http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Feb 2013

စာအုပ်က လူတွေရှိရာ သွားနေပြီ





  

ရထားဂိတ်တွေ၊ ကူးတို့သင်္ဘောဆိပ်တွေမှာ အခမဲ့ စာဖတ်နိုင်ကြဖို့အတွက် စာအုပ်စင်တွေ စီစဉ်ထားတာကို တွေ့နေရပါပြီ။
သင်္ဘောစောင့်၊ ကားစောင့်ရင်းနဲ့ အပျင်းပြေ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေကို ယူပြီးတဲ့နေရာမှာ ပြန်ထားပေးဖို့ပဲ လိုပါတယ်။ 

စာပေရေချမ်းစင် ဆိုတဲ့နာမည်နဲ့ ဒီလိုစာအုပ်စင်တွေကို အစိုးရရဲ့ ပြန်ကြားရေးဌာနက လုပ်တာပါ။ 

အခုမှ ပေါ်လာတဲ့ စာအုပ်စင်လေးတွေကတော့ အသစ်လေးတွေပါပဲ။ ဒါပေမဲ့ ဖတ်စရာတွေကတော့  တော်တော် ဟောင်းနွမ်းနေတယ်၊ အပျော်ဖတ်စာအုပ်တွေများနေတယ် လို့ သုံးသပ်သူလည်း ရှိပါတယ်။ 

တင်ထားတာကတော့ ဂျာနယ်၊ မဂ္ဂဇင်းတချို့နဲ့ ဝတ္တုတွေပါပဲ။

အမျိုးသမီးအဖွဲ့ရဲ့ စာအုပ်စင်
ဒီရက်ပိုင်းအတွင်းမှာ ဒလမြို့ အမျိုးသမီးရေးရာအဖွဲ့ရဲ့ စာအုပ်စင်ကို တွေ့ရပါတယ်။ 

သူလည်း စာအုပ်စင်အသစ်လေးပေါ်မှာ စာအုပ်ဟောင်းတွေကို တင်ထားတာပါပဲ။ 
ဂမ္ဘီရ၊ မှုခင်း စာအုပ်တွေကို များများ တွေ့ရပါတယ်။ 
သူတို့အဖွဲ့မှာ ဒီစာအုပ်တွေ အများအပြားရှိလို့ ဒါတွေကိုပဲ တင်ထားတာ ဖြစ်နိုင်သလို ခရီးသည်တွေ နှစ်သက်မယ်လို့ ယူဆရတဲ့စာအုပ်များ တင်ထားတာလည်း ဖြစ်နိုင်ပါတယ်။
စာအုပ်စင်မှာ ဒလမြို့ အမျိုးသမီးရေးရာဥက္ကဌနှင့်အဖွဲ့က  လှူဒါန်းသည်လို့ ရေးထားတာကို တွေ့ရပါသေးတယ်။ 

စာအုပ် အလှူရှင်တွေကို ကြိုဆိုပါကြောင်း ၀န်ထမ်းတဦးက ပြောပါတယ်။


ခရီးသည်တွေ ဘာအဖတ်များသလဲ
ခရီးသည်တွေကတော့ ဂျာနယ်တွေကိုသာ အဖတ်များပါတယ်။ 

ဒါပေမဲ့ ဂျာနယ်ကို နှစ်ပတ်မှာ တစ်ကြိမ်လဲပေးတဲ့အတွက် လတ်ဆတ်တဲ့ သတင်းတွေ မဟုတ်တော့ဘူးလို့ ဒလဖက်ကနေ ရန်ကုန်ဖက်ကိုသွားဖို့  သင်္ဘော စောင့်ရင်း ဂျာနယ်ဖတ်နေသူတစ်ဦ်းက ပြောပါတယ်။ 
    “သူတို့ တကယ်လုပ်သင့်တာက ဂျာနယ်တွေကို နေ့စဉ်အသစ်လဲပေးဖို့ပဲ၊ မတက်နိုင်တဲ့လူတွေလဲ သွားရင်းလာရင်းနဲ့ဖတ်လို့ရသွားတာပေါ့” လို့ သူက ပြောပါတယ်။ 

သူကတော့ ဂျာနယ် အားပေးသူပါပဲ။

“မဂ္ဂဇင်းတွေတင်နေဖို့ မလိုပါဘူး၊ ကားစောင့်ရင်း၊ သင်္ဘောစောင့်ရင်းနဲ့ ရတဲ့အချိန်က ဂျာနယ်နဲ့ပဲ အဆင်ပြေတာလေ၊  လူတွေကလည်း ဂျာနယ်တွေလောက်ပဲ စိတ်ဝင်စားတာပါ” လို့ သူ့အမြင်ကို ပြောပါတယ်။ 

    ဒလအမျိုးသမီးရေးရာရဲ့စာအုပ်စင် တာဝန်ကျ ဝန်ထမ်းတစ်ဦးက သူတို့စာအုပ်စင်မှာ   ဂျာနယ် ၂၁ စောင် တင်တယ်၊ နှစ်ပတ်တစ်ကြိမ် ဂျာနယ်အသစ်တွေနဲ့ ပြန်လဲပေးတဲ့အကြောင်း ပြောပါတယ်။
ခရီးသည် စာဖတ်သူများရဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ စာအုပ်စင် စီစဉ်သူများဘက်က ဝါယမစိုက် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

စာအုပ် စာစောင်တွေကို အိမ်အထိ သယ်သွားမယ့် စာချစ်သူတွေလည်း ရှိနိုင်ပါတယ်။ သို့သော်လည်း ဒီပြဿနာကြောင့်နဲ့တော့ စာအုပ်စင်တွေ ပျောက်ကွယ်မသွားနိုင်ဘူးလို့ ယူဆရပါတယ်။
 
ပုံမှန်အားဖြင့်တော့ လူတွေက စာအုပ်ရှိရာကို သွားပါတယ်။
အခုတော့ သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာ စာအုပ်စင်များ ရောက်လာပြီဖြစ်လို့ စာအုပ်က လူတွေရှိရာ သွားနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။
  http://blog.irrawaddy.org/2013/02/blog-post_8.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif