http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Feb 2013

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးတင်စိုးကိုရွေးချယ်



 ဓာတ်ပုံ-သန့်စင်ငြိမ်းချမ်း/ဧရာဝတီ

သန့်စင်ငြိမ်းချမ်း~  

ဦးဆန်းဆင့်အား နိုင်ငံတော်သမ္မတက သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည့်အတွက် လစ်လပ်နေ သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေး ၀န်ကြီး ဦးတင်စိုးအား လွှတ်တော်က ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ကြ သည်။ 


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၃) ကို ယနေ့ ခေါ်ယူကျင်းပပြီး လွှတ်တော်ဥက္ကဋ္ဌလောင်းအမည်စာရင်းများ တင်သွင်းစေခဲ့ရာ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးတင်စိုး တဦးတည်ကိုသာ အဆိုပြုခဲ့သည့်အတွက် ယှဉ်ပြိုင်သူမရှိဘဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ကြ 
ခြင်း ဖြစ်သည်။ 

 “အခုလွှတ်တော်ဥက္ကဋ္ဌဖြစ်သွားတဲ့ ဦးတင်စိုးအနေနဲ့ ပြည်သူတွေအတွက် အကောင်းဆုံးတော့ လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ပထမပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်ရည်က သူ့ အတွက် စိန်ခေါ်မှုတရပ်ဖြစ်နေတာတော့ အမှန်ပဲ”ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ဧရာဝတီကို ပြောသည်။ 

ကျုံပျော်မြို့နယ် အမှတ် - ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်လှယ် ဦးတင်စိုးအား လွှတ်တော် ဥက္ကဋ္ဌလောင်း အဖြစ် ကြံ့ခိုင်ရေးပါတီမှ မြောင်းမြမြို့နယ် ကိုယ်စားလှယ် ဦးပြုံးချိုက အဆိုတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ လပွတ္တာကိုယ်စားလှယ် ဦးထိန်လင်းက ထောက်ခံခဲ့သည်။ 

ဥက္ကဋ္ဌလောင်းယှဉ်ပြိုင်သူရှိပါက မဲပေးသည့်စနစ်ဖြင့် ရွေးချယ်ရန် မဲပုံးများ ပြင်ဆင်ထားသော်လည်း တဦးတည်း သာအမည်စာရင်း တင်သွင်းခဲ့သဖြင့် မဲပေးခြင်း မပြုလုပ်ရတော့ဘဲ လွှတ်တော်ဥက္ကဋ္ဌရွေးချယ် တင်မြှောက်သည့် ကိစ္စမှာ မိနစ် ၂၀ အတွင်း ပြီးမြောက်သွားခဲ့သည်။ 

လွှတ်တော်ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ခြင်းမှာ သိပ်မြန်ဆန်လွန်းပြီး ကြိုတင်စီစဉ်ထားသကဲ့သို့ ဆောင်ရွက် သွားသည်ဟု ထင်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေကြည်မြို့နယ် ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေး က ပြောသည်။ 

“ရွေးကောက်တင်မြှောက်တာ သိပ်မြန်ဆန်လွန်းတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒ ဆိုတာ သိပ်မမြင်လိုက်ရဘူး။ ဥပမာဆိုရင် ဥက္ကဋ္ဌလောင်းအတွက် လွှတ်တော်ကိုယ်စားလှယ်တွေက အမည်စာရင်းပေးသွင်းချင်တယ်ဆိုရင်တောင်မှပဲ စာရင်းပေးသွင်းဖို့အချိန်ဆိုတာ မတွေ့လိုက်ရဘူး။ ဥက္ကဋ္ဌရွေးကောက်ပွဲက စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်ထားတယ်လို့ မြင်ပါတယ်”ဟု သူက ပြောသည်။ 

ဧရာဝတီတိုင်းလွှတ်တော်အတွင်း ပါတီ ၃ ခု ရှိရာ ဥက္ကဋ္ဌလောင်းအတွက် ပါတီ ၃ ခုမှ ကိုယ်စားလှယ်တဦးစီ ပါဝင်ယှဉ်ပြိုင်ကာ မဲစနစ်ဖြင့် ရွေးချယ်မှုပြုသင့်ကြောင်း သူမက ဆက်ပြောသည်။ 

“ဒီမှာ ၃ ပါတီရှိတယ်။ ၃ ပါတီစလုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်သင့်တယ်။ ဒါကို ဘယ်သူမှ အကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့ဘူး”ဟု ပြောသည်။ 

 ဧရာဝတီတိုင်းလွှတ်တော်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၇၁ ဦး ရှိသည့်အနက် တပ်မတော်သား ကိုယ်စားလှယ် ၁၈ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၆ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁ ဦးပါဝင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၄၆ ဦးအထိ ပါဝင်နေရာ ရာခိုင်နှုန်းအားဖြင့် လွှတ်တော်၏ ၆၄ ရာခိုင်နှုန်း ရှိနေသည်။ 

လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့် လက်ထက်တွင် ပြည်သူတို့၏အခက်အခဲများအား လွှတ်တော်သို့ တိုက်ရိုက်တင်ပြခွင့်ရခဲ့ပြီး လွှတ်တော်မှ လည်း ပြေလည်အောင် ညှိုနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေး ခဲ့ကြောင်း၊ ယခုတက်လာသည့် လွှတ်တော်ဥက္ကဋ္ဌသစ် လက်ထက်တွင်လည်း ထိုကဲ့သို့ လုပ်ဆောင်ပေး မည်ဟု မျှော်လင့်ပါကြောင်း ဧရာဝတီတိုင်း လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) မှ ကိုထွန်းထွန်းဦးက ပြောသည်။ 

 “ပထမလွှတ်တော်ဥက္ကဋ္ဌကြီးတုန်းက ကျနော်တို့ လွပ်လွပ်လပ်လပ်တွေ့ခွင့်ရပြီး ပြည်သူတွေရဲ့ အခက်အခဲ ကို တင်ပြခွင့်ရခဲ့ပါတယ်။ လွှတ်တော်ကလည်း အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ချိတ်ဆက် ညှိုနှိုင်းပေးခဲ့တာတွေ ရှိပါတယ်။ အခုတက်လာတဲ့ ဥက္ကဋ္ဌကြီးလည်း ပြည်သူ့အကျိုးအတွက် ပထမဥက္ကဋ္ဌလိုပဲ ဆောင်ရွက်လိုစိတ် ရှိမယ်လို့ထင်ပါတယ်”ဟု သူက ပြောသည်။ 

 ဦးတင်စိုးမှာ ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ကာ တိုင်းအစိုးရ ဖွဲ့စည်းချိန်ကစ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ရှားခဲအင်း ပဋိပက္ခအပြီးတွင် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်နေသူဖြစ်သည်။  


0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif