http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 May 2013

ရခိုင် ပြည်နယ်မှာ လေဘေး ကာကွယ်ရေး အစီအစဉ်တွေစတင်


လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထား တဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တော မြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။

အလားတူ စစ်တွေမြို့အပါအ၀င် ပင်လယ်ကမ်းရိုးတန်း တလျှောက်မှာ ရှိတဲ့မြို့တွေက ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်ပိုင်းက ကုန်းတွင်းပိုင်းနေရာတွေကို စတင်ရွှေ့ပြောင်းပေးနေပြီလို့ ဒေသဆိုင်ရာအရာရှိတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ သတင်းထုတ် ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို အခုလို ပြောပါတယ်။

"တကယ်လို့ မုန်တိုင်းဝင်လာရင် ဘယ်နားကိုရွေ့မယ်။ဘယ်လို လမ်းကြောင်းက သွားမယ်။အဓိကကတော့ စစ်တွေပေါ့လေ။စစ်တွေမှာ ဒုက္ခသည်စခန်း ၁၁ ခုရှိတာပေါ့လေ။၁၁ ခုထဲက ပင်လယ်နဲ့နီးတဲ့ ဒုက္ခသည်စခန်းတွေကို ကုန်းတွင်းပိုင်းကို ဒီကနေ့ စရွှေ့မှာပေါ့လေ"

ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တွေအားလုံးမှာ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့ တပြေး ညီ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာပေးနေပြီး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကိုလည်း မုန်တိုင်း သတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ သတိပေးနှိုးဆော်ထားကြောင်းသိရပါတယ်။

ဒီကနေ့မှာပဲ မောင်တောခရိုင်အုပ်ချုပ်ရေးက ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေကို ပြုစုကုသရေး၊ ဆက်သွယ်ရေးစတဲ့ ကော်မတီငယ် (၁၁)ခုကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မောင်တောမြို့အတွင်းက  လေးမိုင် ဘုန်းကြီးကျောင်း၊ နှစ်မိုင် ဘုန်းကြီးကျောင်းနဲ့ အထကကျောင်းတွေကို မုန်တိုင်းဒဏ် ခိုလှုံမယ့်နေရာတွေအဖြစ် ရွေးချယ်ထား ကြောင်း သိရပါတယ်။

ကျောက်ဖြူခရိုင်မှာလည်း  မုန်တိုင်းရန်ကာကွယ်ဖို့အတွက် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ကျင်းပခဲ့ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုအစီအစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif