ရှိစေချင်ပါတယ်။ ဘယ် Subject ကိုပဲဖြစ်ဖြစ် ပါဝင်တာဝန်ယူတဲ့ သူဟာ ဒီလို စိတ်မျိုးတွေ ရှိစေချင် တာပါ။ ဒါမှ သမိုင်းကြောင်းက လှနေမှာ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ.. ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ထားသူများ.. We Can Do It လို့ ပြောပါရစေ။
ဒါရိုက်တာ မောင်ဗေဒါ 
http://popularmyanmar.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif