http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 May 2012

ဂျပန်နိုင်ငံ Lawson Inc. မှ ရန်ကုန်မြို့တွင် စတိုးဆိုင်များ လာရောက်ဖွင့်လှစ်ရန် စီစဉ်နေ

7305



ရန်ကုန်မြို့တွင် လက်ရှိအချိန်၌ ဈေးဝယ်စင်တာ၊ စူပါမားကတ်နှင့် မီနီမားကတ် စုစုပေါင်း ၇၄ ခုရှိပြီး ဂျပန်နိုင်ငံ Lawson Inc. ကုမ္ပဏီမှ လည်း ၎င်းတို့၏စတိုးဆိုင်ခွဲများကို လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသဖြင့် ဈေးကွက်ပြိုင်ဆိုင်ရဖွယ် ရှိနေသည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်သည်။
ဂျပန်နိုင်ငံမှ Lawson Inc. သည် ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန် မြို့တွင် ပထမဆုံးစတိုးဆိုင်ကို လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီး လာမည့် ၃ နှစ်အတွင်း စတိုးဆိုင်ပေါင်း ၁၀၀ ခန့် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်ဟု Jiji Pressက ဖော်ပြထားသည်။
လက်ရှိရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၏ အနေအထားမှာလည်း ၀ယ်သူနှင့်ရောင်းသူ မမျှတဘဲ ဈေးကွက်ပြိုင်ဆိုင်ရမှုများရှိနေရာ ထပ်တိုးလာမည့် နိုင်ငံတကာမှ စတိုးဆိုင်များနှင့် ဈေးကွက်ပြိုင်ဆိုင်မှုများ ပိုမို အရှိန်မြင့်လာဖွယ် ရှိနေသည်ဟု သိရသည်။
7305a
ရန်ကုန်မြို့ရှိ စူပါမားကတ်တစ်ခုအား တွေ့ရစဉ်
“လက်ရှိရန်ကုန်မြို့ရဲ့ အနေအထားအရဆိုရင် ဈေးဝယ်စင်တာတွေ က တော်တော်လေးကို များလာပါပြီ။ တစ်နေရာတည်းတင် မဟုတ်ဘဲ နေရာ အနှံ့မှာ ရှိလာတဲ့ သဘောဖြစ်နေတယ်။ ဟိုးအရင်ကဆို ရန်ကုန်မြို့ မှာ ယုဇနပလာဇာဆိုတာ တော်တော်လေး နာမည်ကြီးခဲ့တယ်။ အခုဆိုရင် မြေနီကုန်းမှာ ဒဂုံစင်တာ၊ ရန်ကင်းမှာဆို ရန်ကင်းစင်တာ၊ ရှစ်မိုင်လမ်းဆုံမှာဆိုရင် Junction-8 စတဲ့ ဈေးဝယ်စင်တာတွေ ပေါ်ထွက်လာတဲ့ အတွက်ကြောင့် ဈေးကွက်အနေအထား က ပြန့်လာတယ်။ ဆိုလိုတာက ၀ယ်ယူနိုင်တဲ့သူဦးရေက ထပ်တိုးလာတာ မဟုတ်ဘဲ ဈေးကွက်မျှယူလိုက်တဲ့ သဘောဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း ဖွင့်လာတဲ့  Junction Mawtin၊ တော်ဝင်စင်တာ၊ အခုဆိုရင် Juncti- on Square တို့ထပ်ပေါ်လာတော့ လူတွေက ပထမပိုင်းတော့ အသစ်အဆန်းအနေနဲ့ သွားကြတယ်။ နောက်ပိုင်းကျတော့လည်း Window Shopping ပဲဖြစ်သွားတယ်” ဟု ဈေးဝယ်စင်တာ ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိ ၀ယ်လိုအား တိုးမလာဘဲ ဈေးဝယ်စင်တာများသာ တိုးပွားလာသည့်အတွက် အချို့ဈေးဝယ်စင်တာများတွင် ရောင်းဝယ်မှုများ သိသိသာသာ ကျဆင်းလာကာ ဆိုင်ခန်းအချို့ ပြန်အပ်ရမှုများပင် ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် လှိုင်သာယာမြို့နယ်၌ ဖွင့်လှစ်ထားသည့် Diamond City ဈေးဝယ်စင်တာမှာ တွက်ခြေမကိုက်တော့သည့် အတွက် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
“ကျွန်တော်က ယုဇနပလာဇာ မှာ ဆိုင်ခန်းနှစ်ခုဖွင့်ထားတယ်။ အခု နှစ်ပိုင်းမှာ အရောင်းအ၀ယ်လည်း အရင်လိုမဟုတ်ဘူး။ ဒါ့အပြင် အထွေထွေစရိတ်တွေလည်း မြင့်တက်လာတဲ့အတွက် အိတ်ထဲကစိုက်နေရတာ များတယ်။ ဒါတောင် ကျွန်တော် Junction-8 မှာဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ကို အရောင်းအ၀ယ် မကောင်းလို့ ဖြုတ်လိုက်ရတယ်။ အခုကျွန်တော်တို့ပလာဇာမှာ အရောင်းအ၀ယ်မကောင်းလို့ ဆိုင်ဆက်မဖွင့်တော့ဘဲ ပြန်အပ်တဲ့သူတွေ အများကြီးရှိနေပါတယ်” ဟု  ယုဇနပလာဇာရှိ IDEA Club  အိတ်ဆိုင်မှ ကိုသီဟက ပြောကြားခဲ့သည်။
ဈေးကွက် အနေအထားအရ အလှအပနှင့် ဖက်ရှင်ဆိုင်များမှာ ဈေးကွက်မျှ ယူနေရသဖြင့် အဆင်မပြေမှုများ ရှိနေသော်လည်း အစားအစာနှင့် လူသုံးကုန်များ ရောင်းချသော Convenience Store  များ ဖွင့်လှစ်ပါက အားသာချက်ရှိနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
“မြန်မာနိုင်ငံမှာ ဈေးဝယ်စင်တာတွေ များပေမယ့် 7 Eleven တို့လို Convenience Store  တွေကတော့ နည်းသေးတယ်။ အဲဒီလိုဆိုင်တွေ ဖွင့်လာမယ်ဆိုရင်တော့ အားသာချက်ရှိနိုင်ပါတယ်။ အခု ရန်ကုန်မှာ ဆိုရင် ဖက်ရှင်ဆိုင်တွေ ရောင်းမကောင်းပေမယ့် City Mart တို့လို လူသုံးကုန်နဲ့ အစားအစာတွေ အစုံရောင်းတဲ့ဆိုင်ကြီးတွေကတော့ အရောင်းအ၀ယ် လျော့ကျသွားတာမျိုး မရှိပါဘူး”ဟု ဈေးကွက်လေ့လာသူ တစ်ဦးက ဆိုသည်။
ဈေးဝယ်စင်တာများ အပြိုင်အဆိုင် ဖွင့်လှစ်လာချိန်တွင် ဈေးကွက်ဝယ်လိုအား မြင့်တက်လာစေရန် အတွက် နိုင်ငံသားများ စီးပွားရေး ကောင်းမွန်လာရန်လည်း လိုအပ်ကြောင်းသိရသည်။ 
www.weeklyeleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif