သင်္ကြန်အကျနေ့  မှာမြစ်ကြီးနားက ပြန်ရောက်လာတဲ့ရဲတိုက်က ဘယ်မှ မသွားတော့ဘဲ အိမ်မှာသာ နားနေ ခဲ့ပါတယ်။ အဲဒီနောက် ဒါရိုက်တာဏကြီး၊ သရုပ်ဆောင်ဖွေးဖွေးနဲ့ “ဘိုမ” အမည်ရှိ ဗွီဒီယို တစ်ကားရိုက်ခဲ့တယ်လို့ သိရတာမို့ “ဘိုမ” ဆိုတော့ မင်းသမီးဇာတ်ပေါ့လို့ မေးတဲ့အပေါ်
“မင်းသမီးဇာတ်လို့ ပြောလို့မရပါဘူး။ ဘိုမဆိုတာ အဲဒီကားမှာပါတဲ့ ကလေးသရုပ်ဆောင် အေးမြကျော်ရဲ့ အမည်ပါ။ သူက ကျွန်တော် တည်ဆောက်ထားတဲ့ စိတ်ကလေးပေါ့။ ကျွန်တော်ရောဂါဖြစ်နေတာကို ဆရာဝန်ပြနေရင်းနဲ့ ဒီကလေးနဲ့ဆုံတဲ့ ဇာတ်ဆန်းလေးပါ” လို့ပြောတာမို့ ကြည့်ရတာ ခေတ်စားနေတဲ့ ဝိညာဉ်ကား၊ သရဲကားမျိုးဖြစ်မယ် ထင်ပါတယ်။ ရဲတိုက်က ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖူးခက်မှာ သွားရိုက်မယ့် ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာကလေးများကို ပညာသင်ကြားပေးနေသော အဖွဲ့အစည်း တစ်ခုမှ စီစဉ်ရိုက်ကူးသော ဇာတ်လမ်းဖြစ်ကြောင်း သိရပါတယ်။ ရဲတိုက်က မေတ္တာဖြင့် ပါဝင် ကုသိုလ်ယူခြင်းဖြစ်တာမို့ အနုပညာ အလှူပေးဆပ်တဲ့ကား ဖြစ်ပါတယ်။ ရဲတိုက်က ဖွေးဖွေးနဲ့ရိုက်ခဲ့တဲ့ “အမည်ခံချစ်သူ” ဗီဒီယိုမှာ ချစ်သူကို ခပ်ကြမ်းကြမ်း ဆက်ဆံပြီး အနိုင်ယူတတ်သူ၊ နောက်ဆုံးမှာ စိတ်ဝေဒနာရှင်လို့ ပြထားတဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဇာတ်ရုပ်က နည်းနည်းကြမ်းနေပြီး အပြင်မှာရော ဒီလိုဖြစ်နိုင်တာမို့ မေးတဲ့အပေါ် “အဲဒါဆိုရင်တော့ မဟုတ်ပါဘူးဗျာလို့ ရှင်းပြရမှာပေါ့။
ကျွန်တော်က ဇာတ်ရုပ် တစ်ခုအပေါ်မှာ ဝင်စားသရုပ်ဆောင်တာပါ။ ကျွန်တော် အဲဒီလိုလည်း အနိုင်မယူတတ်ပါဘူး။ ကြင်ကြင်နာနာ ဆက်ဆံပါတယ်” လို့ဖြေခဲ့ပါတယ်။ မို့မို့မြင့်အောင်နဲ့ ရိုက်ခဲ့တဲ့ “သား” ဇာတ်ကားနဲ့ ပတ်သက်ပြီး “အဲဒီကားကြည့်ပြီး ပရိသတ်တွေ ငိုရတယ် ပြောပါတယ်။ ဒါပေမယ့် တစ်ချို့ ပရိသတ်တွေက မငိုချင်ဘူး” လို့ မှတ်ချက်ချပါတယ်။ ရဲတိုက်က ဖူးခက်က ပြန်လာတဲ့အခါ ဆာတိုရီနဲ့ ဗီဒီယိုတစ်ကား ရိုက်ရန်ရှိပြီး လက်ရှိ ဈေးကွက် အပြောင်းအလဲ ဖြစ်နေတာတွေဟာ ထိခိုက်မှုရှိ၊ မရှိကိုတော့ “ထိခိုက်မှုတော့ မရှိပါဘူး။ ကျွန်တော်က ဒီအပြောင်းအလဲကို ရင်ခုန်နေတာပါ။ ဘာဖြစ်လို့ဆိုတော့ တစ်ခုခု အသစ်ဖြစ်သွားသလို ခံစားရလို့ပါ” လို့ ပြောခဲ့ပါတယ်။
www.yoyarlay.com/index.php
0 comments:
Post a Comment