http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Aug 2012

အေးရှားဝေါလ်ကို ရန်ကုန်မှာ ဆန္ဒပြ


ဓာတ်ပုံများ- ခင်သြ/ ဧရာဝတီ
ခင်သြ ရေးသားပေးပို့သည်။

ကြည့်မြင်တိုင်နှင့် အလုံ ဒေသခံ ရပ်ကွက်သူ ရပ်ကွက်သားများက ဆောက်လုပ် လက်စ ဖြစ်
သော အေးရှားဝေါလ် ကုမ္ပဏီ၏ ကြည့်မြင်တိုင် ဆိပ်ကမ်းကို သြဂုတ် ၂၄ ရက်၊ ညနေ ၄ နာရီခန့်မှ စတင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။



အေးရှားဝေါလ်ကုမ္ပဏီက အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ လှိုင်မြစ်အတွင်းသို့ စီးဆင်း သည့် မြောင်းမကြီး မြောင်းကို ပိတ်ဆို့လိုက်သဖြင့် မိုးရွာပါက ရပ်ကွက်များအတွင်း ရေ၀င်ကာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသဖြင့် ဆန္ဒထုတ်ဖော် ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။



“၂ ရက်ရှိပြီ၊ မိုးရွာရင် အိမ်တွေထဲကို ရေ၀င်တယ်။ ရေက ခါးလောက်ထိ ၀င်တယ်။ အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေ၊ မော် တာတွေ အကုန် ပျက်စီးကုန်တယ်။ သူတို့က မြောင်းမကြီးမြောင်းကို ကွန်ကရစ်နဲ့ ပိတ်ပြီး လမ်းလုပ်ထားတယ်လို့ သိရ တယ်။ အဲဒါကြောင့် မြောင်းပြန်ဖွင့်ပေးဖို့ ပြောတာပဲ” ဟု ကိုယ်တိုင် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့သူ ကြည့်မြင်တိုင် မြို့နယ် ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်က မနီလာက ပြောသည်။

ဆန္ဒထုတ်ဖော်ကန့်ကွက်မှုကို ကြည့်မြင်တိုင်နှင့် အလုံမြို့နယ်များရှိ ရေလွှမ်းမိုးမှု ခံရသည့် ရပ်ကွက်များမှ လူ ၁၀၀၀ နီးပါးပါဝင်ခဲ့ပြီး စုစုပေါင်း ဆန္ဒပြချိန် ၆ နာရီခန့်ကြာမြင့်ခဲ့သည်။ ဆန္ဒပြ ကန့်ကွက်သူ များနှင့် အေးရှားဝေါလ် ကုမ္ပဏီ ၀န် ထမ်း အချို့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အချိန်မှီထိန်းသိမ်း နိုင်ခဲ့သည်။

“ဒီမြောင်းက အင်္ဂလိပ် ခေတ်တုန်းကရင်း လုပ်ထားတဲ့မြောင်း။ ဗားကရာမှာလည်း ရှိတယ်။ ကျောင်းကြီးလမ်း မှာလည်း ရှိတယ်။ ရွှေတိဂုံဘုရားက ဆင်းတဲ့ရေရယ် ဒီ စမ်းချောင်း၊ ကြည့်မြင်တိုင်က ဆင်းလာတဲ့ရေတွေ ကို မြစ်ထဲကို ထုတ်ဖို့လုပ်ထားတဲ့မြောင်း။ ဒီမြောင်းက ပိတ်ပစ်လိုက်တယ် ဆိုတော့ ဒီရေတွေက ဘယ်က ဆင်းရမလဲ” ဟု ကြည့်မြင်တိုင်မှ ဦးမြင့်ကြွယ်က ဆိုသည်။

အေးရှားဝေါလ် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ မြောင်းမကြီးမြောင်းကို ပိတ်ဆို့ထားခြင်းမရှိဘဲ တံတား ခင်းထားခြင်းသာ ဖြစ်ကြောင်း၊ တံတားတိုင်များနှင့် ရပ်ကွက်တွင်းမှ စီးလာသည့် အမှိုက်များ ပိတ်ဆို့နေခြင်း၊ မြစ်ရေ တက်လာခြင်းတို့ကြောင့် ရပ်ကွက်များတွင်းသို့ ရေ၀င်ခြင်းသာဖြစ်နိုင်ကြောင်း ဧရာဝတီကို ပြောသည်။

“ကျွန်တော်တို့ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ အားလုံးနေပြည်တော်ကို ကိစ္စတစ်ခုနဲ့ ရောက်နေပါတယ်။ အဲဒီမှာ အမြင့်ဆုံး အထွေထွေ မန်နေဂျာပဲ ရှိမှာပါ။ ကျွန်တော်တို့ဆီကို ခုပဲ စာရောက်ပါတယ်။ ဘယ်လို ဖြေရှင်း မယ်ဆိုတာကို ညှိနှိုင်းနေကြ ပါပြီ” ဟု ၎င်းက ပြောသည်။

အေးရှားဝေါလ် ဆိပ်ကမ်းနေရာသည် ကွန်တိန်နာကားကြီးများ၊ သစ်လုံးတင်ယာဉ်များနှင့် အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ဘတ်စ်ကားများ ဖြတ်သန်း သည့် အောက်ကြည့်မြင်တိုင်လမ်း ( ကြည့်မြင်တိုင် ကမ်းနားလမ်း ) တွင် တည်ရှိနေရာ လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုမှာလည်း ၆ နာရီ နီးပါးခန့် ကြာမြင့်ခဲ့သည်။

ည ၉ နာရီကျော်ခန့် အချိန်တွင် ခရိုင်ရဲမှူးရောက်ရှိလာပြီး ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းလင်းရန်
စတင် ဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့လည်း ခုမှ သတင်းရလို့ ခုမှလာရတဲ့တာပါ။ နာရီနဲ့ ချီပြီး ယာဉ်ကြောပိတ်ဆို့ထားတဲ့အတွက် ဒါကို အရင်ဖြေ ရှင်းရပါမယ်” ဟု ၎င်း က ပြောသည်။



ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနေချိန်အတွင်း ယာဉ်မောင်းများနှင့် ဆန္ဒထုတ်ဖော်သူများအကြား ပဍိပက္ခများ ထပ်မံဖြစ် ပေါ်ခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီ၊ ကိုမြအေးနှင့် ကိုပြုံးချိုတို့က ၀င်ရောက် ထိန်းသိမ်းပေးခဲ့သည်။

“ရေစီးရေလာမကောင်းလို့ အိမ်တွေထဲကို ရေဆိုးရေညစ်တွေ ၀င်ရောက်ခံနေရတဲ့ ကြည့်မြင်တိုင် ပြည်သူတွေရဲ့ ဒုက္ခဟာ ကျွန်တော်တို့ ဒုက္ခဖြစ်ပါတယ်။ ခု ဆိုဒ်တာဝန်ခံရဲ့ သဘောတူညီချက်နဲ့ ကျွန်တော် အာမခံပါတယ်။ ကုမ္ပဏီက မြောင်းမ ကြီး ကို ပြန်ဖွင့်ပေးပါလိမ့်မယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ကြည့်မြင်တိုင်၊ အလုံဒေသခံများကို ပြောကြား ခဲ့သည်။

အေးရှားဝေါလ်ဆိပ်ကမ်းသည် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းကြီးဖြစ်ကာ ယခင်အစိုးရ လက် ထက်ကတည်းက ဆောက်လုပ်ခွင့်ရရှိထားခြင်းဖြစ်သည်။
blog.irrawaddy.org/2012/08/blog-post_7316.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif