http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Aug 2012

ပုသိမ်ရုံးခွဲပဋိပက္ခအကြောင်း NLD ဘာပြောသလဲ









ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အောက်ခြေပါတီဝင်များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများအား စုံစမ်းစစ်ဆေးရေးအတွက် ကော်မရှင်ဖွဲ့ရန် အစီအစဉ်မရှိသေးကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ပုသိမ်မြို့နယ် NLD ရုံးတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ပြီး ပါတီဝင် ၂၀၀ ကျော်တက်ရောက်ကာ တိုင်းနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက ဒီမိုကရေစီးနည်းကျ မဟုတ်ဘဲ ၎င်းတို့စိတ်ကြိုက် လုပ်ဆောင်နေမှုများအား စုံစမ်းစစ်ဆေး အရေးယူပေးရန် တောင်းဆိုမှုနှင့်ပတ်သတ်၍ ပါတီ၏ သဘောထား ပေါ်ထွက်လာခြင်း ဖြစ်သည်။

“အဲဒီသတင်းစာရှင်းလင်းပွဲကိစ္စက ကျနော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ မဖွဲ့ရသေးပါဘူး။ စုံစမ်းစစ်ဆေးဖို့လည်း လောလောဆယ် အစီအစဉ် မရှိပါဘူး။ ကျနော်တို့ဆီ တင်ပြလာတဲ့ အစီရင်ခံစာတွေ ရနေပါပြီ။ အစည်းအဝေး ထိုင်ပြီးတဲ့အခါ ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်မှာပါ။ ဆုံးဖြတ်ချက်ဟာ ရက်ပိုင်းအတွင်းမှာ ထွက်မှာပါ”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ဖြစ်ပွားခဲ့သည့် ပါတီဝင်များ ဆန္ဒဖော်ထုတ်ပွဲနှင့် ပုသိမ်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတို့သည် ပါတီကို ဂုဏ်သိက္ခာကျစေရန် ကြိုးစားနေမှုများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီဟာက ရည်ရွယ်ချက်ရှိရှိနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒုက္ခပေးဖို့။ ဒါမှ မဟုတ်ရင် ဂုဏ်သိက္ခာကျစေဖို့ ကြိုးစား ဆောင်ရွက်နေတယ်လို့ ကျနော် မြင်ပါတယ်”ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

ပါတီ၏ အဓိက ခေါင်းဆောင်များနှင့် ၎င်းတို့အကြားတွင် ပိတ်ဆို့ဟန့်တားမှုများ ရှိနေသည့်အတွက် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည့် ပါတီဝင်များက ပြောသည်။

“ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲလုပ်တာဟာ လာမယ့် ၂၀၁၅ အတွက် နေရာလုတာ၊ ပုဂ္ဂိုလ်ရေး ကုတ်တာ ဖဲ့တာ မဟုတ်ပါဘူး။ အောက်ခြေမှာ ဖြစ်နေတဲ့ အခြေအနေမှန်တွေကို အစ်မ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယကကြီး ဦးတင်ဦး သိစေလိုတဲ့အတွက် အခုလိုလုပ်တာ ဖြစ်ပါတယ်”ဟု ၁၉၉၀ ခုနှစ် သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောသည်။

စစ်ဆေးအရေးယူပေးရန် ပုသိမ်ပါတီဝင်များက တောင်းဆိုထားသူများမှာ ဗဟိုနာယကအဖွဲ့ဝင် ဦးလှဖေ၊ တိုင်းအဆင့်မှ ရှေ့နေ ဦးကျော်ဟိုး၊ ဒေါ်ခင်လှဋ္ဌေး၊ ဒေါက်တာ အေးကြူ၊ ဒေါက်တာ မျိုးညွန့်၊ စခင်ဇော်လင်းနှင့် မြို့နယ်အဆင့်မှ ဦးသီဟ၊ ဦးလင်းသူနှင့် ဦးဝေလှိုင်ထွန်းတို့ ဖြစ်ကြသည်။

၎င်းပုဂ္ဂိုလ်များသည် ပါတီနှင့်ပတ်သတ်သော အဖွဲ့များ ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းကျ အများဆန္ဒမဟုတ်ဘဲ ၎င်းတို့နှစ်သက်သူများကို နေရာပေး ဖွဲ့စည်းကြောင်းနှင့် ပါတီအတွင်း အုပ်စုဖွဲ၍ ဆရာမွေး တပည့်မွေးလုပ်ပြီး သပ်သျှိုသွေးခွဲမှုများ လုပ်ဆောင်နေကြောင်း အောက်ခြေပါတီဝင် ၂၀၀ ကျော်က စွပ်စွဲထားသည်။

ပါတီအတွင်း အုပ်စုဖွဲ့ သွေးခွဲမှုများနှင့်ပတ်သတ်၍ ပုသိမ်မြို့နယ် လင်းကွင်းကြီးကျေးရွာတွင် တစ်ရွာတည်း၌ ပါတီရုံးနှစ်ရုံး ဖွင့်လှစ်ထားသည့်ဖြစ်ရပ်ကို စွပ်စွဲသူပါတီဝင်များက ဥပမာအဖြစ် ထောက်ပြပြောဆိုကြသည်။

ပုသိမ်မြို့နယ် NLD ရုံးမှ ဦးမြင့်စိုးဦးဆောင်သော ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ပုသိမ်မြို့နယ် လင်းကွင်းကြီးကျေးရွာ၌ ပါတီဝင် ၉၀ ကျော်ဖြင့် ယခုနှစ်ဆန်းပိုင်းက ရပ်/ကျေးရုံး ဖွင့်လှစ်ခဲ့သော်လည်း တိုင်းရုံး၏ အစီအစဉ်ဖြင့ှ် နောက်ထပ် ရုံးတစ်ရုံး ထပ်မံ ဖွင့်လှစ်ခဲ့ရာ တရွာတည်းတွင် ပါတီရုံး ၂ ရုံး ဖြစ်နေသည်ဟု ပထမရုံး ဖွင့်လှစ်ပေးခဲ့သူ ဦးမြင့်စိုးက ပြောသည်။

၎င်းတို့၏ လုပ်ရပ်များအား ရန်ကုန်ရှိ ရွှေဂုံတိုင်ရုံးချုပ်သို့ ၆ ကြိမ်ထက်မနည်း စာရေး တိုင်ကြားခဲ့သော်လည်း ဗဟိုက တစုံတရာ အကြောင်းပြန်ခြင်း၊ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း တောင်းဆိုထားသည့်ပါတီဝင်များက ပြောဆိုသည်။

စွပ်စွဲခံထားရသူတစ်ဦးဖြစ်သည့် တိုင်းညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုးက “ကျနော်တို့ကို စွပ်စွဲတာက ဟုတ်ပါပြီ။ ဒါပေမယ့် သက်သေ အထောက်အထား ခိုင်လုံဖို့တော့လိုပါတယ်။ ကျနော်တို့က ဗဟိုက ခိုင်းတဲ့အတိုင်း လုပ်ခဲ့တာပါ။ ဒီကိစ္စကို စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး လာရောက်စစ်ဆေးမယ်ဆိုရင်လည်း ကျနော်တို့ စစ်ဆေး ခံနိုင်ပါတယ်”ဟု ပြောသည်။

စုံစမ်းစစ်ဆေးပေးရန်တောင်းဆိုချက်းအား ဗဟိုက လျစ်လျှူရှုထားပါက မရရသည်အထိ ဒီမိုကရေစီ နည်းလမ်းနှင့်အညီ တောင်းဆိုတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မြို့နယ် အောင်နိုင်ရေးအဖွဲ့ဝင် ဒေါက်တာ သန်းထိုက်က ပြောသည်။

“ဒီလိုနည်းလမ်းနဲ့ အထက်ကလူကြီးတွေ သိအောင် ကြားအောင် ရှင်းရှင်းလင်းလင်း ဖွင့်ပြောပြတယ်။ အဲဒါကိုမှ အထက်က ဘာမှ လုပ်မပေးဘူးဆိုလို့ရှိရင် ကျနော်တို့ တခြားမြို့နယ်၊ ခရိုင်ကလူတွေနဲ့ ပေါင်းပြီး တူညီသော ဆုံးဖြတ်ချက်တစ်ခု ချပြီးတော့ မရ ရတဲ့အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပါတယ်”ဟု သူက ပြောသည်။

၎င်းပုဂ္ဂိုလ်တို့၏ ပါတီတွင်း ဂိုဏ်းဂဏ ဖွဲ့မှုများကြောင့် ပြည်သူလူထု နစ်နာရသည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ကြောင်း ၉၀ ခုနှစ် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်လှိုင်က ပြောသည်။

မြောင်းမြဆန်စက်ပိုင်ရှင်များအသင်းက ပုသိမ်ရေဘေးအတွက် ဆန်အိတ် ၁၀၀ လှူဒါန်းမည်ဟု မြို့နယ် NLD ရုံးအား ပြောဆိုထားချိန်တွင် တဖက်မှ ဦးသီဟ ဦးဆောင်သည့် မြို့နယ်ကော်မရှင်အဖွဲ့က ထပ်မံအလှူခံခဲ့ရာ မြောင်းမြဆန်စက်အသင်းအား မည်သည့် အဖွဲ့ကိုမှ မလှူတော့ဘဲ ဆန်လှူမည့်အစီအစဉ်ကို ပယ်ဖျက်ခဲ့သည်ဟု သူက ပြောသည်။

“ပုသိမ်က နောက်တစ်ဖွဲ့က သူတို့ကိုလည်း လှူပါ။ သူတို့သာလျှင် တရားဝင်အဖွဲ့အစည်း၊ လက်ရှိလည်း မြို့နယ်ကော်မရှင် ဖွဲ့ထားတယ်ဆိုပြီး ဟိုစက်ပိုင်တွေကို သွားပြောတယ်။ အဲဒါနဲ့ NLD နှစ်ဖွဲ့ဖြစ်နေတဲ့အတွက် ဆန်စက်ပိုင်ရှင်တွေက မင်းတို့လည်း မလှူဘူး။ ဟိုအဖွဲ့လည်း မလှူဘူး။ ငါတို့ဘာသာ သွားလှူမယ်ဆိုပြီး ဆန်အိတ် လှူမယ့်အစီအစဉ် ဖျက်ပစ်လိုက်တယ်”ဟု ဦးညွှန့်လှိုင်က ပြောသည်။

မြို့နယ် ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးသီဟက စွပ်စွဲချက်များနှင့်ပတ်သတ်၍ ပါတီဗဟိုမှ စစ်ဆေးရေးအဖွဲ့ စေလွှတ်ပါက စစ်ဆေးခံရန်အသင့်ရှိကြောင်း ပြောသည်။

“ကျနော်တို့က ညာတာတို့ ၀ါးတာတို့ မကြိုက်လို့မှ ဒီလိုအဖွဲ့အစည်းမျိုးမှာ ၀င်ရောက် လုပ်ကိုင်နေတာဖြစ်တဲ့ အတွက်ကြောင့် လာရောက်စစ်ဆေးခဲ့ရင် ကျနော်တို့က မညာတမ်း ပြောမှာ။ ကျနော်တို့ အပြစ်ရှိရင်လည်း အရေးယူတာ ကျနော်တို့ ခံမှာပါ”ဟု ပြောသည်။

ပါတီဗဟိုမှ ညွှန်ကြားစာ၊ အကြောင်းကြားစာများအား တိုင်းရုံးက မြို့နယ်ရုံးထံသို့ မပေးပို့သည်မှာ ၅ လခန့် ကြာမြင့်ပြီဖြစ်ကြောင်းနှင့် ယင်းမှာ မြို့နယ်ရုံးအဖြစ် အသိအမှတ် မပြုသည့် အနေအထားမျိုးဖြစ်ကြောင်း ပါတီဝင် ကိုဝင့်မော်အောင်က ပြောသည်။

“တခြား သာပေါင်း၊ ကန်ကြီးထောင့်မြို့နယ်တွေဆီ စာတွေ အကုန်ရောက်တယ်။ ပုသိမ်မြို့နယ် ရုံးတစ်ခုပဲ မရောက်တာ။ ဗဟိုနဲ့ ကျနော်တို့နဲ့က လုံးဝကို အဆက်သွယ် ပြတ်နေသလို ဖြစ်နေတယ်။ အဲတော့ တခြားမြို့နယ်ကို ရောက်တဲ့စာတွေ ပြန်မေးပြီး အဲဒီအတိုင်း လုပ်နေရတယ်”ဟု သူက ပြောသည်။

ပုသိမ် NLD များအကြား ဖြစ်ပွားနေသည့် တင်းမာမှုများနှင့် ပတ်သက်၍ မြို့ခံ စီးပွားရေး လုပ်ငန်းရှင် ကိုတူးက “အစိုးရကတောင် သူတို့အထဲမှာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နေတဲ့အချိန် ဒီမိုကရေစီပါတီ NLD ထဲမှာ အကျင့်ပျက်ခြစားနေသူတွေ ရှိနေမယ်ဆိုရင် ဘယ်လောက် ရှက်စရာကောင်းမလဲဗျာ။ ဒါကြောင့် အမေစုက ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး အရေးယူ သင့်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

၎င်းတို့သည် ပါတီဝင်အချင်းချင်း စည်းစည်းလုံးလုံး ဆောင်ရွက်လိုကြောင်းနှင့် ဗဟိုဌာနချုပ်မှ ကြားဝင်ညှိနှိုင်းပေးမှုအား ယခုချိန်တိုင် စောင့်စားနေဆဲဖြစ်ကြောင်း ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သာပေါင်းလူထု၏ ရွေးကောက်ခြင်းခံရသူ ဦးသန်းဝင်းက ဆိုသည်။

“ပါတီတွင်း ပြိုကွဲမှုဟာ ဒီထက်ပိုပြီး နက်ရှိုင်းသွားမှာကို စိုးရိမ်ပါတယ်။ ဒါကို အချိန်မီ တာဆီးပေးဖို့ ကျနော်တို့ ပြောနေတာပါ။ ဗဟိုကနေ တားဆီးပေးဖို့ ကြားဝင် ညှိုနှိုင်းပေးဖို့ကို အခုအချိန်အထိ စောင့်နေတုန်းပါ။ ကျနော်တို့ စည်းစည်းလုံးလုံး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ချင်ပါတယ်”ဟု သူက ပြောသည်။

ပုသိမ်မြို့နယ် NLD ရုံး၌ သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ သာပေါင်း၊ ကန်ကြီးထောင့်၊ ငပုတော၊ ရေကြည်၊ ကျုံပျော်နှင့် မြောင်းမြမြို့နယ်များ အပါအ၀င် ပုသိမ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ပါတီဝင်ပေါင်း ၂၄၀ ကျော် တက်ရောက်ခဲ့ကြသည်။ 
blog.irrawaddy.org/2012/08/nld_30.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif